အဘယ်ဘာသာကို သင် ရွေးချယ်သင့်သနည်း
အဘယ်ဘာသာကို သင် ရွေးချယ်သင့်သနည်း
‘[ခရစ်ယာန်] ဘာသာအသီးသီးဟာ ပန်းတိုင်တစ်ခုတည်းကို ဦးတည်တဲ့ လမ်းအသွယ်သွယ်ပဲ။ တကယ်တော့ ဘုရားသခင်တစ်ဆူတည်းပဲ မဟုတ်လား။’ ဘာသာရေးအသင်းအဖွဲ့တစ်ခုခုနှင့် ပူးပေါင်းခြင်းသည် အရေးပါသော်လည်း မည်သည့်ဘာသာကိုပင်ရွေးချယ်ပါစေ အကြောင်းမထူးဟု ယူဆသူများစွာသည် ထိုသို့ သဘောထားကြသည်။
အဆုံးမဲ့တန်ခိုးရှင်ဘုရားသခင် တစ်ဆူတည်းရှိတော်မူသောကြောင့် ရုတ်တရက်ကြည့်လျှင် ဤအချေအတင်စကားသည် ယုတ္တိရှိပုံပေါက်သည်။ (ဟေရှာယ ၄၄:၆; ယောဟန် ၁၇:၃; ၁ ကောရိန္တု ၈:၅, ၆) သို့သော် စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်ပါသည်ဟု ပြောဆိုကြသည့် [ခရစ်ယာန်] ဘာသာရေးအုပ်စုအသီးသီး၏ သိသာထင်ရှားသော ကွဲပြားချက်များသာမက ဆန့်ကျင်ဖီလာမှုများကိုပင် ကျွန်ုပ်တို့ လျစ်လျူရှု၍မရနိုင်ချေ။ ၎င်းတို့၏အမူအကျင့်များ၊ ယုံကြည်ချက်များ၊ သွန်သင်ချက်များနှင့် တောင်းဆိုချက်များသည် လုံးဝ မတူညီကြချေ။ ၎င်းတို့သည် အလွန်ကွဲပြားခြားနားသောကြောင့် ဘာသာတစ်ခု သို့မဟုတ် အုပ်စုတစ်စု၏အသင်းသားများသည် အခြားသူများ၏သွန်သင်ချက်၊ ယုံကြည်ချက်တို့ကို နားမလည်၊ လက်မခံနိုင်ကြပေ။
အခြားတစ်ဖက်တွင်မူ ယေရှုက “ဘုရားသခင်သည် . . . ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ . . . ဝိညာဉ်နှင့်လည်းကောင်း၊ [အမှန်]တရားနှင့်လည်းကောင်း ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။ (ယောဟန် ၄:၂၄၊ သမ္မာ) ဘုရားသခင်အား အမှန်တရားနှင့် ဝတ်ပြုကိုးကွယ်ခြင်းက ဘုရားသခင်သည် မည်သူမည်ဝါဖြစ်ကြောင်း၊ ကိုယ်တော့်ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်ကြောင်း၊ ကိုယ်တော်သည် မည်သို့မည်ပုံ ဝတ်ပြုကိုးကွယ်ခံလိုကြောင်းနှင့်စပ်လျဉ်း၍ ရှေ့နောက်မညီသည့် အယူအဆများစွာရှိခြင်းကို ခွင့်ပြုပါသလော။ ကိုယ်တော်အား ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ပုံသည် အဆုံးမဲ့တန်ခိုးရှင်အတွက် အရေးမပါဟု ယုံကြည်ခြင်းသည် ယုတ္တိတန်၏လော။
ယခင်နှင့် မျက်မှောက်ခေတ် ခရစ်ယာန်စစ်များ
ပထမရာစုရှိခရစ်ယာန်များသည် တစ်ခါတစ်ရံ သဘောထားကွဲလွဲခဲ့ကြ၏။ သာဓကအနေဖြင့် ကောရိန္သုအသင်းတော်ရှိသူတို့နှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ဆိုခဲ့သည်– “ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်ကို ခလောဣအိမ်သားအချို့တို့သည် ပြောကြ၏။ သင်တို့က၊ ‘ငါသည် ပေါလုတပည့်ဖြစ်၏။’ ‘ငါသည် အာပေါလုတပည့်ဖြစ်၏။’ ‘ငါသည် ကေဖတပည့်ဖြစ်၏။’ ‘ငါသည် ခရစ်တော်တပည့်ဖြစ်၏’ ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ၏။”—၁ ကောရိန္သု ၁: ၁၁၊ ၁၂။
ပေါလုသည် ထိုသို့သဘောထားကွဲမှုများကို အသေးအဖွဲကိစ္စအဖြစ် ယူမှတ်ခဲ့သလော။ လူတစ်ဦးချင်းစီသည် ကယ်တင်ခြင်းရရန် မိမိလမ်းမိမိလျှောက်နေကြခြင်းလော။ ဝေးလေစွ! ပေါလု ဤသို့သတိပေးခဲ့သည်– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘော တစ်သံတစ်သမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့သခင်ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။”—၁ ကောရိန္သု ၁:၁၀။
ယုံကြည်ချက်တူညီရန် အတင်းအကျပ်လုပ်ယူ၍ မရပါ။ တစ်ဦးစီသည် အသေအချာလေ့လာဆန်းစစ်ပြီး ဆင်ခြင်သုံးသပ်ကာ ယူဆချက်တစ်မျိုးတည်းကို လက်ခံခြင်းဖြင့်သာ ထိုသို့ဖြစ်နိုင်သည်။ ထို့ကြောင့် သမ္မာကျမ်းစာကို ကိုယ်တိုင်လေ့လာပြီး သိရှိခဲ့ရာတို့ကို လက်တွေ့ကျင့်သုံးလိုခြင်းသည် ပေါလုတင်ပြခဲ့သည့် စည်းလုံးမှုမျိုးရရှိရန် အရေးပါသည့် လုပ်ဆောင်ချက်များဖြစ်၏။ ယင်းသို့သော စည်းလုံးမှုမျိုးကို ရှာတွေ့နိုင်ပါမည်လော။ ကျွန်ုပ်တို့တွေ့ရှိခဲ့ကြသည့်အတိုင်း ဘုရားသခင်သည် မိမိလူမျိုးတော်ကို အုပ်စုတစ်စုအနေဖြင့် ဆက်ဆံလာခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ ယနေ့ ထိုအုပ်စုကို ခွဲခြားသိမြင်နိုင်ပါသလော။
စစ်မှန်သောအဖွဲ့အစည်းနှင့် ပေါင်းသင်းခြင်း၏ အကျိုးကျေးဇူးများ
တစ်ချိန်က ဆာလံဆရာဒါဝိဒ်သည် ဤသို့မေးခဲ့ဖူးသည်– “အိုထာဝရဘုရား[သခင်] တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည်နေရပါမည်နည်း။” ယင်းသည် အမှန်ပင် စဉ်းစားတွေးတောစရာ မေးခွန်းတစ်ခုဖြစ်၏။ ဒါဝိဒ်က “ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောသောသူ” ဟုဖြေဆိုခဲ့၏။ (ဆာလံ ၁၅:၁၊ ၂) သမ္မာကျမ်းစာကို တိကျမှန်ကန်စွာ သိနားလည်ထားခြင်းသည် ဘုရားသခင်၏တောင်းဆိုချက်များနှင့် ညီညွတ်သည့်ဘာသာကို ခွဲခြားသိမြင်စေ၏။ ထိုအခါ လူတစ်ဦးသည် ယင်းအုပ်စုနှင့်ပူးပေါင်းခြင်းဖြင့် ဘုရားသခင်အား “. . . ဝိညာဉ်နှင့်လည်းကောင်း၊ [အမှန်]တရားနှင့်လည်းကောင်း” တစည်းတလုံး ဝတ်ပြုကိုးကွယ်နေကြသူများနှင့် တည်ဆောက်မှုရှိသည့် ပေါင်းသင်းမှုရပါလိမ့်မည်။
ယနေ့ စိတ်ဝမ်းကွဲပြားနေသည့်လောကတွင်ပင် ယုံကြည်ခြင်းနှင့်အကျင့်တွင် တစည်းတလုံးတည်းရှိနိုင်ကြောင်း ယေဟောဝါသက်သေများ ဖော်ပြခဲ့ကြပြီ။ သူတို့အထဲတွင် ဘာသာအသီးသီးနှင့် လူမျိုးစုအသီးသီးတို့မှ ထွက်လာခဲ့သူ မြောက်မြားစွာရှိ၏။ အခြားသက်သေခံများသည် ယခင်က မသိဝါဒီများ၊ ဘုရားသခင်မဲ့ဝါဒီများဖြစ်ခဲ့ကြသည်။ ထို့ပြင် အခြားသူတို့မှာမူ ဘာသာတရားကို အလေးအနက်သဘောမထားခဲ့ကြသူများ ဖြစ်သည်။ ဤကွဲပြားခြားနားသော ဘာသာအသီးသီး၊ ယဉ်ကျေးမှုအဖုံဖုံနှင့် အတွေးအခေါ်အမျိုးမျိုးတို့မှ ထွက်လာခဲ့ကြသူတို့သည် ယနေ့ ကမ္ဘာပေါ်တွင် မတွေ့ရှိနိုင်သော ဘာသာရေးစည်းလုံးမှု၌ ယခု ပျော်မွေ့နေကြသည်။
ဤကဲ့သို့သော စည်းလုံးမှု၏အခြေခံသည် ဘုရားသခင့်နှုတ်မြွတ်စကားတော် သမ္မာကျမ်းစာပင်ဖြစ်၏။ သို့သော် အခြားသူများကို အာဏာဖြင့် စေခိုင်း၍မရကြောင်း ယေဟောဝါသက်သေများ သိရှိထားကြသည်။ သို့တိုင် ဝတ်ပြုရေးကိစ္စများတွင် အခြားသူတို့သည် ခိုင်မြဲသည့်အုတ်မြစ် သမ္မာကျမ်းစာအပေါ်အခြေခံပြီး ရွေးချယ်ပြုမူစေရန် အားပေးခွင့်ရသည့်အတွက် သူတို့ အလွန်ဝမ်းမြောက်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်အား ‘ဝိညာဉ်နှင့်လည်းကောင်း၊ အမှန်တရားနှင့်လည်းကောင်း’ ဝတ်ပြုခြင်းမှရရှိနိုင်သည့် အကျိုးကျေးဇူးများကို လူများစွာ ထပ်မံခံစားနိုင်ကြပေမည်။
ယနေ့ အကျိုးယုတ်စေသော ဩဇာလွှမ်းမိုးမှုများနှင့် သွေးဆောင်မှုများ၏အန္တရာယ်သည် အလွန်ကြီးမားလှ၏။ ထို့ကြောင့် စစ်မှန်သောပေါင်းသင်းမှုကို ရွေးချယ်ရန် အလွန်အရေးကြီးသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။” “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။” (သု. ၁၃:၂၀; ၁ ကောရိန္သု ၁၅:၃၃) ဘုရားသခင်၏ စစ်မှန်သောဝတ်ပြုသူတို့နှင့် ပေါင်းသင်းခြင်းသည် အကာအကွယ်ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့နှိုးဆော်ထား၏– “ထိုမှတစ်ပါး၊ မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့် သာ၍ကြိုးစားကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) မိတ်ဆွေစစ်များဖြစ်သည့် ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများသည် အချင်းချင်းတို့၏တာဝန်များကို ဘုရားသခင့်ရှေ့တော်မှောက်၌ တာဝန်ကျေပွန်စေရန် မေတ္တာပါစွာ ဖေးမကူညီကြခြင်းသည် ကောင်းချီးတစ်ရပ်ပါတကား!
အော့တ်မာသည် ဤရှုမြင်ပုံကို ထောက်ခံပြောဆိုသည်။ သူသည် ဂျာမနီနိုင်ငံရှိ . . . မိသားစုတွင် ကြီးပြင်းလာခဲ့ရာ ချာ့ခ်ျမတက်တော့ချေ။ သူဤသို့ရှင်းပြ၏– “ကျွန်တော် ချာ့ခ်ျတက်တိုင်း စိတ်ထဲမှာ ဟာတာတာနဲ့ပဲ ပြန်လာခဲ့ရတယ်။” မည်သို့ပင်ဖြစ်စေ သူသည် ဘုရားသခင်ကို ဆက်ပြီးယုံကြည်ခဲ့သည်။ ထို့နောက် ယေဟောဝါသက်သေများနှင့် အဆက်အသွယ်ရပြီး သူတို့သည် ဘုရားသခင့်ကျေးကျွန် အစစ်အမှန်များဖြစ်ကြကြောင်း လက်ခံယုံကြည်လာ၏။ ထိုအခါ သူတို့နှင့်ပူးပေါင်းဖို့လိုကြောင်း သိရှိလာသည်။ ယခု သူဤသို့ဆို၏– “ကမ္ဘာချီအဖွဲ့အစည်းမှာ ပါဝင်လုပ်ဆောင်ခွင့်ရလို့ စိတ်နှလုံးငြိမ်သက် ပျော်ရွှင်မိတယ်။ တိကျမှန်ကန်တဲ့ကျမ်းစာအသိပညာ ပိုပြီးရရှိစေဖို့ တဖြည်းဖြည်းချင်း အကူအညီရခဲ့တယ်။ အဲဒါဟာ ကျွန်တော့်အတွက် တကယ်တန်ဖိုးရှိတယ်။”
ရှာဖွေနေသူများအတွက် ဖိတ်ခေါ်ချက်
စိတ်နှလုံးတညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ဦးချင်းစီ တသီးတခြားလုပ်ဆောင်ခြင်းထက် လုပ်ငန်းကို ပိုတွင်ကျယ်စေသည်။ သာဓကအနေဖြင့် နောက်တော်လိုက်များနှင့် ယေရှုခွဲခွာခါနီးတွင် ကိုယ်တော် ဤသို့သွန်သင်ပေးခဲ့၏– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ . . . ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) လမ်းညွှန်မှုမရှိ၊ အဖွဲ့အစည်းမရှိလျှင် အဆိုပါလုပ်ငန်းကြီးကို ကျေနပ်မှုရှိရှိ မည်သို့ပြီးမြောက်စေနိုင်မည်နည်း။ ဘုရားသခင်ကို တသီးတခြား ဝတ်ပြုကိုးကွယ်လျှင် ဤဝိညာဉ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို မည်သို့ လိုက်နာနိုင်မည်နည်း။
လွန်ခဲ့သည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာမှသတင်းတရားကို နိုင်ငံပေါင်း ၂၃၅ နိုင်ငံရှိ လူတို့ထံရောက်ရှိရန် ကျမ်းစာအခြေပြုစာအုပ်၊ စာအုပ်ငယ်များ၊ ဘရိုရှာများ ၉၁,၉၃၃,၂၈၀ နှင့် မဂ္ဂဇင်းပေါင်း ၆၉၇,၆၀၃,၂၄၇ စောင်ကို ဖြန့်ချိခဲ့ကြသည်။ ယင်းသည် ရိုင်းပင်းကူညီမှုမရှိ တစ်ဦးချင်းစီလုပ်ဆောင်ခြင်းထက် အစီအစဉ်စနစ်တကျ တစည်းတလုံးပူးပေါင်းဆောင်ရွက်ခြင်း၏ ထူးခြားသော သာဓကပင်ဖြစ်သည်!
ကျမ်းစာစာပေများ ဖြန့်ချိသည့်အပြင် ယေဟောဝါသက်သေတို့သည် ဘုရားသခင်တောင်းဆိုရာများကို လူတို့ ကောင်းစွာ သဘောပေါက်နားလည်စေရန် အခမဲ့ကျမ်းစာသင်ပေးကြသည်။ လွန်ခဲ့သည့်နှစ်တွင် တစ်ဦးချင်းစီကိုဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ပျမ်းမျှကျမ်းစာသင်အံမှု ၅,၇၂၆,၅၀၉ ခု အပတ်စဉ်ကျင်းပခဲ့ကြသည်။ ဤသို့ ကျမ်းစာသင်ကြားပေးမှုကြောင့် လူသန်းပေါင်းများစွာသည် ဝတ်ပြုရေးနှင့်ပတ်သက်၍ ခိုင်မြဲသောအခြေခံပေါ် ရွေးချယ်မှုပြုနိုင်ခဲ့ပြီ။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် မြင့်မြတ်သော တောင်းဆိုချက်များကို သင့်အား သင်ယူစေလိုပါသည်။ ထို့နောက် သင်ကိုယ်တိုင် ရွေးချယ်ပြုမူနိုင်သည်။—ဧဖက် ၄:၁၃; ဖိလိပ္ပိ ၁:၉; ၁ တိမောသေ ၆:၂၀; ၂ ပေတရု ၃:၁၈။
သင်သည် ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုလျှင် [ခရစ်ယာန်] ဘာသာရေးအဖွဲ့အစည်းတစ်ခုနှင့်ပူးပေါင်းဖို့ အလွန်ပင် အရေးကြီးသည်၊ မည်သည့်ဘာသာရေးအုပ်စုနှင့်မဆို မဟုတ်ပါ။ ဘာသာတရားကို သင်ရွေးချယ်ရာတွင် အယူဝါဒ သို့မဟုတ် တစ်ဆင့်စကားကိုအခြေပြု၍မဟုတ်ဘဲ တိကျမှန်ကန်သော ကျမ်းစာအသိပညာပေါ် အခြေခံဖို့လိုသည်။ (သု. ၁၆:၂၅) စစ်မှန်သောဘာသာ၏ တောင်းဆိုချက်များကို သင်ယူပါ။ ၎င်းတို့ကို သင့်ကိုယ်ပိုင်ယုံကြည်ချက်တို့နှင့် နှိုင်းယှဉ်ကြည့်ပါ။ ထို့နောက် တွေ့ရှိချက်နှင့်အညီ ရွေးချယ်ပါလေ။—တရားဟောရာ ၃၀:၁၉
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
စည်းလုံးမှုမဲ့သော လောကတွင် ယေဟောဝါသက်သေများ စည်လုံးနေကြ