မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကူအညီလိုအပ်ချိန်တွင် ကောင်းမှုပြုခြင်း

အကူအညီလိုအပ်ချိန်တွင် ကောင်းမှုပြုခြင်း

အကူအညီ​လိုအပ်ချိန်​တွင် ကောင်းမှု​ပြုခြင်း

တမန်​တော်​ပေါလု​က “ငါ​တို့သည်​အဆင်သင့်​သည်​အတိုင်း ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့​၌ အထူးသဖြင့် ကျေးဇူးပြု​လျက်၊ ခပ်သိမ်း​သော​သူတို့အား ကျေးဇူး [“ကောင်းစွာ​သော​အမှု၊” သမ္မ] ပြု​ကြ​ကုန်​အံ့” ဟု​အားပေး​တိုက်တွန်း​ခဲ့​သည်။ (ဂလာတိ ၆:၁၀) ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် လူတိုင်း​အပေါ်၊ အထူးသဖြင့် ယုံကြည်သူချင်း​များ​အပေါ် ကောင်းမှု​ပြုခြင်း​ဖြင့် သူတို့​အသက်တာတွင် ထို​မူကို​ကျင့်သုံး​ရန် လုံ့လ​စိုက်ထုတ်​ဖို့​ကြိုးစား​ကြသည်။ ယင်းကို အကူအညီ​လိုအပ်ချိန်​တွင် ထပ်ခါတလဲ​တွေ့ရှိ​ရသည်။ နိုင်ငံသုံး​နိုင်ငံ​မှ မကြာသေးမီ​က​အဖြစ်အပျက်​တို့ကို သုံးသပ်ကြည့်​ကြ​စို့။

၂၀၀၂၊ ဒီဇင်ဘာ​လ​တွင် တစ်​နာရီ​လျှင် မိုင် ၁၉၀ ရှိသော အင်အား​ပြင်းထန်​သည့် တိုင်​ဖွန်း​မုန်တိုင်း​တစ်ခု ဂူ​အမ်​ကျွန်း​ကို တိုက်ခတ်​ခဲ့​သည်။ အိမ်များ​စွာ ပြုတ်​ပျက်​ထွက်ကုန်​ပြီး တချို့​အိမ်များ​မူ လုံးလုံး​ပျက်စီး​သွား​သည်။ ဆိုးဆိုးဝါးဝါး​ရှုံး​ဆုံး​ခဲ့​သည့် သက်သေခံ​မိသားစု​များ​ကို ကူညီ​ပေး​ရန် ဒေသခံ​အသင်းတော်များ​သည် ရှင်းလင်း​သုတ်သင်​ရေး​အဖွဲ့​များ အလျင်အမြန် ဖွဲ့​စည်းပေး​ခဲ့​သည်။ ဂူ​အမ်​ဌာနခွဲရုံး​သည် ပျက်စီး​သွားသော​အိမ်များ​ကို ပြန်​ပြုပြင်​ရန် လိုအပ်သော​ပစ္စည်း​များနှင့် လုပ်သားများ စီစဉ်​ပေး​ပြီး ဟာ​ဝိုင်​ရီ​ဌာနခွဲ​သည်လည်း အထောက်အပံ့​များ​ပို့ပေး​သည်။ ပြန်လည်​တည်ဆောက်ရေး​လုပ်ငန်း​တွင် ကူညီ​ပေး​ရန် ဟာ​ဝိုင်​ရီ​မှ လက်သမား​အုပ်စု​တစ်စု ရက်သတ္တပတ်​အနည်းငယ်​အတွင်း ရောက်ရှိ​လာ​သည်၊ သူတို့ကို​အကူအညီ​ပေး​ရန် ဒေသခံ​ညီအစ်ကို​အချို့​သည် အလုပ်များ​မှ ခွင့်ယူ​ခဲ့​ကြသည်။ ရွှင်လန်းစွာ အတူတကွ ပူးပေါင်း​လုပ်ဆောင်​သည့် စိတ်ဓာတ်​ကြောင့် ရပ်ကွက်တွင် သက်သေခံချက်​တစ်ခု​ဖြစ်​ခဲ့​သည်။

မြန်မာ​နိုင်ငံ၊ မန္တလေး​မြို့ ဆင်ခြေ​ဖုံး​ရပ်ကွက်​တစ်ခု​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​နှင့် သိပ်​မ​ဝေး​သော​နေရာတွင် မီးလောင်​ခဲ့​သည်။ ၎င်း​အနီး​တွင် မ​လှုပ်ရှား​တော့​သည့် ကြေညာသူ​ညီအစ်မ​တစ်ဦး​နှင့် သူ၏​မိသားစု​အိမ်​ရှိသည်။ သူ၏​အိမ်​ဘက်​သို့ လေ​တိုက်​နေသော​ကြောင့် အကူအညီ​တောင်းဆို​ရန် ခန်းမ​သို့ သူ​ပြေး​သွားခဲ့သည်။ ထို​အချိန်တွင် ခန်းမ​ပြုပြင်​နေ​သဖြင့် ညီအစ်ကို​များစွာ​ရှိ​နေသည်။ ထို​ရပ်ကွက်တွင် ၎င်း​ညီအစ်မ​နေထိုင်​ကြောင်း သူတို့​မသိကြ​သောကြောင့် ညီအစ်မ​ကို​တွေ့ရ​၍ အံ့သြ​နေ​၏။ ညီအစ်ကို​များသည် ထို​မိသားစု​၏​ပိုင်ဆိုင်ရာ​များ​ကို ဘေးကင်း​သည့်​နေရာသို့ အလျင်အမြန်​ရွှေ့​ပြောင်း​ပေး​ခဲ့​ကြသည်။ သက်သေခံ​မဟုတ်သော ခင်ပွန်း​ဖြစ်သူ​သည် မီးလောင်​သည့်​အကြောင်းကြား​၍ အိမ်​သို့​အလျင်အမြန်​ပြန်လာ​ခဲ့​ရာ သူ၏​မိသားစု​အား ညီအစ်ကို​များ ကူညီ​ပေး​နေသည်​ကို တွေ့မြင်​ပြီး ကျေးဇူး​တင်​လေးမြတ်​ခဲ့​သည်။ ဤသို့​သော​အခြေအနေ​မျိုး​၌ ပစ္စည်း​များ​သယ်​ထုတ်​နေချိန်​တွင် အလစ်​သုတ်​သူများ​ရှိ​တတ်သော​ကြောင့် ယခု သူ​စိတ်သက်သာရာ ရခဲ့​သည်။ ညီအစ်ကို​များ​၏ ကြင်နာ​သော​လုပ်ရပ်​ကြောင့် ထို​ညီအစ်မ​နှင့် သူ၏​သား​သည် ခရစ်ယာန်​အသင်းတော်​နှင့် တစ်ဖန်​ပြန်လည်​ပူးပေါင်း​ပြီး ယခု အစည်းအဝေး​အားလုံး​ကို တက်ရောက်​နေပါ​သည်။

လွန်ခဲ့သော​လုပ်ငန်းတော်နှစ်​အတွင်း မိုဇမ်ဘစ်​နိုင်ငံ​တွင် မိုးခေါင်​ပြီး စိုက်ပျိုးရေး​မဖြစ်​ထွန်း​မှု​တို့​ကြောင့် များစွာသော​သူတို့သည် အစာ​ခေါင်းပါး​မှု​နှင့် ရင်ဆိုင်ခဲ့​ရ၏။ ဒေသခံ​ယေဟောဝါသက်သေ​ဌာနခွဲရုံး​သည် လိုအပ်​နေ​သူများ​အတွက် အစားအစာ​များ​ကို အလျင်အမြန် စုဆောင်း​ပြီး​ပေး​ပို့​ခဲ့​သည်။ အစားအစာ​များ​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​တွင် ဝေငှ​ပေး​ခဲ့​ကြ​၏၊ တစ်ခါတစ်ရံ အသင်းတော်​အစည်းအဝေး​များ​ပြီး​နောက်​တွင် ဝေငှ​ခဲ့​ကြသည်။ ကြင်ဖော်​မဲ့​မိဘ​တစ်ဦး​ဖြစ်သူ ညီအစ်မ​တစ်ဦး​က ဤသို့​ပြောပြ​ခဲ့​၏– “အိမ်ပြန်ရောက်​ရင် ကျွန်မ​ရဲ့​ကလေး​တွေ​ကို ဘာ​ကျွေး​ရမလဲ​ဆိုတာ​မသိဘဲ စိတ်ပျက်လက်ပျက်​နဲ့ အစည်းအဝေး​လာ​တက်တာ။” ညီအစ်ကို​များ​၏ မေတ္တာပါ​သော ထောက်မ​ကူညီ​ပေး​မှု​က ထို​ညီအစ်မ​ကို ပြန်လည်​စိတ်အားတက်​ကြွ​စေ​ခဲ့​သည်။ “ကျွန်မ​အတွက် ရှင်ပြန်ထမြောက်​လာ​ရ​သလိုပဲ!” ဟု​သူ​ပြော​ခဲ့​သည်။

သက်သေခံ​များသည် နှစ်သိမ့်မှု​ဖြစ်စေ​ပြီး မျှော်လင့်ချက်​ပေး​သော သမ္မာကျမ်းစာ​သတင်း​စကား ဝေမျှပေး​ခြင်း​အားဖြင့်လည်း ဝိညာဉ်​ရေး​အရ ‘ကောင်းမှု​ပြု’ ကြသည်။ သူတို့သည် ရှေး​ပညာရှိ​ကဲ့သို့​ပင် ဤသို့​ယုံကြည်​ကြသည်– “[ဘုရားသခင်​နှင့်​ဆိုင်သော ဉာဏ်ပညာ] စကား​ကို နားထောင်​သော​သူ​မူ​ကား လုံခြုံစွာ​နေ၍ ဘေး​ကို​မကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။”—သု. ၁:၃၃

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

၁၊ ၂။ မိုဇမ်ဘစ်​နိုင်ငံ​တွင် အကူအညီ​လိုအပ်​နေ​သူများကို အစားအစာ​ဝေငှ​ပေး​နေ

၃၊ ၄။ ဂူ​အမ်​ကျွန်း​တွင် တိုက်ခတ်​ခဲ့​သော တိုင်​ဖွန်း​မုန်တိုင်း​က အိမ်များ​စွာ​ကို ပျက်စီး​စေ​ခဲ့

[Credit Lines]

Child, left: Andrea Booher/FEMA News Photo; woman, above: AP Photo/Pacific Daily News, Masako Watanabe