မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

၁ ဓမ္မ​ရာဇဝင် ၁၉:၁၂၊ ၁၃ တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ယေဟောဝါ​၏ တည်ကြည်သော​ကျေးကျွန်​ဖြစ်သူ ဒါဝိဒ်​သည် သူ၏​ဇနီး​မိ​ခါ​လ​အား တေရပ်​ရုပ်တု​တစ်ခု အဘယ်ကြောင့်​ထား​ခွင့်ပြု​သနည်း။

ဦးဆုံး ရှေ့နောက်စကား​ကို ခဏ​သုံးသပ်ကြည့်​ကြ​စို့။ ဘုရင်​ရှောလုသည် ဒါဝိဒ်​ကို​သတ်​ရန် ကြံစည်​နေသည်​ဟု ဒါဝိဒ်​၏​ဇနီး​ကြား​သည့်​အခါ သူသည် ချက်ချင်း​ဤသို့​ပြု​ခဲ့​ကြောင်း သမ္မာကျမ်းစာ​ဆို​၏– “ဒါဝိဒ်​မယား​မိ​ခါ​လ​က . . . ဒါဝိဒ်​ကို ပြတင်းပေါက်​မှ​လျှော့ချ​၍ သူသည် အလွတ်​ထွက်ပြေး​လေ​၏။ မိ​ခါ​လ​သည်လည်း [လူတစ်ဦး​၏​အရွယ်၊ ပုံသဏ္ဌာန်​ရှိ​ပုံ​ရသော] တေရပ်​ရုပ်တုကို​ယူ၍ ခုတင်​ပေါ်မှာ​ထားပြီး​လျှင် ဆိတ်​မွေး​ဖြင့်​ရက်​သော​ကုလားကာ​နှင့် ခေါင်း​ရင်း​ရှေ့၌​ကာ​၍ စောင်​နှင့်​ခြုံ​လေ​၏။” ဒါဝိဒ်​ကို​ဖမ်း​ရန် ရှောလု​၏​လုလင်​များ ရောက်ရှိ​လာသော​အခါ မိ​ခါ​လ​က “ဒါဝိဒ်​နာ​၍​နေပါ​သည်” ဟု​ပြော​ခဲ့​သည်။ ဤ​ဉာဏ်ဆင်မှု​ကြောင့် ဒါဝိဒ်​သည် ထွက်ပြေး​ဖို့​အချိန်​ရခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၁၉:၁၁-၁၆

ရှေးဟောင်း​သုတေသန ရှာဖွေ​တွေ့ရှိချက်​များ​အရ ရှေး​အချိန်​က တေရပ်​ရုပ်တု​များ​ကို ဝတ်ပြု​ကိုးကွယ်​မှု​အတွက်သာ​မဟုတ်ဘဲ တရား​ဥပဒေ​ကိစ္စ​များ​အတွက်​လည်း အသုံးပြု​ကြောင်း သိရှိ​ရသည်။ ယနေ့ ပိုင်ဆိုင်ခွင့်​စာချုပ်​စာတမ်း​များနှင့် သေတမ်းစာ​တို့သည် အမွေ​ပိုင်ဆိုင်ခွင့်​ကို သတ်မှတ်​ပေး​သကဲ့သို့ပင် ရှေး​အချိန်​က တေရပ်​ရုပ်တု​များသည်​လည်း အလားတူ​ပင်​ဖြစ်သည်။ အခြေအနေ​တချို့​တွင် တေရပ်​ရုပ်တု​ပိုင်ဆိုင်​ထားခြင်း​ဖြင့် ကွယ်လွန်​သွားသော ယောက္ခမ​ယောက်ျား​သူ၏ အမွေ​ကို သမက်​က သိမ်း​ပိုင်ခွင့်​ရှိ​ပုံ​ရသည်။ ယင်းကြောင့် အစောပိုင်း​အဖြစ်အပျက်​တစ်ခု​တွင် ရာခေလ​သည် သူ့​ဖခင်​၏ တေရပ်​ရုပ်တုကို ယူသွား​ခဲ့​ခြင်း​ဖြစ်​ပြီး သူ့​ဖခင်​သည်လည်း ယင်းကို​ပြန်​ရ​ရန် စိတ်စော​ခဲ့​ရခြင်း​ဖြစ်​နိုင်​သည်။ ထို​အချိန်​က ရာခေလ​၏​ခင်ပွန်း၊ ယာကုပ်​သည် သူ့​ဇနီး​ပြုလုပ်​ခဲ့​ရာ​ကို မသိ​လိုက်ပါ။—ကမ္ဘာဦး ၃၁:၁၄-၃၄

ဣသရေလ​လူမျိုး​သည် လူမျိုးတစ်မျိုး​ဖြစ်လာ​သောအခါ ပညတ်တော်​ဆယ်ပါး ရရှိခဲ့​ပြီး ယင်း​၏​ဒုတိယ​ပညတ်​တွင် ရုပ်ပုံ​ပြုလုပ်ခြင်း​ကို သတ်သတ်မှတ်မှတ် တားမြစ်​ထား​သည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) နောက်ပိုင်း​တွင် ပရောဖက်​ရှမွေလ​က ဘုရင်​ရှောလု​နှင့် စကားပြော​ရာ​တွင် ထို​ပညတ်​ကို ရည်ညွှန်း​ပြောဆို​ခဲ့​သည်။ သူ​ဤသို့​ပြော​ခဲ့​၏– “ငြင်းဆန်​သော​သဘော​သည် နတ်ဆိုး​နှင့်​ပေါင်း​ခြင်း​ကဲ့သို့​လည်းကောင်း၊ ခိုင်မာ​သော​သဘော​သည် ဗေဒင်​တန်ဆာ [“နှင့် တေရပ်​ရုပ်၊” က​ဘ] ကို​သုံး​ခြင်း​ကဲ့သို့​လည်းကောင်း အပြစ်ကြီး​၏။” (၁ ဓမ္မ​ရာဇဝင် ၁၅:၂၃) ယင်းကြောင့် ဣသရေလ​နိုင်ငံ​တွင် တေရပ်​ရုပ်တုကို အမွေဆက်ခံ​ခြင်း​အတွက် အသုံးပြု​ခဲ့​ပုံ​မရပါ။ မည်သို့​ပင်​ဆို​စေ ရှေး​ဂျူး​လူမျိုး၏ အစွဲအလမ်း​ကြီး​မှု​ကြောင့် ဣသရေလ​အိမ်ထောင်​တချို့​တွင် တေရပ်​ရုပ်တုကို ဆက်​ထားခဲ့​ပုံ​ရသည်။ (တရားသူကြီး ၁၇:၅၊ ၆; ၄ ဓမ္မ​ရာဇဝင် ၂၃:၂၄) မိ​ခါ​လ​သည် တေရပ်​ရုပ်တု​တစ်ခု ပိုင်ဆိုင်ခြင်း​က သူ၏​စိတ်နှလုံး​သည် ယေဟောဝါ​ရှေ့ စုံလင်ခြင်း​မရှိကြောင်း တင်ပြ​သည်။ ဒါဝိဒ်​သည် မိ​ခါ​လ​၌ တေရပ်​ရုပ်တု​ရှိကြောင်း မသိ​ခြင်း​ဖြစ်​ပေမည်၊ သို့​မဟုတ် မိ​ခါ​လ​သည် ဘုရင်​ရှောလု​၏​သမီး​ဖြစ်သော​ကြောင့် ယင်းကို​ခွင့်ပြု​ခဲ့​ခြင်း​လည်း ဖြစ်​နိုင်​သည်။

ဒါဝိဒ်​သည် ယေဟောဝါ​အား အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​ကြောင်း ဤ​စကား​များ​က ဖော်ပြ​သည်– ‘ထာဝရ​ဘုရားသခင်​သည် ကြီးမြတ်​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်​မူ​၏။ ဘုရားသခင်​တကာ​တို့​ထက် ကြောက်ရွံ့ ဖွယ်​ဖြစ်​တော်​မူ​၏။ တစ်ပါး​အမျိုးသား​တို့၏ ဘုရားသခင်​ရှိသမျှ​တို့သည် အချည်းနှီး​သက်​သက်​ဖြစ်​ကြ​၏။ ထာဝရ​ဘုရားသခင်​မူ​ကား မိုးကောင်းကင်ကို ဖန်ဆင်း​တော်​မူ​၏။’—၁ ရာဇဝင်ချုပ် ၁၆:၂၅၊ ၂၆

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ပညတ်တော်​ဆယ်ပါး​မှ ဒုတိယ​ပညတ်​သည် ဤ​တွင်​ဖော်ပြ​ထား​သည့် တေရပ်​ရုပ်​ကဲ့သို့​သော ရုပ်ပုံများ ပြုလုပ်ခြင်း​ကို တားမြစ်

[Credit Line]

From the book The Holy Land, Vol. II, 1859