ရှေးဦးနှစ်ခြင်းခရစ်ယာန်တို့ကား မည်သူတို့နည်း
ရှေးဦးနှစ်ခြင်းခရစ်ယာန်တို့ကား မည်သူတို့နည်း
ဂျာမနီနိုင်ငံ၊ ဝက်စ်ဖာလီယာပြည်နယ်၊ မူန်စတာမြို့လယ်ခေါင်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာသော ဧည့်သည်များသည် ချာ့ခ်ျမျှော်စင်တွင် ချိတ်ဆွဲထားသည့် သံလှောင်အိမ်သုံးလုံးကို အမြဲလိုလိုပင် ငေးမောကြည့်ရှုတတ်ကြသည်။ ကြိုးကြားကြိုးကြားဖြုတ်ထားသည့် အချိန်တိုများမှလွဲ၍ ဤလှောင်အိမ်များ ထိုတွင်ရှိနေသည်မှာ နှစ်ပေါင်း ၅၀၀ နီးပါးရှိပြီ။ မူလက ၎င်းတို့တွင် လူထုရှေ့ နှိပ်စက်ကွပ်မျက်ခံခဲ့ရသော အမျိုးသားသုံးဦး၏အလောင်းများကို တွေ့ရှိရသည်။ ထိုသူတို့သည် ရှေးဦးနှစ်ခြင်းခရစ်ယာန်များဖြစ်ကြပြီး ၎င်းလှောင်အိမ်များမှာ သူတို့နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များဖြစ်၏။
ရှေးဦးနှစ်ခြင်းခရစ်ယာန်တို့ကား မည်သူတို့နည်း။ ထိုအဖွဲ့သည် မည်သို့အစပြုခဲ့သနည်း။ ၎င်း၏အဓိကသွန်သင်ချက်များကား အဘယ်နည်း။ ထိုသူတို့သည် အဘယ်ကြောင့် ကွပ်မျက်ခံခဲ့ရသနည်း။ ထိုလှောင်အိမ်သုံးလုံးသည် နိုင်ငံတစ်ခုနှင့် အဘယ်ဆက်စပ်မှုရှိသနည်း။
ချာ့ခ်ျကို ပြုပြင်ပြောင်းလဲ—သို့သော် မည်သို့နည်း
၁၅ ရာစုနှစ်ကုန်ပိုင်းနှင့် ၁၆ ရာစုနှစ်ဆန်းပိုင်းစပ်ကြား ရိုမန်ကက်သလစ်ချာ့ခ်ျနှင့် ဓမ္မဆရာများကို ပြစ်တင်ဝေဖန်မှု တိုးများလာခဲ့သည်။ ချာ့ခ်ျအတွင်း အကျင့်ပျက်ပြားမှု စိမ့်ဝင်ပျံ့နှံ့လျက်ရှိရာ အကြီးအကျယ်ပြောင်းလဲမှုများ ပြုလုပ်ဖို့လိုသည်ဟု လူအများက ယူဆခဲ့ကြ၏။ ၁၅၁၇ ခုနှစ်တွင် မာတင်လူသာသည် ပြုပြင်ပြောင်းလဲရန် လူအများရှေ့ တောင်းဆိုခဲ့ရာ ထိုဝေဖန်မှုတွင် အခြားသူများလည်း ပါဝင်လာကြသောအခါ မကြာမီ ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေး စတင်လေတော့သည်။
သို့သော် ပြုပြင်ရေးသမားများတွင် အဘယ်အရာပြုလုပ်အပ်သည်၊ အဘယ်အတိုင်းအတာအထိ ပြောင်းလဲအပ်သည်ဟူသော အစီအစဉ် တစ်သမတ်တည်းမရှိကြချေ။ ဝတ်ပြုရေးကိစ္စများကို သမ္မာကျမ်းစာနှင့်အညီ ဆောင်ရွက်ဖို့လိုသည်ဟု လူအများက ဝန်ခံကြသည်။ သို့သော်လည်း ပြုပြင်ရေးသမားများသည် သမ္မာကျမ်းစာသွန်သင်ချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့်ပတ်သက်၍ သဘောမတူနိုင်ကြပေ။ သို့ဖြစ်၍ ပြုပြင်ပြောင်းလဲရေး၏တိုးတက်မှုသည် အလွန်နှေးလှသည်ဟု အချို့က ယူဆကြသည်။ အဆိုပါပြုပြင်ရေးသမားများကြားတွင် ရှေးဦးနှစ်ခြင်းခရစ်ယာန်အုပ်စု ပေါ်ထွက်လာ၏။
ဟာန်စ်-ယူရ်ဂါန် ဂွတ်စ်က “အမှန်ဆိုရသော် နှစ်ခြင်းခရစ်ယာန်အဖွဲ့တစ်ဖွဲ့တည်းရှိသည်မဟုတ်၊ များစွာရှိသည်” ဟုသူ၏ ဒီ ထွေဖာ—ဂရှီခ်တာ အွံ့ ဒွေတွန် စာအုပ်တွင် ရေးသားခဲ့သည်။ ဥပမာ၊ ၁၅၂၁ ခုနှစ်တွင် ဇွီစ်ကောင်ပရောဖက်များဟု လူသိများသော အမျိုးသားလေးဦးသည် ဗစ်တန်ဘဲဂ်မြို့တွင် ရှေးဦးနှစ်ခြင်းခရစ်ယာန်သွန်သင်ချက်များကို ဟောပြောခြင်းကြောင့် ဆူပူလှုပ်ရှားမှုဖြစ်ပေါ်လာခဲ့သည်။ ထို့ပြင် ၁၅၂၅ ခုနှစ်တွင် ဆွစ်ဇလန်နိုင်ငံ၊ ဇူရစ်ခ်မြို့တွင် ရှေးဦးနှစ်ခြင်းခရစ်ယာန် နောက်တစ်ဖွဲ့ပေါ်လာ၏။ ထို့ပြင် ယခု ချက်ပြည်သူ့သမ္မတနိုင်ငံဟုခေါ်သော မိုရေဗီယာနှင့် နယ်သာလန်နိုင်ငံတို့တွင်လည်း ရှေးဦးနှစ်ခြင်းခရစ်ယာန်ရပ်ကွက်များ စတင်တည်ရှိလာသည်။
နှစ်ခြင်း—ကလေးများအတွက်လော၊ လူကြီးများအတွက်လော
ရှေးဦးနှစ်ခြင်းခရစ်ယာန်ရပ်ကွက်များသည် အများအားဖြင့် သေးငယ်ပြီး အသင်းသားများသည် ယေဘုယျအားဖြင့် အေးချမ်းစွာ နေထိုင်တတ်ကြသည်။ ထိုနောက်လိုက်များသည် သူတို့၏ယုံကြည်ချက်များကို လျှို့ဝှက်မထားကြချေ၊ အခြားသူများကို ဟောပြောလေ့ရှိကြသည်။ ၁၅၂၇ ခုနှစ်၌ ရှေးဦးနှစ်ခြင်းခရစ်ယာန် ယုံကြည်ခြင်း၏ အခြေခံမူများကို ရှလိုက်ဟိုက်မ်အယူဝါဒတွင် ထည့်သွင်းဖော်ပြထားသည်။ သူတို့သည် အခြားအရာများအပြင် စစ်မှုထမ်းခြင်းကို ငြင်းပယ်ပြီး လောကနှင့်သီးခြားနေကာ အပြစ်ပြုကျင့်သူများကို အသင်းတော်မှနှင်ထုတ်ကြ၏။ အခြားအရာများထက် နှစ်ခြင်းသည် လူကြီးများအတွက်သာဖြစ်ပြီး ကလေးများအတွက်မဟုတ်ကြောင်း သူတို့၏ယုံကြည်ချက်ကို အခိုင်အမာစွဲကိုင်ထားခြင်းက ရှေးဦးနှစ်ခြင်းခရစ်ယာန်များကို တခြားဘာသာတရားများနှင့် သိသိသာသာခြားနားစေသည်။ *
လူကြီးများကို နှစ်ခြင်းပေးခြင်းသည် ဘာသာရေးအယူဝါဒမျှသာမဟုတ်ဘဲ ဩဇာအာဏာရှိခြင်းဖြစ်လာ၏။ အရွယ်ရောက်မှ နှစ်ခြင်းခံမည်၊ ယုံကြည်ခြင်းအပေါ်မူတည်ပြီး ဆုံးဖြတ်ပြုလုပ်မည်ဆိုလျှင် အချို့သည် ဘယ်တော့မှ နှစ်ခြင်းခံတော့မည်မဟုတ်ချေ။ နှစ်ခြင်းမခံရသေးသူများသည် အနည်းဆုံးအတိုင်းအတာတစ်ခုအထိ ချာ့ခ်ျ၏ချုပ်ကိုင်မှုအောက်တွင် မရှိကြချေ။ အချို့ချာ့ခ်ျများအတွက် လူကြီးကို နှစ်ခြင်းပေးခြင်းသည် ဩဇာအာဏာလျော့နည်းစေ၏။
ထို့ကြောင့် ကက်သလစ်နှင့် လူသာရဲန်အဖွဲ့တို့သည် လူကြီးအား နှစ်ခြင်းပေးခြင်းကို ကန့်ကွက်လိုကြသည်။ ၁၅၂၉ ခုနှစ်နှောင်းပိုင်း၌ အနည်းဆုံးဒေသအချို့တွင် လူကြီးကိုနှစ်ခြင်းပေးသူများ သို့မဟုတ် ကြီးလာမှ နှစ်ခြင်းခံသူများသည် သေဒဏ်ခံရဖွယ်ရှိသည်။ ရှေးဦးနှစ်ခြင်းခရစ်ယာန်များသည် “ဂျာမန်လူမျိုးပိုင် ခရစ်ယာန်သာသနာစောင့်ရောမအင်ပါယာတစ်ခွင်တွင် ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်” ဟုသတင်းစာဆရာ သောမတ်စ် ဇိုင်ဖာတ်က ဆို၏။ နှိပ်စက်ညှဉ်းပန်းမှုသည် မူန်စတာမြို့တွင် အထွတ်အထိပ်တိုင်ခဲ့သည်။
အလယ်ခေတ်မူန်စတာ ပြောင်းလဲရန် ကြိုးစား
အလယ်ခေတ်မူန်စတာမြို့တွင် လူဦးရေ ၁၀,၀၀၀ ခန့်ရှိပြီး ယင်းမြို့ကို အကျယ်ပေ ၃၀၀ ခန့်နှင့် အဝန်း ၃ မိုင်ခန့်ရှိသည့် မဖြိုဖျက်နိုင်သော ခံစစ်အဆောက်အအုံများ ဝိုင်းရံထားသည်။ သို့သော် မြို့တွင်းအခြေအနေသည် ၎င်း၏ခံစစ်အဆောက်အအုံများလောက် မခိုင်မာချေ။ မူန်စတာမြို့တော်ပြတိုက်က ထုတ်ဝေသော ရှေးဦးနှစ်ခြင်းခရစ်ယာန်နိုင်ငံတော်စာအုပ်တွင် “မြို့ပြစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကုန်သည်များအသင်းတို့သည် နိုင်ငံရေးအငြင်းပွားမှုများ ဖြစ်ပျက်နေကြသည်” ဟုဖော်ပြ၏။ ထို့ပြင် မြို့သားများကလည်း ခရစ်ယာန်ဓမ္မဆရာများ၏အပြုအမူကို မခံမရပ်နိုင်အောင် အမျက်ထွက်ခဲ့ကြသည်။ မူန်စတာမြို့သည် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးပြီး ၁၅၃၃ ခုနှစ်တွင် ကက်သလစ်မြို့အဖြစ်မှ လူသာရဲန်မြို့အဖြစ်သို့ ပြောင်းလဲခဲ့သည်။
မူန်စတာမြို့မှ အကျော်ကြားဆုံး ပြုပြင်ရေးတရားဟောဆရာတစ်ဦးမှာ ဗန်ဟာ့တ်ရော့သ်မာန်ဖြစ်ပြီး သူသည် ကမူးရှူးထိုးလုပ်ဆောင်တတ်သူဖြစ်၏။ ရော့သ်မာန်၏ “ရှုမြင်ချက်များသည် နှစ်ခြင်းခရစ်ယာန်များအတိုင်းဖြစ်ကြောင်း သိသာထင်ရှားလာပြီး သူနှင့်အတူ အခြားလုပ်ဖော်ဆောင်ဖက်များလည်း ကလေးငယ်များအား နှစ်ခြင်းပေးခြင်းကို ငြင်းပယ်ခဲ့ကြသည်” ဟုစာရေးဆရာဖရီဒရိခ် အိုနင်ဂါက ရှင်းပြသည်။ သူ၏အစွန်းရောက် ရှုမြင်ချက်များသည် အချို့သူများအတွက် တစ်ဖက်စောင်းနင်းဖြစ်သော်လည်း မူန်စတာမြို့ရှိ လူအများက သူ့ကိုထောက်ခံကြလေသည်။ “မူလအနေအထားကို ကြိုက်နှစ်သက်သူများသည် စိတ်မချမ်းမသာ၊ စိတ်တထင့်ထင့်ဖြင့် မြို့မှထွက်ခွာသွားကြသူ များသည်ထက်များလာလေသည်။ ရှေးဦးနှစ်ခြင်းခရစ်ယာန်များသည် မိမိတို့၏ရည်မှန်းချက်များ အောင်မြင်မည်ဟူသော မျှော်လင့်ချက်ဖြင့် အနယ်နယ်အရပ်ရပ်မှ မူန်စတာမြို့သို့ ရောက်ရှိလာကြသည်။” မူန်စတာမြို့တွင် ရှေးဦးနှစ်ခြင်းခရစ်ယာန်များ ဤသို့စုပြုံရောက်ရှိနေခြင်းကြောင့် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။
ယေရုရှလင်မြို့သစ် ပိတ်ဆို့တိုက်ခိုက်ခံရ
မူန်စတာမြို့သို့ လာရောက်နေထိုင်သူ ဒတ်ခ်ျလူမျိုးနှစ်ဦး—ဟာရ်လဲမ်မြို့မှ မုန့်ဖုတ်သမား ယာန် မာတီးစ်နှင့် လိုက်ဒင်ဂျွန်ဟု လူသိများလာသူ ယာန် ဗာကာလ်စောန်—တို့သည် ထိုတွင်ဖြစ်ပေါ်လာသော အဖြစ်အပျက်များ၏ အဓိကတရားခံများဖြစ်ကြ၏။ မာတီးစ်သည် သူ့ကိုယ်သူ ပရောဖက်တစ်ပါးဟုဆိုကာ ၁၅၃၄၊ ဧပြီလတွင် ခရစ်တော်ဒုတိယအကြိမ်ကြွလာမည်ဟု ကြေညာခဲ့သည်။ မူန်စတာမြို့သည် သမ္မာကျမ်းစာတွင် ဖော်ပြထားသော ယေရုရှလင်မြို့သစ်ဖြစ်သည်ဟု ကြေညာ၍ အပေါကလစ်စိတ်ထား ရှိနေကြ၏။ ဥစ္စာပစ္စည်းရှိသမျှကို အများပိုင်အဖြစ် ထားသင့်သည်ဟု ရော့သ်မာန် ဆုံးဖြတ်လိုက်လေသည်။ လူကြီးများက နှစ်ခြင်းခံမည်ဟု ဆုံးဖြတ်ကြရ၏၊ သို့မဟုတ်လျှင် မြို့တွင်းမှထွက်သွားကြရ၏။ နှစ်ခြင်းခံသူအများစုတွင် မိမိတို့၏အိုးအိမ်ကို မစွန့်လွှတ်လိုသူများ ပါဝင်သည်။
မူန်စတာမြို့သည် အင်အားအတောင့်ဆုံးဘာသာရေးနှင့် နိုင်ငံရေးအဖွဲ့ဖြစ်သော ရှေးဦးနှစ်ခြင်းခရစ်ယာန်များ၏ ပထမဦးဆုံးမြို့တော်ဖြစ်လာသောအခါ တခြားအုပ်စုများက ထိတ်လန့်တုန်လှုပ်စွာ စောင့်ကြည့်နေကြ၏။ ဒီ ထွေဖာ ဇု မူန်စတာ စာအုပ်အရ ယင်းကြောင့် “မူန်စတာမြို့သည် ဂျာမန်လူမျိုး၏ ခရစ်ယာန်သာသနာစောင့်ရောမအင်ပါယာတစ်ခွင်၏ မုန်းတီးမှုကို ခံခဲ့ရ၏” ဟုဆိုသည်။ ဒေသခံဂုဏ်အသရေရှိသူ မင်းသား-ဘိရှော့ မြို့စားဖရဲန်ဇ် ဗော့န် ဗာလ်ဒက်ခ်သည် မူန်စတာမြို့ကို ပိတ်ဆို့တိုက်ခိုက်ရန် စစ်တပ်တစ်တပ် စုရုံးလိုက်လေသည်။ ထိုစစ်တပ်ကို လူသာရဲန်များနှင့် ကက်သလစ်များဖြင့် ဖွဲ့စည်းထားသည်။ ယခင်က ပြုပြင်ပြောင်းလဲရေး၏တစ်ဖက်စီတွင် ရပ်တည်ခဲ့ကြသော အဆိုပါခရစ်ယာန်ဘာသာတရားနှစ်ခုသည် မကြာမီ ပူးပေါင်းကာ အနှစ်သုံးဆယ်စစ်ပွဲတွင် ရှေးဦးနှစ်ခြင်းခရစ်ယာန်များကို တိုက်ခိုက်လေတော့သည်။
ရှေးဦးနှစ်ခြင်းခရစ်ယာန်နိုင်ငံ ပျက်စီးခြင်း
ဝိုင်းရံပိတ်ဆို့ထားသော တပ်အင်အားသည် မြို့တွင်း၌ အကာအကွယ်ရရှိသူများကို မခြောက်လှန့်နိုင်ခဲ့ပါ။ ခရစ်တော် ဒုတိယအကြိမ် ကြွလာမည်ဟု ယူမှတ်ထားသော ၁၅၃၄၊ ဧပြီလတွင် မာတီးစ်သည် ဘုရားသခင်ကာကွယ်ပေးမည်ဟူသော မျှော်လင့်ချက်ဖြင့် မြင်းဖြူစီး၍ မြို့ပြင်သို့ ထွက်သွားလေသည်။ ဝိုင်းရံထားသောစစ်သားများသည် မာတီးစ်ကို အပိုင်းပိုင်းဖြတ်၍ သူ၏ခေါင်းကို သစ်တိုင်ပေါ်တွင် ချိတ်ဆွဲထားသည်ကို မြို့ရိုးပေါ်မှ မာတီးစ်၏ဘက်တော်သားများ မြင်တွေ့လိုက်ရသည့်အခါ သူတို့၏ကြောက်ရွံ့ထိတ်လန့်မှုကို မြင်ယောင်ကြည့်လိုက်ပါ။
ထိုအခါ လိုက်ဒင်ဂျွန်သည် မာတီးစ်၏အရိုက်အရာကို ဆက်ခံကာ မူန်စတာမြို့တွင် ရှေးဦးနှစ်ခြင်းခရစ်ယာန်များ၏ ဘုရင်ယာန်ဟု အမည်ခံယူလိုက်လေသည်။ ထိုမြို့တွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ပိုများနေသောကြောင့် ညီမျှသွားစေလို၍ မိန်းမယူနိုင်သလောက်ယူရန် အမျိုးသားများကို အားပေးခဲ့သည်။ မူန်စတာမြို့ရှိ ရှေးဦးနှစ်ခြင်းခရစ်ယာန်နိုင်ငံအတွင်း အစွန်းရောက်မှုတို့ကို ဖော်ပြရလျှင် သူ့သားအိမ်ရာပြစ်မှားခြင်းနှင့် မတရားမေထုန်ပြုခြင်းတို့ကို သေဒဏ်ပေးသော်လည်း မယားအများယူခြင်းကိုမူ ခွင့်ပြု၍ အားပေးအားမြှောက်ပြုခဲ့၏။ ဘုရင်ယာန်ကိုယ်တိုင် မယား ၁၆ ယောက်ယူခဲ့သည်။ သူ၏မယားထဲမှတစ်ဦးဖြစ်သူ အဲလစ်ဇာဗက်သ် ဗာန်ရှယ်ရာသည် မြို့တွင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုသောအခါ လူအများရှေ့တွင် ခေါင်းဖြတ်သတ်ခံခဲ့ရ၏။
၁၅၃၅၊ ဇွန်လအထိ ၁၄ လတိုင် ဝိုင်းရံပိတ်ဆို့ခံရသော ထိုမြို့သည် နောက်ဆုံးတွင် ကျဆုံးလေသည်။ ဒုတိယကမ္ဘာစစ်၌ တွေ့မြင်ခဲ့ရသည့် ထပ်မံပျက်စီးခြင်းမျိုးဖြင့် မူန်စတာမြို့ ပျက်စီးသွားခဲ့သည်။ ရော့သ်မာန်သည် ထွက်ပြေး၍ လွတ်မြောက်သွားသော်လည်း ဘုရင်ယာန်နှင့် ရှေးဦးနှစ်ခြင်းခရစ်ယာန်များကို ဦးဆောင်သော အခြားနှစ်ဦးတို့ကို ဖမ်းဆီးညှဉ်းဆဲပြီး ကွပ်မျက်လိုက်လေသည်။ သူတို့၏ရုပ်အလောင်းများကို လှောင်အိမ်များတွင်ထည့်၍ စိန့်လမ်ဘတ်ချာ့ခ်ျ၏မျှော်စင်တွင် ချိတ်ဆွဲထားကြလေသည်။ ထိုသို့ချိတ်ဆွဲထားရခြင်းမှာ “အနှောင့်အယှက်ပေးမည့် နောင်လာနောင်သားအားလုံးကို ကြောက်မက်ဖွယ်သတိပေးချက်အနေနှင့်ဖြစ်သည်” ဟုဇိုင်ဖာတ်က ရှင်းပြသည်။ မှန်ပါသည်၊ နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းသည် ကြောက်မက်ဖွယ်ဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့၏။
တခြားရှေးဦးနှစ်ခြင်းခရစ်ယာန်အဖွဲ့များကော မည်သို့ဖြစ်ပျက်သွားသနည်း။ ဥရောပတစ်ခွင် နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပေါ်ခဲ့သည်။ ရှေးဦးနှစ်ခြင်းခရစ်ယာန်အများစုသည် စစ်ဆန့်ကျင်ရေးမူများကို ဆက်စွဲကိုင်ထားကြသော်လည်း လူနည်းစုမှာမူ စစ်မက်လိုလားခဲ့ကြ၏။ အတန်ကြာသော် ဓမ္မဆရာဟောင်း မဲန်အိုဆိုင်မွန်သည် ရှေးဦးနှစ်ခြင်းခရစ်ယာန်များ၏ ခေါင်းဆောင်ဖြစ်လာပြီး နောက်ဆုံးတွင် ဤအုပ်စုကို မဲန္နနိုက်အမည်ဖြင့်လည်းကောင်း၊ တခြားအမည်များဖြင့်လည်းကောင်း လူသိများလာလေသည်။
လှောင်အိမ်သုံးလုံး
ရှေးဦးနှစ်ခြင်းခရစ်ယာန်များသည် အဓိကအားဖြင့် သမ္မာကျမ်းစာမူများကို ကြိုးစားစွဲကိုင်ခဲ့သော ခရစ်ယာန်ဘာသာရေးသမားများဖြစ်ကြ၏။ သို့သော် မူန်စတာမြို့ရှိ ပြုပြင်ရေးသမားများသည် ရှေးဦးနှစ်ခြင်းခရစ်ယာန်များ စွဲကိုင်ထားသော ထိုမူများကို စွန့်လွှတ်ကာ နိုင်ငံရေးတွင် ပါဝင်စေခဲ့သည်။ ထိုသို့ဖြစ်သောအခါ ၎င်းအဖွဲ့သည် တော်လှန်ရေးတပ်အင်အားအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ယင်းက ရှေးဦးနှစ်ခြင်းခရစ်ယာန်အဖွဲ့နှင့် အလယ်ခေတ်မူန်စတာမြို့တို့ကို ပျက်စီးကိန်း ဆိုက်ရောက်စေခဲ့၏။
ထိုမြို့လယ်ခေါင်သို့ အလည်ရောက်ရှိလာသော ဧည့်သည်များသည် လွန်ခဲ့သည့်အနှစ် ၅၀၀ နီးပါးက အဆိုပါကြောက်မက်ဖွယ်အဖြစ်အပျက်များကို အမှတ်ရနေဆဲပင်။ မည်သို့အားဖြင့်နည်း။ ချာ့ခ်ျမျှော်စင်ပေါ်တွင် ချိတ်ဆွဲထားသော သံလှောင်အိမ်သုံးလုံးအားဖြင့်ဖြစ်သည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 ဤဆောင်းပါးသည် ကလေးများအား နှစ်ခြင်းပေးသင့်၊ မသင့် ဆွေးနွေးတင်ပြနေခြင်းမဟုတ်ပါ။ ဤအကြောင်းကို အသေးစိတ်သိလိုလျှင် ၁၉၈၆၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင်ပါရှိသည့် “ကလေးငယ်များကို နှစ်ခြင်းပေးသင့်သလော” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဘုရင်ယာန်ကို နှိပ်စက်ကွပ်မျက်ကာ စိန့်လမ်ဘတ်ချာ့ခ်ျ၏မျှော်စင်တွင် ချိတ်ဆွဲထားခဲ့