အာဗြဟံနှင့် စာရာ—သူတို့၏ယုံကြည်ခြင်းကို သင်တုပနိုင်!
အာဗြဟံနှင့် စာရာ—သူတို့၏ယုံကြည်ခြင်းကို သင်တုပနိုင်!
သူသည် ‘ယုံကြည်ခြင်းရှိသူအပေါင်းတို့၏ အဘ’ ဟူ၍ အခေါ်ခံရသည်။ (ရောမ ၄:၁၁၊ ၁၂၊ သမ္မာ) သူချစ်မြတ်နိုးသော ဇနီးသည်လည်း ထိုအရည်အသွေးကို ပိုင်ဆိုင်ထား၏။ (ဟေဗြဲ ၁၁:၁၁) သူတို့ဆိုသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော ဘိုးဘေး အာဗြဟံနှင့် သူ၏ဇနီး စာရာတို့ဖြစ်သည်။ သူတို့သည် အဘယ်ကြောင့် ယုံကြည်ခြင်းတွင် စံနမူနာကောင်းများ ဖြစ်ကြသနည်း။ သူတို့ခံရပ်ခဲ့ကြသည့် စမ်းသပ်မှုအချို့ကား အဘယ်နည်း။ ၎င်းတို့၏ဘဝဇာတ်ကြောင်းသည် ကျွန်ုပ်တို့အတွက် အဘယ်သို့အဖိုးတန်သနည်း။
အာဗြဟံအား မိမိ၏နေရင်းပြည်ကိုစွန့်ဖို့ ဘုရားသခင်မိန့်မှာသည့်အခါ သူသည် ယုံကြည်ခြင်းတင်ပြခဲ့၏။ ယေဟောဝါက ဤသို့မိန့်ဆိုခဲ့သည်– “သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင် ငါပြလတ္တံ့သောပြည်သို့သွားလော့။” (ကမ္ဘာဦး ၁၂:၁) တည်ကြည်သောဘိုးဘေးသည် နာခံမှုရှိကြောင်း ကျွန်ုပ်တို့အား ဤသို့ပြောပြ၏– “အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည်အကြောင်း ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။” (ဟေဗြဲ ၁၁:၈) ဤသို့ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ သုံးသပ်ကြည့်ပါ။
အာဗြဟံသည် ယခုခေတ် အီရတ်နိုင်ငံတောင်ပိုင်းဖြစ်သော ဥရမြို့တွင် နေထိုင်သည်။ ဥရမြို့သည် ဖွံ့ဖြိုးတိုးတက်သည့် မက်ဆိုပိုတေးမီးယားဒေသ၏ အချက်အချာမြို့ဖြစ်ပြီး ပါရှန်းပင်လယ်ကွေ့ဒေသများနှင့် အိန္ဒုချိုင့်ဝှမ်းဒေသတို့နှင့် ရောင်းဝယ်ဖောက်ကားသည်။ အာဗြဟံခေတ်က အိမ်အများစုသည် အုတ်ဖြင့်ဆောက်လုပ်ကာ အင်္ဂတေအချောကိုင်ပြီး နံရံများကိုလည်း အဖြူရောင်သုတ်ထားကြောင်း ဥရမြို့ကို စနစ်တကျတူးဖော်ရေးတွင် ဦးဆောင်ညွှန်ကြားခဲ့သူ ဆာ လီယိုနာ့ဒ် ဝူလီက ထောက်ပြသည်။ ဥပမာ၊ ကြွယ်ဝသောမြို့သားတစ်ဦး၏အိမ်သည် အလယ်တွင် ကျောက်ပြားခင်းထားသော ဝင်းပါရှိသည့် နှစ်ထပ်အိမ်မျိုးဖြစ်သည်။ မြေညီထပ်တွင် အစေခံများနှင့် ဧည့်သည်များကိုထား၏။ ပထမထပ်၌ နံရံပတ်ပတ်လည်တွင် မိသားစုအသုံးပြုရန် သီးသန့်အခန်းများသို့ ဝင်ထွက်သွားလာနိုင်သည့် သစ်သားဝရန်တာရှိ၏။ ၁၀ ခန်းမှ အခန်း ၂၀ အထိရှိသဖြင့် ထိုသို့သောနေအိမ်များသည် “အတော်ပင်ကျယ်ကျယ်ဝန်းဝန်းရှိပြီး သက်သောင့်သက်သာရှိသဖြင့် အရှေ့တိုင်းလူနေမှုအဆင့်အတန်းအရ စည်းစိမ်ရှိသောဘဝမျိုးပင်ဖြစ်၏” ဟု ဝူလီကဆိုသည်။ အဆိုပါအိမ်များသည် “ယဉ်ကျေးမှုအဆင့်မြင့်မားသူတို့၏ အစောပိုင်းထူးကဲသောအိမ်များဖြစ်ကြပြီး ဖွံ့ဖြိုးတိုးတက်သော မြို့ပြနေထိုင်မှုအဆင့်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး” သည်။ အာဗြဟံနှင့် စာရာတို့သည် တဲနှင့်သွားနေဖို့အရေး ယင်းသို့သောအိမ်ကို စွန့်ခွာသွားခြင်းသည် ယေဟောဝါအားနာခံဖို့ အကြီးအကျယ် စွန့်လွှတ်ခဲ့ခြင်းပင်ဖြစ်သည်။
အာဗြဟံသည် မိမိ၏မိသားစုနှင့်အတူ ယခု ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင်ရှိသည့် ခါရန်မြို့သို့ ဦးဆုံးပြောင်းရွှေ့သွားပြီးနောက် ခါနာန်ပြည်သို့ ဝင်ရောက်လေသည်။ ခရီးမိုင်ပေါင်း ၁,၀၀၀ နီးပါးရှိရာ သက်ကြီးရွယ်အို ဇနီးမောင်နှံအဖို့ တုန်လှုပ်ဖွယ် ပြောင်းရွှေ့မှုကြီးပင်! ခါရန်မြို့မှထွက်ခွာသည့်အချိန်တွင် အာဗြဟံသည် အသက် ၇၅ နှစ်ရှိပြီး စာရာမှာ အသက် ၆၅ နှစ်ရှိနေပြီဖြစ်၏။—ကမ္ဘာဦး ၁၂:၄။
ဥရမြို့မှထွက်ခွာရမည်ဟု အာဗြဟံပြောပြသည့်အခါ စာရာမည်သို့ခံစားရဖွယ်ရှိနိုင်သနည်း။ သက်သောင့်သက်သာရှိ၍ လုံခြုံမှုရှိသည့် အိမ်ကြီးကိုစွန့်ခွာလျက် မိမိမသိကျွမ်းသော ရန်လိုဖွယ်ရှိနိုင်သည့်ဒေသသို့ ပြောင်းရွှေ့ကာ လူနေမှုအဆင့်အတန်းနိမ့်ကျစွာ နေထိုင်သွားဖို့ဆိုသည်မှာ သူ့အတွက် ရင်လေးစရာဖြစ်နိုင်ပေသည်။ သို့သော် စာရာသည် ကျိုးနွံမှုရှိကာ အာဗြဟံကို မိမိ၏ “သခင်” အဖြစ် ယူမှတ်ထားသည်။ (၁ ပေတရု ၃:၅၊ ၆) ကျမ်းပညာရှင်အချို့က ယင်းကို စာရာ၏ “တွေးတောခံစားနေကျ စရိုက်လက္ခဏာအမှန်၊” “သူ့အပေါ် ရိုသေလေးစားသည့် သဘောနှင့် အပြုအမူ” ကို ဖော်ပြခြင်းဖြစ်သည်ဟု ယူဆကြသည်။ သို့သော် ထိုထက်ကား စာရာသည် ယေဟောဝါအား ယုံကြည်ကိုးစားသူဖြစ်၍တည်း။ သူ၏ကျိုးနွံခြင်းနှင့် ယုံကြည်ခြင်းသည် ခရစ်ယာန်ဇနီးများအတွက် စံနမူနာကောင်းတစ်ခုဖြစ်ပေသည်။
ဘုရားသခင်အားနာခံဖို့ မိမိတို့၏နေအိမ်ကိုစွန့်သွားရန် ကျွန်ုပ်တို့တောင်းဆိုမခံရသော်လည်း အချို့သောအချိန်ပြည့်ဧဝံဂေလိဟောပြောသူတို့သည် တိုင်းတစ်ပါးတွင် သတင်းကောင်းဟောပြောရန်အလို့ငှာ မိမိတို့၏နေရင်းပြည်ကို စွန့်ခွာခဲ့ကြသည်။ ကျွန်ုပ်တို့သည် မည်သည့်အရပ်၌ပင်နေ၍ ဘုရားသခင့်အမှုတော်ကိုထမ်းဆောင်ပါစေ ဘဝတွင် ဝိညာဉ်ရေးအကျိုးစီးပွားကို ပထမနေရာ၌ ထားနေသ၍ ကျွန်ုပ်တို့၏လိုအပ်ရာများကို ကိုယ်တော်ကြည့်ရှုထောက်မပေးမည်ဖြစ်၏။—မဿဲ ၆:၂၅-၃၃။
သူတို့၏ဆုံးဖြတ်ချက်အတွက် စာရာရော အာဗြဟံပါ နောင်တမရခဲ့ကြချေ။ “ထိုသူတို့သည် အထက်ကထွက်သွားသောပြည်ကို အောက်မေ့သည်မှန်လျှင် ထိုပြည်သို့ပြန်ရသောအခွင့်ရှိကြ၏” ဟု တမန်တော်ပေါလုဆိုသည်။ သို့သော် သူတို့ မပြန်ခဲ့ကြချေ။ ယေဟောဝါသည် “ကိုယ်တော်ကိုကြိုးစား၍ရှာသောသူအား အကျိုးပေးတော်မူ” သည်ကို ယုံကြည်စိတ်ချလျက် ကိုယ်တော်၏ကတိတော်များအား သူတို့ယုံကြည်ကြောင်း တင်ပြခဲ့ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့လည်း ယေဟောဝါအား ဆက်၍စိုးလ်အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုဖို့ဆိုလျှင် ထိုသို့ပင် တင်ပြကြရမည်။—ဟေဗြဲ ၁၁:၆၊ ၁၅၊ ၁၆၊ သမ္မာ။
ဝိညာဉ်ရေးကြွယ်ဝမှုနှင့် ရုပ်ပစ္စည်းကြွယ်ဝမှု
ခါနာန်ပြည်သို့ အာဗြဟံရောက်သွားပြီးနောက် သူ့အား ဘုရားသခင်ဤသို့မိန့်တော်မူလေသည်– “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်။” အာဗြဟံသည် ယေဟောဝါအတွက် ယဇ်ပလ္လင်တည်ဆောက်ကာ ‘ယေဟောဝါ၏နာမတော်ကို’ ခေါ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ (ကမ္ဘာဦး ၁၂:၇၊ ၈) ယေဟောဝါသည် အာဗြဟံအား ကြွယ်ဝချမ်းသာစေပြီး သူစခန်းချရာအရပ်တွင် နေထိုင်သူအရေအတွက်ကိုလည်း တိုးပွားများပြားစေလေသည်။ တစ်ခါက သူသည် မိမိ၏ငယ်မွေးခြံပေါက် လေ့ကျင့်ထားသော ကျွန်ယောက်ျား ၃၁၈ ဦးကို စုစည်းခဲ့ကြောင်း ဖော်ပြထားခြင်းက “သူတပ်ချရာစခန်းတွင် စုစုပေါင်း အရေအတွက် တစ်ထောင်ကျော်ရှိမည်” ဟုဆိုရမည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လူတို့သည် သူ့အား “ဘုရားသခင်နှင့်ဆိုင်သောမင်း” အဖြစ် ယူမှတ်ခဲ့ကြလေသည်။—ကမ္ဘာဦး ၁၃:၂; ၁၄:၁၄; ၂၃:၆။
အာဗြဟံသည် “[ယေဟောဝါ]၏ တရားလမ်းသို့လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာကျင့်ကြ” ရန် မိမိ၏အိမ်သားများအား သွန်သင်ပေးကာ ဝတ်ပြုရေးတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ (ကမ္ဘာဦး ၁၈:၁၉) မိမိ၏အိမ်သားများ ယေဟောဝါအား မှီခိုအားကိုးရန်နှင့် ဟုတ်မှန်ဖြောင့်မတ်စွာကျင့်ကြရန် သွန်သင်ပေးရာတွင် အောင်မြင်ခဲ့သည့် အာဗြဟံ၏ပုံနမူနာမှ မျက်မှောက်ခေတ် ခရစ်ယာန်အိမ်ထောင်ဦးစီးများ အားယူနိုင်ကြပါသည်။ ထို့ကြောင့် စာရာ၏ အီဂျစ်သူ အိမ်စေဟာဂရ၊ ဘိုးဘေးအာဗြဟံ၏ အသက်အကြီးဆုံးကျွန်နှင့် အာဗြဟံ၏သားဣဇာက်တို့သည် ယေဟောဝါဘုရားသခင်ကို မှီခိုအားကိုးခဲ့ကြခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။—ကမ္ဘာဦး ၁၆:၅၊ ၁၃; ၂၄:၁၀-၁၄; ၂၅:၂၁။
ရန်ငြိမ်းစေတတ်သူ အာဗြဟံ
အာဗြဟံ၌ ဘုရားသခင်ကိုကြောက်ရွံ့သည့် ကိုယ်ရည်ကိုယ်သွေးရှိကြောင်း အာဗြဟံ၏ဘဝဖြစ်ရပ်များက ဖော်ပြသည်။ မိမိ၏နွားကျောင်းသားများနှင့် တူလောတ၏နွားကျောင်းသားများအား ဆက်၍ခိုက်ရန်အချင်းများခွင့်ပြုမည့်အစား အာဗြဟံသည် အသက်ငယ်သောလောတအား သူနှစ်သက်ရာနယ်မြေကို ရွေးချယ်ရန် မေတ္တာရပ်ခံလိုက်ပြီး သတ်သတ်စီ စခန်းချနေထိုင်ကြဖို့ အကြံပြုခဲ့လေသည်။ အာဗြဟံသည် ရန်ငြိမ်းစေတတ်သူပေတည်း။—ကမ္ဘာဦး ၁၃:၅-၁၃။
ကျွန်ုပ်တို့၏အခွင့်အရေးများဘက်မှ တင်းခံမည်လော သို့မဟုတ် သင့်တင့်စေဖို့ အလျှော့ပေးမည်လောဟူ၍ ဆုံးဖြတ်စရာပေါ်လာသည့်အခါ အာဗြဟံသည် လောတအား ထောက်စာမှုပြခဲ့သည့်အတွက် သူ့ကို ယေဟောဝါပစ်မထားကြောင်း ကျွန်ုပ်တို့ ဂရုပြုမှတ်သားနိုင်သည်။ ပစ်ထားမည့်အစား အရပ်လေးမျက်နှာရှိ အာဗြဟံမြင်မြင်သမျှ မြေတစ်ပြင်လုံးကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်အားပေးမည်ဟု ဘုရားသခင်ကတိပြုလေသည်။ (ကမ္ဘာဦး ၁၃:၁၄-၁၇) “ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် [ပျော်ရွှင်] ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ‘ဘုရားသခင်၏သား’ ဟု ခေါ်ဝေါ်ခြင်းကိုခံရကြလတ္တံ့” ဟု ယေရှုမိန့်ဆိုသည်။—မဿဲ ၅:၉။
အာဗြဟံ၏အမွေခံ မည်သူဖြစ်မည်နည်း
အမျိုးအနွယ်ရှိမည်ဟု ကတိပြုထားလင့်ကစား စာရာမူ မြုံလျက်နေ၏။ အာဗြဟံသည် ဤကိစ္စကို ဘုရားသခင်ထံ တင်ပြလိုက်သည်။ သူ၏ကျွန် ဧလျာဇာသည် သူပိုင်ဆိုင်သမျှကို အမွေဆက်ခံသွားမည်လော။ မဟုတ်ပါ၊ ယေဟောဝါ ဤသို့မိန့်ဆိုခဲ့၍ဖြစ်သည်– “ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲက ထွက်သောသူသည် သင်၏အမွေခံဖြစ်လိမ့်မည်။”—ကမ္ဘာဦး ၁၅:၁-၄။
ယခုအချိန်ထိ ကလေးမရှိသေးသည့်အတွက် အသက် ၇၅ နှစ်အရွယ် စာရာခမျာမှာ မျှော်လင့်ချက်မထားတော့ချေ။ ထို့ကြောင့် အာဗြဟံအား သူဤသို့ပြောဆိုလေ၏– ‘အကျွန်ုပ်အား သားဖွားရသောအခွင့်ကို ယေဟောဝါပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် သားသမီးရကောင်းရလိမ့်မည်။’ သို့နှင့် အာဗြဟံသည် ဟာဂရအား ဒုတိယမယားအဖြစ်သိမ်းယူ၍ သူနှင့်ဆက်ဆံသဖြင့် ဟာဂရကိုယ်ဝန်ရလာလေသည်။ ဟာဂရသည် မိမိတွင်ကိုယ်ဝန်ရှိနေကြောင်း သိလျှင်သိခြင်း သခင်မဖြစ်သူကို မထီမဲ့မြင်ပြုလေ၏။ စာရာသည် အာဗြဟံထံ ခါးခါးသီးသီးပြစ်တင်ပြောဆိုပြီး ဟာဂရကို အရှက်ရစေရာ ဤကျွန်မ ထွက်ပြေးရလေသည်။—ကမ္ဘာဦး ၁၆:၁-၆။
အာဗြဟံနှင့်စာရာတို့သည် မိမိတို့ခေတ်က လုပ်ထုံးလုပ်နည်းအတိုင်းလိုက်ကာ သဘောရိုးဖြင့် ဤအတိုင်းကြံဆောင်ခဲ့ကြ၏။ သို့ရာတွင်၊ ယေဟောဝါသည် အာဗြဟံ၏အမျိုးအနွယ်ကို ဤနည်းဖြင့် ပေါ်ထွန်းစေမည် မဟုတ်ချေ။ ကျွန်ုပ်တို့၏ယဉ်ကျေးမှုအရ တစ်စုံတစ်ရာသော လုပ်ရပ်များသည် အခြေအနေအမျိုးမျိုးအောက်တွင် သင့်လျော်မှန်ကန်သည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ယေဟောဝါလည်း လက်ခံမည်ဟု ယူမှတ်၍မရပါ။ ကျွန်ုပ်တို့၏အခြေအနေအပေါ် ယေဟောဝါ၏ ရှုမြင်ပုံသည် အခြားကြီးခြားနေနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အား လုပ်ဆောင်စေလိုသည့် နည်းလမ်းကို ကိုယ်တော်ဖော်ပြပေးပါရန် ဆုတောင်း၍ ဘုရားသခင့်လမ်းညွှန်မှုကို ရှာဖွေဖို့လိုသည်။—ဆာလံ ၂၅:၄၊ ၅; ၁၄၃:၈၊ ၁၀။
‘ယေဟောဝါမတတ်နိုင်သောအမှု’ မရှိ
အချိန်တန်သော် ဟာဂရသည် အာဗြဟံအတွက် ဣရှမေလအမည်ရှိ သားတစ်ယောက် မွေးဖွားပေးခဲ့၏။ သို့တိုင်၊ ဤကလေးသည် ကတိထားရာအမျိုးအနွယ် မဟုတ်ချေ။ စာရာသည် အသက်ကြီးရင့်လင့်ကစား ထိုအမွေခံကို သူကိုယ်တိုင် မွေးထုတ်ပေးရမည်ဖြစ်သည်။—ကမ္ဘာဦး ၁၇:၁၅၊ ၁၆။
စာရာသည် သူ၏ခင်ပွန်းအတွက် သားတစ်ဦးမွေးပေးလိမ့်မည်ဟု ဘုရားသခင် အတိအကျမိန့်ဆိုသောအခါ “အာဗြဟံသည် ပျပ်ဝပ်လျက် ‘အသက်တစ်ရာရှိသောသူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည် သားကိုဖွားလိမ့်မည်လော’ ဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့[၏။]” (ကမ္ဘာဦး ၁၇:၁၇) စာရာကြားနိုင်သည့်နေရာမှ ကောင်းကင်တမန်တစ်ပါးက သတင်းကို ပြန်ပြောပြသည့်အခါ စာရာသည် “စိတ်ထဲမှာရယ်လေ၏။” သို့သော် ‘ယေဟောဝါမတတ်နိုင်သောအမှု’ မရှိပါ။ ကိုယ်တော်အလိုရှိရာဟူသမျှကို ဖြစ်စေနိုင်တော်မူကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။—ကမ္ဘာဦး ၁၈:၁၂-၁၄။
ယင်းမှာ “စာရာကိုယ်တိုင်ပင် အရွယ်လွန်သောအခါ၌ ပဋိသန္ဓေယူနိုင်သောအခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား ကတိထားတော်မူသောအရှင်သည် [တည်ကြည်]သည်ဟု စိတ်စွဲလမ်းခြင်းရှိသတည်း။” (ဟေဗြဲ ၁၁:၁၁) အချိန်တန်သော် စာရာသည် “ရယ်မောခြင်း” ဟု အဓိပ္ပာယ်ရှိသည့် ဣဇာက်ကို မွေးဖွားလေသည်။
ဘုရားသခင့်ကတိတော်များကို အပြည့်အဝယုံကြည်ကိုးစားပါ
ကြာမြင့်စွာစောင့်မျှော်ခဲ့သည့် အမွေခံမှာ ဣဇာက်ဖြစ်ကြောင်း ယေဟောဝါ အတိအကျမိန့်တော်မူသည်။ (ကမ္ဘာဦး ၂၁:၁၂) ထို့ကြောင့် ဘုရားသခင်က အာဗြဟံအား ၎င်း၏သားကို ပူဇော်ရန် တောင်းဆိုသောအခါ သူတုန်လှုပ်သွားပေမည်။ သို့တိုင်၊ အာဗြဟံသည် ဘုရားသခင်အား အပြည့်အဝယုံကြည်ကိုးစားရန် အကြောင်းကောင်းများရှိသည်။ ယေဟောဝါသည် ဣဇာက်အား သေရာမှ အသက်ပြန်ရှင်စေနိုင်တော်မူသည်မဟုတ်လော။ (ဟေဗြဲ ၁၁:၁၇-၁၉) အစကတည်းက ဣဇာက်ကိုမွေးဖွားရန် အာဗြဟံနှင့်စာရာတို့၏ မျိုးပွားနိုင်စွမ်းကို အံ့ဖွယ်နည်းနှင့် ပြန်ဖြစ်ထွန်းစေခြင်းဖြင့် ဘုရားသခင် တန်ခိုးပြခဲ့သည်မဟုတ်ပေလော။ ဘုရားသခင်သည် မိမိ၏ကတိတော်များအား ပြည့်စုံစေနိုင်စွမ်းရှိကြောင်း အာဗြဟံယုံကြည်စိတ်ချသဖြင့် နာခံဖို့အသင့်ရှိခဲ့သည်။ သူသည် မိမိ၏သားကို တကယ်မသတ်ဖြစ်ခဲ့ချေ။ (ကမ္ဘာဦး ၂၂:၁-၁၄) ဤကိစ္စနှင့်ပတ်သက်၍ အာဗြဟံ၏အခန်းကဏ္ဍက ‘ယုံကြည်သူအပေါင်း ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေဖို့ မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်’ ရန်မှာ ယေဟောဝါဘုရားသခင်အတွက် အဘယ်မျှခက်မည်ကို ကျွန်ုပ်တို့အား သဘောပေါက်စေသည်။—ယောဟန် ၃:၁၆; မဿဲ ၂၀:၂၈။
ဘုရားသခင်အား ယုံကြည်ခြင်းက ယေဟောဝါကတိထားတော်မူသည့် အမွေခံသည် ခါနာန်ပြည်မှ အယူမှားဝတ်ပြုသူတစ်ဦးကို လက်ထပ်ယူ၍မရကြောင်း အာဗြဟံ ရှင်းရှင်းသိရှိသွားသည်။ ဘုရားသခင်အားကြောက်ရွံ့သော မိဘတစ်ဦးသည် မိမိ၏သားသမီးက ယေဟောဝါအား ဝတ်မပြုသူတစ်ဦးနှင့် လက်ထပ်ထိမ်းမြားခြင်းကို မည်သို့လက်ခံသဘောတူနိုင်ပါမည်နည်း။ ထို့ကြောင့် အာဗြဟံသည် ဣဇာက်နှင့်သင့်တော်မည့် ဇနီးတစ်ဦးကို မိုင်ပေါင်း ၅၀၀ ကျော်ဝေးသော မက်ဆိုပိုတေးမီးယားပြည်ရှိ မိမိ၏ဆွေမျိုးအသိုင်းအဝိုင်းတွင် ရှာဖွေခဲ့လေသည်။ ဣဇာက်၏သတို့သမီး၊ မေရှိယ၏ဘေးမဖြစ်လာဖို့ ကိုယ်တော်ရွေးချယ်ပေးသည့်အမျိုးသမီးမှာ ရေဗက္ကဖြစ်ကြောင်း ညွှန်ပြပေးခြင်းအားဖြင့် ဤကြိုးစားရှာဖွေမှုအတွက် ဘုရားသခင်ကောင်းချီးပေးခဲ့၏။ ယေဟောဝါသည် ‘အရာရာ၌ အာဗြဟံကို ကောင်းချီးပေးတော်မူပြီ။’—ကမ္ဘာဦး ၂၄:၁-၆၇; မဿဲ ၁:၁၊ ၂။
လူမျိုးအပေါင်းအတွက် ကောင်းချီးများ
အာဗြဟံနှင့်စာရာတို့သည် စမ်းသပ်မှုများကိုခံရပ်ရာတွင်လည်းကောင်း၊ ဘုရားသခင့်ကတိတော်များကို ယုံကြည်အားထားရာတွင်လည်းကောင်း စံထားလောက်သူများဖြစ်ကြသည်။ အာဗြဟံအား ယေဟောဝါက ‘ငါ၏စကားကို သင်နားထောင်သောကြောင့် သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည် အချင်းချင်းကောင်းချီးပေးကြလိမ့်မည်’ ဟုအာမခံခဲ့သည့်အတွက် အဆိုပါကတိတော်များ၏ပြည့်စုံမှုသည် လူသားတို့၏ထာဝရအလားအလာများနှင့် ဆက်စပ်မှုရှိနေသည်။—ကမ္ဘာဦး ၂၂:၁၈၊ သမ္မာ။
ကျွန်ုပ်တို့ကဲ့သို့ပင် အာဗြဟံနှင့်စာရာတို့လည်း မစုံလင်ကြပေ။ သို့သော် ဘုရားသခင့်အလိုတော်ကို သူတို့သဘောပေါက်လာသောအခါ မည်မျှပင်စွန့်လွှတ်ရပါစေ မဆိုင်းမတွ လိုက်နာခဲ့ကြသည်။ သို့နှင့် အာဗြဟံသည် ‘ယေဟောဝါ၏မိတ်ဆွေ’ အဖြစ်၊ စာရာသည် ‘ဘုရားသခင်၌မျှော်လင့်လျက်နေသည့် ယာကုပ် ၂:၂၃; ၁ ပေတရု ၃:၅၊ သမ္မာ) အာဗြဟံနှင့်စာရာတို့၏ ယုံကြည်ခြင်းကို ကြိုးစားတုပခြင်းအားဖြင့် ကျွန်ုပ်တို့လည်း တန်ဖိုးဖြတ်မရသည့် ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်မှုကို ရရှိခံစားနိုင်ပါသည်။ ထို့ပြင် အာဗြဟံအားပေးခဲ့သည့် ယေဟောဝါ၏ အဖိုးထိုက်လှသည့် ကတိတော်များမှလည်း အကျိုးရယူနိုင်ပါသည်။—ကမ္ဘာဦး ၁၇:၇။
သန့်ရှင်းသောအမျိုးသမီး’ အဖြစ် အောက်မေ့ခံရလေသည်။ ([စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အသက်ကြီးရင့်ပြီဖြစ်သော အာဗြဟံနှင့်စာရာတို့သည် ယုံကြည်ခြင်းရှိသောကြောင့် ယေဟောဝါက သားတစ်ယောက်ပေးသနားခဲ့
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
အာဗြဟံ၏စံနမူနာက ယေဟောဝါသည် မိမိ၏တစ်ပါးတည်းသောသားတော်ကို သေဆုံးခွင့်ပြုရာတွင် မည်မျှထိခိုက် ခံစားရကြောင်း ကျွန်ုပ်တို့အား နားလည်သဘောပေါက်စေ