ဖန်ဆင်းရာများသည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြောကြ!
ဖန်ဆင်းရာများသည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြောကြ!
“မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။”—ဆာလံ ၁၉:၁။
၁၊ ၂။ (က) လူသားတို့သည် ဘုရားသခင်၏ဘုန်းတော်ကို အဘယ်ကြောင့် တိုက်ရိုက်မြင်နိုင်စွမ်းမရှိကြသနည်း။ (ခ) အသက်ကြီးသူ ၂၄ ပါးသည် ဘုရားသခင်၏ဘုန်းတော်ကို မည်သို့ချီးမွမ်းကြသနည်း။
“သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိ။” (ထွက်မြောက်ရာ ၃၃:၂၀) ယေဟောဝါရှင်သည် မောရှေအား ထိုသို့သတိပေးခဲ့သည်။ လူသားတို့သည် နုနယ်သော အသွေးအသားဖြင့် ဖွဲ့စည်းထားသောကြောင့် ဘုရားသခင်၏ဘုန်းတော်ကို တိုက်ရိုက်မြင်တွေ့လျှင် ဆက်အသက်မရှင်နိုင်ကြပါ။ သို့ရာတွင် တမန်တော်ယောဟန်သည် စိတ်အာရုံတစ်ခု၌ ဘုန်းရှိသောပလ္လင်ပေါ် ထိုင်တော်မူသော ယေဟောဝါရှင်၏ ထည်ဝါခံ့ညားမှုကို မြင်တွေ့လိုက်ရသည်။—ဗျာ. ၄:၁-၃။
၂ လူသားတို့နှင့်မတူသည့် တည်ကြည်သောဝိညာဉ်သတ္တဝါများသည် ယေဟောဝါ၏မျက်နှာတော်ကို ဖူးမြော်နိုင်ကြ၏။ ထိုသူတို့ထဲတွင် ၁၄၄,၀၀၀ ကို ပုံတင်ပြသည့် ယောဟန်၏ ကောင်းကင်ဆိုင်ရာစိတ်အာရုံပါ “အသက်ကြီးသူနှစ်ဆယ့်လေးပါး” ပါဝင်သည်။ (ဗျာ. ၄:၄; ၁၄:၁-၃) သူတို့သည် ဘုရားသခင်၏ဘုန်းတော်ကို မြင်ရသည့်အတွက် မည်သို့တုံ့ပြန်ကြသနည်း။ ဗျာ. ၄:၁၁ အရ သူတို့ဤသို့ ကြွေးကြော်ကြသည်– “အိုထာဝရဘုရား[သခင်]၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။”
“ဆင်ခြေပေးစရာမရှိ” ရသည့်အကြောင်းရင်း
၃၊ ၄။ (က) ဘုရားသခင်ကို ယုံကြည်ခြင်းသည် သိပ္ပံပညာနှင့်မညီညွတ်ဟု အဘယ်ကြောင့် မဆိုသာသနည်း။ (ခ) တချို့ကိစ္စများတွင် ဘုရားသခင်ကို မယုံကြည်ရသည့်အကြောင်းရင်းကား အဘယ်နည်း။
၃ သင်ကော ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းရန် လှုံ့ဆော်ခံရသလော။ လူသားအများစုမှာမူ လှုံ့ဆော်မခံရကြချေ၊ တချို့ဆိုလျှင် ဘုရားသခင်ရှိသည်ကိုပင် ငြင်းကြ၏။ သာဓကအနေနှင့် နက္ခတ္တဗေဒပညာရှင်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက် လောကဓာတ်ကြီးတွင် ကြားဝင်ပြီး ကျနစွာ ပုံစံပြုပေးထားခြင်းလော။ . . . စိတ်လန်းဆန်းစေသည့် မျှော်လင့်ချက်ပင်။ သို့သော် ယင်းသည် အမြင်မှားမှုဟု ကျွန်ုပ်ယူဆ၏။ . . . ဘုရားသခင်စီမံရာဟု ရှင်းပြခြင်းသည် အဖြေ မဟုတ်ချေ။”
၄ သိပ္ပံဆိုင်ရာသုတေသနပြုမှုသည် အကန့်အသတ်ရှိ၏၊ လူတို့ ရှာဖွေတွေ့ရှိနိုင်ရာ၊ လေ့လာနိုင်ရာအပေါ် မူတည်သည်။ ထိုသို့မဟုတ်လျှင် သီအိုရီမျှ၊ မှန်းဆချက်မျှသာ ဖြစ်မည်။ ‘ဘုရားသခင်သည် ဝိညာဉ်ဖြစ်တော်မူ’ သောကြောင့် ကိုယ်တော်အား သိပ္ပံပညာဖြင့် ဆည်းပူးလေ့လာ၍ လုံးဝမရချေ။ (ယောဟန် ၄:၂၄) ထို့ကြောင့် ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းကို သိပ္ပံပညာနှင့်မကိုက်ညီဟုဆိုခြင်းသည် ထောင်လွှားရာရောက်သည်။ သိပ္ပံပညာနည်းလမ်းကိုယ်နှိုက်သည် “ဘာသာရေးအရ ချဉ်းကပ်နည်းတစ်မျိုး” ဖြစ်ကြောင်း ကဲမ်ဘရိခ်ျတက္ကသိုလ်မှ သိပ္ပံပညာရှင် ဗင်းစင့် ဝိဂဲလ်ဝေါ့သ်က မှတ်ချက်ချခဲ့သည်။ မည်သို့အားဖြင့်နည်း။ အကြောင်းမှာ “သဘာဝဖြစ်ရပ်များသည် ‘သဘာဝနိယာမတရားများ’ နှင့်အညီ ဖြစ်ပျက်လာသည်ဟု အခိုင်အမာယုံကြည်ခြင်းအပေါ်မူတည်” သောကြောင့်ဖြစ်၏။ သို့ဆိုလျှင် တစ်စုံတစ်ယောက်က ဘုရားသခင်ကို မယုံကြည်လျှင် ထိုသူသည် ယုံကြည်ခြင်းနောက်တစ်မျိုးသို့ ပြောင်းလဲခြင်းမျှသာ ဖြစ်သလော။ တချို့ကိစ္စများတွင် မယုံကြည်ခြင်းသည် အမှန်တရားကို တမင်တကာလက်မခံခြင်းဖြစ်ပုံရ၏။ ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “မတရားသောသူသည် မာနထောင်လွှားသောကြောင့် မစဉ်းစားတတ်ပါ။ ‘ဘုရားသခင်မရှိ’ ဟု အစဉ်အောက်မေ့တတ်ပါ၏။”—ဆာလံ ၁၀:၄။
၅။ ဘုရားသခင်တည်ရှိကြောင်း မယုံကြည်ခြင်းကို အဘယ်ကြောင့် ဆင်ခြေပေး၍မရသနည်း။
၅ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အကြောင်းမဲ့ယုံကြည်ခြင်းမဟုတ်ပါ၊ အကြောင်းမှာ ဘုရားသခင်တည်ရှိကြောင်း အထောက်အထားများစွာရှိ၏။ (ဟေဗြဲ ၁၁:၁) နက္ခတ္တဗေဒပညာရှင် အယ်လန် ဆန်ဒေခ်ျက ဤသို့ဆို၏– “[စကြဝဠာတွင်] ဤမျှစနစ်ကျမှုသည် ပရမ်းပတာပေါ်ထွက်လာခြင်း မဟုတ်တန်ရာ။ စီစဉ်ဖွဲ့စည်းပေးရန် အခြေခံနိယာမတစ်ခုခုရှိရမည်။ ဘုရားသခင်ဟူသည် ကျွန်ုပ်အတွက် လျှို့ဝှက်နက်နဲရာဖြစ်၏၊ သို့သော် ဖြစ်ရှိသမျှအံ့ဖွယ်ရာ၏ အဖြေဖြစ်၏၊ အရာခပ်သိမ်း တည်ရှိရခြင်းအကြောင်းဖြစ်၏။” ရောမမြို့ရှိ ခရစ်ယာန်များကို တမန်တော်ပေါလုပြောသည့်အတိုင်းပင် “ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်မှစ၍ လူတို့သည် ကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော်တည်းဟူသော မျက်မြင်မရသောဂုဏ်အင်္ဂါများကို ကောင်းစွာသိနားလည်နိုင်သည်။ သူတို့သည် ဤသို့သော ဂုဏ်အင်္ဂါလက္ခဏာများကို မမြင်နိုင်သော်လည်း သိနိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာ သူတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာများကို တွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ကြောင့် သူတို့ [မယုံကြည်သူများ] မှာ မိမိတို့ ကျူးလွန်သည့်အပြစ်များအတွက် ဆင်ခြေပေးစရာမရှိတော့ပေ။” (ရောမ ၁:၂၀၊ ခေတ်သုံး) ထို့ကြောင့် “ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်”၊ အထူးသဖြင့် ဘုရားသခင်တည်ရှိကြောင်း အသိအမှတ်ပြုနိုင်သည့် အသိဉာဏ်ရှိ လူသားများကိုဖန်ဆင်းချိန်မှစ၍ တန်ခိုးကြီးမားသောဖန်ဆင်းရှင်တစ်ပါး၊ ဆည်းကပ်ဝတ်ပြုထိုက်သည့် ဘုရားသခင်တစ်ပါး တည်ရှိကြောင်း ထင်ရှားခဲ့ပေပြီ။ ထို့ကြောင့် ဘုရားသခင်၏ဘုန်းတော်ကို အသိအမှတ်မပြုသူတို့သည် ဆင်ခြေမပေးနိုင်ကြချေ။ ဖန်ဆင်းရာများက အဘယ်အရာကို သက်သေထူသနည်း။
စကြဝဠာသည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြော
၆၊ ၇။ (က) ကောင်းကင်သည် ဘုရားသခင်၏ဘုန်းတော်ကို မည်သို့ကြားပြောနေသနည်း။ (ခ) ကောင်းကင်သည် အဘယ်ရည်ရွယ်ချက်ဖြင့် ‘ပေကြိုးများ’ ချသနည်း။
၆ ဆာလံ ၁၉:၁ က ဤသို့အဖြေပေး၏– “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။” “မိုးမျက်နှာကြက်” သို့မဟုတ် လေထုကိုထိုးဖောက်ထွန်းတောက်သော ကြယ်များနှင့် ဂြိုဟ်များသည် ဘုန်းရှိသောဘုရားသခင် တည်ရှိကြောင်း မငြင်းဆိုနိုင်သည့် အထောက်အထားဖြစ်သည်ဟု ဒါဝိဒ် ပိုင်းခြားသိမြင်ခဲ့သည်။ သူ ဤသို့ဆက်ဆိုသည်– “တစ်နေ့ကိုတစ်နေ့မြွက်ဆို၍ တစ်ညကိုတစ်ညသွန်သင်၏။” (ဆာလံ ၁၉:၂) ကောင်းကင်သည် တစ်နေ့ပြီးတစ်နေ့၊ တစ်ညပြီးတစ်ည ဘုရားသခင်၏ဉာဏ်ပညာနှင့် ဖန်ဆင်းခြင်းအစွမ်းတန်ခိုးကို ဖော်ပြလျက်ရှိသည်။ ၎င်းသည် ဘုရားသခင်ကို ကောင်းကင်မှ ချီးမွမ်းသံ ‘ထွက်ဆို’ နေဘိသည့်အလားတည်း။
၇ သို့ရာတွင် ယင်းသက်သေခံချက်ကို ကြားသိနိုင်ရန် ပိုင်းခြားသိမြင်မှုလို၏။ “နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကိုမကြားရ။” သို့တိုင် ကောင်းကင်မှ အသံတိတ်သက်သေခံချက်သည် ထိရောက်လှပါသည်။ “သူတို့၏အသံ [“ပေကြိုး၊” ကဘ] သည် မြေတစ်ပြင်လုံး၌နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏။” (ဆာလံ ၁၉:၃၊ ၄) ကောင်းကင်သည် မြေကြီးတစ်ပြင်လုံးတိုင်အောင် သူတို့၏အသံတိတ်သက်သေခံချက်ကို နှံ့ပြားစေရန် ‘ပေကြိုးများ’ ချလိုက်သည့်အလားပင်။
၈၊ ၉။ နေနှင့်စပ်လျဉ်း၍ ထူးခြားထင်ရှားသော ဖြစ်ရပ်တချို့ကား အဘယ်နည်း။
၈ ယေဟောဝါ၏ဖန်ဆင်းခြင်းဆိုင်ရာ အခြားအံ့ဖွယ်အမှုတစ်ခုကို ဒါဝိဒ် ဤသို့ဆက်ဖော်ပြ၏– “မိုးကောင်းကင်တွင် နေဗိမာန်ကိုထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲကထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊ မိုးကောင်းကင်တစ်စွန်းမှထွက်လာ၍ တစ်စွန်းတိုင်အောင် လှည့်ပတ်သောအားဖြင့် သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာတစ်စုံတစ်ခုမျှမရှိ။”—ဆာလံ ၁၉:၄-၆။
၉ နေသည် အံ့ဖွယ်ကြယ်ကြီးတစ်လုံးဖြစ်ကာ ယင်းကိုလှည့်ပတ်လျက်ရှိကြသောဂြိုဟ်များကို သေးငယ်သွားစေပုံရ၏။ သို့ရာတွင် အခြားကြယ်များနှင့်နှိုင်းယှဉ်လျှင်မူကား နေသည် အလတ်စားမျှသာရှိ၏။ စာအုပ်တစ်အုပ်က နေ၏ဒြပ်ထုသည် “ဘီလီယံတန်ချိန် ဘီလီယံပေါင်း နှစ်ဘီလီယံ” (၂x၁၀၂၇ တန်) ရှိ၏၊ နေအဖွဲ့အစည်းဒြပ်ထု၏ ၉၉.၉ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်! ယင်း၏ဆွဲငင်အားကြောင့် ကမ္ဘာသည် မိုင်ပေါင်း ၉၃ သန်း အကွာအဝေးမှ လွင့်မျောသွားခြင်းဖြစ်စေ၊ နီးကပ်လာခြင်းဖြစ်စေမရှိဘဲ လည်ပတ်လျက်ရှိစေသည်။ နေစွမ်းအင်၏ သန်းနှစ်ထောင်ပုံတစ်ပုံခန့်မျှသာ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ပေါ်သို့ ရောက်ရှိသည်၊ သို့သော် ယင်းပမာဏသည် အသက်ရှင်သန်ရေးအတွက် လုံလောက်သည်။
၁၀။ (က) နေသည် “ဗိမာန်” မှ မည်သို့ ဝင်ထွက်လျက်ရှိသနည်း။ (ခ) ၎င်းသည် “ခွန်အားကြီးသောသူ” ကဲ့သို့ မည်သို့ပြေးလွှားသနည်း။
၁၀ ဆာလံဆရာက နေကို ပုံဆောင်စကားဖြင့် နေ့အချိန်တွင် မိုးကုပ်စက်ဝိုင်းအစွန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ ပြေးလွှားကာ ညအချိန်တွင် “ဗိမာန်” ၌နားသည့် “ခွန်အားကြီးသောသူ” အဖြစ် သရုပ်ဖော်ထားသည်။ ကမ္ဘာ့အပေါ်စီးမှ မိုးကုပ်စက်ဝိုင်းအောက်သို့ ဤတန်ခိုးကြီးမားသောကြယ် ငုပ်လျှိုးသွားစဉ် “ဗိမာန်” ထဲသို့ ဝင်အနားယူသည့်အလားပင်။ နံနက်အချိန်တွင် ၎င်းသည် “အိပ်ခန်းထဲကထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့” ထွန်းလင်းတောက်ပစွာ ရုတ်တရက် ထွက်ပေါ်လာပြန်၏။ သိုးထိန်းတစ်ဦးဖြစ်သူ ဒါဝိဒ်သည် ည၏အအေးလွန်ကဲမှုကို ခံစားဖူးသည်။ (ကမ္ဘာဦး ၃၁:၄၀) နေရောင်ခြည်က သူနှင့် သူ့ပတ်ဝန်းကျင်ရှိ တောတောင်ရှုခင်းများကို ချက်ချင်းနွေးထွေးစေကြောင်း သူအမှတ်ရသည်။ နေသည် အရှေ့မှ အနောက်သို့ ခရီးနှင်မြဲနှင်နေသော်လည်း မောပန်းနွမ်းလျခြင်းမရှိ ယင်း “ခရီးစဉ်” ကို ထပ်ကျော့ရန် အသင့်ရှိမြဲရှိနေသည့် “ခွန်အားကြီးသောသူ” နှင့်တူ၏။
အံ့ချီးဖွယ် ကြယ်များနှင့် ဂလက်ဆီများ
၁၁၊ ၁၂။ (က) ကြယ်များကို သမုဒ္ဒရာသဲလုံးနှင့် ကျမ်းစာနှိုင်းယှဉ်ထားခြင်းက မည်သို့ထူးခြားသနည်း။ (ခ) ဤစကြဝဠာကြီးသည် မည်မျှတိုင်ကျယ်ပြောသနည်း။
၁၁ ဒါဝိဒ်သည် အဝေးကြည့်မှန်ပြောင်းမရှိဘဲ ထောင်စုအနည်းငယ်မျှသောကြယ်ကိုသာ တွေ့ မြင်နိုင်၏။ သို့ရာတွင် မကြာသေးမီက လေ့လာတွေ့ရှိချက်တစ်ခုအရဆိုလျှင် ခေတ်သစ်အဝေးကြည့်မှန်ပြောင်းများဖြင့် စကြဝဠာအတွင်း တွေ့မြင်နိုင်သည့် ကြယ်အရေအတွက်မှာ ဆက်စတီလီယံ ၇၀—၇ နောက်တွင် သုည ၂၂ လုံး—ရှိသည်! ကြယ်များ၏အရေအတွက်ကို “သမုဒ္ဒရာသဲလုံး” ၏အရေအတွက်နှင့် နှိုင်းယှဉ်ဖော်ပြခြင်းဖြင့် အရေအတွက်မြောက်မြားစွာရှိကြောင်း ယေဟောဝါဖော်ပြခဲ့သည်။—ကမ္ဘာဦး ၂၂:၁၇။
၁၂ နက္ခတ္တပညာရှင်များသည် “ကြည်လင်ပြတ်သားမှုမလှရှိသည့် မှုန်ဝါးဝါးနက်ဗျူလာ အလင်းစက်ဝန်းငယ်များ” ကို တွေ့ရှိသည်ဟု နှစ်များစွာဖော်ပြခဲ့ကြသည်။ ယင်း “ခရုပတ်နက်ဗျူလာများ” သည် ကျွန်ုပ်တို့၏နဂါးငွေ့တန်း ဂလက်ဆီအတွင်းရှိ အရာဝတ္ထုများဖြစ်သည်ဟု သိပ္ပံပညာရှင်များ ယူဆခဲ့ကြ၏။ ၁၉၂၄ ခုနှစ်တွင် အနီးဆုံးနက်ဗျူလာဖြစ်သော အန်ဒရိုမီဒါနက်ဗျူလာသည် ဂလက်ဆီတစ်ခုပင်ဖြစ်ပြီး ယင်းသည် အလင်းနှစ် နှစ်သန်းခန့် အကွာအဝေး၌ရှိကြောင်း တွေ့ရှိခဲ့၏! ယခုအခါ သိပ္ပံပညာရှင်များသည် ဂလက်ဆီ ဘီလီယံနှင့်ချီရှိကြောင်းနှင့်၊ တစ်ခုစီတွင် ကြယ်ထောင်နှင့်ချီမက အချို့ဆိုလျှင် ဘီလီယံနှင့်ချီ၍ပင်ရှိကြောင်း ခန့်မှန်းကြသည်။ သို့တိုင် ယေဟောဝါသည် “ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။”—ဆာလံ ၁၄၇:၄။
၁၃။ (က) ကြယ်တာရာတို့၏ ထူးခြားချက်ကား အဘယ်နည်း။ (ခ) “မိုးကောင်းကင်တရားတို့” ကို သိပ္ပံပညာရှင်များ နားမလည်ကြောင်း မည်သို့ထင်ရှားသနည်း။
၁၃ ယေဟောဝါက ယောဘအား ဤသို့မေးခဲ့သည်– “သင်သည် ခိမကြယ်စု၏သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ချည်နှောင်ခြင်းကို ဖြေနိုင်သလော။” (ယောဘ ၃၈:၃၁) ကြယ်စုတစ်ခုတွင် တစ်မျိုးတစ်ဘာသာစီထူးခြားသည့် ကြယ်အတော်များများပါရှိသည်။ ကြယ်တစ်လုံးနှင့်တစ်လုံး အလွန်တရာဝေးကွာနိုင်သော်လည်း ကမ္ဘာ့မြင်ကွင်းမှမူ ၎င်းတို့၏အနေအထားမှာ မပြောင်းမလဲဖြစ်နေသည်။ ၎င်းတို့၏အနေအထားမှာ တိကျလွန်းရကား ကြယ်များသည် “ရေကြောင်းခရီး၌လည်းကောင်း၊ အာကာသယာဉ်မှူးများ အာကာသတွင် သွားလာရာ၌လည်းကောင်း အထောက်အကူပြု လမ်းညွှန်များဖြစ်ရုံမက ကြယ်များကို ခွဲခြားသိမြင်စေသည်။” (အမေရိကားနားစွယ်စုံကျမ်း) သို့တိုင် ကြယ်တာရာတို့ကို အဘယ်အရာက “ချည်နှောင်” ထားသည်ကို မည်သူမျှ အပြည့်အဝနားမလည်နိုင်ကြချေ။ သိပ္ပံပညာရှင်များသည် ယောဘ ၃၈:၃၃ ပါဤမေးခွန်းကို မဖြေဆိုနိုင်ကြသေးချေ– “မိုးကောင်းကင်တရားတို့ကို နားလည်သလော။”
၁၄။ အလင်း၏နှံ့ပြားမှုသည် အဘယ်နည်းဖြင့် လျှို့ဝှက်နက်နဲရာဖြစ်သနည်း။
၁၄ ယောဘအား မေးသောအခြားမေးခွန်းတစ်ခုကို သိပ္ပံပညာရှင်များ ယခုထိမဖြေဆိုနိုင်ကြပါ– “အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။” (ယောဘ ၃၈:၂၄) စာရေးဆရာတစ်ဦးက အလင်းနှင့်ပတ်သက်သော အဆိုပါမေးခွန်းကို “အလွန်ထိရောက်သော ခေတ်သစ်သိပ္ပံမေးခွန်းတစ်ခု” ဟုဆို၏။ အခြားတစ်ဖက်တွင်မူ ဂရိအတွေးအခေါ်ပညာရှင်အချို့က အလင်းသည် လူ့မျက်စိမှ ဖြာထွက်၏ဟု ယူဆကြသည်။ မျက်မှောက်ခေတ်တွင် အလင်းသည် အလွန်သေးငယ်သောအမှုန်များဖြင့် ဖွဲ့စည်းထားသည်ဟု သိပ္ပံပညာရှင်များ ယူဆကြသည်။ တခြားသူများကမူ အလင်းသည် လှိုင်းသဏ္ဌာန်ဖြင့် ရွေ့လျားသည်ဟု ယူဆကြ၏။ ယခုမူ သိပ္ပံပညာရှင်များက အလင်းသည် လှိုင်းအဖြစ်ရော၊ အမှုန်အဖြစ်ပါ ပြုမူလှုပ်ရှားသည်ဟု ယူဆကြပြန်၏။ သို့တိုင် အလင်း၏သဘောသဘာဝနှင့် ၎င်းသည် မည်သို့ “နှံ့ပြား” ကြောင်းကိုမူ အပြည့်အဝနားမလည်နိုင်ကြသေးချေ။
၁၅။ ကောင်းကင်အကြောင်း ကျွန်ုပ်တို့ စေ့စေ့ဆင်ခြင်သည့်အခါ ဒါဝိဒ်နည်းတူ မည်သို့ခံစားသင့်သနည်း။
၁၅ ဤအရာအားလုံးကို စေ့စေ့ဆင်ခြင်သည့်အခါ ဆာလံဆရာဒါဝိဒ်နည်းတူ ဤသို့ယူဆပေမည်– “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော်၊ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။”—ဆာလံ ၈:၃၊ ၄။
မြေကြီးနှင့် ယင်းသတ္တဝါများသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ
၁၆၊ ၁၇။ “နက်နဲရာအရပ်”များရှိ သတ္တဝါများသည် ယေဟောဝါအား မည်သို့ချီးမွမ်းကြသနည်း။
၁၆ ဖန်ဆင်းရာများ ဘုရားသခင်၏ဘုန်းတော် ကြွေးကြော်သည့် အခြားနည်းလမ်းများကို ဆာလံ ၁၄၈ တွင်ဖော်ပြထားသည်။ အခန်းငယ် ၇ တွင် ဤသို့ဖတ်ရသည်– “မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာအရပ်များ” တို့သည် ယေဟောဝါအားချီးမွမ်းကြ၏။ မှန်ပါသည်၊ “နက်နဲရာအရပ်များ” တွင် ဘုရားသခင်၏ဉာဏ်ပညာနှင့် တန်ခိုးတော်ကို ပေါ်လွင်စေသည့် အံ့ဖွယ်ရာ များစွာရှိ၏။ ဝေလငါးပြာတစ်မျိုးသည် ပျမ်းမျှအလေးချိန် တန် ၁၂၀ ရှိကာ ဆင်အကောင် ၃၀ ၏အလေးချိန်လောက်ရှိသည်! ၎င်း၏နှလုံးတစ်ခုတည်းပင် ပေါင် ၁,၀၀၀ ကျော်လေးပြီး ယင်း၏ခန္ဓာကိုယ်ထဲသို့ သွေးပေါင်ချိန် ၁၄,၀၀၀ ခန့်ထုတ်ပေးနိုင်သည်! ဤရေသတ္တဝါကြီးများသည် ရေထဲတွင် နှေးကွေးလေးလံပြီး ကိုးရိုးကားရားဖြစ်ကြသလော။ ဝေးလေစွ။ ၎င်းတို့သည် အံ့ဖွယ်အမြန်နှုန်းဖြင့် “သမုဒ္ဒရာကို ဖြတ်သန်းသွားလာကြသည်” ဟု ဥရောပ ဝေလငါးနှင့်လင်းပိုင် နို့တိုက်ငါးကြီးမျိုး မတော်တဆဖမ်းမိမှု ကာကွယ်ရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဂြိုဟ်တုဖြင့်ခြေရာခံရာတွင် “ဝေလငါးပြာတစ်ကောင်သည် ၁၀ လအတွင်း မိုင် ၁၀,၀၀၀ ကျော်ရွှေ့ပြောင်းသွားခဲ့သည်” ဟုဖော်ပြထားသည်။
၁၇ ပုလင်းပုံနှုတ်သီးရှိလင်းပိုင်သည် သာမန်အားဖြင့် အနက်ပေ ၁၅၀ အထိရေငုပ်လေ့ရှိ၏၊ သို့သော်လည်း လင်းပိုင်တို့တွင် တစ်ကောင်သည် ရေအနက်ဆုံး ၁,၇၉၅ ပေအထိ ငုပ်ခဲ့ဖူးကြောင်း မှတ်တမ်းတင်ချက်ရှိသည်! ဤနို့တိုက်သတ္တဝါသည် မသေဘဲ ထိုမျှတိုင် မည်သို့ရေငုပ်နိုင်သနည်း။ ရေငုပ်စဉ် ၎င်း၏နှလုံးခုန်နှုန်း ပိုနှေးသွားပြီး သွေးသည်လည်း နှလုံး၊ အဆုတ်နှင့် ဦးနှောက်သို့ ပြန့်သွားသည်။ ထို့အပြင် ယင်း၏ကြွက်သားများတွင် အောက်ဆီဂျင်သိုလှောင်သည့် ဓာတုတစ်မျိုးရှိသည်။ ပင်လယ်ဖျံကြီးများနှင့် ဝေလငါးကြီးများသည် ထိုထက်မကအနက်သို့ ရေငုပ်နိုင်ကြ၏။ “လေဖိအားကို တွန်းကန်မည့်အစား လေဖိအားဖြင့် ၎င်းတို့၏အဆုတ်ကို လုံးဝကျုံ့သွားစေကြသည်” ဟု ဒစ္စကာဗာမဂ္ဂဇင်းကဆိုသည်။ ၎င်းတို့လိုအပ်သမျှ အောက်ဆီဂျင်ကို ကြွက်သားများတွင် သိုလှောင်ထားကြသည်။ ဤသတ္တဝါများသည် တန်ခိုးအပြည့်အဝရှိ ဘုရားသခင်၏ဉာဏ်ပညာတော်ကို အမှန်ပင်သက်သေထူကြသည်!
၁၈။ ပင်လယ်ရေသည် ယေဟောဝါ၏ဉာဏ်ပညာကို မည်သို့ဖော်ပြသနည်း။
၁၈ ပင်လယ်ရေပင် ယေဟောဝါ၏ဉာဏ်ပညာတော်ကို ရောင်ပြန်ဟပ်၏။ ဆိုင်းယင်းတစ်ဖစ်အမေရိကန်က ဤသို့ဆိုသည်– “သမုဒ္ဒရာရေ၏အပေါ်ပိုင်း မီတာ ၁၀၀ တွင်ရှိရေစက်တိုင်းတွင် ပေါလောမျောနေသော အလွန်တရာသေးငယ်သည့် အပင်မျှောလေးများရှိသည်။” “မမြင်နိုင်သော ဤပင်မျှောသစ်တော” သည် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ဘီလီယံနှင့်ချီ စုပ်ယူခြင်းဖြင့် ကျွန်ုပ်တို့၏လေထုကို သန့်စင်ပေးသည်။ ယင်းပင်မျှောများသည် ကျွန်ုပ်တို့ရှူရှိုက်နေသည့် အောက်ဆီဂျင်ထက်ဝက်ကျော်ကို ထုတ်လွှတ်ပေးသည်။
၁၉။ မီးနှင့် ဆီးနှင်းခဲများသည် ယေဟောဝါ၏အလိုတော်ကို မည်သို့ပြီးမြောက်စေသနည်း။
၁၉ ဆာလံ ၁၄၈:၈ ကဤသို့ဆိုသည်– “မီးနှင့်မိုးသီး၊ မိုးပွင့်နှင့်အခိုးအငွေ့၊ အမိန့်တော်ကိုနားထောင်သော လေပြင်းမုန်တိုင်း။” မှန်ပါသည်၊ သက်မဲ့သဘာဝစွမ်းအားစုများကိုလည်း ယေဟောဝါအသုံးပြုကာ မိမိ၏အလိုတော်ကို ပြီးမြောက်အောင်မြင်စေသည်။ မီးကို သုံးသပ်ကြည့်ပါ။ လွန်ခဲ့သောဆယ်စုနှစ်များတစ်လျှောက် တောမီးများကို အဖျက်မီးအဖြစ်သာ ယူမှတ်ခဲ့ကြသည်။ ယခုအခါတွင်မူ တောမီးသည် သစ်ပင်အိုကြီးများ သို့မဟုတ် အပင်သေများကို ဖယ်ရှင်းပေးခြင်း၊ မျိုးစေ့များစွာကို ကြီးထွားလာစေခြင်း၊ အာဟာရဓာတ်များကို ပြန်လည်အားဖြည့်ပေးခြင်း၊ အဖျက်မီးဘေးအန္တရာယ်ကို အမှန်တကယ်လျော့ပါးစေခြင်းတို့ဖြင့် ပတ်ဝန်းကျင်အတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည်ဟု သုတေသီများ ယူဆလာကြပြီ။ ဆီးနှင်းခဲသည်လည်း မြေလွှာကို ရေလောင်းပေးခြင်း၊ မြေသြဇာကောင်းမွန်လာစေခြင်း၊ မြစ်ချောင်းများကို ရေဖြည့်တင်းပေးခြင်း၊ အပင်များနှင့် တိရစ္ဆာန်များကို အေးခဲနေသည့်အပူချိန်မှ ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးသည့်အတွက် အရေးပါသည်။
၂၀။ တောင်ကြီးတောင်ငယ်နှင့် သစ်ပင်များသည် လူကို မည်သို့အကျိုးပြုသနည်း။
၂၀ “တောင်ကြီး၊ တောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင်ရှိသမျှ” ဟုဆာလံ ၁၄၈:၉ ကပြန်ဖော်ပြထား၏။ ခံ့ညားထည်ဝါသောတောင်ကြီးများသည် ယေဟောဝါ၏မဟာတန်ခိုးတော်ကို သက်သေထူသည်။ (ဆာလံ ၆၅:၆) ၎င်းတို့သည် လက်တွေ့ကျနည်းဖြင့်လည်း အသုံးဝင်ကြသည်။ ဆွိဇာလန်နိုင်ငံ၊ ဘန်းမြို့ရှိ ပထဝီဝင်တက္ကသိုလ်မှ အစီရင်ခံစာတစ်စောင်တွင် ဤသို့ဖော်ပြထားသည်– “ကမ္ဘာ့ မြစ်ချောင်းကြီးများအားလုံးသည် တောင်တန်းများတွင် မြစ်ဖျားခံကြသည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်သည် တောင်တန်းများပေါ်မှ စီးဆင်းလာသော သန့်ရှင်းသောရေကို မှီခိုကြရသည်။ . . . ဤ ‘ရေစင်ကြီးများ’ သည် လူသားထုအကျိုးအတွက် အရေးပါလှ၏။” သာမန်သစ်ပင်,ပင်လျှင် ဖန်ဆင်းရှင်၏ ဘုန်းတော်ကို ထင်ရှားစေ၏။ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်၏ အစီရင်ခံစာတစ်စောင်က အဆိုပါသစ်ပင်များသည် “. . . နိုင်ငံတိုင်းရှိ လူသားတို့၏ကောင်းစားရေးအတွက် အရေးပါသည်။ . . . သစ်ပင်မျိုးစိတ်များစွာသည် သစ်သား၊ အသီး၊ အစေ့၊ အစေးများအစရှိသည့် ထုတ်ကုန်များ၏ရင်းမြစ်အဖြစ် အဓိကစီးပွားဖြစ်နေပါသည်။ ကမ္ဘာတစ်ဝန်းရှိ လူ ၂ ဘီလီယံသည် ချက်ပြုတ်ရေးနှင့် လောင်စာအတွက် ထင်းကိုအသုံးပြုနေကြရသည်။
၂၁။ သာမန်သစ်ရွက်တစ်ရွက်သည် ပုံစံပြုရှင်ရှိကြောင်း ဖော်ပြသည်ကို ရှင်းပြပါ။
၂၁ ဉာဏ်ပညာရှင်ဖန်ဆင်းသခင်ရှိကြောင်း သစ်ပင်၏ပုံစံက သက်သေထူသည်။ သာမန်သစ်ရွက်တစ်ရွက်ကို သုံးသပ်ကြည့်ပါ။ သစ်ရွက်၏ ဖယောင်းသဖွယ် ပြင်ပအလွှာသည် ၎င်းကို မနွမ်းခြောက်စေပါ။ အပေါ်ပိုင်းအလွှာအောက်တွင် ကလိုရိုပလပ်စ်ခေါ် ဆဲလ်များရှိသည်။ ယင်းတို့တွင် အလင်းစွမ်းအင်ကို စုပ်ယူပေးသည့် ကလိုရိုဖီးလ်ပါရှိသည်။ နေရောင်ဖြင့်အာဟာရစုစည်းခြင်းဟုခေါ်သော ဖြစ်စဉ်အားဖြင့် သစ်ရွက်များသည် “အစားအစာထုတ်လုပ်သည့်စက်ရုံများ” ဖြစ်လာလေသည်။ သစ်မြစ်များမှတစ်ဆင့် စုပ်ယူသောရေကို ရှုပ်ထွေးလှသည့် “ရေပိုက်ဆက်သွယ်မှုစနစ်” ဖြင့် သစ်ရွက်များသို့ သွယ်ယူပို့ဆောင်ပေးသည်။ သစ်ရွက်၏အတွင်းပိုင်းတွင်ရှိ
(စတိုမာတာဟုခေါ်သော) အလွန်တရာသေးငယ်သည့် ထောင်နှင့်ချီသော ဖွင့်ပိတ်လျက်ရှိသည့် “အဆို့ရှင်များ” က ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူသည်။ အလင်းမှရသည့် စွမ်းအင်ဖြင့် ရေနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို ပေါင်းစပ်လိုက်ရာ ကာဗွန်ဟိုက်ဒြိတ်ဓာတ်ပေါင်း ထုတ်လုပ်လေသည်။ ဤတွင် အပင်သည် မိမိဘာသာထုတ်လုပ်သော အစာကို စားသုံးနိုင်ပေသည်။ သို့တိုင် ဤ “စက်ရုံ” သည်တိတ်ဆိတ်ညင်သာ၍ လှပနေ၏။ လေထုညစ်ညမ်းစေမည့်အစား ဘေးထွက်ပစ္စည်းအဖြစ် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးသည်!၂၂၊ ၂၃။ (က) တချို့သော ကျေးငှက်များနှင့် ကုန်းသတ္တဝါများတွင် အဘယ်အံ့ဖွယ်စွမ်းပကားများ ရှိသနည်း။ (ခ) ကျွန်ုပ်တို့သည် နောက်ထပ် အဘယ်မေးခွန်းများကို သုံးသပ်ဖို့ လိုသေးသနည်း။
၂၂ “သားရဲနှင့်သားယဉ်အပေါင်း၊ တွားတတ်သောတိရစ္ဆာန်နှင့် ပျံတတ်သောငှက်” တို့ဟုဆာလံ ၁၄၈:၁၀ ကဆိုသည်။ ကုန်းသတ္တဝါများနှင့် လေသတ္တဝါများသည် အံ့ဖွယ်စွမ်းပကားများကို ဖော်ပြတတ်ကြသည်။ လေဆဲန်ပင်လယ်စင်ရော်ငှက်တစ်မျိုးသည် အလွန်ဝေးလံသည့်အရပ်အထိ ပျံသန်းသွားနိုင်ရာ (ဖြစ်ရပ်တစ်ခုတွင် ရက် ၉၀ မျှအတွင်းမိုင် ၂၅,၀၀၀ ပျံသန်းခဲ့သည်။) ဝေါ့ဘလာငှက်တစ်မျိုးသည် မြောက်အမေရိကမှ တောင်အမေရိကတိုက်အထိ နာရီ ၈၀ ကျော် မနားတမ်း ပျံသန်းသည်။ ကုလားအုတ်သည် လူအများယူဆခဲ့သကဲ့သို့ ရေကို၎င်း၏ဘို့ပေါ်တွင် မဟုတ်ဘဲ အစာခြေချက်ခြင်းဆိုင်ရာတွင် သိုလှောင်ထားရာ ရေဓာတ်မခန်းခြောက်ဘဲ အတန်ကြာခရီးသွားနိုင်သည်။ ထို့ကြောင့် အင်ဂျင်နီယာများသည် စက်များနှင့် ပစ္စည်းသစ်များကို ဒီဇိုင်းထုတ်လုပ်သည့်အခါ တိရစ္ဆာန်လောကကို သေချာစွာလေ့လာကြရခြင်းသည် အံ့ဩစရာမဟုတ်ပေ။ “သင်သည် ကောင်းမွန်စွာလည်ပတ်ပြီး . . . ပတ်ဝန်းကျင်ကို ဥပဒ်မပြုသည့်အရာတစ်ခုခုကို ဆောက်လုပ်လိုလျှင် သဘာဝလောကရှိ တစ်နေရာရာမှ နမူနာကောင်းတစ်ခုခု တွေ့ရှိနိုင်ပေမည်” ဟု စာရေးဆရာမ ဂေးလ် ကလီးယားက ဖော်ပြသည်။
၂၃ ဖန်ဆင်းရာများသည် ဘုရားသခင်၏ဘုန်းတော်ကို အမှန်တကယ်ပင် ကြားပြောနေကြပါသည်! ကြယ်အတိပြီးသောကောင်းကင်မှစပြီး အပင်များနှင့် တိရစ္ဆာန်များအထိ တစ်ခုချင်းစီသည် ယင်း၏ဖန်ဆင်းရှင်အား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ချီးမွမ်းကြသည်။ ကျွန်ုပ်တို့လူသားများကော။ သဘာဝနှင့်တွဲဖက်၍ ဘုရားသခင်အား မည်သို့ချီးမွမ်းထောမနာပြုနိုင်မည်နည်း။
သင်မှတ်မိသလော
• ဘုရားသခင်တည်ရှိမှုကို ငြင်းဆန်သူတို့သည် အဘယ်ကြောင့် ဆင်ခြေပေးစရာ မရှိသနည်း။
• ကြယ်များနှင့် ဂြိုဟ်များသည် ဘုရားသခင်ကို မည်သို့ ချီးမွမ်းနေကြသနည်း။
• ပင်လယ်နှင့် ကုန်းသတ္တဝါများသည် မေတ္တာရှင်ဖန်ဆင်းသခင်တစ်ပါး တည်ရှိကြောင်း မည်သို့သက်သေထူကြသနည်း။
• သက်မဲ့သဘာဝစွမ်းအားစုများသည် ယေဟောဝါ၏အလိုတော်ကို မည်သို့ဆောင်ရွက်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
တွေ့ မြင်နိုင်သည့် ကြယ်အရေအတွက်မှာ ဆက်စတီလီယံ ၇၀ ရှိသည်ဟု သိပ္ပံပညာရှင်များ ခန့်မှန်းကြ!
[Credit Line]
Frank Zullo
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ပုလင်းပုံနှုတ်သီးရှိ လင်းပိုင်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဆီးနှင်းပွင့်
[Credit Line]
snowcrystals.net
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
လေဆဲန် ပင်လယ်စင်ရော်ငယ်