မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အခြေအနေက သင့်ဘဝကို ထိန်းချုပ်သလော

သင့်အခြေအနေက သင့်ဘဝကို ထိန်းချုပ်သလော

သင့်​အခြေအနေ​က သင့်​ဘဝကို ထိန်းချုပ်​သလော

ဤ“ခဲယဉ်း​သော​ကာလ” တွင် စိတ်ထိခိုက်​စ​ရာ အခြေအနေ​များ၊ ပြဿနာ​များ ဖြစ်​စ​မြဲ​ပင်။ (၂ တိမောသေ ၃:၁) ပြဿနာ​တချို့​သည် ခဏ​သာ​ကြုံ​ရပြီး နောက်ဆုံး ပြီးဆုံး​သွား​၏။ အခြား​ပြဿနာ​များ​မူ လ​နှင့်​ချီ၊ နှစ်​နှင့်​ချီ ကြာ​တတ်၏။ ယင်းကြောင့် ယေဟောဝါ​ထံ ဤသို့​ကြွေးကြော်​ခဲ့​သော ဆာလံဆရာ​ဒါဝိဒ်​ကဲ့သို့ လူအများ ခံစား​ကြ​ရ​ပေမည်– “အကျွန်ုပ်​စိတ်နှလုံး​ဆင်းရဲ​သည်ကို ချမ်းသာပေး​၍ အမှု​များ​ထဲ​က ကယ်နုတ်​တော်​မူ​ပါ။”—ဆာလံ ၂၅:၁၇

သင်သည် မခံမရပ်​နိုင်အောင် ကြီးမား​သည့် ပြဿနာ​များနှင့် ရင်ဆိုင်​နေရ​ပါသလော။ သို့​ဆိုလျှင် သမ္မာကျမ်းစာ​မှ သင်​အကူအညီ​ရ​၍ အားရှိ​လာနိုင်​ပေမည်။ အခက်အခဲ​ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ခဲ့​သည့် ယေဟောဝါ​၏ တည်ကြည်သော​ကျေးကျွန်​နှစ်ဦး​ဖြစ်သည့် ယောသပ်​နှင့် ဒါဝိဒ်​တို့​အကြောင်း သုံးသပ်ကြည့်​ကြ​စို့။ အခက်အခဲ​ပြဿနာ​များ​ကို သူတို့ ကိုင်တွယ်​ဖြေရှင်း​ခဲ့​ပုံ​ကို​ကြည့်​ပြီး ထပ်တူ​အခြေအနေ​များ​ကို ကျွန်ုပ်​တို့​လည်း ယနေ့ ရင်ဆိုင်​ဖြေရှင်း​နိုင်​ဖို့ လက်တွေ့ကျ​သင်ခန်းစာများ​ရရှိနိုင်​ပေမည်။

ကြီးမားသော​စိန်ခေါ်ချက်​များ ရင်ဆိုင်ခဲ့​ရ

ယောသပ် ၁၇ နှစ်အရွယ်​တွင် မိသားစု​အတွင်း ပြဿနာကြီး​တစ်ခု​နှင့် ရင်ဆိုင်ခဲ့​ရသည်။ ဖခင်​ဖြစ်သူ ယာကုပ်​သည် “မိမိ​သား​အပေါင်းတို့တွင် ယောသပ်​ကို သာ၍​ချစ်​ကြောင်း” သူ၏​အစ်ကို​များ တွေ့ရှိ​လာ​၏။ ထို့​ကြောင့် “[အစ်ကို​တို့သည်] သူ့ကို​မုန်း​၍ မေတ္တာ​စကား​ကို သူ့​အား​မပြော​နိုင်​ကြ” ချေ။ (ကမ္ဘာဦး ၃၇:၄) ထို​အခြေအနေ​မျိုး​တွင် ယောသပ်​ခံစားရ​မည့် စိုးရိမ်​ပူပန်မှု​နှင့် ဖိစီးမှုကို မြင်ယောင်​ကြည့်​ပါ။ နောက်ဆုံး ယောသပ်​အစ်ကို​တို့သည် သူ့ကို ကျွန်​အဖြစ်​ရောင်းလိုက်​သည့်​အထိ​ပင် မုန်းတီး​ခဲ့​သည်။—ကမ္ဘာဦး ၃၇:၂၆-၃၃

အီဂျစ်​ပြည်​တွင် ကျွန်ခံ​နေရ​စဉ် သူ့​သခင်၏​ဇနီး​က အကျင့်​ယိုယွင်း​ဖို့ မြှူဆွယ်​၏၊ ယင်းကို ယောသပ်​ငြင်းပယ်​ခဲ့​သည်။ ထို​အခါ သူ၏​သခင်မ​သည် ငြင်းပယ်​ခံရ​သဖြင့် အမျက်ထွက်​ကာ မိမိ​အား မတော်မတရား​ပြုကျင့်​ရန် ယောသပ်​ကြိုးစား​ခဲ့​သည်​ဟု မဟုတ်မမှန်​စွပ်စွဲ​လေ​သည်။ သို့​ဖြစ်၍ ယောသပ်​ကို “ထောင်​ထဲမှာ​လှောင်ထား” ပြီး “ခြေချင်း​ခတ်​၍ သံ​နှင့်​ညှဉ်းဆဲ​ကြ​၏။” (ကမ္ဘာဦး ၃၉:၇-၂၀; ဆာလံ ၁၀၅:၁၇၊ ၁၈) အမှန်တကယ်​ခံရ​ခက်​ပေမည်! ယောသပ်​သည် သူ၏​မိသားစု​အပါအဝင် အခြားသူများ​၏ မတရား​သဖြင့်​ပြု​မှု​ကြောင့် ၁၃ နှစ်​နီးပါး ကျွန်​ဘဝ၊ အကျဉ်းသား​ဘဝ ရောက်​ခဲ့​ရသည်။—ကမ္ဘာဦး ၃၇:၂; ၄၁:၄၆

ရှေး​ဣသရေလ​နိုင်ငံ​မှ ဒါဝိဒ်​သည်လည်း လူငယ်​ဘဝတွင် စမ်းသပ်မှု​အမျိုးမျိုး​ခံ​ခဲ့​ရသည်။ ဘုရင်​ရှောလု​၏ လိုက်လံ​ဖမ်းဆီးခြင်း​ကို​ခံ​ခဲ့​ရ​ရာ နှစ်​အတော်ကြာ ထွက်ပြေး​တိမ်းရှောင်​နေရ​ရှာ​သည်။ ဒါဝိဒ်​၏​အသက်တာတွင် အသက်​အန္တရာယ် အမြဲ​ကြုံနေ​ရ၏။ တစ်ကြိမ်​တွင် ယဇ်ပုရောဟိတ် အဟိမလက်​ထံ​သွား​၍ စားစရာ​တောင်းခံ​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၂၁:၁-၇) အဟိမလက်​က ဒါဝိဒ်​ကို ကူညီ​ပေး​ခဲ့​ကြောင်း ရှောလု​သတင်းရ​သည့်​အခါ အဟိမလက်​သာမက ယဇ်ပုရောဟိတ်​အားလုံး​နှင့် သူတို့၏​မိသားစု​များ​ကို​ပါ သတ်ပစ်​ရန် အမိန့်ပေး​လေ​သည်။ (၁ ဓမ္မ​ရာဇဝင် ၂၂:၁၂-၁၉) မိမိ​ကြောင့် ဤ​ဝမ်းနည်းဖွယ်​အဖြစ်ဆိုး ဖြစ်ပျက်​ခဲ့​သည့်​အတွက် ဒါဝိဒ် မည်မျှ​ဝမ်းနည်း​ကြေကွဲ​ခဲ့​မည်​ကို သင်​မြင်ယောင်​ကြည့်​နိုင်​ပါသလော။

ယောသပ်​နှင့်​ဒါဝိဒ်​တို့ နှစ်ချီ​ခံ​ခဲ့​ရသော အခက်အခဲ​များ၊ နှိပ်စက်​ညှဉ်းဆဲ​မှုများ​ကို စဉ်းစား​ကြည့်​ပါ။ သူတို့ အကျပ်အတည်း​ကြုံ​ရ​စဉ် မည်သို့​ကိုင်တွယ်​ဖြေရှင်း​သည်ကို ဆန်းစစ်​ကြည့်​ခြင်း​မှ အဖိုးတန်​သင်ခန်းစာများ ရရှိနိုင်​ပါ​သည်။ ဤသူတို့​နှင့်​ပတ်သက်​၍ အတုယူ​နိုင်သော နည်း​သုံးနည်း​ကို သုံးသပ်ကြည့်​ကြ​စို့။

မကျေမနပ်​ဖြစ်​ခြင်း၊ နာကြည်းခြင်း​မရှိစေ​နှင့်

ဦးဆုံး​အနေ​နှင့် ဤ​တည်ကြည်သူ​တို့သည် နာကြည်းခြင်း၊ မကျေမနပ်​ဖြစ်​ခြင်း ကွန်ရက်​ထဲ ကျော့မိ​ခြင်း​မခံခဲ့​ကြ​ပါ။ ယောသပ် ထောင်ကျ​နေစဉ် အစ်ကို​တို့ သူ့ကို​ရောင်းစား​ခဲ့​သည့်​အကြောင်း အပျက်သဘော​တွေး​ပြီး သူတို့နှင့်​ပြန်တွေ့​ပါ​က မည်သို့​ကလဲ့စားချေ​မည့်​အကြောင်း ကြံစည်​ထား​နိုင်​ပေ​သည်။ ယင်း​သို့​သော အပျက်သဘော ယောသပ်​၌​မရှိခဲ့​ကြောင်း မည်သို့​သိနိုင်​သနည်း။ စပါး​ဝယ်​ရန် အီဂျစ်​ပြည်​သို့ အစ်ကို​များ​ရောက်လာ​ကြ​သည့်​အခါ ကလဲ့စားချေ​ရန် အခွင့်ကောင်း​ရ​သော်လည်း သူ​မည်သို့​ပြုမူ​ခဲ့​သည်ကို သုံးသပ်ကြည့်​ပါ။ မှတ်တမ်းက ဤသို့​ဆို​၏– “ယောသပ်​သည် သူတို့​ထံ​မှ ခဏ​ခွာ​၍ ငို​လေ​၏။ . . . ထို​နောက် [အစ်ကို​များ​၏] အိတ်များ​ကို စပါး​နှင့်​ပြည့်စေ​၍ သူတို့​ငွေ​ကိုလည်း အသီးအသီး​အိတ်​တို့​တွင် ပြန်​ထည့်​စေခြင်း​ငှာ​လည်းကောင်း၊ လမ်းခရီး​၌ စား​စရိတ်​ကို​ပေး​စေခြင်း​ငှာ​လည်းကောင်း စီရင်” ခဲ့​ရာ သူ၏​ကျွန်​များသည် ထိုသို့​ပြု​လေ​၏။ နောက်ပိုင်း​တွင် ဖခင်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​လာရန် အစ်ကို​များ​အား ယောသပ်​စေလွှတ်​ချိန်​၌ “သင်တို့သည် လမ်း၌ ခိုက်ရန်​မဖြစ်​ကြ​နှင့်” ဟု သူတို့ကို​အားပေးခဲ့​သည်။ ယောသပ်​သည် အပြော​နှင့်​အလုပ်​ဖြင့်​ပါ နာကြည်း​စိတ်၊ မကျေနပ်​စိတ်​တို့ကို မမွေး​ခဲ့​ကြောင်း သက်သေထူ​သည်။—ကမ္ဘာဦး ၄၂:၂၄၊ ၂၅; ၄၅:၂၄သမ္မာ။

ဒါဝိဒ်​သည်လည်း ဘုရင်​ရှောလု​အပေါ် မကျေမနပ်​မဖြစ်ခဲ့​ပါ။ ရှောလု​ကို​သတ်​ဖို့ အခွင့်ကောင်း နှစ်ကြိမ်​ရခဲ့​သည်။ သို့​တိုင် သူ၏​အဖော်​များ​က ရှောလု​ကို​သတ်​ရန် အားပေး​သည့်​အခါ “ထာဝရ​ဘုရား[သခင်]ပေး​တော်​မူ​သော ဘိသိက်​ကို​ခံ​သော ငါ့​အရှင်​သည် ထာဝရ​ဘုရား[သခင်]အခွင့်​နှင့် ဘိသိက်ခံသူ​ဖြစ်သော​ကြောင့် ထို​အရှင်ကို​ထိခိုက်​ခြင်း​ငှာ ငါ​လက်​ဆန့်​သော​အမှုကို ထာဝရ​ဘုရား[သခင်] ဆီးတား​တော်​မူ​ပါစေ​သော” ဟု​ဒါဝိဒ်​ဖြေဆို​ခဲ့​၏။ ထို​ကိစ္စ​ကို ယေဟောဝါ​လက်ထဲ အပ်​ထား​ကြောင်း သူ၏​အပေါင်းပါ​တို့အား ဤသို့​သိရှိ​စေ​သည်– “ထာဝရ​ဘုရား[သခင်]အသက်ရှင်​တော်​မူ​သည်​အတိုင်း ဒဏ်ခတ်​တော်​မူ​မည်။ သို့​မဟုတ် သူ​သေ​ချိန်​ရောက်​လိမ့်​မည်။ သို့​မဟုတ် စစ်တိုက်​ရာ​၌ အသက်ဆုံး​လိမ့်​မည်။” နောက်ပိုင်း​တွင် ရှောလု​နှင့် သူ၏​သား ယောနသန် သေဆုံး​သွား​သည့်​အခါ ဒါဝိဒ်​သည် ငိုချင်း​တစ်ပုဒ် စပ်ဆို​ခဲ့​သည်။ ယောသပ်​နည်းတူ ဒါဝိဒ်​သည် မကျေနပ်​စိတ်၏ လွှမ်းမိုးမှုကို​မခံခဲ့​ပါ။—၁ ဓမ္မ​ရာဇဝင် ၂၄:၃-၆; ၂၆:၇-၁၃; ၂ ဓမ္မ​ရာဇဝင် ၁:၁၇-၂၇

မတရားမှု​တစ်ခုခု​ကြောင့် ကျွန်ုပ်​တို့​စိတ်​ဆင်းရဲ​နေ​မည်​ဆိုလျှင် မကျေမနပ်​ဖြစ်​ပြီး စိတ်​နာကြည်း​နေပါသလော။ ယင်း​သို့ ဖြစ်​ဖို့​လွယ်ကူ​သည်။ ကျွန်ုပ်​တို့၏​စိတ်​ခံစားချက်​တို့သည် ကျွန်ုပ်​တို့ကို​လွှမ်းမိုး​နေ​မည်​ဆိုလျှင် ထို​မတရားမှု​ကိုယ်နှိုက်​ထက် ကျွန်ုပ်​တို့၏​စိတ်​ခံစားချက်​တို့​က ကျွန်ုပ်​တို့ကို ပို​၍​ထိခိုက်​နစ်နာ​စေ​ပေမည်။ (ဧဖက် ၄:၂၆၊ ၂၇) အခြားသူများ​၏​လုပ်ဆောင်ချက်​တို့ကို ကျွန်ုပ်​တို့​မထိန်းချုပ်​နိုင်​သည့်​တိုင် ကိုယ်​ကိုယ်တိုင်​၏​တုံ့ပြန်မှု​ကို​ကား ထိန်းချုပ်​နိုင်​ပါ​သည်။ ယေဟောဝါ​သည် ကိုယ်တော်​သတ်မှတ်​ထားချိန်​တွင် ကိစ္စရပ်​များ​ကို ကိုင်တွယ်​ဖြေရှင်း​ပေး​လိမ့်​မည်​ဟု ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နေ​မည်​ဆိုလျှင် မကျေမနပ်​ဖြစ်မှု​နှင့် နာကြည်း​စိတ်​တို့ကို အလွယ်တကူ​စွန့်လွှတ်​နိုင်​မည်။—ရောမ ၁၂:၁၇-၁၉

သင့်​အခြေအနေ​ကို အကောင်းဆုံး​ဖြစ်စေ​ပါ

ကျွန်ုပ်​တို့​သင်ယူ​နိုင်​သည့် ဒုတိယ​သင်ခန်းစာ​မှာ ကိုယ်တိုင်​ကြုံ​ရသည့်​အခြေအနေ​ကြောင့် နာ​လ​န်​မ​ထူ​နိုင်​သည့်​အဖြစ်မျိုး မ​ရောက်​ဖို့​ဖြစ်သည်။ ကျွန်ုပ်​တို့​မတတ်နိုင်​သည့်​အရာ​ကို အာရုံစိုက်လွန်း​သဖြင့် တတ်နိုင်​သည့်​အရာ​ကို မျက်ခြည်ပြတ်​သွားပေ​မည်။ တစ်နည်း​အားဖြင့်​ဆို​ရ​လျှင် ကျွန်ုပ်​တို့၏​အခြေအနေ​က ကျွန်ုပ်​တို့ကို ထိန်းချုပ်​စ​ပြု​နေ​ပေမည်။ ယောသပ်​အဖြစ်​တွင် ယင်း​သို့​ဖြစ်​နိုင်​ခဲ့​သည်။ သို့သော် ထိုသို့​ဖြစ်စေ​မည့်​အစား သူ၏​အခြေအနေ​ကို အတတ်နိုင်ဆုံး ကောင်း​ရန်​လုပ်ဆောင်ခဲ့​သည်။ ကျွန်​တစ်ဦး​ဖြစ်နေ​စဉ်​ပင် ယောသပ်​သည် ‘သခင်​ရှေ့၌​မျက်နှာ​ရ​၍ ခစား​လျက်​နေ​၏။ သခင်သည်​လည်း မိမိ​အိမ်​တွင် အိမ်အုပ်​အရာ​နှင့်​ခန့်​ထား​၍ ဥစ္စာ​ရှိသမျှကို​အပ်​လေ​၏။’ ယောသပ် ထောင်ကျ​သွား​သည့်​အခါလည်း ထပ်တူ​ပြု​ခဲ့​သည်။ ယေဟောဝါ​၏​ကောင်းချီး​ခံစား​ရသူ ယောသပ်​ကိုယ်တိုင် လုံ့လ​ဝီရိယ​ရှိသောကြောင့် “ထောင်မှူး​သည် ထောင်​၌​ချုပ်​ထားသော​သူအပေါင်း​တို့ကို ယောသပ်​လက်​သို့​အပ်​၍ ထောင်​ထဲ​တွင်​ပြု​သမျှ​သော​အမှုကို ယောသပ်​စီရင်​ရ၏။”—ကမ္ဘာဦး ၃၉:၄၊ ၂၁-၂၃

ဒါဝိဒ်​သည် ထွက်ပြေး​တိမ်းရှောင်​နေရ​သည့်​နှစ်များ​အတွင်း သူ၏​အခြေအနေ​ကို အတတ်နိုင်ဆုံး ကောင်း​ရန်​လုပ်ဆောင်ခဲ့​သည်။ ပါ​ရန်​တော​၌​ရှိနေစဉ် သူနှင့် သူ၏​အပေါင်းအဖော်​များသည် နာဗလ​၏​သိုးအုပ်​ကို လှည့်လည်​၍​လုယူ​တတ်​သူတို့​ရန်​မှ ကာကွယ်​ပေး​ခဲ့​သည်။ “ကျွန်တော်​တို့သည် သိုးထိန်း​၍ သူတို့နှင့်​ရှိသမျှ​ကာလပတ်လုံး သူတို့သည် နေ့​ည​အစဉ် နံရံ​သဖွယ်​ဖြစ်​ကြ​ပါ​၏” ဟု​နာဗလ​၏​သိုးထိန်း​တစ်ဦး ပြော​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၂၅:၁၆သမ္မာ) နောက်ပိုင်း​တွင် ဇိကလတ်​မြို့၌​နေစဉ် တောင်ပိုင်း​မှ ဣသရေလ​လူမျိုး၏ ရန်သူများ သိမ်းပိုက်​ထားသော​မြို့များ​ကို ပြန်လည်​သိမ်းပိုက်ခြင်း​ဖြင့် ယုဒ​နယ်နိမိတ်​ကို ထိန်းသိမ်း​ပေး​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၂၇:၈; ၁ ရာဇဝင်ချုပ် ၁၂:၂၀-၂၂

ကျွန်ုပ်​တို့၏​အခြေအနေ​ကို အကောင်းဆုံး​ဖြစ်လာ​စေရန် ပို​၍​ကြိုးစား​ဖို့ လို​ပါသလော။ ထိုသို့​ပြုလုပ်​ရန် ခဲယဉ်း​မည်​ဖြစ်သည့်​တိုင် ကျွန်ုပ်​တို့ အောင်မြင်​နိုင်​ပါ​သည်။ တမန်​တော်​ပေါလု​သည် သူ၏​ဘဝကို ပြန်ပြောင်း​ကြည့်​ပြီး​နောက် ဤသို့​ရေးသားခဲ့​သည်– “ငါသည် တွေ့ကြုံ​သမျှ​သော​အခြင်းအရာ​တို့​၌ ရောင့်ရဲသော​စိတ်​ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။ . . . ဝ​စွာ​စားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်​ရှိ​ခြင်း၊ ဆင်းရဲခြင်း​တို့ကို​ခံရ​အံ့​သော​ငှာ အရပ်ရပ်​တို့​တွင် အရာရာ၌​သင်​မိ​ပြီ။” ဘဝ​အပေါ် ထို​ရှုမြင်ပုံ​မျိုးကို ပေါလု မည်သို့​ရရှိ​လာ​သနည်း။ ယေဟောဝါ​ကို အစဉ်မပြတ်​ယုံကြည်​ကိုးစားခြင်း​ဖြင့် ဖြစ်သည်။ သူ​ဤသို့​အသိအမှတ်ပြု​ခဲ့​၏– “ငါ့ကို​ခွန်အား​နှင့် ပြည့်စုံ​စေတော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှုကို ငါ​တတ်စွမ်း​နိုင်၏။”—ဖိလိပ္ပိ ၄:၁၁-၁၃သမ္မာ။

ယေဟောဝါ​အား စောင့်ဆိုင်း​ပါ

တတိယ​သင်ခန်းစာ​မှာ ကျွန်ုပ်​တို့၏​အခြေအနေ​ကို ကျမ်းစာ​နှင့်​မညီသော​နည်းများဖြင့် ပြောင်းလဲ​စေ​မည့်​အစား ယေဟောဝါ​အား စောင့်ဆိုင်းခြင်း​ဖြစ်သည်။ တပည့်​ဖြစ်သူ​ယာကုပ်​က ဤသို့​ရေးခဲ့​၏– “သင်တို့သည် အလျှင်း​မချို့တဲ့​ဘဲ စေ့စပ်​စုံလင်​မည်​အကြောင်း သည်းခံခြင်း​စိတ်​သည် အကုန်အစင်​ပြုပြင်​ပါစေ။” (ယာကုပ် ၁:၄) စုံစမ်း​နှောင့်ယှက်ခြင်း​ကို အလျင်အမြန်​ရပ်တန့်​သွားစေရန် ကျမ်းစာ​နှင့်​မညီ​သည့်​နည်းကို အသုံးမပြု​ဘဲ သည်းခံခြင်း​စိတ် “အကုန်အစင်​ပြုပြင်” ခံရ​စေရန် ဆက်​ခွင့်ပြု​သင့်​သည်။ သို့ပြုလျှင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​သည် စမ်းသပ်ခံ​ရပြီး သန့်စင်​နေ​မည်​ဖြစ်​ရာ အားရှိစေ​နိုင်​ကြောင်း ထင်ရှား​လိမ့်​မည်။ ယောသပ်​နှင့်​ဒါဝိဒ်​တို့သည် ထိုသို့​သော ခံနိုင်ရည်​မျိုး​ရှိခဲ့​ကြသည်။ ယေဟောဝါ​မနှစ်သက်​သော ဖြေရှင်း​နည်းကို သူတို့​အသုံးမပြု​ခဲ့​ကြ​ချေ။ ယင်းအစား သူတို့၏​အခြေအနေ​ကို အကောင်းဆုံး​ဖြစ်စေ​ခဲ့​ကြသည်။ ယေဟောဝါ​အား သူတို့​စောင့်ဆိုင်း​ခဲ့​ကြ​သဖြင့် ရရှိသော​ကောင်းချီး​များသည် ကြီးမား​လိုက်​လေ​ခြင်း! သူတို့​နှစ်ဦးစလုံး​ကို ယေဟောဝါ​အသုံးပြု​ခဲ့​ပြီး ကိုယ်တော့်​လူမျိုး​ကို​ကယ်လွှတ်​သူများ ဖြစ်စေ​ခဲ့​သည်။—ကမ္ဘာဦး ၄၁:၃၉-၄၁; ၄၅:၅; ၂ ဓမ္မ​ရာဇဝင် ၅:၄၊ ၅

ကျွန်ုပ်​တို့​လည်း ကျမ်းစာ​နှင့်​မညီသော ဖြေရှင်း​နည်း​များ​ကို အသုံးပြုရန် သွေးဆောင်​ခံရ​ပေမည်။ ဥပမာ၊ သင်သည် သင့်တော်​သော​အိမ်ထောင်ဖက် မ​တွေ့​သေး​သောကြောင့် စိတ်ဓာတ်ကျ​နေ​သလော။ ထိုသို့​ဖြစ်​မည်​ဆိုလျှင် “သခင်​ဘုရား​၌​သာ” အိမ်ထောင်ပြုပါ​ဟူသော ယေဟောဝါ​၏​အမိန့်တော်ကို မနာခံ​စေသည့် မည်သည့်​သွေးဆောင်မှု​မျိုးကို​မဆို ရှောင်ကြဉ်ပါ။ (၁ ကောရိန္သု ၇:၃၉) အိမ်ထောင်ရေး​ပြဿနာ​များ​ကို သင်​ကိုင်တွယ်​ဖြေရှင်း​နေရ​ပါသလော။ လင်မယား​ခွဲနေ​ခြင်း၊ ကွာရှင်း​ခြင်း​တို့ကို​အားပေး​သည့် လောက​စိတ်ဓာတ်​၏​လွှမ်းမိုးမှုကို​ခံ​မည့်​အစား အကျပ်အတည်း​ကာလ​တစ်လျှောက် အတူတူ​လက်တွဲ​ဖြေရှင်းပါ။ (မာလခိ ၂:၁၆; ဧဖက် ၅:၂၁-၃၃) သင့်​စီးပွားရေး​အခြေအနေ​ကြောင့် မိသားစုကို ပြုစု​စောင့်ရှောက်​ရန် ခဲယဉ်း​နေပါသလော။ ယေဟောဝါ​အား စောင့်ဆိုင်းခြင်း​တွင် ငွေ​ရ​ရန် သံသယ​ဖြစ်စရာ​လုပ်ငန်းများ၊ တရား​မဝင်​အလုပ်များ​ကို ရှောင်ကြဉ်​ခြင်း ပါဝင်​သည်။ (ဆာလံ ၃၇:၂၅; ဟေဗြဲ ၁၃:၁၈) ကျွန်ုပ်​တို့အားလုံး​သည် ကျွန်ုပ်​တို့၏​အခြေအနေ​များ​ကို အကောင်းဆုံး​ဖြစ်လာ​စေရန်၊ ယေဟောဝါ​ကောင်းချီး​ခံစားရ​ရန် ကြိုးစား​ကြ​ရမည်။ ထိုသို့​ပြုလုပ်​ကြ​စဉ် အကောင်းဆုံး​ဖြေရှင်း​နည်းကို ယေဟောဝါ​ပေး​သည့်​အထိ စောင့်မျှော်​နေကြပါ​စို့။—မိက္ခာ ၇:၇

သင့်ကို ယေဟောဝါ​ထောက်မ​တော်​မူ​မည်

စိတ်ပျက်ဖွယ်​ကောင်းပြီး ခက်ခဲ​သော​အခြေအနေ​များ​ကို အောင်မြင်စွာ​ဖြေရှင်း​ခဲ့​သည့် ကျမ်းစာ​မှတ်တမ်းပါ ယောသပ်​နှင့် ဒါဝိဒ်​တို့၏​အကြောင်းကို စဉ်းစား​ဆင်ခြင်ခြင်း​သည် အကျိုး​ရှိ၏။ သူတို့​အကြောင်းကို ကျမ်းပိုဒ်​အနည်းငယ်​တွင်​သာ ဖော်ပြ​ထား​သော်လည်း သူတို့သည် နှစ်ပေါင်း​များစွာ စုံစမ်း​နှောင့်ယှက်​ခံ​ခဲ့​ရသည်။ သင့်ကိုယ်​သင် ဤသို့​မေးပါ– ‘ဘုရားသခင်​၏ ထို​ကျေးကျွန်​များသည် သူတို့၏​အခြေအနေ​နှင့် မည်သို့​အလိုက်သင့်​နေနိုင်​ခဲ့​ကြ​သနည်း။ သူတို့၏​ရွှင်လန်းမှု​ကို မည်သို့​ထိန်းသိမ်း​ခဲ့​ကြ​သနည်း။ အဘယ်​အရည်အသွေးများ​ကို သူတို့​ပြုစု​ပျိုးထောင်​ခဲ့​သနည်း။’

ကျွန်ုပ်​တို့သည် ယေဟောဝါ​၏ မျက်မှောက်ခေတ် ကျေးကျွန်​များ​၏ ခံနိုင်ရည်​အကြောင်း ဆင်ခြင်​သုံးသပ်ခြင်း​မှ​လည်း အကျိုး​ရရှိနိုင်​ကြသည်။ (၁ ပေတရု ၅:၉) နှစ်စဉ် ကင်းမျှော်စင်​နှင့် နိုးလော့! မဂ္ဂဇင်း​များ​တွင် ဘဝ​အတ္ထုပ္ပတ္တိ​များစွာ ပါရှိ​သည်။ သင်သည် တည်ကြည်သော​ထို​ခရစ်ယာန်​များ​၏ ပုံ​နမူနာ​များ​ကို ဖတ်ရှု​ပြီး ဆင်ခြင်​သုံးသပ်ပါ​သလော။ ထို့​ပြင် ကျွန်ုပ်​တို့၏​အသင်းတော်များ​တွင် ဝမ်းနည်းဖွယ်​အခြေအနေ​များ​ကို တည်ကြည်​စွာ​ခံရပ်​နေကြ​ရသူ​များ​ရှိသည်။ အသင်းတော်​အစည်းအဝေး​များ​တွင် ဤသူတို့​နှင့် မှန်မှန်​ပေါင်းသင်း​ပြီး သူတို့ကို အတုယူ​ပါသလော။—ဟေဗြဲ ၁၀:၂၄၊ ၂၅

သင်သည် အခက်အခဲ ရင်ဆိုင်​ကြုံတွေ့​နေရ​လျှင် သင့်ကို ယေဟောဝါ​ဂရုစိုက်​တော်​မူ​ပြီး ထောက်မ​ကူညီ​ပေး​လိမ့်​မည်​ဟု ယုံကြည်​စိတ်ချ​ပါ။ (၁ ပေတရု ၅:၆-၁၀) သင်​ကြုံတွေ့​နေရ​သော​အခြေအနေ​များ​က သင့်​ဘဝကို မထိန်းချုပ်​ပါစေ​နှင့်။ မကျေမနပ်​မဖြစ်​ဘဲ ကိုယ့်​အခြေအနေ​ကို အကောင်းဆုံး​ဖြစ်စေ​ပြီး အကောင်းဆုံး​ဖြေရှင်း​နည်းကို ယေဟောဝါ​ပေး​သည့်​အထိ စောင့်မျှော်​နေခြင်း​အားဖြင့် ယောသပ်၊ ဒါဝိဒ်​နှင့် အခြားသူများ​၏ ပုံ​နမူနာကို လိုက်လျှောက်ပါ။ ဆုတောင်းခြင်း​နှင့် ဝိညာဉ်​ရေးရာ​တွင် အလုပ်​များနေ​ခြင်း​အားဖြင့် ကိုယ်တော်​ထံ​ချဉ်းကပ်​ပါ။ ဤသို့​ပြုလုပ်ခြင်း​ဖြင့် သင်သည်​လည်း အခက်အခဲ​ကြုံတွေ့​ရချိန်တွင် ရွှင်လန်း​ဝမ်းမြောက်​နိုင်​ပေ​လိမ့်​မည်။—ဆာလံ ၃၄:၈

[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]

ယောသပ်​သည် သူ၏​အခြေအနေ​ကို အကောင်းဆုံး​ဖြစ်စေ​ခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဒါဝိဒ်​သည် သူ၏​ပြဿနာ​များ​ကို ယေဟောဝါ​ဖြေရှင်းရန် စောင့်ဆိုင်း​ခဲ့