မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့် ဆုတောင်းချက်များ ထူးခြားစေနိုင်သလော

သင့် ဆုတောင်းချက်များ ထူးခြားစေနိုင်သလော

သင့် ဆုတောင်းချက်​များ ထူးခြား​စေနိုင်​သလော

လူ​မထိန်းချုပ်​နိုင်သော အရေးပေါ်​အခြေအနေ​မျိုး မကြုံဖူး​သူ မည်သူ​ရှိ​သနည်း။ ဆုတောင်းခြင်း​သည် ထိုသို့​သော​အကျပ်အတည်း​များ​ကို ပြုပြင်​ပြောင်းလဲ​နိုင်​ကြောင်း တမန်​တော်​ပေါလု သိရှိ​ခဲ့​သည်​ဟု သမ္မာကျမ်းစာ​ဖော်ပြ​သည်။

ပေါလု​သည် ရောမမြို့​တွင် မတရား​သဖြင့် အကျဉ်း​ချ​ခံရသော​အခါ သူ့​အတွက်​ဆုတောင်းပေး​ဖို့ ယုံကြည်သူချင်း​များ​ကို တောင်းဆို​ခဲ့​ပြီး​နောက် ဤသို့​ထပ်လောင်း​ပြောကြား​သည်– “ငါသည် သင်တို့​ရှိရာသို့ အလျင်အမြန်​ပြန်​ရသော​အခွင့်​ရှိစေ​ခြင်း​ငှာ၊ ငါ​တို့​အဖို့​ဆုတောင်း​မည်​အကြောင်း ငါသည် သာ၍​နှိုးဆော်​တောင်းပန်​၏။” (ဟေဗြဲ ၁၃:၁၈၊ ၁၉) အခြား​တစ်ကြိမ်​တွင် ပေါလု​သည် အကျဉ်းထောင်​မှ​လွတ်မြောက်​ဖို့ သူ၏​ဆုတောင်းချက်​များ​ကို ဘုရားသခင်​ဖြေကြား​ပေး​မည်​ဟု စိတ်ချကြောင်း​ဖော်ပြ​ခဲ့​သည်။ (ဖိလေမုန် ၂၂) မကြာမီ ပေါလု​သည် အကျဉ်းထောင်​မှ​လွတ်မြောက်​လာပြီး ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကို ပြန်​လုပ်ဆောင်​နိုင်​ခဲ့​သည်။

သို့သော် ဆုတောင်းခြင်း​သည် သင်၏​ပြဿနာ​များ​ကို အမှန်တကယ် ထူးခြား​စေနိုင်​သလော။ ထူးခြား​စေနိုင်​ပေမည်။ သို့သော် ဆုတောင်းခြင်း​သည် ဝတ်ပြုရေး​လုပ်ထုံး​လုပ်​နည်း တစ်ခု​မျှ​မဟုတ်​ကြောင်း သတိရပါ။ ယင်းသည် မေတ္တာရှင်၊ တန်ခိုး​ကြီးမားသော ကောင်းကင်​ခမည်းတော်​နှင့် အမှန်တကယ်​ဆက်သွယ်​နေခြင်း​ဖြစ်သည်။ ထို့​ကြောင့် မတွန့်မဆုတ် သတ်သတ်မှတ်မှတ် ဆုတောင်း​သင့်​သည်၊ သို့သော် ဆုတောင်း​ပြီး​နောက် ယေဟောဝါ​မည်သို့​တုံ့ပြန်​မည်​ကို စိတ်ရှည်​စွာ စောင့်ကြည့်​ပါ။

ဘုရားသခင်​သည် ဆုတောင်းချက်​တိုင်း​ကို တိုက်ရိုက်​ဖြေကြား​ပေး​မည်​မဟုတ်သကဲ့သို့ ကျွန်ုပ်​တို့​မျှော်လင့်သည့်​ပုံစံ၊ မျှော်လင့်သည့်​အချိန်၌ အမြဲ​ဖြေဆို​ပေး​မည်​မဟုတ်ပါ။ သာဓက​အနေ​နှင့် ပေါလု​သည် သူ့ “ကိုယ်​၌​စူးသော​ဆူး” နှင့်​ပတ်သက်​၍ အထပ်ထပ်​ဆုတောင်း​ခဲ့​သည်။ ပေါလု​၏​ပြဿနာ​သည် မည်သို့​ပင်​ဖြစ်စေ ဘုရားသခင် မဖယ်ရှား​ပေး​ခဲ့​ချေ၊ သို့သော် “ငါ့​ကျေးဇူး​သည် သင့်​အဖို့​လောက်​ပေ​၏။ ငါ့​တန်ခိုး​သည် အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်​သည်” ဟု ပေါလု​ကို ကိုယ်တော် အားပေး​နှစ်သိမ့်​ခဲ့​သည်။—၂ ကောရိန္သု ၁၂:၇-၉

ဘုရားသခင်​သည် ပြဿနာ​တစ်ခု​ကို မဖယ်ရှား​ပေး​သည့်​တိုင် “[ကျွန်ုပ်] တို့သည် ခံနိုင်​မည်​အကြောင်း . . . ထွက်မြောက်​သော​လမ်းကို . . . စီရင်​ပြုပြင်” ပေး​နိုင်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ (၁ ကောရိန္သု ၁၀:၁၃) ဘုရားသခင်​သည် လူ့​ဆင်းရဲ​ဝေဒနာ​ဟူ​သမျှ​ကို မကြာမီ ဖယ်ရှားပစ်​တော့​မည်။ ဤ​အချိန်​အတောအတွင်း ‘ဆုတောင်းခြင်း​ကို နားညောင်း​တော်​မူ​သော​အရှင်’ အား မှီခို​အားထားခြင်းက ထူးခြား​စေနိုင်​ပါ​သည်။—ဆာလံ ၆၅:၂