မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်အားထက်သန်သော ရိတ်သိမ်းသူများအဖြစ် ဂိလဒ်ကျောင်းဆင်းများ ထွက်ခွာသွားကြ!

စိတ်အားထက်သန်သော ရိတ်သိမ်းသူများအဖြစ် ဂိလဒ်ကျောင်းဆင်းများ ထွက်ခွာသွားကြ!

စိတ်အား​ထက်သန်​သော ရိတ်သိမ်းသူများ​အဖြစ် ဂိလဒ်​ကျောင်းဆင်း​များ ထွက်ခွာ​သွား​ကြ!

“စပါး​ရိတ်​စ​ရာ များစွာ​ရှိ၏။ ရိတ်​သော​သူတို့သည် နည်း​ကြ​၏။ ထို့​ကြောင့် လုပ်ဆောင်​သော​သူတို့ကို စပါး​ရိတ်ခြင်း​ငှာ စေလွှတ်​တော်​မူ​မည်​အကြောင်း စပါးရှင်​ကို ဆုတောင်း​ကြလော့။” (မဿဲ ၉:၃၇၊ ၃၈) ၁၁၆ ကြိမ်​မြောက် ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်​ကျောင်းဆင်း​များသည် သူတို့၏​ခရစ်ယာန်​သာသနာပြု​တာဝန်ကျ​ရာ နေရာများ​သို့ ထွက်ခွာ​သွား​ရန် ပြင်ဆင်​သည့်​အခါ အဆိုပါ​စကား​များသည် သူတို့​အတွက် အထူး​အဓိပ္ပာယ်​ရှိ၏။

သင်တန်းဆင်း​များ နှုတ်​ခွန်း​ဆက်​အားပေး​စကား​များ ကြား​ခဲ့​ကြ​ရသော ၂၀၀၄ ခုနှစ်၊ မတ်​လ ၁၃ ရက်၊ စနေနေ့​တွင် နယူးယောက်​မြို့၊ ပက်​တာ​စင်​ရှိ ကင်းမျှော်စင်​ပညာပေး​ဌာန​နှင့် ကျောင်းဆင်း​ပွဲ​အစီအစဉ်​အတွက် ထို​ဌာန​နှင့် ဂြိုဟ်တု​ဖြင့်​ဆက်သွယ်​ထားသော ဒေသ​များ​၌ လူပေါင်း ၆,၆၈၄ ဦး​စုရုံး​ရောက်ရှိ​နေသည်။ ကျွန်ုပ်​တို့အားလုံး ဝိညာဉ်​ရေး​ရိတ်သိမ်းခြင်း​တွင် စိတ်အား​ထက်သန်​စွာ ပါဝင်​လုပ်ဆောင်ကြ​စဉ် သူတို့အား ပေး​ခဲ့​သည့်​အကြံပြုချက်​မှ အကျိုးကျေးဇူး​များစွာ​ရရှိနိုင်၏။

အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်​ပြီး ကိုယ်တိုင်​လည်း ခု​နစ်​ကြိမ်​မြောက် ဂိလဒ်​ကျောင်း​မှ​ကျောင်းဆင်း သီအိုဒေါရ် ဂျဲရက်စ်​၏ အဖွင့်​စကား​တွင် ‘သွား​၍ လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ​လော့’ ဟူသော ယေရှု၏​မိန့်ဆိုချက်​ကို အလေးပေး​ဖော်ပြ​ခဲ့​သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ကျောင်းဆင်း​များ​ကို နိုင်ငံ ၂၀ သို့​စေလွှတ်​တော့​မည်​ဖြစ်​ရာ အဆိုပါ​အမှာစကား​သည် တကယ်​ကို​သင့်လျော်​ပေ​၏! သူက သမ္မာကျမ်းစာ​မှ လမ်းညွှန်ချက်​သည် အရေးအပါဆုံး​ဖြစ်သော ဝိညာဉ်​ရေး​ရိတ်သိမ်း​မှု​တွင် စိတ်အား​ထက်သန်​သော ရိတ်သိမ်းသူများ​အဖြစ် အပြည့်အဝ​အသင့်​ဖြစ်စေ​သည်​ဟု သင်တန်းသား​များ​ကို သတိပေး​ခဲ့​သည်။—မဿဲ ၅:၁၆

ထုတ်လုပ်​အားကောင်း​သော ရိတ်သိမ်းသူများ​ဖြစ်လာ​နိုင်​ပုံ

နှစ်​နှင့်​ချီ​ပြီး ဂိလဒ်​ကျောင်း​နှင့် ရင်းနှီး​ခဲ့​သူ ရောဘတ် ဝေါ်​လဲ​န်​သည် အစီအစဉ်​၏​ပထမ​ဆုံး​ဟောပြောသူ​ဖြစ်သည်။ သူသည် “စာနာ​ရိုင်းပင်း​တတ်​မှု​၏ အလှ” ဟူ​သည့် အဓိက​အကြောင်းကို ဟောပြောပြီး “စာနာ​ရိုင်းပင်း​တတ်​မှု​သည် နားပင်း​သူများ​ပင် ကြား​နိုင်၊ မျက်စိကန်း​သူများ​ပင် မြင်နိုင်​သည့် ဘာသာ​စကား​ဖြစ်သည်” ဟု​သင်တန်းသား​များ​ကို ပြော​ခဲ့​သည်။ ယေရှုသည် သူ​တစ်​ထူး​၏​သောက​ကို ကောင်းစွာ​သိရှိခံစား​ပေး​တတ်​ပြီး လျော့ပါး​သက်သာ​စေရန် ကြိုးစား​ကူညီ​ပေး​ခဲ့​သည်။ (မဿဲ ၉:၃၆) သင်တန်းသား​များသည်​လည်း ဟောပြောခြင်း​လုပ်ငန်း​တွင်၊ အသင်းတော်တွင်၊ ခရစ်ယာန်​သာသနာပြု​အိမ်​တွင်၊ မိမိ​အိမ်ထောင်တွင် ထို​နည်းတူ လုပ်ဆောင်ရန် အခွင့်အရေး​များစွာ တွေ့ရှိ​လိမ့်​မည်။ ဟောပြောသူ​သည် သူတို့ကို ဤသို့​တိုက်တွန်း​ခဲ့​၏– “သူတစ်ပါး​အကျိုး သယ်ပိုး​နေတဲ့​အခါ သင့်​အသက်တာမှာ စာနာ​ရိုင်းပင်း​တတ်​မှု​ရဲ့​အလှ ပေါ်လွင်​နေပါ​စေ။ ခရစ်ယာန်​သာသနာပြု​အိမ်မှာ နေ့စဉ်​နေထိုင်​နိုင်​ဖို့ သင်တို့ရဲ့ အကောင်းဆုံး​အမူအကျင့်တွေ​က​သာ ဖြစ်စေ​နိုင်​မယ်။ ဒါ​ကြောင့် စာနာစိတ်​ကို ဝတ်ဆင်​ထား​ဖို့ သန္နိ​ဋ္ဌာန်​ချပါ။”—ကောလောသဲ ၃:၁၂

၎င်းနောက် အုပ်ချုပ်ရေးအဖွဲ့ဝင်​လည်း​ဖြစ် ၄၁ ကြိမ်​မြောက် ဂိလဒ်​ကျောင်း​မှ ကျောင်းဆင်း​တစ်ဦး​လည်း​ဖြစ်သူ ဂဲ​ရ​စ်တ် လော့​ရှ်​သည် “ကယ်တင်ခြင်း​သတင်း ကြေညာ​သူများ” အကြောင်း ဟောပြောခဲ့​သည်။ (ဟေရှာယ ၅၂:၇) လက်ရှိ​အစီအစဉ်​စနစ် ဖျက်ဆီး​ခံရ​ချိန်​တွင် ကပ်ကျော်​လို​သူများ​သည် သမ္မာကျမ်းစာ​မှ တိကျ​မှန်ကန်သော​အသိပညာကို ဆည်းပူး​၍ သူတို့၏​ယုံကြည်ချက်ကို လူထုရှေ့​ကြေညာ​ကာ နှစ်ခြင်း​ခံရ​ကြ​မည်​ဖြစ်သည်။ (ရောမ ၁၀:၁၀; ၂ တိမောသေ ၃:၁၅; ၁ ပေတရု ၃:၂၁) သို့သော် ကယ်တင်ခြင်း​အကြောင်း ကြေညာ​ရသည့် အဓိက​အကြောင်းရင်း​မှာ လူ​တို့ကို ကယ်တင်​ရန်​မဟုတ်ဘဲ ဘုရားသခင်​ကို ချီးမွမ်း​ရန်ဖြစ်​၏။ ထို့​ကြောင့် ညီအစ်ကို​လော့​ရှ်​က ခရစ်ယာန်​သာသနာပြု​လောင်း​များ​ကို ဤသို့​နှိုးဆော်​လိုက်​သည်– “ယေဟောဝါ​အား ချီးမွမ်းစရာ​ဖြစ်စေ​ရန် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို မြေကြီးစွန်း​တိုင်အောင် သယ်ဆောင်​သွားပါ၊ စိတ်အား​ထက်သန်​တဲ့ ကယ်တင်ခြင်း​ကြေညာ​သူများ​ဖြစ်​ကြ​ပါ။”—ရောမ ၁၀:၁၈

ဂိလဒ်​သင်တန်းပို့ချ​သူ လော​ရဲ​န့်စ် ဘို​ဝင်​န်​သည် “သင်တို့ မည်မျှ​တောက်ပ​သနည်း” ဟူ၍ မေးခွန်းထုတ်​ခဲ့​သည်။ သူသည် မဿဲ ၆:၂၂ တွင်​မှတ်တမ်း​တင်ထား​သည့် ယေရှု၏​စကား​များ​ကို ရည်ညွှန်း​၍ “ယေဟောဝါ​၏​ဘုန်းတော်​ကို ထင်ရှားစေ​ပြီး လူသားချင်း​များ​အတွက် အကျိုး​ရရှိစေ​သည့် ဝိညာဉ်​ရေး​အလင်း​ကို ရောင်ပြန်ဟပ်” နိုင်​ရန် မိမိတို့၏​မျက်စိ​ကို ရိုးရှင်း​စွာ​ထား​ရှိကြ​ဖို့ သင်တန်းသား​များ​အား အားပေးခဲ့​သည်။ ယေရှုသည် ခရစ်ယာန်​ဓမ္မ​အမှု​စ​ဆောင်ရွက်​ကတည်းက ဘုရားသခင်​၏​အလိုတော်​ဆောင်ခြင်း​အပေါ် အာရုံစိုက်​ခြင်း​ဖြင့် အလွန်​ကောင်းသော​စံနမူနာ​ချမှတ်​ခဲ့​၏။ ကောင်းကင်​တွင် ခမည်းတော် သွန်သင်​ပေး​ခဲ့​သည့် မွန်မြတ်​ရာ​များ​ကို တွေးတော​ဆင်ခြင်ခြင်း​ကြောင့် တောကန္တာရ​တွင် စာတန်​၏​စမ်းသပ်မှု​များ​ကို ယေရှု​ခံရပ်​နိုင်​ခဲ့​သည်။ (မဿဲ ၃:၁၆; ၄:၁-၁၁) ယေဟောဝါ​စေခိုင်း​ထား​ရာ​ကို ကိုယ်တော်​အပြီး​ဆောင်ရွက်​နိုင်​ရန် ဘုရားသခင်​အား လုံးလုံးလျားလျား ယုံကြည်​အားကိုးခဲ့​သည်။ ထို​နည်းတူ၊ ခရစ်ယာန်​သာသနာပြု​များသည်​လည်း ရှေ့တွင် စိန်ခေါ်ချက်​များ ရင်ဆိုင်​ကြ​ရမည်​ဖြစ်​ရာ ကျမ်းစာ​ကို ကောင်းစွာ​လေ့လာ​ပြီး ယေဟောဝါ​အပေါ် အပြည့်အဝ​ယုံကြည်​ကိုးစား​ကြ​ရမည်။

ဂိလဒ်​သင်တန်းပို့ချ​သူ​ဖြစ်​ပြီး ၇၇ ကြိမ်​မြောက် ဂိလဒ်​ကျောင်း​မှ​ကျောင်းဆင်း မာ့ခ် နူ​မဲ​ရ်​သည် ဤ​အခန်းဆက်​ဟောပြောချက်ကို “ကျွန်တော်​တို့သည် ကိုယ်တော်​လက်​တွင်​ရှိပါ၏” ဟူသော အဓိက​အကြောင်း​ဖြင့် နိဂုံး​ချုပ်​ခဲ့​သည်။ (ယောရှု ၉:၂၅) ရှေး​ဂိဗောင်​မြို့သား​များ​၏ စိတ်​သဘောထားကို တုပ​ကြ​ရန် သင်တန်းသား​များ​အား သူ​တိုက်တွန်း​ခဲ့​သည်။ ဂိဗောင်​မြို့​သည် “ကြီးစွာ​သော​မြို့၊ . . . မြို့သား​ယောက်ျား​အပေါင်းတို့သည် ခွန်အား​နှင့်​ပြည့်စုံ” သူများ​ဖြစ်​ကြသော်လည်း ဂိဗောင်​မြို့သား​များသည် မိမိတို့ကို ထင်ရှား​ပေါ်လွင်​စေရန် တောင်းဆိုခြင်း သို့​မဟုတ် မိမိတို့​တောင်းဆိုရာ​ကို​ပေး​ရန် မမျှော်လင့်​ခဲ့​ချေ။ (ယောရှု ၁၀:၂) သူတို့သည် ယေဟောဝါ​၏​ဝတ်ပြုရေးကို ထောက်ခံ​သည့်​အနေ​ဖြင့် လေဝိ​သားများ​၏​လက်အောက်​တွင် စိတ်လို​ကိုယ်​လျောက် “ထင်း​ခုတ်​၍ ရေခပ်” ပေး​ကြသည်။ (ယောရှု ၉:၂၇) သင်တန်းဆင်း​များသည် ယောရှု​ထက် သာ၍​ကြီးမြတ်သော ယေရှု​ခရစ်​အား “ကျွန်တော်​တို့သည် ကိုယ်တော်​လက်​တွင်​ရှိပါ၏” ဟု​တစ်နည်း​အားဖြင့်​ပြောဆို​ခဲ့​ကြပြီ။ ယခု သူတို့၏​တိုင်းတစ်ပါး​တာဝန်​များ​ကို စ​ထမ်းဆောင်​ကြ​သည့်​အခါ ယောရှု​ထက်​သာ၍​ကြီးမြတ်သူ စေခိုင်း​သမျှ​ကို လက်ခံဖို့​လို​၏။

တွေ့ကြုံမှု​များနှင့် လူတွေ့မေးမြန်းခန်း​များ

၆၁ ကြိမ်​မြောက် ဂိလဒ်​ကျောင်း​မှ​ကျောင်းဆင်း သင်တန်းပို့ချ​သူ ဝေါ​လ်​လေး​စ် လ​စ်ဗာ​ရန်​စ်​သည် “ကျမ်းစာ​အနက်​ကို​ဖွင့်ပြ​လော့” ဟူ​သည့်​အကြောင်းကို သင်တန်းသား​တို့​နှင့်အတူ ဆွေးနွေး​ခဲ့​သည်။ သင်တန်း​ကာလ​အတွင်း လယ်ကွင်း​ဓမ္မ​အမှု​တွင်​ပါဝင်ချိန်​၌ ရရှိခဲ့​သော တွေ့ကြုံမှု​များ​ကို ပြန်​ပြောပြ​ပြီး သရုပ်ပြ​ခဲ့​ကြ​၏။ သင်တန်း​ကာလ ငါး​လ​အတွင်း ကျမ်းစာ​ကို အားစိုက်​လေ့လာ​ခဲ့​ကြ​ရာ သူတို့​လှုံ့ဆော်ပေး​ခံ​ခဲ့​ကြ​ရ​၍ သင်ယူခဲ့ရာ​တို့ကို သူတစ်ပါး​အား ပြောပြ​လို​ကြောင်း ထင်ရှား​၏။ (လုကာ ၂၄:၃၂) သင်တန်း​ကာလ​ငါး​လ​အတွင်း သင်တန်းသား​တစ်ဦး​သည် သင်ယူခဲ့ရာ​တို့ကို သူ၏​ညီ​အရင်း​အား ပြောပြ​နိုင်​ခဲ့​သည်။ ယင်းကြောင့် သူ၏​ညီ​သည် ဒေသန္တရ​အသင်းတော်ကို ရှာဖွေပြီး ကျမ်းစာ​လေ့လာ​လို​ခဲ့​၏။ ယခု သူသည် နှစ်ခြင်း​မခံရ​သေး​သော ကြေညာသူ​အဖြစ် အရည်အချင်း​ပြည့်မီ​နေပြီ​ဖြစ်သည်။

ထို​တွေ့ကြုံမှု​များ ကြား​ရပြီး​နောက် ရ​စ်​ချာ့ဒ် အက်​ရှ်​နှင့် ဂျောန် ဂီ​ဘာ​ဒ်​တို့သည် ကင်းမျှော်စင်​ပညာပေး​ဌာန​တွင် အထူး လေ့ကျင့်မှု​ခံယူ​နေကြ​သော နယ်လှည့်​ကြီးကြပ်မှူး​များ​အပါအဝင် ယေဟောဝါ​၏ သက်တမ်းကြာ သစ္စာရှိ​ကျေးကျွန်​အချို့​ကို လူတွေ့မေးမြန်း​ခဲ့​သည်။ သူတို့သည် ဂိလဒ်​ကျောင်း အစောပိုင်း​သင်တန်း​များ​၏ ကျောင်းဆင်း​များ​ဖြစ်​ကြသည်။ သင်တန်း​ကာလ​အတွင်း ညီအစ်ကို​နောရ်​က ဤသို့​ပြောဆို​ခဲ့​ကြောင်းကို ညီအစ်ကို​တစ်ဦး သတိရ​သည်– “ဂိလဒ်​မှာ တော်​တော်​စာဖတ်​ကြ​ရလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်​ကိုယ်ကို​အထင်ကြီး​လာ​ကြ​မယ်​ဆိုရင် ကျွန်တော်​တို့​ရည်ရွယ်ချက် အောင်မြင်​မှာ​မဟုတ်ဘူး။ သင်တို့ကို သဘောထားကြီး​လာ​စေချင်တယ်။” နယ်လှည့်​ကြီးကြပ်မှူး​များ​က​လည်း လက်ရှိ​သင်တန်းသား​များ​အား လူတိုင်းကို​စိတ်ဝင်စား​ဖို့၊ အခြား​သူများကို ယေရှု​ဆက်ဆံ​သကဲ့သို့ ဆက်ဆံ​ဖို့၊ ပေးအပ်​ခံရ​သမျှ​တာဝန်​ကို စိတ်​နှိမ့်ချစွာ လက်ခံဖို့ အကြံပြု​ခဲ့​၏။ အဆိုပါ​အကြံပြုချက်ကို လိုက်နာ​ကျင့်သုံး​လျှင် ခရစ်ယာန်​သာသနာပြု​လောင်း​များသည် သူတို့​တာဝန်ကျ​ရာ​နေရာတွင် ထုတ်လုပ်​အားကောင်းသူ​များ​ဖြစ်​မည် သေချာ​သည်။

စိတ်အား​ထက်သန်​သော ရိတ်သိမ်းသူများ​အဖြစ် ထွက်သွား​ကြ!

ပရိသတ်​သည် အုပ်ချုပ်ရေးအဖွဲ့ဝင် နောက်​တစ်ဦး​ဖြစ်သူ စတီဗင် လက်​တ်​၏​အားပေးချက်​ကို ကြားနာ​ခွင့်​ရရှိခဲ့​ကြသည်။ သူသည် အစီအစဉ်​၏​အဓိက​ဟောပြောချက်​ဖြစ်သည့် “စိတ်အား​ထက်သန်​သော ရိတ်သိမ်းသူများ​အဖြစ် ထွက်သွား​ကြလော့!” အကြောင်းကို​ဟောခဲ့​သည်။ (မဿဲ ၉:၃၈) ပကတိ​ရိတ်သိမ်းခြင်း​တွင် စပါး​ရိတ်သိမ်းချိန်​သည် တိုတောင်း​၏။ ထို့​ကြောင့် ရိတ်သိမ်းသူများ​သည် ကြိုးစား​အားထုတ်​ကြ​ရ၏။ ဤ​အစီအစဉ်​စနစ်​၏​ဆုံးခန်း​တွင် ထိုသို့​ပြု​ရန် သာ၍​အရေးကြီး​လေ​စွ! ကြီးမားသော​ဝိညာဉ်​ရေး​ရိတ်သိမ်း​မှု​သည် သေရေးရှင်ရေး​နှင့်​သက်ဆိုင်​သည်။ (မဿဲ ၁၃:၃၉) ညီအစ်ကို​လက်​တ်​က နောက်နောင်​ပြန်​ဆောင်ရွက်​တော့​မည်​မဟုတ်သော ဤ​ရိတ်သိမ်းခြင်း​ကို “မ​ဖင့်​မ​နွှဲ​လုံ့လထုတ်” ဆောင်ရွက်လျက် “စိတ်​စေတနာ​ထက်သန်” စွာ ‘ယေဟောဝါ​၏​အစေ​တော်​ကို​ခံ​ကြ’ ဖို့ ကျောင်းဆင်း​များ​အား အားပေးခဲ့​သည်။ (ရောမ ၁၂:၁၁) ဟောပြောသူ​သည် ယေရှု၏​စကား​ကို ကိုးကား​ပြီး “စပါး​ရိတ်ခြင်း​အ​လို့​ငှာ လယ်​ပြင်​တို့သည် ယခု​ပင် ဝင်း​ဝင်း​ရှိသည်​ကို မျှော်၍​ကြည့်​ကြလော့” ဟု​ပြောဆို​၏။ (ယောဟန် ၄:၃၅) ထို့နောက် လူ​တို့ကို တွေ့ရှိ​နိုင်​မည့်​အချိန်​နှင့် နေရာတွင် သူတို့​ထံ အတတ်နိုင်ဆုံး​ကြိုးစား​သွားရောက်​ခြင်း​အားဖြင့်​ဖြစ်စေ၊ အလွတ်သဘော​သက်သေ​ခံရန် အခွင့်အရေး​ရ​သမျှ​ကို ရှာယူ​ခြင်း​အားဖြင့်​ဖြစ်စေ ရိတ်သိမ်းခြင်း​လုပ်ငန်း​တွင် စိတ်အား​ထက်သန်​စွာ​ပါဝင်​ကြ​ရန် ကျောင်းဆင်း​များ​အား တိုက်တွန်း​ခဲ့​သည်။ ထိရောက်​စွာ​သက်သေ​ခံနိုင်​ရန် အခွင့်အရေး​များ​ကို အမြဲ​ရှာယူပါ။ ယေဟောဝါ​သည် စိတ်အား​ထက်သန်​သော ဘုရားသခင်​ဖြစ်​ရာ ကျွန်ုပ်​တို့အားလုံး ကိုယ်တော့်​ကို တုပ​စေ​လို​၏၊ ဝိညာဉ်​ရေး​ရိတ်သိမ်းခြင်း​တွင် ကြိုးစား​အားထုတ်ပါ​ဝင်​စေ​လို​၏။—၄ ဓမ္မ​ရာဇဝင် ၁၉:၃၁; ယောဟန် ၅:၁၇

အစီအစဉ်​၏​နိဂုံးပိုင်း​တွင် သဘာပတိ​ညီအစ်ကို​ဂျဲရက်စ်​သည် ဌာနခွဲရုံး​အသီးသီး​မှ ပေး​ပို့​သော နှုတ်​ခွန်း​ဆက်​စကား​များ​ကို ဖတ်​ကြား​ပြီး ကျောင်းသား​များ​အား ဒီ​ပ​လို​မာ ပေးအပ်​ခဲ့​သည်။ ကျောင်းဆင်း​တစ်ဦး​သည် အတန်း​ကိုယ်စား မိမိတို့​ရရှိခဲ့​သည့် လေ့ကျင့်မှု​အတွက် အလွန်​ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​သည့်​စာ​ကို ဖတ်ပြ​၏။ ၁၁၆ ကြိမ်​မြောက် ကျောင်းဆင်း​အစီအစဉ်သည် တက်ရောက်သူ​အားလုံး​ကို စိတ်အား​ထက်သန်​သော ရိတ်သိမ်းသူများ​အဖြစ် ထွက်ခွာ​သွား​ကြ​ရန် တိုး၍​သန္နိ​ဋ္ဌာန်​ချ​စေ​ခဲ့​ကြောင်း ထင်ရှား​ပါ​သည်။

[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]

သင်တန်း​ဆိုင်ရာ​အချက်အလက်​များ

ကိုယ်စား​ပြု​နိုင်ငံ​အရေအတွက်– ၆

တာဝန်​ပေးအပ်​ခံရ​သည့် နိုင်ငံ​အရေအတွက်– ၂၀

ကျောင်းသား/သူ​အရေအတွက်– ၄၆

ပျမ်းမျှ​အသက်– ၃၄.၂

ပျမ်းမျှ​အမှန်တရား​သက်တမ်း– ၁၇.၂

ပျမ်းမျှ​အချိန်ပြည့် အမှုဆောင်​သက်တမ်း– ၁၃.၉

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​၏ ၁၁၆ ကြိမ်​မြောက်​သင်တန်း

အောက်ပါ​စာရင်း​တွင် အတန်း​များ​ကို ရှေ့တန်း​မှ နောက်​တန်း​သို့ ရေတွက်​ပြီး အမည်များ​ကို လက်ဝဲ​မှ လက်ယာဘက်​သို့ စီ​ထား​သည်။

(1) Ceansu, R.; Sparks, T.; Piñ​a, C.; Turner, P.; Cheney, L. (2) Suardy, M.; Sjö​qvist, Å.; Amadori, L.; Smith, N.; Jordan, A.; Boissonneault, L. (3) Matlock, J.; Ruiz, C.; Dular, L.; Vigneron, M.; Henry, K. (4) Sjö​qvist, H.; Laux, J.; Ruzzo, J.; Gustafsson, K.; Boissonneault, R.; Jordan, M. (5) Henry, D.; Turner, D.; Kirwin, S.; Florit, K.; Ceansu, S. (6) Amadori, S.; Cheney, J.; Ross, R.; Nelson, J.; Ruiz, J.; Vigneron, M. (7) Florit, J.; Matlock, D.; Ross, B.; Laux, C.; Ruzzo, T.; Dular, D.; Kirwin, N. (8) Gustafsson, A.; Nelson, D.; Suardy, W.; Piñ​a, M.; Smith, C.; Sparks, T.