မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်းမှောင်သော အကျဉ်းခန်းမှသည် ဆွစ်တောင်တန်းများဆီသို့

မည်းမှောင်သော အကျဉ်းခန်းမှသည် ဆွစ်တောင်တန်းများဆီသို့

ဘဝ​အတ္ထုပ္ပတ္တိ

မည်းမှောင်​သော အကျဉ်းခန်း​မှ​သည် ဆွစ်​တောင်တန်း​များ​ဆီ​သို့

လို​သာ ဝေါလ်တာ​ပြောပြ​သည်

အရှေ့​ဂျာမနီ ကွန်မြူနစ်​တွေ​ရဲ့ မည်းမှောင်​နေတဲ့​အကျဉ်းထောင်​မှာ သုံးနှစ်​ကြီး​တောင် နေခဲ့​ပြီး​နောက် ထောင်​က​လွတ်​ပြီး မိသားစုနဲ့​အတူ နွေး​နွေးထွေး​ထွေး ပြန်နေ​ထိုင်​ရမယ့်​အချိန်ကို စောင့်မျှော်​ခဲ့​လိုက်ရ​တာ။

ကျွန်တော့်​ရဲ့​ခြောက်​နှစ်​သား ဂျို​ဟန်​စ်​နဲ့ ပြန်တွေ့​တဲ့​အခါ သူ​လေး​ရဲ့ အံ့သြ​တွေဝေ​နေတဲ့​မျက်နှာကို မြင်ရမယ်​လို့ ကျွန်တော်​မထင်​ခဲ့​ဘူး။ အဖေ​ကို​မတွေ့တာ သုံးနှစ်​ရှိနေပြီ။ ဒါ​ကြောင့် သူ့​အတွက် ကျွန်တော်​ဟာ သူစိမ်း​ဖြစ်နေ​တာ။

သားလေး​ဘဝနဲ့ ကျွန်တော့်​ဘဝက ကွာ​တယ်၊ ကျွန်တော်​ကလေး​ဘဝ​တုန်း​က မိဘတွေ​နဲ့​အတူ တ​ပျော်​တ​ပါး​နေခဲ့​ရတယ်။ ၁၉၂၈ ခုနှစ်​မှာ ကျွန်တော်​မွေးလာ​ပြီး ဂျာမနီ​နိုင်ငံ ခဲ​မ်​နစ်​ဇ်​မြို့မှာ​ရှိတဲ့ ကျွန်တော်​တို့​အိမ်တွင်း​အခြေအနေဟာ တကယ်​နွေးထွေး​တယ်။ ကျွန်တော့်​အဖေဟာ [ခရစ်ယာန်]ဘာသာရေး​နဲ့​ပတ်သက်ပြီး မကျေနပ်​တာ​ကို ဘွင်းဘွင်း​ပဲ​ပြော​တတ်တယ်။ ပထမ​ကမ္ဘာ​စစ်​မှာ နှစ်ဖက်စလုံး​က “ခရစ်ယာန်” စစ်သား​တွေ​ဟာ ဒီဇင်ဘာ​လ ၂၅ ရက်​နေ့မှာ “မဲ​ရီး ခရစ္စမတ်စ်” ဆိုပြီး တစ်ဖက်​နဲ့​တစ်ဖက် နှုတ်ဆက်​နေ​လိုက်​ကြ​တာ၊ နောက်​နေ့​ကြ​တော့ ပြန်​သတ်ဖြတ်​ကြ​တာ​ပဲ​လို့ အဖေ​ပြောပြ​တယ်။ [ခရစ်ယာန်]ဘာသာရေးဟာ အရေခြုံ​ဟန်ဆောင်​တာ​ပါ​လို့ သူ​ပြော​ခဲ့​ဖူး​တယ်။

ဘာသာရေး​စိတ်ပျက်​ရာ​မှ ယုံကြည်မှု​ရှိလာ

အဲ့ဒီ​လို စိတ်ပျက်​စ​ရာ​အတွေ့အကြုံ​တွေ ကျွန်တော်​မကြုံ​ခဲ့​ရလို့ တော်​သေး​တယ်။ ကျွန်တော်​အသက် ၁၇ နှစ်မှာ ဒုတိယ​ကမ္ဘာ​စစ်​ပြီးသွား​လို့ စစ်မှု​မ​ထမ်း​လိုက်ရ​ဘူး။ ဒါပေမဲ့​လည်း ‘ဘာကြောင့် လူတွေ အချင်းချင်း​သတ်​ကြ​ရတာလဲ။ ဘယ်သူ့ကို ယုံကြည်​ရမလဲ။ စစ်မှန်​တဲ့​လုံခြုံမှု​ကို ဘယ်မှာ ရှာတွေ့နိုင်​မလဲ’ စတဲ့ မေးခွန်းတွေ​ကြောင့် စိတ်​အနှောင့်အယှက် အတော်လေး​ဖြစ်​ခဲ့​တယ်။ ကျွန်တော်​နေထိုင်ခဲ့​တဲ့ အရှေ့​ဂျာမနီ​ဟာ ဆိုဗီယက်​လက်အောက်​ရောက်နေတယ်။ တရား​မျှတ​ရေး၊ တန်းတူ​ညီမျှ​ဖြစ်​ရေး၊ စည်းလုံး​ညီညွတ်​ရေး၊ ငြိမ်သက်​ချစ်ခင်​ရေး​စတဲ့ ကွန်မြူနစ်​သဘောတရား​တွေ​ဟာ စစ်ဒဏ်​ခံ​ခဲ့​ရတဲ့ သူတွေ​အတွက် နှစ်သက်စရာ​ဖြစ်​ခဲ့​တယ်။ ဒါပေမဲ့ မကြာခင်​မှာ ဒီ​စိတ်ရင်း​မှန်တဲ့​သူတွေဟာ အကြီးအကျယ် စိတ်ပျက်​ကြ​ရဦးမယ်၊ ဒီ​တစ်ခါ​တော့ [ခရစ်ယာန်]ဘာသာရေး​ကြောင့်​မဟုတ်ဘဲ နိုင်ငံရေး​ကြောင့် ဖြစ်​လိမ့်မယ်။

အဓိပ္ပာယ်​ရှိတဲ့​အဖြေ​တွေ​ရဖို့ ကျွန်တော်​ရှာပုံတော်ဖွင့်​နေတဲ့​အချိန်​မှာ ယေဟောဝါသက်သေ​ဖြစ်​တဲ့ ကျွန်တော့်​အဒေါ်​က သူ့ရဲ့​ယုံကြည်ခြင်း​အကြောင်း ပြောပြ​တယ်။ ကျွန်တော့်​ကို သူ​ပေး​တဲ့ ကျမ်းစာ​အခြေပြု​စာအုပ်​တစ်အုပ်​က မဿဲ​အခန်းကြီး ၂၄၊ တစ်ခန်းလုံး​ကို ပထမ​အကြိမ်​ဖတ်​ကြည့်​ဖို့ လှုံ့ဆော်ပေး​ခဲ့​တယ်။ ကျွန်တော်​တို့​ခေတ်​ကာလ​ဟာ ‘အစီအစဉ်​စနစ်​၏ နိဂုံးပိုင်း’ ဖြစ်​ကြောင်း​နဲ့ လူ့​ပြဿနာ​တွေ​ရဲ့ အကြောင်းရင်း​တွေ​ကို ကျိုးကြောင်း​ညီ​ညီ၊ ယုံကြည်​စိတ်ချ​လောက်​အောင် ရှင်းပြ​ထား​တဲ့ စာအုပ်​ထဲ​က​အချက်​တွေ​ကို ကျွန်တော်​အတော်​သဘောကျ​သွားတယ်။—မဿဲ ၂၄:၃; ဗျာ. ၁၂:၉

ယေဟောဝါသက်သေ​တွေ​ရဲ့​စာပေ​တွေ ထပ်​ရပြီး မက်မက်မောမော​ဖတ်​လာတဲ့အခါ ကျွန်တော်​ကြိုးစား​ရှာ​ခဲ့​တဲ့ အမှန်တရား တွေ့ ပြီ​ဆိုတာ သိလိုက်တယ်။ ၁၉၁၄ ခုနှစ်​မှာ ယေရှု​ခရစ် ကောင်းကင်​မှာ နန်း​ထိုင်တဲ့​အကြောင်း၊ ဘုရားသခင်​ကို​မခန့်မညား​ပြု​တဲ့ အရာအားလုံးကို ကိုယ်တော်​ချေမှုန်း​ပြီး နာခံမှု​ရှိတဲ့​လူတွေကို ကောင်းချီး​ပေး​တော့​မယ့်​အကြောင်း​တွေ သိလာ​ရတာ ကျွန်တော်​အရမ်း​ဝမ်းသာ​ခဲ့​တယ်။ ကျွန်တော်​ကောင်းကောင်း​သိ​နားလည်​လာတဲ့ အကြောင်းအရာ​နောက်တစ်ခု​က ရွေးနုတ်ဖိုး​အကြောင်း​ပဲ။ အဲ့​ဒါက ယေဟောဝါ​ဘုရားသခင်​ကို လှိုက်လှိုက်လှဲလှဲ​ဆုတောင်း​ပြီး ကျွန်တော့်​ကို​ခွင့်လွှတ်​ပါ​လို့ တောင်းဆို​စေ​ခဲ့​တယ်။ ယာကုပ် ၄:၈ မှာပါတဲ့ “ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဆို​တဲ့​ဖိတ်ခေါ်ချက်​က ကျွန်တော့်​စိတ်​ကို အတော်​ထိမိ​ခဲ့​တယ်။

ကျွန်တော်​သိလာတဲ့ ယုံကြည်ချက်​အသစ်တွေ​ကြောင့် ကျွန်တော်​စိတ်အားတက်​ကြွ​နေပေမဲ့ ကျွန်တော့်​မိဘ​နဲ့ အစ်မ​က ကျွန်တော်​ပြောပြ​တာ​ကို အစပိုင်း​မှာ လက်မခံချင်ဘူး။ ဒါပေမဲ့ သူတို့​ကြောင့် ခဲ​မ်​နစ်​ဇ်​မြို့နားမှာ ယေဟောဝါသက်သေ လူနည်းစု ကျင်းပ​တဲ့ ခရစ်ယာန်​အစည်းအဝေးတွေကို တက်​ကြည့်​ချင်စိတ် မ​ပျောက်​ခဲ့​ဘူး။ အံ့ဩစရာ​က ကျွန်တော့်​မိဘ​နဲ့ ကျွန်တော့်​အစ်မ​ဟာ ကျွန်တော်​နဲ့​အတူ ပထမဦးဆုံး​အစည်းအဝေး​လိုက်​တက်တယ်! အဲ့ဒီ​အချိန်​က ၁၉၄၅/၄၆ ခုနှစ်​ရဲ့ ဆောင်း​ရာသီမှာ​ဖြစ်တယ်။ နောက်ပိုင်း ကျွန်တော်​တို့​နေတဲ့ ဟာ​ထောက်​မြို့လေးမှာ ကျမ်းစာ​သင်အံမှု​အုပ်စု ဖွဲ့​ပေး​ခဲ့​တဲ့​အခါ ကျွန်တော့်​မိသားစု​လည်း အစည်းအဝေးတွေ ပုံမှန်​တက်​ခဲ့​တယ်။

‘အကျွန်ုပ်သည် သူငယ်​ဖြစ်ပါ​၏’

အရေးပါတဲ့ ကျမ်းစာ​အမှန်တရားတွေကို သင်ယူပြီး ယေဟောဝါ​လူမျိုး​နဲ့ မှန်မှန်​ပေါင်းသင်း​ခဲ့လို့ ၁၉၄၆၊ မေလ ၂၅ ရက်မှာ ကျွန်တော့်​ရဲ့​အသက်တာကို ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ခဲ့​တယ်။ ကျွန်တော့်​မိသားစု​လည်း ဝိညာဉ်​ရေး​မှာ​တိုးတက်လာ​ပြီး နောက်ဆုံး သူတို့​သုံးယောက်စလုံး တည်ကြည်​တဲ့ သက်သေခံတွေ​ဖြစ်လာ​တဲ့​အတွက် ကျွန်တော် တကယ်​ကျေနပ်​မိတယ်။ ကျွန်တော့်​အစ်မ​ဟာ ခဲ​မ်​နစ်​ဇ်​မြို့က အသင်းတော်​တစ်ခု​မှာ တက်တက်ကြွကြွ အမှုဆောင်​နေတုန်းပဲ။ ကျွန်တော့်​အမေ​ဟာ သူ​သေဆုံး​တဲ့ ၁၉၆၅ ခုနှစ်​အထိ​နဲ့ အဖေဟာ ၁၉၈၆ ခုနှစ်​အထိ တည်ကြည်​စွာ​အမှုဆောင်ခဲ့ကြတယ်။

ကျွန်တော်​နှစ်ခြင်း​ခံ​ပြီး ခြောက်​လ​ကြာ​တဲ့​အခါ အထူး​ရှေ့ဆောင်​အဖြစ် စ​အမှုဆောင်ခဲ့တယ်။ အဲ့​ဒါက ‘အခွင့်သာ​တဲ့​အချိန်​မှာ​ရော၊ အခွင့်မသာ​တဲ့​အချိန်​မှာ​ပါ’ အမှုဆောင်ခဲ့တဲ့ ဘဝရဲ့​အစ ဖြစ်​ခဲ့​တယ်။ (၂ တိမောသေ ၄:၂) မကြာခင်​မှာပဲ လုပ်ငန်းတော်​အခွင့်အရေး​အသစ်တွေ ရလာတယ်။ ဂျာမနီ​နိုင်ငံ​အရှေ့ပိုင်း၊ ဝေးလံတဲ့​ဒေသမှာ အချိန်ပြည့်​သတင်းကောင်း​ဟောမယ့်​သူတွေ လိုအပ်​နေတယ်။ အဲ့ဒီ​တာဝန်​ကို​ယူဖို့ ညီအစ်ကို​တစ်ယောက်​နဲ့​ကျွန်တော် လျှောက်လွှာတင်​ခဲ့​ပေမဲ့ ဒီ​ကြီး​လေး​တဲ့​တာဝန်​အတွက် ကျွန်တော့်​မှာ အတွေ့အကြုံ​လည်း​မရှိ၊ ရင့်ကျက်မှု​လည်း​မရှိဘူးလို့ ခံစား​မိတယ်။ အဲ့ဒီ​တုန်း​က ကျွန်တော် အသက် ၁၈ နှစ်ပဲ​ရှိသေး​တဲ့​အတွက် “အို​အရှင်​ထာဝရ​ဘုရား[သခင်] အကျွန်ုပ်သည် မ​ဟော​မပြော​တတ်​ပါ။ သူငယ်​ဖြစ်ပါ​၏” လို့​ပြော​ခဲ့​တဲ့ ယေရမိလို​ပဲ ခံစား​ခဲ့​ရတယ်။ (ယေရမိ ၁:၆) ကျွန်တော်​စိတ်ထင့်​နေပေမဲ့ တာဝန်​ရှိ​ညီအစ်ကို​တွေ​က ဒီ​တာဝန်​ကို ကြိုးစား​ဆောင်ရွက်​ကြည့်​ဖို့ ကြင်နာ​စွာ​ခွင့်ပြု​ခဲ့​ကြတယ်။ ဒါနဲ့​ပဲ ကျွန်တော်​တို့​ဟာ​ဘရန်ဒန်ဘာ့ဂ်​ပြည်နယ်၊ ဘယ်လ်ဇိဂ်မြို့​ငယ်​လေးမှာ တာဝန်ကျ​တယ်။

အဲ့ဒီ​ရပ်ကွက်မှာ ဟောပြော​ရတာ အရမ်း​ခက်တယ်၊ ဒါပေမဲ့ ကျွန်တော့်​အတွက် တန်ဖိုး​ရှိတဲ့​လေ့ကျင့်ပေး​မှု​ဖြစ်​ခဲ့​တယ်။ အချိန်​ကြာ​လာတော့ မြို့​မျက်နှာဖုံး​ဖြစ်​တဲ့ စီးပွားရေး​လုပ်ငန်းရှင် အမျိုးသမီး​တချို့ ဘုရားသခင့်​နိုင်ငံတော် သတင်းတရားကို လက်ခံခဲ့​ကြ​ပြီး ယေဟောဝါသက်သေ​တွေ ဖြစ်လာ​ကြတယ်။ သူတို့ အဲ့ဒီ​လို​ဖြစ်လာ​ကြ​တာ​ဟာ အဲ့ဒီ​ကျေးလက်​ဒေသမှာ အမြစ်စွဲ​နေတဲ့ ထုံးတမ်း​စဉ်​လာ​တွေ​နဲ့ စိုးရွံ့​မှု​တွေ​ကို ဆန့်ကျင်​ရာ​ကျ​တယ်။ ကက်သလစ်​နဲ့ ပရိုတက်စတင့်​ဓမ္မ​ဆရာ​တွေ ကျွန်တော်​တို့ကို အပြင်းအထန်​အတိုက်အခံလုပ်​လာပြီး ကျွန်တော်​တို့​ဟောပြောတာကို မဟုတ်မမှန်​စွပ်စွဲ အသရေ​ဖျက်​လာကြတယ်။ ဒါပေမဲ့ လမ်းညွှန်​ပေး​ဖို့နဲ့ ကာကွယ်​ပေး​ဖို့ ယေဟောဝါ​ကိုပဲ အားကိုးခဲ့​တဲ့​အတွက် စိတ်ဝင်စားသူ အတော်များများကို အမှန်တရား​သိလာအောင် ကူညီ​ပေး​နိုင်​ခဲ့​တယ်။

လက်​သင့်​မခံနိုင်​သော​သဘောထား တိုးများ​လာ

၁၉၄၈ ခုနှစ်​မှာ ကောင်းချီး​တွေ​ရခဲ့​သလို မမျှော်လင့်​တဲ့ အခက်အခဲ​တွေ​လည်း ကြုံတွေ့​ခဲ့​ရတယ်။ ဦးဆုံး သူ​ရင်​ဂီယာ​ပြည်နယ်၊ ရူ​ဒေါ​လ်​ရှ​တာ့တ်​မြို့မှာ ကျွန်တော် ရှေ့ဆောင်​တာဝန်ရ​ခဲ့​တယ်။ အဲ့ဒီ​မှာ တည်ကြည်​တဲ့ ညီအစ်ကို၊ ညီအစ်မ​အများကြီး​နဲ့ ခင်မင်​ရင်းနှီး​လာ​ခဲ့​ရပြီး အရမ်းပျော်​ခဲ့​တယ်။ အဲ့ဒီ​နှစ် ဇူလိုင်​လမှာ ပို​ကြီးမား​တဲ့ နောက်ထပ်​ကောင်းချီး​တစ်ခု​ရခဲ့​သေး​တယ်။ ခဲ​မ်​နစ်​ဇ်​အသင်းတော်ကို ကျွန်တော်​စတက်​ကတည်းက သိကျွမ်း​ခဲ့​တဲ့ တည်ကြည်​ပြီး ဇွဲ​ထက်သန်​တဲ့ ခရစ်ယာန်​ညီအစ်မ​ငယ် အဲရစ်ကာ အူ​လ်​မ​န်​နဲ့ ကျွန်တော်​လက်ထပ်ခဲ့​တယ်။ ကျွန်တော့်​ရဲ့​နေရင်း​မြို့ ဟာ​သော​မှာ ကျွန်တော်​တို့​နှစ်ယောက် ရှေ့ဆောင်​ခဲ့​ကြတယ်။ ဒါပေမဲ့ အဲရစ်ကာ​ဟာ ကျန်းမာ​ရေး​ပြဿနာ​နဲ့ တခြား​အကြောင်း​တွေ​ကြောင့် အချိန်ပြည့်​လုပ်ငန်းမှာ ဆက်​မပါဝင်နိုင်​တော့​ဘူး။

အဲဒါ​အချိန်​က ယေဟောဝါ​လူမျိုး​အတွက် အတော်​ခက်ခဲ​ခဲ့​တယ်။ ခဲ​မ်​နစ်​ဇ်​မြို့ အလုပ်သမား​ဌာန​က ကျွန်တော့်​ရဲ့ အစားအစာ​ရာ​ရှင်​ကတ်ပြား​ကို သိမ်း​လိုက်ပြီး ဟောပြောခြင်း​လုပ်ငန်း​ကို ကျွန်တော်​မလုပ်ဘဲ စီးပွား​ရှာ​အလုပ်​တစ်ခု​ကို အချိန်ပြည့်​လုပ်​ရအောင် ဖိအားပေး​ခဲ့​တယ်။ တာဝန်​ရှိ​ညီအစ်ကို​တွေ​က ပြည်နယ်​ရဲ့ တရားဝင်​အသိအမှတ်ပြု​ချက်​ရရှိဖို့ ကျွန်တော့်​ရဲ့​အမှုကို အသုံးပြု​တင်ပြ​ခဲ့​ကြတယ်။ အဲ့ဒီ​အမှု​ရှုံး​ပြီး ၁၉၅၀၊ ဇွန်လ ၂၃ ရက်​နေ့မှာ ဒဏ်​ငွေပေး​ရင်​ပေး၊ မပေး​ရင် ရက် ၃၀ ထောင်ကျ​ခံ​ဖို့ ပြစ်ဒဏ်ချ​မှတ်​ခဲ့​တယ်။ အဲ့ဒီ​ဆုံးဖြတ်ချက်​ကို အယူခံဝင်​ပေမဲ့ အထက်​တရားရုံး​က အယူခံ​ကို ငြင်းပယ်​လိုက်ပြီး ကျွန်တော့်​ကို​ထောင်ချ​လိုက်တယ်။

ဒီ​အဖြစ်အပျက်ဟာ မကြာခင်​ရင်ဆိုင်​ရတော့မယ့် ပို​ပြင်းထန်​တဲ့​ဆန့်ကျင်မှု​တွေ၊ အခက်အခဲ​တွေ​ရဲ့ ရှေ့ပြေး​ပဲ။ တစ်လ​တောင်​မကြာ​ပါ​ဘူး၊ ၁၉၅၀၊ စက်တင်ဘာ​လမှာ လူထု​ဆက်သွယ်ရေး​ကနေ ကျွန်တော်​တို့ကို ရှုတ်ချ​ပုတ်ခတ်​ပြီး​နောက် ကွန်မြူနစ်​အစိုးရ​က ကျွန်တော်​တို့​ရဲ့ လုပ်ငန်း​ကို ပိတ်ပင်​လိုက်တယ်။ မြန်မြန်ဆန်ဆန်​တိုးတက်​တဲ့​အပြင် ကျွန်တော်​တို့​ရဲ့​ကြားနေ​မှု​ကြောင့် ကျွန်တော်​တို့​ဟာ [ခရစ်ယာန်]ဘာသာရေး​ကို​အသုံးပြုပြီး “သံသယဖြစ်ဖွယ် လုပ်ဆောင်မှုတွေ” ပြုလုပ်​တဲ့ အနောက်​တိုင်း သူလျှို​အဖွဲ့​လို့ သတ်မှတ်ကြတယ်။ ကျွန်တော်​တို့​လုပ်ငန်း​ကို ပိတ်ပင်​လိုက်ပြီ​ဆို​တဲ့ အမိန့်ထုတ်​ပြန်​တဲ့​နေ့မှာပဲ ကျွန်တော့်​ဇနီး​က သား​ဂျို​ဟန်​စ်​ကို မွေးဖွားခဲ့တယ်၊ အဲ့ဒီ​အချိန်​မှာ ကျွန်တော် ထောင်​ထဲမှာ​ရှိတယ်။ ဝမ်း​ဆွဲ​ဆရာမ​က ပြင်းပြင်းထန်ထန်​ကန့်ကွက်​တဲ့​ကြား​က မြို့နယ်​ရဲအရာရှိ​တွေ​ဟာ ကျွန်တော်​တို့​အိမ်ထဲ​ဝင်ပြီး သူတို့ရဲ့​စွဲချက်​တွေ​အတွက် သက်သေ​အထောက်အထား​တွေ အတင်း​ရှာဖွေ​တော့​တာ​ပဲ။ ဘာမှ​မရှိတော့ ဘယ်​တွေ့​ပါ့​မလဲ။ ဒါပေမဲ့ နောက်ပိုင်း​မှာ ကျွန်တော်​တို့​ရဲ့​အသင်းတော်​ထဲ သူတို့ရဲ့​သူလျှို​တစ်ယောက်ကို လွှတ်ထား​ခဲ့​တယ်။ ဒါနဲ့​ပဲ ၁၉၅၃၊ အောက်တိုဘာ​လမှာ ကျွန်တော်​အပါအဝင် တာဝန်​ရှိ​ညီအစ်ကို​အားလုံး အဖမ်းခံ​ခဲ့​ရတယ်။

မည်းမှောင်​သော​အကျဉ်းခန်း​များ​တွင်

သုံးနှစ်​ကနေ ခြောက်​နှစ်အထိ အသီးသီး​ထောင်ဒဏ်​ချ​ခံရ​ပြီး​နောက် ဇွီခ်​ခေါင်​မြို့က ဩ​စ​တာ​ရှ​တိမ်း​ရဲတိုက်​က စိုထိုင်း​ညစ်ပတ်​နေတဲ့ အကျဉ်းထောင်​မှာ​ရှိတဲ့ ညီအစ်ကို​တွေ​နဲ့ အတူ​နေခဲ့​ကြရတယ်။ အဲ့ဒီ​မှာ အခြေအနေ​အတော်လေး​ဆိုးပေ​မဲ့လည်း ရင့်ကျက်တဲ့ ညီအစ်ကို​တွေ​နဲ့ ပေါင်းသင်း​ရတဲ့​အတွက် တကယ်​ပျော်​တယ်။ လွတ်လပ်မှု​မရှိပေမဲ့ ဝိညာဉ်​အစာ ပြတ်​မသွား​ပါ​ဘူး။ အစိုးရ​က မနှစ်သက်လို့ ပိတ်ပင်​ထား​ပေမဲ့ ကင်းမျှော်စင်​စာစောင်​တွေ အကျဉ်းထောင်​ထဲ၊ ကျွန်တော်​တို့​အကျဉ်းခန်း​ထဲ​အထိ ရောက်​လာတယ်! ဘယ်လို​ရောက်​လာသလဲ။

ညီအစ်ကို​တချို့က ကျောက်မီးသွေး​တွင်း​တွေ​မှာ အလုပ်လုပ်​ရတယ်၊ အဲ့ဒီ​မှာ အပြင်​ကနေ အလုပ်​လာ​လုပ်တဲ့ သက်သေခံတွေ​နဲ့ သူတို့​တွေ့ဆုံ​ခဲ့​တယ်၊ သူတို့က​နေ​တစ်ဆင့် မဂ္ဂဇင်း​တွေ​ရလာ​တာ​ဖြစ်တယ်။ ညီအစ်ကို​တွေ​က အဲ့ဒီ​မဂ္ဂဇင်း​တွေ​ကို ထောင်​ထဲ လျှို့ဝှက်​ယူလာ​ကြ​ပြီး ကျန်​တဲ့​ညီအစ်ကို​တွေ​ကို အတော့်​ကို​လိုအပ်​နေတဲ့ ဝိညာဉ်​အစာ ဝေမျှပေး​ခဲ့​ကြတယ်။ ဒီလို​နည်းနဲ့ ယေဟောဝါ​ရဲ့ ကြည့်ရှု​စောင့်ရှောက်မှု၊ လမ်းညွှန်​ပေး​မှု​တွေ​ရရှိ​လို့ ကျွန်တော် ပျော်​လည်း​ပျော်​တယ်၊ ခွန်အား​လည်း​ရတယ်!

၁၉၅၄ ခုနှစ်​ကုန်ခါနီး​မှာ ကျွန်တော်​တို့ကို ထော​ဂေါက်​မြို့က နာမည်​ဆိုး​ရှိတဲ့​အကျဉ်းထောင်​ကို ရွှေ့​ပြောင်း​ခဲ့​တယ်။ အဲ့ဒီ​ထောင်​ထဲမှာ​ရှိတဲ့ သက်သေခံတွေဟာ ကျွန်တော်​တို့​ရောက်လာ​လို့ ဝမ်းသာခဲ့ကြတယ်။ အဲ့ဒီ​အချိန်အထိ သူတို့ဟာ ကင်းမျှော်စင်​အဟောင်း​တွေ​ထဲ​က သူတို့​မှတ်မိ​ကြ​တဲ့​စကား​တွေ​ကို​ရွတ်​နေပြီး ဝိညာဉ်​ရေး​မှာ ဆက်​တည်မြဲ​နေကြ​တယ်။ ဝိညာဉ်​အစာ​အသစ်တွေ​ရဖို့ သူတို့​တမ်းတ​နေတာ​ကြာပြီ! အခု ဇွီခ်​ခေါင်​ထောင်​မှာ ကျွန်တော်​တို့​လေ့လာ​ခဲ့​တဲ့ အကြောင်း​တွေ​ကို သူတို့ကို တစ်ဆင့်​ပြောပြ​ခွင့်​ရတယ်။ ဒါပေမဲ့ နေ့စဉ်​လမ်း​ထွက်​လျှောက်​ချိန်မှာ တစ်ယောက်ကို​တစ်ယောက် စကား​မပြောဖို့ တင်းတင်းကျပ်ကျပ်​တားမြစ်​ထား​တဲ့​အတွက် ဘယ်လို​ပြောပြ​ကြ​မလဲ။ ဘယ်လို​လုပ်ရမယ်​ဆိုတာ​ကို ညီအစ်ကို​တွေ​က အကြံဉာဏ်​ကောင်း​တွေ​ပေး​ထား​တဲ့​အပြင် ယေဟောဝါ​ရဲ့ တန်ခိုး​ကြီးမား​တဲ့ ကာကွယ်​ပေး​မှု​ကိုလည်း ကျွန်တော်​တို့​ခံစား​ခဲ့​ရတယ်။ အဲ့ဒီ​အဖြစ်အပျက်က ကျွန်တော်​တို့​ဟာ လွတ်လွတ်လပ်လပ်​နဲ့ ကျမ်းစာ​ဖတ်ရှု​လေ့လာ၊ ဆင်ခြင်​သုံးသပ်​နိုင်​တဲ့​အချိန်​မှာ လုံ့လ​စိုက်ထုတ် လေ့လာ​ဆင်ခြင်​ဖို့ အရေးကြီးတယ်ဆိုတာ​ကို သင်ခန်းစာပေး​တယ်။

အရေးကြီးသော​ဆုံးဖြတ်ချက်​များ​ချ​ရသည့်​အချိန်

ယေဟောဝါ​အကူအညီ​နဲ့ ကျွန်တော်​တို့ ဆက်​ပြီး တည်ကြည်​နိုင်​ခဲ့​ကြတယ်။ ၁၉၅၆ ခုနှစ်​အကုန်ပိုင်း​မှာ ကျွန်တော်​တို့​အတော်များများ လွတ်ငြိမ်း​ချမ်းသာခွင့်​ရခဲ့​ကြ​လို့ အတော့်​ကို​အံ့သြ​ဝမ်းသာ​ဖြစ်​ခဲ့​ကြတယ်။ ထောင်​တံခါး​တွေ ပွင့်​သွားတဲ့အခါ ကျွန်တော်​တို့​ရဲ့​ပျော်ရွှင်မှု​ကို ပြော​မပြ​တတ်​ဘူး! အဲ့ဒီ​အချိန်​မှာ ကျွန်တော့်​သားဟာ ခြောက်​နှစ်​ရှိနေပြီ၊ ဇနီး​နဲ့​အတူ သားကို ပြန်​ကျွေးမွေး​စောင့်ရှောက်​ရတော့မှာမို့ အရမ်း​ဝမ်းသာ​ခဲ့​ရတယ်။ ဂျို​ဟန်​စ်​နဲ့ ကျွန်တော်​ဟာ ခဏလောက်​တော့ စိမ်း​နေတယ်၊ ဒါပေမဲ့ မကြာခင်​မှာ ကျွန်တော်​တို့​နှစ်ယောက် ရင်းနှီး​လာပြီး နွေးထွေး​တဲ့ နှောင်ကြိုး​တွယ်​လာခဲ့တယ်။

အဲ့ဒီ​အချိန်​မှာ အရှေ့​ဂျာမနီ​က ယေဟောဝါသက်သေ​တွေ တကယ့်ကို​ခက်ခဲ​တဲ့​အခြေအနေ​နဲ့ ရင်ဆိုင်​နေ​ရတယ်။ ကျွန်တော်​တို့​ရဲ့ ခရစ်ယာန်​ဓမ္မ​အမှု​နဲ့ ကြားနေ​ရပ်တည်မှု​တွေ​ကြောင့် ရန်လို​သူတွေ​များတယ်၊ ဒါ​ကြောင့် အမြဲ​အန္တရာယ်​နဲ့​ရင်ဆိုင်​ရပြီး စိုးရိမ်​ပူပန်၊ ပင်ပန်း​နွမ်း​နယ်​နေကြ​တယ်။ အဲ့​ဒါ​ကြောင့် အဲရစ်ကာ​နဲ့​ကျွန်တော်​ဟာ ကျွန်တော်​တို့​ရဲ့​အခြေအနေ​ကို သေသေချာချာ ဆုတောင်း​သုံးသပ်ကြည့်​တော့ စိုးရိမ်​ပူပန်မှု​တွေ​နဲ့ လုံး​ပါး​ပါး​မနေ​ရအောင် အခြေအနေ​ပိုသာ​တဲ့​ဒေသ​ကို ရွှေ့​ပြောင်း​ရင်​ကောင်း​မယ်​လို့ ယူမှတ်ခဲ့​ကြတယ်။ ယေဟောဝါ​အမှုတော်ကို လွတ်လွတ်လပ်လပ်​ဆောင်ရွက်​ပြီး ဝိညာဉ်​ရေး​ပန်းတိုင်​တွေ​ကို အမီလိုက်​ချင်​လို့​ပါ။

၁၉၅၇ ခုနှစ်၊ နွေဦး​ရာသီမှာ အနောက်​ဂျာမနီ၊ စ​တွတ်​ဂတ်​ဒ်​မြို့ကို​ပြောင်းရွှေ့​ဖို့ အခွင့်အရေး​ရတယ်။ အဲ့ဒီ​မှာ သတင်းကောင်း​ဟောပြောတဲ့​လုပ်ငန်း​ကို မ​ပိတ်ပင်​ထား​လို့ ညီအစ်ကို​တွေ​နဲ့ လွတ်လွတ်လပ်လပ် ပေါင်းသင်း​နိုင်​ခဲ့​တယ်။ သူတို့ အကြီးအကျယ်​မေတ္တာ​ပြပြီး ကူညီ​ခဲ့​ကြတယ်။ ကျွန်တော်​တို့​ဟာ ဟီ​ဒယ်​လ်ဖင်​ဂ​န်​အသင်းတော်​နဲ့ ခု​နစ်​နှစ်​ပူးပေါင်း​ခဲ့​တယ်။ အဲ့ဒီ​အချိန်​မှာ ကျွန်တော့်​သား ကျောင်း​စတက်​ပြီး အတော်​လေ​တိုးတက်​လာတယ်။ ၁၉၆၂၊ စက်တင်ဘာ​လမှာ ဝီစ်​ဘာ​ဒင်​မြို့မှာ​ကျင်းပ​တဲ့ ဘုရားသခင့်​နိုင်ငံတော် ဓမ္မ​အမှု​ကျောင်း​ကို ကျွန်တော်​တက်ခွင့်​ရခဲ့တယ်။ ဂျာမန်​ဘာသာ​စကား​တတ်​တဲ့ ကျမ်းစာ​သင်ပေး​မယ့်​သူတွေ လိုအပ်​တဲ့​ဒေသ​ကို ကျွန်တော်​တို့​မိသားစု​လိုက် ပြောင်းရွှေ့​အမှုဆောင်ဖို့ အဲ့ဒီ​မှာ ကျွန်တော့်​ကို​အားပေးခဲ့​ကြတယ်။ ဂျာမနီ​နိုင်ငံ​နဲ့ ဆွစ်ဇာလန်​နိုင်ငံ​က ဒေသ​တချို့​မှာ​ဖြစ်တယ်။

ဆွစ်​တောင်တန်း​များ​တွင်

ဒါနဲ့ ၁၉၆၃ ခုနှစ်​မှာ ဆွစ်ဇာလန်​နိုင်ငံ​ကို ကျွန်တော်​တို့​ပြောင်း​သွား​ကြတယ်။ ဆွစ်​တောင်တန်း​တွေ​ရဲ့​အလယ်ပိုင်း၊ သာယာ​လှပတဲ့ လူ​စဲန်​ကန်​နားက ဘ​ရွန်​နင်​အသင်းတော်​ငယ်​လေး​နဲ့ ပူးပေါင်း​အမှုဆောင်ဖို့ ညွှန်ကြားခံ​ခဲ့​ရတယ်။ ကျွန်တော်​တို့အတွက်​တော့ ပရဒိသု​မှာ​နေရ​သလိုပဲ။ အဲ့ဒီ​ဒေသ​သုံး ဂျာမန်​စကား၊ ဒေသခံ​တွေ​ရဲ့ နေထိုင်ပုံ၊ လူတွေရဲ့​စိတ်သဘောထား​တွေ​ကို တတ်လာ​ဖို့​သင်ယူ​ခဲ့​ရတယ်။ အဲဒါ​က​မ​ခက်​ပါ​ဘူး၊ အေးအေးဆေးဆေး​နေတတ်​တဲ့ သူတွေ​ကြား​မှာ အမှုဆောင်​ရတာ၊ သူတို့ကို​ဟောပြော​ရတာ တကယ်​ပျော်စရာ​ပဲ။ ဘ​ရွန်​နင်​မြို့မှာ ၁၄ နှစ်​နေထိုင်တယ်။ အဲ့ဒီ​မှာ ကျွန်တော်​တို့​ရဲ့​သား ကြီးပြင်း​လာတယ်။

ကျွန်တော်​အသက် ၅၀ ပြည့်​ခါနီး ၁၉၇၇ ခုနှစ်​မှာ ထွန်း​မြို့က ဆွစ်​ဗေသလ​အိမ်မှာ အမှုဆောင်ဖို့ ဖိတ်ခေါ်​စာ​ရရှိခဲ့တယ်။ အဲ့​ဒါဟာ ကျွန်တော်​တို့​မမျှော်လင့်​ထား​တဲ့ အခွင့်အရေး​တစ်ခု​ပဲ၊ ကျေးဇူး​တင်​စိတ်​နဲ့ ကျွန်တော်​တို့​လက်ခံ​လိုက်ကြတယ်။ ဗေသလမှာ ကျွန်တော်​တို့​ကိုးနှစ်​နေခဲ့တယ်၊ အဲ့​ဒါကို ကျွန်တော်​တို့ ခရစ်ယာန်​အသက်တာမှာ အထူး​အမှတ်ရ​စ​ရာ၊ ဝိညာဉ်​ရေး​တိုးတက်မှု​လို့ ယူမှတ်​ထား​ကြတယ်။ ထွန်း​မြို့​နဲ့ အနီးအနား​ဒေသ​တွေ​မှာ အဲ့ဒီ​က ဒေသခံ​ကြေညာသူ​တွေ​နဲ့​အတူ ဟောပြောခဲ့​ရတာ ပျော်စရာ​ပါ၊ အဲဒီမှာ ယေဟောဝါ​ရဲ့ “အံ့ဖွယ်​လက်ရာတော်” ဖြစ်​တဲ့ ခံ့ညား​ပြီး နှင်းဖုံး​နေတဲ့ ဘာ​န်​တောင်တန်း ရှုခင်း​တွေ​ကို အမြဲ​တွေ့မြင်​နေကြ​ရတယ်။—ဆာလံ ၉:၁

နောက်ထပ်​ပြောင်းရွှေ့​မှု

၁၉၈၆ ခုနှစ်၊ နှစ်ဦး​ပိုင်း​မှာ နောက်​တစ်​နေရာကို ပြောင်းရွှေ့​ခဲ့​ရ​သေး​တယ်။ ဆွစ်ဇာလန်​နိုင်ငံ​အရှေ့ပိုင်း​က ဘူခ်စ်​အသင်းတော် တာဝန်ရ​ထား​တဲ့ ရပ်ကွက်​ကျယ်​ကြီး​မှာ အထူး​ရှေ့ဆောင်​တွေ​အဖြစ် သွား​အမှုဆောင်ဖို့ တာဝန်​ရတယ်။ ခြားနား​တဲ့​အသက်တာ​နောက်​တစ်မျိုး​နဲ့ နေတတ်​ဖို့ ပြန်​ကြိုးစား​ခဲ့​ရတယ်။ ဒါပေမဲ့​လည်း အကောင်းဆုံးနည်းနဲ့ ဘယ်မှာ​မဆို ယေဟောဝါ​အမှုတော်​ဆောင်​ချင်​တဲ့​စိတ်​ကြောင့် ကိုယ်တော်​ရဲ့ ကောင်းချီး​နဲ့ ဒီ​တာဝန်​အသစ်​ကို ထမ်းဆောင်​နိုင်​ခဲ့​တယ်။ တစ်ခါ​တ​လေ နယ်လှည့်​ကြီးကြပ်မှူး​တွေ​ကိုယ်စား အသင်းတော်တွေဆီ လည်ပတ်​အားပေး​ခွင့်​ရခဲ့တယ်။ ဒီ​နေရာမှာ တ​ပျော်​တ​ပါး​ဟောပြောနေ​တာ အခု ဆယ့်ရှစ်​နှစ်​ရှိပြီ။ ဘူခ်စ်​အသင်းတော်ဟာ တိုးတက်မှု​ရှိတယ်၊ လွန်ခဲ့တဲ့ ငါး​နှစ်လောက်​က အပ်နှံ​ခဲ့​တဲ့ လှပတဲ့​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ ကျွန်တော်​တို့ အစည်းအဝေး​တက်​ရတာ​ပျော်​တယ်။

ကျွန်တော်​တို့ကို ယေဟောဝါ ရက်ရက်ရောရော ဂရုစိုက်​ကြည့်ရှု​ခဲ့​တယ်။ အချိန်ပြည့်​ဓမ္မ​အမှု​လုပ်ငန်းမှာ အသက်ငယ်​ငယ်​ကတည်းက ပါဝင်​ခဲ့​ပေမဲ့ လိုအပ်​တယ်​ဆိုတာ မရှိသလောက်​ပဲ။ ကျွန်တော့်​သားနဲ့​သူ့​ဇနီး၊ သူတို့ရဲ့​ကလေး​တွေ​နဲ့ သူတို့က​လေး​တွေ​ရဲ့ မိသားစု​တွေ​ပါ ယေဟောဝါ​လမ်းစဉ်​မှာ တည်တည်​ကြည်​ကြည် သွားလာ​နေကြ​တာ​ကို တွေ့မြင်​ရတဲ့​အတွက် ဝမ်းသာ​ပီတိ​ဖြစ်​မိ​ပါ​တယ်။

နောက်ကြောင်း​ကို​ပြန်​ကြည့်​တဲ့​အခါ ‘အခွင့်သာ​တဲ့​အချိန်​မှာ​ရော၊ အခွင့်မသာ​တဲ့​အချိန်​မှာ​ပါ’ ယေဟောဝါ​ရဲ့​အမှုတော်ကို ဆောင်​ခဲ့​တယ်လို့​ခံစားရ​ပြီ။ ခရစ်ယာန်​ဓမ္မ​အမှု​လုပ်ငန်း​ကို လုပ်ဆောင်ခဲ့တဲ့​အတွက် မည်းမှောင်​နေတဲ့ အကျဉ်းခန်း​ထဲ​ကနေ ခမ်းနား​ထည်ဝါ​တဲ့ ဆွစ်​တောင်တန်း​ဒေသ​ဆီ ရောက်နေပြီ။ ဒီလို​ဖြစ်​ခဲ့​တဲ့​အတွက် ကျွန်တော့်​မိသားစု​ရော ကျွန်တော်​ပါ လုံးလုံး​ဝမ်း​မနည်း​ကြ​ပါ​ဘူး။

[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]

“ပြစ်ဒဏ်​နှစ်ခု” ချမှတ်​ခံရ​သူများ နှိပ်စက်​ညှဉ်းပန်းမှု​ကို ကြံ့ကြံ့ခံ

အရှေ့​ဂျာမနီ​ဟု​သိ​ကြသော ဂျာမန်​ဒီမိုကရက်တစ်​သမ္မတနိုင်ငံ (ဂျီ​ဒီ​အာရ်) လက်အောက်​တွင် ယေဟောဝါသက်သေ​များသည် ရက်စက်​ကြမ်းကြုတ်​စွာ ဖိနှိပ်ခံ​ရသည့် ပစ်မှတ်​များ​ဖြစ်​ခဲ့​ကြသည်။ သူတို့၏​ခရစ်ယာန်​ဓမ္မ​အမှု​နှင့် ကြားနေ​မှု​တို့​ကြောင့် သက်သေခံ ၅၀၀၀ ကျော်​တို့ကို အလုပ်ကြမ်း​စခန်း​များနှင့် ထိန်းသိမ်းရေး​စခန်း​များ​သို့ ပို့ ခဲ့​ကြောင်း မှတ်တမ်းများ​က​ဖော်ပြ​သည်။—ဟေရှာယ ၂:၄

ထို​သူများ​ထဲ​မှ​အချို့​သည် “ပြစ်ဒဏ်​နှစ်ခု​ခံရ​သူများ” အဖြစ်​ဖော်ပြ​ခံ​ခဲ့​ရ​ကြသည်။ ၃၂၅ ယောက်​ခန့်​သည် နာဇီ​ချွေး​တပ်​စခန်း​များနှင့် အကျဉ်းထောင်​များ​တွင် အကျဉ်း​ချ​ခံ​ခဲ့​ရသည်။ ထို့နောက် ၁၉၅၀ ပြည့်လွန်​နှစ်များ​တွင် သူတို့သည် ဂျီ​ဒီ​အာရ် နိုင်ငံတော်​လုံခြုံရေး​ဌာန၊ ရှ​တာ​ဇီ​တို့၏ ဖမ်းဆီး၊ ထောင်ချခြင်း​ကို ခံ​ခဲ့​ရ​ကြသည်။ အကျဉ်းထောင်​အချို့​ပင်​လျှင် တာဝန်​နှစ်ခု ဆောင်ရွက်​ခဲ့​၏—ပထမ​တွင် နာဇီ​အကျဉ်းထောင်​များ​အဖြစ်​နှင့် နောက်ပိုင်း​တွင် ရှ​တာ​ဇီ​အကျဉ်းထောင်​များ​အဖြစ် ဖြစ်​ခဲ့​သည်။

အပြင်းအထန်​နှိပ်စက်​ညှဉ်းပန်း​ခဲ့​သည့် ပထမ​ဆယ်စုနှစ်​ဖြစ်သော ၁၉၅၀ ပြည့်နှစ်​မှ ၁၉၆၁ ခုနှစ်​အတွင်း သက်သေခံ​အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၀ သည် နှိပ်စက်​ခံရ၊ အာဟာရချို့​တဲ့၊ ဖျားနာ၊ အသက်ကြီး​ပြီး ထောင်​ထဲ​တွင် သေဆုံး​ခဲ့​သည်။ သက်သေခံ ဆယ့်နှစ်​ဦး​အား ပြစ်ဒဏ်​တစ်သက်တစ်ကျွန်း​ချမှတ်​ပြီး နောက်ပိုင်း​တွင် ထောင်ဒဏ် ၁၅ နှစ်​သို့ ပြန်​လျှော့​လိုက်​သည်။

ယနေ့ အရှေ့​ဂျာမနီ​မှ ယေဟောဝါသက်သေ​များ​ကို အနှစ် ၄၀ တိုင် ယခင်​က တရားဝင်​နှိပ်စက်​ညှဉ်းပန်း​ခဲ့​ကြောင်းကို ဘာလင်​မြို့ရှိ ယခင်​ရှ​တာ​ဇီ​ဌာနချုပ်​၌ ခင်းကျင်း​ပြသထား​သည်။ ထို​တွင်​ပြသထား​သည့် ဓာတ်​ပုံ​များနှင့် ကိုယ်ရေး​မှတ်တမ်းများ​က နှိပ်စက်​ညှဉ်းပန်းမှု​အောက် တည်ကြည်​ခဲ့​ကြသော သက်သေခံ​များ​၏​သတ္တိ​နှင့် ဝိညာဉ်​ခွန်အား​ကို အသံတိတ် သက်သေထူ​သည်။

[စာမျက်နှာ ၂၄၊ ၂၅ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

အရှေ့​ဂျာမနီ

ရူ​ဒေါ​လ်​ရှ​တာ့တ်​မြို့

ဘယ်လ်ဇိဂ်မြို့

ထော​ဂေါက်​မြို့

ခဲ​မ်​နစ်​ဇ်​မြို့

ဇွီခ်​ခေါင်​မြို့

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဇွီခ်​ခေါင်​မြို့မှ​သြ​စ​တာ​ရှ​တိမ်း​ရဲတိုက်

[Credit Line]

Fotosammlung des Stadtarchiv Zwickau, Deutschland

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကျွန်တော့်​ဇနီး၊ အဲရစ်ကာ​နှင့်အတူ