မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်တာရှည်ပြီး ပျော်ရွှင်စွာ နေထိုင်နည်း

အသက်တာရှည်ပြီး ပျော်ရွှင်စွာ နေထိုင်နည်း

အသက်တာ​ရှည်​ပြီး ပျော်ရွှင်စွာ နေထိုင်​နည်း

“လူတိုင်း အသက်ရှည်​ချင်​ပေမဲ့ မည်သူမျှ မ​အို​ချင်​ကြ​ပါ” ဟု ဆိုရိုး​စကား​ရှိ၏။ အငြိမ်းစား​ယူ​ခါနီး​အရွယ် ရောက်တော့​မည့်​သူတို့သည် တာဝန်​နည်း​သွားပြီး အချိန်ပို​ရဖို့ မျှော်လင့်​ကြသည်။ သို့​တိုင်၊ ရည်ရွယ်ချက်​မဲ့ပြီး အသုံးမဝင်​သူ မဖြစ်​လို​ကြ​ချေ။ ထို့​ပြင် အဖော်မဲ့​ပြီး စိတ်​ချမ်းမြေ့မှု​မရှိ၊ ကျန်းမာ​ရေး​ဆုတ်ယုတ်​လာ​မည်​ကိုလည်း သူတို့​စိုးရိမ်​ကြသည်။

ထို့​ကြောင့် ပျော်ရွှင်​သာယာသော​အသက်တာ​၏ သော့ချက်​ကား အဘယ်နည်း။ မိတ်ဆွေကောင်း​များနှင့် မေတ္တာ​တရား​ပြည့်ဝ​သည့် မိသားစု​ရှိ​ခြင်း​က ကြီးငယ်မဟူ​အား ပျော်ရွှင်မှု​ရှိစေသည်။ သို့သော် အသက်​ကြီးရင့်​သူ​တစ်ဦး၏​ဘဝကို စိုပြေ​စေရန် အခြားသူများ ပြု​လုပ်ပေး​ရာ​များသည် အဓိက​မဟုတ်ပါ။ အသက်​ကြီးရင့်​သူကိုယ်တိုင် အခြားသူများ​အတွက် ပြု​လုပ်ပေး​နိုင်ရာ​သည် သာ၍​အရေးပါ​သည်။

သက်ကြီးရွယ်အို စုံတွဲ ၄၂၃ တွဲ​ကို ရေရှည်​လေ့လာ​သုံးသပ်ကြည့်​ခဲ့​ရာ “အခြား​သူတို့၏​ဘဝကို စိုပြေ​စေခြင်း​က ကိုယ်​ကိုယ်တိုင်​၏​အသက်ကို ပို​ရှည်​စေနိုင်” ကြောင်း ဖော်ပြ​သည်။ အဆိုပါ​လေ့လာမှု​ကို ဦးစီး​ကွပ်ကဲ​သူ စတက်ဖနီ ဘရောင်း​က ဤသို့​ရှင်းပြ​၏– “အခြား​သူများ​နှင့် ဆက်သွယ်ခြင်း​မှ ကျွန်ုပ်​တို့​ရရှိ​သည့်​အကျိုး​က အဓိက​မဟုတ်; အခြား​သူတို့အား ကျွန်ုပ်​တို့​အကျိုးပေး​ခြင်း​က ပို​၍​အကျိုး​ရှိကြောင်း ယင်း​ရှာဖွေ​တွေ့ရှိချက်​များ​က ဖော်ပြ​သည်။” ဤသို့​သော​ပေးကမ်း​ခြင်း​တို့​တွင် အခြားသူများ​အား အိမ်မှုကိစ္စ​လုပ်ပေး​ခြင်း၊ ကလေးထိန်း​ပေးခြင်း၊ တောက်​တို​မည်​ရ​လုပ်ပေး​ခြင်း၊ ကြို​ပို့​လုပ်ပေး​ခြင်း၊ သို့​မဟုတ် စကားပြော​လို​သူ​တစ်ဦး​အား နားထောင်​ပေးခြင်း ပါဝင်​နိုင်​သည်။

လွန်ခဲ့သော အနှစ် ၂,၀၀၀ ခန့်​က ယေရှု​ခရစ် ဤသို့​မိန့်ဆိုခဲ့သည်– “ခံယူ​ခြင်း​အရာ​ထက် ပေးကမ်း​ခြင်း​အရာ​သည် သာ၍[ပျော်ရွှင်]သည်။” (တမန်​တော် ၂၀:၃၅သမ္မာ) အသက်တာ​ရှည်​ပြီး ပျော်ရွှင်​သာယာသော​ဘဝ​သည် ဘဏ်​တွင် ငွေ​များများ​ရှိ​ခြင်း၊ အိုမင်း​ခြင်း​တိုက်ဖျက်ရေး​ကုထုံး​များနှင့် ဓာတ်စာ​များ​အပေါ် မ​မူတည်​ချေ။ ယင်းအစား၊ အခြားသူများ​၏​ဘဝ​စိုပြေ​စေရန် တက်တက်ကြွကြွ​အကျိုးဆောင်ခြင်း၊ သူတစ်ပါး​အတွက် မိမိ၏​အချိန်၊ မိမိ၏​အစွမ်း​ကို အသုံးပြုခြင်း​အပေါ် မူတည်​ပေ​သည်။

သို့ရာတွင် အိုမင်း​ခြင်း၊ ဖျားနာခြင်း​နှင့် သေခြင်းကို ရှောင်ကြဉ်​ရန် ပေးကမ်း​စွန့်ကြဲ​ခြင်း​ထက်မက လိုအပ်​ပေ​သည်။ ယင်း​တို့ကို ဘုရားသခင့်​နိုင်ငံတော်​သာ​လျှင် ဖယ်ရှား​ပေး​နိုင်​မည်​ဖြစ်၏။ ၎င်း​၏​အုပ်ချုပ်မှု​အောက်တွင် ဖျားနာ​မှု​ရှိတော့မည်​မဟုတ်သည့်​အပြင် “သေ​ဘေး” ပင် “မရှိ” တော့​ချေ။ (ဗျာ. ၂၁:၃၊ ၄; ဟေရှာယ ၃၃:၂၄) အမှန်​မှာ နာခံမှု​ရှိသူ​များသည် မြေကြီး​ပရဒိသု​တွင် ထာဝစဉ် ပျော်ရွှင်စွာ​နေထိုင်ကြ​ရ​ပါ​လိမ့်​မည်။ (လုကာ ၂၃:၄၃) ဤသို့​သော ကျမ်းစာ​အပေါ်​အခြေပြု​သည့် အသက်တာ​ရှည်​၍ ပျော်ရွှင်စွာ​နေထိုင်​နည်းကို အခြားသူများ​အား ယေဟောဝါသက်သေ​များ ဝမ်းသာ​အားရ တင်ပြ​လို​ကြ​ပါ​သည်။