မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှိရှိသမျှ အမွေအနှစ်တို့တွင် အဖိုးအထိုက်ဆုံး

ရှိရှိသမျှ အမွေအနှစ်တို့တွင် အဖိုးအထိုက်ဆုံး

ရှိရှိသမျှ အမွေအနှစ်တို့တွင် အဖိုး​အထိုက်ဆုံး

သက်ကြီးရွယ်အို​တမန်​တော်​ယောဟန်​သည် သူ့​ဘဝ​နိဂုံးပိုင်း​တွင် ဤသို့​ရေးသားခဲ့​သည်– “ငါ​၏​သားသမီးတို့​သည် [အမှန်]တရား၌​ကျင်လည်​သည်ကို ငါ​ကြား​၍​ဝမ်းမြောက်ခြင်း​ထက် သာ၍​ဝမ်းမြောက်ခြင်း​မရှိ။”—၃ ယောဟန် ၄

ဤ​တွင် တည်ကြည်သော​တမန်​တော်​သည် ဝိညာဉ်​ရေးသား​သမီးတော်​စပ်​သူများကို ရည်ညွှန်း​နေ​၏။ သို့သော် တမန်​တော်​၏​စကား​ကို သံယောင်လိုက်​မည့် မိဘ​များစွာ​ရှိပါ​မည်။ သူတို့သည် သားသမီး​များ​ကို “ယေဟောဝါ​၏ ပဲ့ပြင်​ဆုံးမခြင်း​နှင့် စိတ်သဘော​တော်​ဆိုင်ရာ စည်းမျဉ်း​ဥပဒေ​အရ” ကြိုးစား​ကျွေးမွေး​ပြုစု​ခဲ့​ကြ​ရာ ယခု အရွယ်ရောက်​နေသော သားသမီး​များသည် ‘အမှန်တရား၌​လျှောက်လှမ်း​နေ’ သည်ကို​မြင်တွေ့ရ​သဖြင့် ဝမ်းမြောက်​ကြ​ပေမည်။ (ဧဖက် ၆:၄) အမှန်​အားဖြင့် ထာဝရ​အသက်​လမ်းကို သားသမီး​များ​အား သင်ကြား​ပေးခြင်း​သည် အဖိုး​အထိုက်ဆုံး​အမွေအနှစ်​ပေးခြင်း​ဖြစ်သည်။ သို့​ဖြစ်​ရခြင်း​မှာ ယေဟောဝါ​အလိုတော်အတိုင်း အသက်ရှင်ခြင်း​ပါဝင်သော ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​သည် “ယခု​ဘဝ၊ နောင်​ဘဝ​နှင့်​စပ်ဆိုင်​သော ကတိတော်​ကို​ရ” ရှိစေ​သောကြောင့်​ဖြစ်၏။—၁ တိမောသေ ၄:၈

စုံလင်​တော်​မူ​သော​ခမည်းတော် ယေဟောဝါ​သည် ဝိညာဉ်​ရေး​ဘက် မိမိတို့​သားသမီး​များ​အား သွန်သင်ပေး​သော မိဘများ​ကို အလွန်​တန်ဖိုး​ထား​တော်​မူ​၏။ ထို​သွန်သင်မှု​ကို သားသမီး​များ လက်ခံ​လျှင် မိဘများနှင့်​အတူ စစ်မှန်သော​ဝတ်ပြုရေး​၌ ပါဝင်​ကြ​မည်​ဖြစ်​ရာ အလွန်​ပျော်ရွှင်​ကြ​ပေမည်။ ထို​ကလေးငယ်​များ အရွယ်ရောက်​လာ​ကြသောအခါ အဆိုပါ​အမှတ်တရ​ဖြစ်သည့် တွေ့ကြုံမှု​များ​ကို မမေ့​ဘဲ မှတ်ထား​ကြလိမ့်မည်။ အချို့​က သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း *တွင် ပထမဦးဆုံး​အကြိမ် ပါဝင်​ခဲ့​ချိန်​ကို ပြန်သတိရ​ကြသည်။ သို့​မဟုတ် တစ်အိမ်​မှ​တစ်အိမ်​ဓမ္မ​အမှု​တွင် မိဘ​တစ်ဦး၏​နံဘေး​၌​ရပ်​ပြီး ဦးဆုံး​အကြိမ် ကျမ်းချက်​ဖတ်ပြ​ခဲ့​ချိန်​ကို မှတ်မိ​ပေမည်။ ကျွန်ုပ်​၏​ကျမ်းစာ​ပုံပြင်​စာအုပ် သို့​မဟုတ် ကြီးမြတ်သော​ဆရာ့​စကား​ကို​နားထောင်ခြင်း *စာအုပ်​မှ မိဘများ​ဖတ်ပြ​သည်ကို သူတို့​မေ့​နိုင်​ပါ​မည်​လော။ ဂေ​ဘရီ​ယယ်လ် အလွန်​ကြိုက်​နှစ်သက်ခဲ့​သော​အရာ​ကို သူ​ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်တော်​လေးနှစ်​အရွယ်​ပဲ​ရှိတုန်းက အမေ​ဟာ ချက်ပြုတ်​နေရင်း နေ့တိုင်း သီချင်းဆို​ပြ​ခဲ့​တယ်။ ဘုရားသခင့်​နိုင်ငံတော်​သီချင်း​တစ်ပုဒ်​ကို ကျွန်တော်​အခုထိ​မှတ်မိ​တုန်း​ပဲ။ နောက်ပိုင်း​မှာ အဲဒီ​သီချင်း​က ယေဟောဝါ​ရဲ့​အမှုတော်​ဆောင်​ဖို့ အရေးကြီးတဲ့​အကြောင်း ကျွန်တော့်​ကို​သိစေတယ်။” ဂေ​ဘရီ​ယယ်လ် ရည်ညွှန်း​သည့် ရ​သ​မြောက်​သော ထို​သီချင်းကို အသင်​လည်း သတိရ​ပေမည်။ ယေဟောဝါ​အား​ချီးမွမ်း​ကျူးဧခြင်း​သီချင်း​စာအုပ်​မှ သီချင်း​နံပါတ် ၁၅၇ ဖြစ်​ပြီး ခေါင်းစဉ်​မှာ “လူငယ်​ဘဝတွင် ယေဟောဝါ​ကို​ဝတ်ပြု​ကိုးကွယ်​ကြ” ဖြစ်သည်။

သီချင်း​က ဤသို့​အစပြု​သည်– “ချီးမွမ်းဝတ် တစ်ချိန်​တွင်​ကလေး​များ​ပြု/သံ​ကုန်​လွှင့် ယေရှု​အား​ထောမနာပြု။” ယေရှု​နှင့် ခင်ခင်မင်မင်​ပေါင်းသင်း​ခွင့်​ရသော ကလေး​များ အမှန်တကယ်​ရှိခဲ့​ကြ​ပြီး သူတို့၏​ချစ်စရာ​ကောင်းသော၊ ပွင့်လင်း​သော​အပြု​အမူ​အပြောအဆို​တို့​က ကိုယ်တော်​အား ပျော်ရွှင်​စေ​ခဲ့​ပေမည်။ ယေရှုသည် ကလေး​သူငယ်​များ​၏ သင်ယူ​လို​စိတ်​ကို မိမိ၏​နောက်လိုက်​များ အတုယူ​စ​ရာ​နမူနာ​အဖြစ်ပင် အသုံးပြု​ခဲ့​သည်။ (မဿဲ ၁၈:၃၊ ၄) ထို့​ကြောင့် ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​ရေး​တွင် ကလေး​သူငယ်​များသည် သင့်တော်​လျောက်ပတ်​စွာ ပါဝင်​နိုင်​ကြသည်။ အမှန်​မှာ ထို​သီချင်း​၏​စာသား​က “မွေး​စ​ကလေး​ပင် ဂုဏ်တော်​ချီးကျူး​နိုင်” ဟု​ဆက်၍​ဆို​သည်။

ကလေး​သူငယ်​များစွာတို့သည် ပုံသက်သေ​ကောင်းသော အမူအကျင့်​အားဖြင့် သူတို့​အိမ်၊ သူတို့​ကျောင်း​နှင့် အခြား​နေရာများ​တွင် ဘုရားသခင်​နှင့် သူတို့၏​မိသားစုကို ဂုဏ်တင်​ခဲ့​ကြပြီ။ သူတို့သည် “တရား​မှန်​မြတ်နိုး ခရစ်ယာန်​မိဘများ” ရှိ​ထား​သည့်​အတွက် တကယ်​ကောင်းချီး​ရ​ကြ​၏။ (တရားဟောရာ ၆:၇) ဘုရားသခင်​ကို​ကြောက်ရွံ့​သော မိဘများသည် မိမိ၏​ဖန်ဆင်း​ခံ​များ လျှောက်​အပ်သော​လမ်းကို သွန်သင်ပေး​သည့် မေတ္တာရှင်​ခမည်းတော် ဘုရားသခင်​ဘက် ရပ်တည်​ကြသည်။ ထိုသို့​ပြုခြင်း​ကြောင့် ရရှိ​ထား​ကြသော ကောင်းချီး​သည် များပြား​လေ​စွ! သူတို့က​တစ်ဖန် သူတို့၏​မိသားစု​ရှိ ကလေး​သူငယ်​များ​ကို သွန်သင်ပေး​ကြ​ရာ “ပျော်ရွှင်​လှ ကလေး​များ နားထောင်​သော​ခါ” ပီတိ​ဖြစ်စရာ​ပင်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယေဟောဝါသက်သေ​များ​၏ မက္ကဆီကို​ဌာနခွဲရုံး​တွင် လောလောဆယ် အမှုထမ်း​နေသော အဲ​န်​ဂျလီ​ကာ​က ဤသို့​ဆို​သည်– “ကျွန်မ​ရဲ့​မိဘတွေဟာ ကျမ်းစာ​မူတွေကို လက်တွေ့​ကျင့်သုံး​ဖို့ အမြဲ​ကြိုးစား​ခဲ့​ကြတယ်။ အဲဒါ​ကြောင့် ကျွန်မ​ရဲ့​ကလေး​ဘဝဟာ တကယ်​သာယာ​ခဲ့​တာ။ ကျွန်မ​ပျော်​ခဲ့​ရတယ်။”

အဆိုပါ​ခရစ်ယာန်​များသည် သူတို့​ရရှိခဲ့​သော​ဝိညာဉ်​ရေး​အမွေအနှစ်​ကို ကောင်းစွာ​ထိန်းသိမ်း​ထိုက်​ကြောင်း သဘောတူ​ကြသည်။ အသင်​သည် စစ်မှန်သော​ခရစ်ယာန်​စံနှုန်း​များ​ကို တန်ဖိုး​ထား​သည့်​မိသားစုတွင် ကြီးပြင်း​လာသော လူငယ်​တစ်ဦး​ဖြစ်သည် ဆိုပါစို့။ ထိုသို့​ဖြစ်​လျှင် ထို​သီချင်း​က သင့်ကို “အို​သန့်ရှင်း​ကြ​လေ ခရစ်ယာန်​လူငယ်များ” ဟု​တိုက်တွန်း​ပါ​သည်။ ကိုယ်ပိုင်​ဆုံးဖြတ်ချက်​များ ချ​ရမည့်​အချိန် ရောက်လာ​လိမ့်​မည်​ဖြစ်သော​ကြောင့် ယခု “ငယ်ရွယ်စဉ်​ကြိုးစား ယေဟောဝါ​ကိုးစား/လူအများ​ကြိုက်​ဘယ်​ခါ လိုက်​မ​လုပ်​လေ” နှင့်။

အထင်မှား​ပြီး သင်၏​ဘဝတွင် လူအများ​ကြိုက်​လိုက်လုပ်​ခြင်း​ကို ဦးစား​ပေး​မည်​ဆိုလျှင် သင်​ရရှိ​ထားသော လေ့ကျင့်​သင်ကြားမှု​မှန်သမျှ အချည်းနှီး​ဖြစ်သွား​လိမ့်​မည်၊ သင်၏​အနာဂတ်​မျှော်လင့်ချက်များ​ကိုလည်း ပျက်ပြား​စေနိုင်​၏။ လူကြိုက်များ​သူ​ဖြစ်​လို​သော​စိတ်​သည် သင့်ကို သတိ​လက်လွတ်​ဖြစ်သွား​စေနိုင်​သည်။ လူငယ်​အချို့​ဆိုလျှင်၊ အန္တရာယ်ကင်း​ဟန်​ရှိပြီး လူရည်မွန်​ပင်​ဖြစ်ပုံရ​သော်လည်း ခရစ်ယာန်​စံနှုန်း​များ​ကို စိတ်မဝင်စား​သူတို့နှင့် ပေါင်းဖော်​လာ​ကြသည်။ “လူငယ်များ​အမေး—မိတ်ဆွေစစ်​မည်သို့ ဖွဲ့​နိုင်​မည်​နည်း​ဟူသော ဗီဒီယို​ခွေ​မှ အဓိက​ဇာတ်​ဆောင်​တစ်ဦး​ဖြစ်သူ တာ​ရာ​က ယင်းကို​သရုပ်​ဖော်ပြ​သည်။ စစ်မှန်သော​ဝတ်ပြုရေးကို တန်ဖိုး​မထား​သူတို့နှင့် ပေါင်းဖော်​သည့်၊ တာ​ရာ​နှင့်​တူသော မည်သည့်​ခရစ်ယာန်​လူငယ်​မဆို​သည် သီချင်း​တွင်​ဆို​သည့်​အတိုင်း “မကောင်း​ပေါင်းဖော် အကျင့် . . . ပျက်” စေ​ကြောင်း အနှေး​နှင့်​အမြန် သိလာ​ပါ​လိမ့်​မည်။ အမူအကျင့်ကောင်း​များ​ကို နှစ်ချီ၍ ကြိုးစား​ပြုစု​ပျိုးထောင်​ရ၏၊ သို့သော်လည်း အကျင့်ပျက်​ပြား​သွားဖို့​ကား လျင်မြန်​ပါ​သည်။

ဘုရားသခင်​အား​ကြောက်ရွံ့​သော အသက်တာ​လမ်းစဉ်​ပေါ် လိုက်လျှောက်ရန် အမှန်​မလွယ်ကူ​ပါ။ သို့သော် သီချင်း​တွင်​ဆက်ဆို​သည့်​အတိုင်း “ငယ်​စဉ်​ချိန် ဘုရားသခင်​သတိရ​အစဉ် /ထို​ခါ​ယေဟောဝါ ကြွင်းမဲ့​ဆည်းကပ်​လျှင်” စစ်မှန်သော​အောင်မြင်မှု​ရရှိဖို့ ခိုင်မာ​သော​အုတ်မြစ်ကို သင်​ချ​နိုင်​ပါ​လိမ့်​မည်။ ထို​အခါ သင်သည် “သက်​ရွယ်​ကြီးရင့်​လာ​ရာ ပို​၍​ပျော်ရွှင်” လိမ့်​မည်။ ယေဟောဝါ​၏​မေတ္တာပါ​သော စောင့်ရှောက်မှု​အောက် ကိုယ်တော်​၏​မျက်မှောက်တွင် မှန်ကန်​ရာ​ပြုလုပ်ခြင်း​ကို အဘယ်အရာကမျှ တားဆီး​နိုင်​မည် မဟုတ်​ကြောင်း သင်​ပိုမို​သိ​နားလည်​လာ​ပါ​လိမ့်​မည်။ ဤ​နည်း​အားဖြင့် အသင်​သည် ရင့်ကျက်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော လူ​လား​မြောက်​သူ ဖြစ်လာ​ပါ​လိမ့်​မည်။ ထို့​ထက်မက ခရစ်ယာန်​မွေးမြူ​ပဲ့ပြင်​မှု​ကို ပညာရှိ​စွာ သင်ယူခြင်း​သည် ‘ဘုရားသခင်​အား ဝမ်းမြောက်​စေ’ နိုင်​သည့်​အခွင့်ထူး ရရှိစေ​ပါ​သည်။ ထို့​ထက်သာ​လွန်​ကောင်းမွန်သော​အခွင့်ထူး ရှိ​နိုင်​ပါ​ဦး​မည်​လော!—သု. ၂၇:၁၁

သို့​ဖြစ်၍ လူငယ်တို့၊ ယေဟောဝါ​နှင့် သင်တို့၏ ခရစ်ယာန်​မိဘများ​ထံ​မှ​ရရှိသော လေ့ကျင့်​ပဲ့ပြင်​မှု​သည် အလွန်​အဖိုးထိုက်​ကြောင်း အစဉ်​သတိရပါ။ သူတို့၏​ကြီးမားသော​မေတ္တာက ယေဟောဝါ​နှစ်သက်ရာကို ပြုလုပ်​ရန် သင့်ကို စေ့ဆော်​ပေး​ပါ​လေ​စေ။ ယေရှု​ခရစ်တော်​နှင့် တည်ကြည်သော​လူငယ်​တိမောသေ​ကဲ့သို့ အသင်​သည် ကောင်းကင်​ခမည်းတော်​နှင့် မြေကြီးပေါ်​ရှိ သင်၏​မိဘများ​ကို စိတ်​ရွှင်လန်း​စေပါ​လိမ့်​မည်။ အသင်​ကိုယ်တိုင် မိဘ​တစ်ဦး​ဖြစ်လာ​မည်​ဆိုလျှင် အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​၍ ဤသို့​ပြောဆို​ခဲ့​သော အဲ​န်​ဂျလီ​ကာ​နှင့် သင်​သဘောတူ​ကောင်း တူ​ပါ​လိမ့်​မည်– “ကျွန်မ​ကလေး​ရှိခဲ့​မယ်​ဆိုရင် နို့စို့အရွယ်​ကတည်းက သူ့​နှလုံး​ထဲမှာ ယေဟောဝါ​ကို​ချစ်​မြတ်နိုး​စိတ်​ရှိဖို့၊ အဲဒီ​မေတ္တာကို သူ့​ဘဝ​မီးအိမ်​ဖြစ်စေ​ဖို့ ကြိုးစား​သွန်သင်ပေး​မယ်။” မှန်ပါသည်၊ ထာဝရ​အသက်​သို့​ပို့ဆောင်သော လမ်းမှန်​သည် ရှိရှိသမျှ​အမွေအနှစ်တို့တွင် ဧကန်​အမှန် အဖိုး​အထိုက်ဆုံး​ပင်!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ​တွင် ကျင်းပ​သည့် ဤ သမ္မာကျမ်းစာ​ပညာပေး​အစီအစဉ်ကို လူကြီးလူငယ်​မရွေး တက်ရောက်​နိုင်၏။

^ အပိုဒ်၊ 4 ဖော်ပြ​ထားသော​စာပေ​စာတမ်း​များ​ကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။