မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြုလုပ်သင့်သလော၊ မပြုလုပ်ဘဲနေသင့်သလော

ပြုလုပ်သင့်သလော၊ မပြုလုပ်ဘဲနေသင့်သလော

ပြုလုပ်​သင့်​သလော၊ မပြု​လုပ်​ဘဲ​နေ​သင့်​သလော

“သင့်ကို သူတစ်ပါး​မပြု​စေ​လို​သော​အရာ​ကို သူတစ်ပါး​အား​မပြု​နှင့်။” ဤ​ကျင့်ဝတ်​ဆိုင်ရာ​အခြေခံ​မူကို နာမည်​ကျော်ကြား​သူ တရုတ်​ဆရာ​ကြီး၊ အတွေးအခေါ်​ပညာရှင် ကွန်ဖြူးရှပ်​က ပြော​ခဲ့​သည်​ဆို​၏။ နှစ်ပေါင်း ၂,၅၀၀ နီးပါး​မျှ ကြာ​ခဲ့ပြီ​ဖြစ်သော်လည်း အခြားသူများ​အား ထိခိုက်​နစ်နာ​စေသည့် အရာ​မှန်သမျှကို​ရှောင်ခြင်း​သည် ကိုယ်ကျင့်တရား​စောင့်စည်း​ခြင်း​ဖြစ်၏​ဟု ယနေ့ လူများစွာ ယုံကြည်​နေကြ​ဆဲ​ရှိသည်။

ကွန်ဖြူးရှပ်​၏ အမူအကျင့်​ဆိုင်ရာ ယင်း​အဆို​သည် အထိုက်အလျောက် အကျိုး​ရှိသည်။ သမ္မာကျမ်းစာ​မူ​ကား လူတို့၏​အပြု​အမူ​နှင့် ပေါင်းသင်း​ဆက်ဆံ​ရေး​အတွက် အခြား​ရှုထောင့်​တစ်ခု​ကို ဖော်ပြ​သည်။ လူ​အချင်းချင်း ပြစ်မှားခြင်း​ဟု ခေါ်ဆို​နိုင်​သည့် အချင်းချင်း​အား အမှား​ပြုလုပ်ခြင်း​အပြစ်​အပြင် မပြုခြင်း​ကြောင့် အပြစ်​ဖြစ်သည့်​အကြောင်းကို သမ္မာကျမ်းစာ​ဖော်ပြ​၏။ ခရစ်တော်​၏​တပည့် ယာကုပ်​က ဤသို့​ရေးသားခဲ့​၏– “ကောင်းသော​အကျင့်ကို​သိ​လျက် မကျင့်​ဘဲ​နေသော​သူသည် အပြစ်ရှိ​၏။” (ယာကုပ် ၄:၁၇) ခရစ်ယာန်​များသည် သူတစ်ပါး​အပေါ် မကောင်းမှု​မပြု​ရန်​သာ သွန်သင်​မည့်​အစား ယေရှု​ခရစ်​က ဤသို့​ဆုံးမ​သည်– “သင်တို့သည် ကိုယ်​၌​သူတစ်ပါး​ပြု​စေ​လိုသမျှ​အတိုင်း သူတစ်ပါး​၌​ပြု​ကြလော့။”—မဿဲ ၇:၁၂

ဘုရားသခင်​၏ မူလ​ရည်ရွယ်ချက်မှာ လူအပေါင်း​တို့သည် မိမိတို့​အား ပြုမူ​စေ​လို​သည့်​အတိုင်း အချင်းချင်း ပြုမူ​ဆက်ဆံ​ကြ​ရန်ဖြစ်​သည်။ ကိုယ်တော်​သည် သူတစ်ပါး​အကျိုးကို လိုလား​ကြောင်း​ပြသ​ရာ​တွင် အကောင်းဆုံး​ပုံသက်သေ​ဖြစ်၏၊ လူကို ဖန်ဆင်း​ထား​ပုံ​၌ ၎င်းကို တွေ့ရှိ​ရ၏– “ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​နှင့်​အညီ လူကို​ဖန်ဆင်း​တော်​မူ​၏။ ဘုရားသခင်​၏ ပုံသဏ္ဌာန်​တော်​နှင့်​အညီ လူယောက်ျား၊ လူ​မိန်းမကို ဖန်ဆင်း” တော်​မူ​၏။ (ကမ္ဘာဦး ၁:၂၇) ဆိုလိုသည်မှာ ဘုရားသခင်​သည် ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို လူ​တို့​တွင် မေတ္တာပါ​စွာ​ထည့်သွင်း​ပေး​ထား​တော်​မူ​ရာ ယင်းကို ကောင်းစွာ​လေ့ကျင့်ပေး​သည့်​အခါ မိမိတို့​အား ဆက်ဆံ​စေ​လို​သည့်​နည်း​အတိုင်း သူတစ်ပါးကို​ဆက်ဆံ​ရန် ယင်းက ဦးဆောင်လမ်းပြ​ပေး​မည်​ဖြစ်သည်။

ယနေ့ လူများစွာ​သည် ထောက်ထား​စာနာမှု​မရှိ၊ တစ်ကိုယ်ကောင်း​ဆန်​သူတို့​ကြောင့် လွတ်မြောက်​ရာ​လမ်းမ​တွေ့​ဘဲ အကြီးအကျယ်​စိတ်​ဆင်းရဲ​နေကြ​ရလေ​သည်။ ထို့​ကြောင့် သူတစ်ပါးကို ထိခိုက်​နစ်နာ​စေ​မည့်​အရာများ​ကို မပြု​ဘဲ​နေ​ရုံ​ဖြင့် မလုံလောက်​ပါ၊ သူတစ်ပါး​အကျိုးဆောင်ဖို့​လို​ကြောင်း ထင်ရှား​သည်။ ယင်းကြောင့် ယေဟောဝါသက်သေ​များသည် သမ္မာကျမ်းစာ​တွင်​တွေ့ရှိ​ရသည့် အလွန်​ကောင်းသော​မျှော်လင့်ချက်​အကြောင်း သူတစ်ပါး​သိရှိ​လာ​စေရန် အပြုသဘောပါပါ စေတနာ​ရှိ​ရှိ ကူညီ​ပေး​နေကြ၏။ သမ္မာ​ကျမ်းစာ​ပါ သတင်းကောင်းကို အိမ်နီးချင်း​များ​အား သွား​ပြောပြ​ကြ​ရာ​တွင် သူတို့သည် မိမိတို့​အားပြု​စေ​လို​သည့်​အတိုင်း သူတစ်ပါး​အား မေတ္တာပါပါ ပြု​နေကြ​ခြင်း​ဖြစ်သည်။