မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကူးလာ၍ ကျွန်ုပ်တို့ကို မစပါ’

‘ကူးလာ၍ ကျွန်ုပ်တို့ကို မစပါ’

ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ မှတ်တမ်း

‘ကူး​လာ၍ ကျွန်ုပ်​တို့ကို မစ​ပါ’

ဇူလိုင်​လ၊ ၂၀၀၀ ပြည့်နှစ်​တွင် ဩစတြီးယား၊ ဂျာမနီ​နှင့် ဆွစ်ဇာလန်​နိုင်ငံ​တို့​ရှိ ဂျာမန်​ဘာသာ​စကားပြော​တတ်​သူ သက်သေခံ​များ​ကို ဘိုလီးဗီးယား​နိုင်ငံ​သို့ ရွှေ့​ပြောင်း​နေထိုင်ရန် ဖိတ်ခေါ်​ခဲ့​သည်။ အဘ​ယ့်​ကြောင့်​နည်း။ အကြောင်း​မှာ ဘိုလီးဗီးယား​နိုင်ငံ၊ စဲန်​တာ​ခရုဇ်​မြို့မှ မိုင် ၁၈၀ အတွင်းရှိ လယ်သမား​သီးခြား​အုပ်စု​များ​မှ ဂျာမန်​စကားပြော​သော မဲန္နနိုက်​အဖွဲ့ဝင်​တို့သည် သမ္မာကျမ်းစာ​ကို အလွန်​စိတ်ဝင်စား​နေကြ​သောကြောင့်​ဖြစ်၏။

သက်သေခံ ၁၄၀ နီးပါး​တို့သည် ထို​ဖိတ်ခေါ်ချက်​ကို လက်ခံခဲ့​ကြသည်။ အချို့​သည် အပတ်​အနည်းငယ်​ကြာ၊ အခြားသူ​တို့​မှာ​မူ တစ်နှစ် သို့​မဟုတ် ထို​ထက်မက​ကြာ​သည့်​တိုင် သွားရောက်​နေထိုင်ခဲ့​ကြသည်။ ထိုသို့​ပြုခြင်း​အားဖြင့် သူတို့သည် “မာကေဒေါနိ​ပြည်​သို့ ကူး​ပါ။ ငါ​တို့ကို မစ​ပါ” ဟူသော​ဖိတ်ခေါ်ချက်​ကို လက်ခံခဲ့​သည့် ပထမ​ရာစု​ခရစ်ယာန်​သာသနာပြု​များ​၏ စိတ်ဓာတ်​မျိုး​ရှိကြောင်း တင်ပြ​ခဲ့​ကြသည်။—တမန်​တော် ၁၆:၉၊ ၁၀

ထို​နယ်မြေ​ဒေသ​တွင် သက်သေခံခြင်း​သည် အသို့နည်း။ ဒေသခံ​အသင်းတော်​ရှိ အကြီးအကဲ​တစ်ဦး​က ဤသို့​ရှင်းပြ​၏– “မဲန္နနိုက်​အ​စု ၄၃ စု​ထဲ​က​တစ်ခု​ဆီ​ရောက်​ဖို့ ကြမ်းတမ်း​တဲ့​လမ်းတွေပေါ် လေးဘီးယက်​ကား​နဲ့ ရှစ်​နာရီ​ကြာ​သွားရတယ်။ ဒီထက် ပို​ဝေး​တဲ့​နေရာတွေ​ကျ​တော့ လေး​ရက်​ကြာပြီး တချို့​ည​တွေ​မှာ ယာယီ​တဲ​ထိုး​ပြီး အိပ်​ရတယ်။ ဒါပေမဲ့ အဲ့ဒီ​လူတွေဟာ သတင်းကောင်းကို တစ်ခါ​မှ မကြား​ဖူး​တဲ့​အတွက် ပင်ပန်း​ရကျိုးနပ်​ပါ​တယ်။”

အစပိုင်း​တွင် မဲန္နနိုက်​အများစု​သည် သူတို့​ထံ​လာရောက်​လည်ပတ်ခြင်း​ကို လက်မခံ​လို​ကြ​ချေ။ သို့သော် ထပ်ခါတလဲ​ကြိုးပမ်းမှု​များ​က သက်သေခံ​တို့​ကမ်း​လှမ်း​သည့် သတင်းတရားကို တန်ဖိုး​ထား​တတ်​သွား​စေ​သည်။ သာဓက​အနေ​ဖြင့် လယ်သမား​တစ်ဦး​က သူသည် နိုးလော့!မဂ္ဂဇင်း​ကို ဖတ်​ခဲ့​သည်​မှာ တစ်နှစ်​ကြာပြီ​ဟု ပြောပြ​သည်။ ထို့နောက် သူ​ဤသို့ ဆက်​ပြော​၏– “ဒီမှာ​ရှိတဲ့​လူအများစုက ခင်ဗျား​တို့​ပြော​တာ​ကို လက်မခံချင်ဘူး​ဆိုတာ ကျွန်တော်​သိတယ်၊ ဒါပေမဲ့ ဒါဟာ​အမှန်တရား​ပဲ​လို့ ကျွန်တော်​ယုံတယ်။” အခြား​အုပ်စု​တစ်ခု​မှ လူတစ်ဦး​က– “ကျွန်တော့်​အိမ်နီးချင်း​တချို့က ခင်ဗျား​တို့​ဟာ ပရောဖက်​အတုအယောင်​တွေ​လို့ ပြော​ကြတယ်၊ တချို့​ကျ​တော့ ခင်ဗျား​တို့​မှာ အမှန်တရား​ရှိတယ်လို့ ပြော​ကြတယ်၊ ကျွန်တော်​ကိုယ်တိုင် ဆန်းစစ်​ကြည့်​ချင်​တယ်။”

ယခု ဘိုလီးဗီးယား​နိုင်ငံ​တွင် ဂျာမန်​စကားပြော​အသင်းတော်​တစ်ခု​ရှိနေပြီ၊ သတင်းကောင်းကို အချိန်ပြည့်​ဟောပြောသူ ၁၄ ဦး​အပါအဝင် ကြေညာသူ ၃၅ ယောက်​ရှိသည်။ ယခု​အချိန်​ထိ ယခင်​က မဲန္နနိုက်​အဖွဲ့ဝင်​ဖြစ်​ခဲ့​သူ ၁၄ ဦး​တို့သည် ဘုရားသခင်​၏ နိုင်ငံတော်​ကြေညာ​သူများ​ဖြစ်လာ​ကြပြီ၊ အခြားသူ ၉ ဦး​တို့​မှာ အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​နေပါ​သည်။ မကြာသေးမီ​က နှစ်ခြင်း​ယူ​ခဲ့​သော အသက်ကြီးသူ​တစ်ဦး ဤသို့​ပြော​ခဲ့​၏– “ယေဟောဝါ​ရဲ့​လမ်းညွှန်မှုကို ကျွန်တော်​တို့ အသေအချာ​တွေ့ မြင်ရ​တယ်။ ကိုယ်တော်​ဟာ ကျွန်တော်​တို့ကို ကူညီ​ပေး​ဖို့ ဂျာမန်​စကားပြော​တတ်​တဲ့ အတွေ့အကြုံ​ရှိ ညီအစ်ကို၊ ညီအစ်မ​တွေ​ကို စေလွှတ်​ပေး​တာ။ သိပ်​ကျေးဇူး​တင်​တာ​ပဲ။” ထို​သူ၏ အသက် ၁၇ နှစ်အရွယ်​သမီး​ငယ်​လည်း နှစ်ခြင်း​ယူ​ခဲ့​၍ သူက ဤသို့ ထပ်ဆင့်​ပြော​ခဲ့​သည်– “ဒီကို​ရောက်လာ​ကြ​တဲ့ လူငယ်​ညီအစ်ကို၊ ညီအစ်မ​တွေ​ရဲ့ စိတ်အား​ထက်သန်မှု​ဟာ တစ်ယောက်​ကနေ​တစ်ယောက် ကူးစက်​နေတယ်။ သူတို့​အများစုဟာ ရှေ့ဆောင်​တွေ​ဖြစ်​ကြတယ်၊ သူတို့ရဲ့​အချိန်၊ သူတို့ရဲ့​ငွေ​ကို အသုံးပြုပြီး တခြား​သူတွေကို ကူညီ​ပေး​နေကြ​တာ။ ကျွန်မ​လည်း သူတို့​လို လုပ်ချင်တဲ့​စိတ်​ရှိတယ်။”

မှန်ပါသည်၊ အခြား​သူများကို​ကူညီ​ဖို့ ‘ကူး​လာ’ ခဲ့​ကြ​သူများ​သည် ကြီးစွာ​သော​ရွှင်လန်းမှု​နှင့် ကျေနပ်​ရောင့်ရဲမှု ရရှိ​နေကြ​သည်။