မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ချာ့ခ်ျတစ်ခု၏ အသင်းသား ဖြစ်သင့်သလော

သင်သည် ချာ့ခ်ျတစ်ခု၏ အသင်းသား ဖြစ်သင့်သလော

သင်သည် ချာ့ခ်ျ​တစ်ခု​၏ အသင်းသား ဖြစ်​သင့်​သလော

‘ဘုရားသခင်​ကို​ယုံကြည်ဖို့ အကျွန်ုပ် ချာ့ခ်ျ​အသင်းသား​ဖြစ်စရာ​မလိုဘူး ဒါမှ​မဟုတ် ချာ့ခ်ျ​မှန်မှန်​တက်​စ​ရာ​မလိုဘူး!’ ချာ့ခ်ျ​တစ်ခု သို့​မဟုတ် ဘာသာရေး​အဖွဲ့အစည်း​တစ်ခုခု​၏ အသင်းသား​ဖြစ်​ခြင်း​နှင့်​စပ်လျဉ်း၍ လူအများ ထိုသို့​ယူမှတ်​ကြသည်။ အမှန်​မှာ အချို့​က ချာ့ခ်ျ​တွင်​ဘာသာရေး​ဝတ်ပြုပွဲ​များ တက်ရောက်​နေချိန်​ထက် သဘာဝ​ကို လေ့လာ​ပျော်မွေ့​နေချိန်​တွင် ဘုရားသခင်​နှင့်​ပို​ရင်းနှီး​သည်​ဟု ဆို​ကြ​၏။ ယနေ့ လူအများ​ခံယူ​ထား​ကြသည်​မှာ ဘုရားသခင်​ကို​ယုံကြည်​ရန် ဘာသာရေး​အုပ်စု သို့​မဟုတ် ဂိုဏ်းဂဏ​တစ်ခုခု​နှင့် ပူးပေါင်း​ဖို့​မလို​ဟူ၍ ဖြစ်၏။

အချို့​သူတို့မှာ​မူ ထိုသို့ မယူဆ​ကြ​ချေ။ ဤသူတို့​က လူတစ်ဦး​သည် ဘုရားသခင့်​အလိုတော်နှင့်​တွေ့​လိုလျှင် ချာ့ခ်ျ​အသင်းသား​ဖြစ်​ပြီး ချာ့ခ်ျ​တက်​ဖို့​လို​သည်​ဟု အခိုင်အမာ​ပြောဆို​ကြ​၏။ ထို့​ကြောင့် ဘာသာရေး​အသင်းအဖွဲ့​နှင့် အမှန်တကယ်​ပတ်သက်​နေဖို့ လို၊ မလို​ကိစ္စ​သည် ဘာသာ​တရား​၏ ကိန်း​ဂဏန်း​အရေအတွက်​နှင့် အခြား​အချက်အလက်​တို့ကို စိတ်ဝင်တစား​လေ့လာခြင်း​ထက်မက အရေးပါ​သည်။ မည်သို့​ဆို​စေ ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး ပတ်သက်​နေသော​ကြောင့် ယင်း​ကိစ္စ​ကို ဘုရားသခင် မည်သို့​ရှုမြင်​ကြောင်း ရှာဖွေ​လေ့လာခြင်း​သည် ယုတ္တိတန်​မည်​မဟုတ်ပေ​လော။ ဤကိစ္စနှင့်​စပ်လျဉ်း၍ ကိုယ်တော့်​နှုတ်​မြွတ်​စကားတော် သမ္မာကျမ်းစာ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

ရှေးခေတ်​တွင် လူ​တို့​နှင့် ဘုရားသခင်​ဆက်ဆံ​ခဲ့​ပုံ

လွန်​ခဲ့​သည့်​နှစ်ပေါင်း ၄,၄၀၀ နီးပါး​က တစ်ကမ္ဘာ​လုံး​ကို ရုတ်တရက် ရေလွှမ်းမိုး​ခဲ့​၏။ ယင်း​အဖြစ်အပျက်​ကို လွယ်လွယ်​နှင့် မေ့ပျောက်​နိုင်​မည်​မဟုတ်ပါ၊ ကမ္ဘာ​တစ်ဝန်း​ရှိ လူများ​သည် သူတို့၏​အစောပိုင်း​သမိုင်း​၌ ယင်း​ဖြစ်ရပ်​နှင့်​ပတ်သက်​သည့် ပုံပြင်​များ​ရှိကြ​၏။ အသေးစိတ်​အချက်အလက်​များ မတူကြ​သော်လည်း ၎င်း​ပုံပြင်​များ​တွင် လူ​အနည်းငယ်​နှင့် တိရစ္ဆာန်​အချို့သာ အသက်ချမ်းသာ​ရခဲ့​သည့်​အကြောင်း ပါဝင်​သည်။

ရေလွှမ်းမိုး​ဘေး​ကို ကပ်ကျော်​ခဲ့​သူတို့သည် ဖျက်ဆီးခြင်း​ဘေး​မှ မတော်တဆ လွတ်မြောက်​ခဲ့​ကြ​သူများ​လော။ ထိုသို့​မဟုတ်​ကြောင်း ကျမ်းစာ​မှတ်တမ်းက ဖော်ပြ​၏။ ထူးခြား​သည်​မှာ ဘုရားသခင်​သည် ရေလွှမ်းမိုး​တော့​မည်​အကြောင်း လူတစ်ဦး​ချင်း​စီ​ကို အသိ​မပေးခဲ့​ခြင်း​ဖြစ်သည်။ ယင်းအစား ကိုယ်တော်​သည် နောဧ​အား မိန့်ဆိုခဲ့​ရာ သူက မိမိ၏​တစ်ခေတ်​တည်း​သားများ​ကို ဖြစ်လတ္တံ့​သော ရေလွှမ်းမိုး​ဘေး​ကြီး​အကြောင်း သတိပေး​ခဲ့​သည်။—ကမ္ဘာဦး ၆:၁၃-၁၆; ၂ ပေတရု ၂:၅

ကပ်ဘေး​ကို​လွတ်မြောက်​ဖို့ ဤ​အပြန်အလှန်​ရိုင်းပင်း​သော အုပ်စု​တွင်​ပါဝင်​ရန်လို​သည်၊ ထို့​ပြင် နောဧ​အား ဘုရားသခင်​ပေး​သည့် ညွှန်ကြားချက်​ကို တလိုတလား​လက်ခံဖို့​လို​သည်။ သင်္ဘော​ထဲ​ရှိ တိရစ္ဆာန်​များ​ပင်​လျှင် ဤ​အုပ်စု​နှင့်အတူ ကပ်ကျော်​ခဲ့​၏။ တိရစ္ဆာန်​များ​ကို ထိန်းသိမ်း​စောင့်ရှောက်ခြင်း​နှင့်​ပတ်သက်​၍ နောဧ​အား ညွှန်ကြားချက်​များ အတိအကျ​ပေး​ခဲ့​၏။—ကမ္ဘာဦး ၆:၁၇–၇:၈

ရာစုနှစ်​ပေါင်း​များစွာ​ကြာသော် ရှေမ​မှ​ဖွားမြင်​လာသော နောဧ​၏​သားစဉ်မြေးဆက်​သည် အီဂျစ်​ပြည်​တွင် ကျွန်​ဘဝသို့​ရောက်သွား​လေ​၏။ သို့​တိုင် ဘုရားသခင်​၏​ရည်ရွယ်တော်မူချက်​မှာ သူတို့ကို​ကယ်တင်​ပြီး သူတို့၏​ဘိုးဘေး​အာဗြဟံ​အား ကတိ​ထား​တော်​မူ​သော ပြည်​သို့​ခေါ်ဆောင်​လာရန်​ဖြစ်၏။ ဤ​တွင်​တစ်ဖန် လူတစ်ဦး​ချင်း​စီ​ကို​မဟုတ်ဘဲ သူတို့၏​ခေါင်းဆောင်​များ​အဖြစ်​ရွေးချယ်​ထား​သူ မောရှေ​နှင့် သူ၏​အစ်ကို​အာရုန်​တို့ကို ယင်း​အကြောင်း ဦးဆုံး​ဖော်ပြ​ခဲ့​သည်။ (ထွက်မြောက်ရာ ၃:၇-၁၀; ၄:၂၇-၃၁) တစ်ချိန်က ကျွန်​ဖြစ်​ခဲ့​ဖူး​သူများ​သည် အုပ်စု​လိုက် အီဂျစ်​ပြည်​မှ လွတ်မြောက်​လာပြီး​နောက် သူတို့သည် သိနာ​တောင်​တွင် ဘုရားသခင့်​ပညတ်တော်​ကို​ရရှိခဲ့​ပြီး ဣသရေလ​လူမျိုး​အဖြစ် ဖွဲ့စည်း​ခဲ့​သည်။—ထွက်မြောက်ရာ ၁၉:၁-၆

ဣသရေလလူ​တစ်ဦးချင်း​စီ လွတ်မြောက်​လာနိုင်​ခြင်း​သည် ဘုရားသခင်​ဖွဲ့စည်းထား​သော​လူစု​နှင့် ပူးပေါင်း​ကာ ဤ​အုပ်စု​ရှိ ခန့်အပ်​ခံ​ခေါင်းဆောင်​များ​၏​ညွှန်ကြား​ရာ​ကို လိုက်နာ​ကျင့်သုံး​ခဲ့​ခြင်း​ကြောင့်​သာ​ဖြစ်၏။ ဘုရားသခင်​၏​မျက်နှာသာ​ရ​ကြောင်း​ထင်ရှား​သည့် ဤ​အုပ်စု​နှင့်​ပူးပေါင်း​ရန် အီဂျစ်လူ​တစ်ဦးချင်း​စီ​အတွက်​ပင် စီမံ​ပေး​ခဲ့​၏။ ဣသရေလ​လူမျိုး​သည် အီဂျစ်​ပြည်​မှ ထွက်ခွာ​ခဲ့​ချိန်​တွင် အီဂျစ်လူ​အချို့​သည် သူတို့နှင့်​အတူ လိုက်ပါ​ခဲ့​သောကြောင့် ဘုရားသခင့်​ကောင်းချီး ခံစား​ရန်ဖြစ်​စေ​သည်။—ထွက်မြောက်ရာ ၁၂:၃၇၊ ၃၈

ထို့နောက် ပထမ​ရာစု​တွင် ယေရှုသည် ဟောပြောခြင်း​လုပ်ငန်း​ကို​စတင်​ခဲ့​ကာ လူများ​ကို မိမိ၏​တပည့်​များ​အဖြစ် စုဆောင်း​လေ​သည်။ ကိုယ်တော်​သည် သူတို့ကို အုပ်စု​တစ်စု​အဖြစ် ဆက်ဆံ​ခဲ့​သည်၊ သို့သော် တစ်ဦးချင်း​စီ​၏​လိုအပ်ရာ​ကိုလည်း မေတ္တာပါ​စွာ လမ်းညွှန်​ပေး​ခဲ့​သည်။ သစ္စာရှိ​တမန်​တော် ၁၁ ပါး​ကို ယေရှု ဤသို့​မိန့်ဆိုခဲ့​၏– “ငါသည် စုံစမ်း​နှောင့်ယှက်ခြင်း​ကို ခံ​စဉ်​တွင် သင်တို့သည် ငါ​၌​မှီဝဲ​သော​သူ​ဖြစ်​ရာ​၏။ ငါ့​ခမည်းတော်​သည် နိုင်ငံ​တစ်ခု​အတွက် ငါ​နှင့်​ပဋိညာဉ်ဖွဲ့​ထား​သည့်​နည်းတူ ငါသည် သင်တို့​နှင့် ပဋိညာဉ်ဖွဲ့​သည်။” (လုကာ ၂၂:၂၈-၃၀က​ဘ) နောက်ပိုင်း​တွင် တပည့်​များသည် တ​စု​တ​ဝေး​ရှိနေကြ​စဉ် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်တော်သည် သူတို့​အပေါ်​သက်ရောက်​ခဲ့​သည်။—တမန်​တော် ၂:၁-၄

ဘုရားသခင်​သည် အတိတ်​တွင် ကိုယ်တော့်​လူမျိုးတော်ကို အဖွဲ့အစည်း​လိုက် အမြဲ​ဆက်ဆံ​ခဲ့​ကြောင်း ယင်း​သာဓက​များ​က အတိအလင်း​ဖော်ပြ​၏။ ဘုရားသခင်​ကိုယ်တော်တိုင် ဆက်သွယ်​ခဲ့​သည့် လူ​အနည်းငယ်​ဖြစ်သူ နောဧ၊ မောရှေ၊ ယေရှု​နှင့် အခြားသူ​တို့​မှာ အမှန်​အားဖြင့် တစည်းတလုံး​ဖွဲ့စည်းထား​သည့် အုပ်စု​တစ်စု​နှင့် ကိုယ်တော်​ဆက်သွယ်​ရန် အသုံးတော်ခံ​ရသူ​များ ဖြစ်​ကြသည်။ ဘုရားသခင်​သည် မျက်မှောက်ခေတ်တွင် ကိုယ်တော့်​ကျေးကျွန်​များနှင့် အခြား​နည်းဖြင့် ဆက်သွယ်​လိမ့်​မည်​ဟု ယူမှတ်​စ​ရာ​အကြောင်း​မရှိပါ။ ဤ​တွင် နောက်ထပ်​မေးခွန်း​တစ်ခုပေါ်​လာ​ရာ ၎င်းမှာ မည်သည့်​ဘာသာရေး​အုပ်စု​နှင့်​မဆို ပူးပေါင်း​၍​ရ​သလော​ဟူ၍ ဖြစ်သည်။ အရေးပါသည့် ဤ​မေးခွန်း​ကို နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့ သုံးသပ်ကြ​မည်။

[စာ​မှတ်​နှာ ၄ ပါ ရုပ်ပုံ]

ဘုရားသခင်​သည် မိမိ​လူမျိုးတော်ကို ဖွဲ့စည်းထား​သော အုပ်စု​တစ်စု​အနေ​ဖြင့် ဆက်ဆံ​လာ​ခဲ့​သည်​မှာ ကြာမြင့်​ခဲ့​ပေ​ပြီ