မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ

သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ

သင်၏​အသက်ဆု​ကျေးဇူး​ကို မှန်ကန်​စွာ​တန်ဖိုး​ထား​ပါ

“ခရစ်တော်​၏​အသွေး​သည် သေခြင်းနှင့်​စပ်ဆိုင်​သော​အကျင့်ကို​ပယ်ရှင်း​၍ သင်တို့သည် အသက်ရှင်​တော်​မူ​သော ဘုရားသခင်​ကို ဝတ်ပြု​မည်​အကြောင်း သင်တို့၌ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို စင်ကြယ်​စေ [တော်​မူ​မည်]။”—ဟေဗြဲ ၉:၁၄

၁။ အသက်ကို ကျွန်ုပ်​တို့​အလွန်​တန်ဖိုး​ထား​ကြောင်း အဘယ်​သာဓက​ရှိ​သနည်း။

အသက်ကို သင်​မည်မျှ​တန်ဖိုး​ထား​ကြောင်း အမေး​ခံရ​ပါ​က မည်သို့​ဖြေဆို​မည်​နည်း။ ကျွန်ုပ်​တို့၏​အသက်​နှင့် အခြား​သူတို့၏​အသက်ကို ကျွန်ုပ်​တို့ အလွန်​တန်ဖိုး​ထား​တတ်ကြ​သည်။ ယင်းကြောင့်၊ ကျွန်ုပ်​တို့​မ​ကျန်း​မမာ​ဖြစ်သည့်​အခါ ဆေး​ကုသ​ရန် သို့​မဟုတ် ပုံမှန်​ဆေးစစ်မှု​များ​ပြု​ရန် ဆရာဝန်​ထံ​သွားပေ​မည်။ ကျွန်ုပ်​တို့အားလုံး ကျန်း​ကျန်းမာ​မာ​နှင့် အသက်ဆက်ရှင်​လို​ကြ​၏။ သက်ကြီးရွယ်အို​များ သို့​မဟုတ် ကိုယ်​အင်္ဂါ​ချို့တဲ့​သူ​အများစု​ပင် မသေ​ချင်​ကြ​ပေ; အသက်ဆက်ရှင်​လို​ကြ​၏။

၂၊ ၃။ (က) နယပုံပြင် ၂၃:၂၂ က အဘယ်​တာဝန်​ကို ပေါ်လွင်​စေ​သနည်း။ (ခ) ဘုရားသခင်​သည် နယပုံပြင် ၂၃:၂၂ ပါ​တာဝန်​နှင့် မည်သို့ ပတ်သက်​နေသနည်း။

အသက်ကို သင်​တန်ဖိုး​ထား​ပုံ​က အခြား​သူများ​နှင့် သင်၏​ဆက်ဆံမှု​များ​အပေါ် အကျိုး​သက်ရောက်​စေ​သည်။ ဥပမာ၊ ဘုရားသခင့်​စကားတော်​က ဤသို့​ညွှန်ကြား​သည်– “သင့်ကို​ဖြစ်ပွား​စေသော အဘ​၏​စကား​ကို နားထောင်​လော့။ အသက်ကြီး​သော​အမိကို မထီမဲ့မြင်​မပြု​နှင့်။” (သု. ၂၃:၂၂) “နားထောင်” ဟု​ဆို​ရာ​တွင် စကားလုံး​များ​ကို ကြားရုံကြား​ခြင်း​ထက်မက​ချေ; ဤ​နယပုံပြင်​စကား​သည် ကြား​၍​နားထောင်ခြင်း​ကို ဆိုလို​သည်။ (ထွက်မြောက်ရာ ၁၅:၂၆; တရားဟောရာ ၇:၁၂; ၁၃:၁၈; ၁၅:၅; ယောရှု ၂၂:၂; ဆာလံ ၈၁:၁၃) သမ္မာကျမ်းစာ​အရ စကား​နားထောင်ခြင်း​၏​အကြောင်းရင်း​ကား အဘယ်နည်း။ သင်၏​မိဘတို့​သည် သင့်​ထက်​အသက်​ပို​ကြီး​၍ သို့​မဟုတ် သင့်​ထက် အတွေ့အကြုံ​ပို​များ​၍​ကား မဟုတ်​ချေ။ ဖော်ပြ​ထား​သည့်​အကြောင်းရင်း​မှာ သူတို့သည် “သင့်ကို​ဖြစ်ပွား​စေ” ခဲ့​သောကြောင့်​ဖြစ်၏။ ဘာသာပြန်​ကျမ်း​တချို့က ဤ​အခန်းငယ်​ကို “သင့်​အား အသက်ပေး​ခဲ့​သော​အဘ​၏​စကား​ကို နားထောင်​လော့” ဟူ၍ ပြန်ဆို​သည်။ ထို့​ကြောင့် သင့်​အသက်ကို သင်​တန်ဖိုး​ထား​ပါ​က ယင်း​အသက်​၏​ပင်ရင်း​အား ပေး​ဆပ်ရန်​တာဝန်​ရှိ​နေသည်​ဟု သင်​ခံစားရ​သည်။

သင်သည် ခရစ်ယာန်စစ်​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် သင့်​အသက်​၏​အဓိက​ရင်းမြစ်​မှာ ယေဟောဝါ​ဖြစ်​ကြောင်း သင်​အသိအမှတ်ပြု​သည်။ ကိုယ်တော်​အားဖြင့် သင် “အသက်ရှင်” သည်; သင် “လှုပ်ရှား” နိုင်​သည်၊ အာရုံခံစား​နိုင်စွမ်း​ရှိ သတ္တဝါ​တစ်ဦး​အဖြစ် ပြုမူ​လုပ်ဆောင်​နိုင်​သည်၊ သင်သည် ယခု “ဖြစ်​လျက်” ရှိပြီး ထာဝရ​အသက်ရှင်ရေး​အတွက်​အပါအဝင် အနာဂတ်​အတွက် ကြိုတင်​စီစဉ် စဉ်းစား​ထား​နိုင်​သည်။ (တမန်​တော် ၁၇:၂၈; ဆာလံ ၃၆:၉; ဒေ. ၃:၁၁) အသက်ရှင်ခြင်း​နှင့်​စပ်လျဉ်း၍ အခြားသူ​တို့​ဝေဖန်​ပိုင်းခြား​ပုံ​ကို နှစ်သက်​သည်ထက် ဘုရားသခင်​၏​ရှုမြင်ပုံ​အတိုင်း ပြုမူ​ဆောင်ရွက်​လို​သဖြင့် နယပုံပြင် ၂၃:၂၂ နှင့်​အညီ ကိုယ်တော်​၏​စကား​ကို နာခံမှု​ရှိ​ရှိ “နားထောင်” သင့်​သည်။

အသက်ကို တန်ဖိုး​ထား​လေးစားပါ

၄။ လူ့​သမိုင်းအစ​တွင် အသက်ကို​လေးမြတ်မှု​ကိစ္စ​သည် မည်သို့​အရေးပါ​လာ​သနည်း။

လူ့​သမိုင်းအစ​ပိုင်း​တွင်၊ ယေဟောဝါ​သည် လူ​တို့အား မည်သည့်​အကြောင်း​နှင့်​မျှ အသက်ကို အသုံးပြု (သို့​မဟုတ် တလွဲ​အသုံးပြု) ရန် အခွင့်မပေး​ခဲ့​ကြောင်း ရှင်းလင်းစွာ ဖော်ပြ​တော်​မူ​ခဲ့​သည်။ မနာလို​သော ဒေါသ​အမျက်​ကြောင့် ကာဣန​သည် အပြစ်မဲ့​သူ မိမိ​ညီ​အာဗေလ​ကို သတ်ပစ်ခဲ့​သည်။ အသက်​နှင့်​ပတ်သက်​၍ ကာဣန ထိုသို့​ဆုံးဖြတ်​ပိုင်ခွင့်​ရှိသည်​ဟု သင်ယူ​ဆ​ပါသလော။ ဘုရားသခင် ထိုသို့​မယူဆ​ခဲ့​ချေ။ ကိုယ်တော်​က “သင်သည် အဘယ်​သို့​ပြုပြီး​သနည်း။ သင့်​ညီ​အသွေး​၏​အသံသည် မြေ​ထဲ​က ငါ့ကို အော်ဟစ်​လျက်​ရှိသည်​တကား” ဟု​ဆို​ကာ ကာဣန​အား ဖြေရှင်းချက်​ပေး​ခိုင်း​သည်။ (ကမ္ဘာဦး ၄:၁၀) မြေကြီး​ထဲ​က အာဗေလ​၏​အသွေး​သည် သူ၏​အသက်ကို ဆိုလို​ကြောင်း သတိပြုပါ၊ သူသည် ရက်ရက်စက်စက်​အသတ်ခံ​လိုက်ရ​ရာ ကလဲ့စားချေ​ပေး​ပါ​ရန် ဘုရားသခင်​အား အသနားခံ​နေ​၏။—ဟေဗြဲ ၁၂:၂၄

၅။ (က) ဘုရားသခင်​သည် နောဧ​ခေတ်တွင် အဘယ်​တားမြစ်ချက်​ချ​ခဲ့​ကာ ယင်းသည် မည်သူ​တို့​နှင့်​သက်ဆိုင်​သနည်း။ (ခ) ယင်း​တားမြစ်ချက်​သည် အဘယ်​သဘော​မျိုး​ဖြင့် အရေးပါသော​ခြေလှမ်း​တစ်ရပ်​ဖြစ်သနည်း။

ရေလွှမ်းမိုး​ဘေး​ပြီး​နောက် လူသား​မျိုးနွယ်​သည် လူ​ရှစ်ယောက်​နှင့်​သာ ဘဝ​အသစ်​ပြန်​စ​ခဲ့​၏။ လူအပေါင်း​နှင့်​သက်ဆိုင်​သည့် ကြေညာ​ချက်​တစ်ခု​တွင် ဘုရားသခင်​သည် အသက်​နှင့်​အသွေး​အပေါ် မိမိ၏​သဘောထားကို ပို​၍​ဖော်ပြ​ထား​သည်။ တိရစ္ဆာန်​၏​အသားကို လူ​တို့​စား​နိုင်​ကြောင်း မိန့်ဆို​သော်လည်း ဤ​တားမြစ်ချက်​ကို​မူ ကိုယ်တော်​ပြဋ္ဌာန်း​ခဲ့​သည်– “အသက်ရှင်​၍ လှုပ်ရှား​တတ်​သမျှ​သည် အသီး​အရွက်​ကဲ့သို့ သင်တို့​စားစရာ​ဖို့​ဖြစ်​ရမည်။ ခပ်သိမ်း​သော​အရာ​တို့ကို သင်တို့၌ ငါ​အပ်ပေး​၏။ သို့သော်လည်း အသက်​တည်း​ဟူသော အသွေး​နှင့်​တကွ အသားကို​မစား​ရ။” (ကမ္ဘာဦး ၉:၃၊ ၄) ယင်းကို ဂျူး​အချို့​က အသက်ရှင်နေ​ဆဲ​သတ္တဝါ​၏ အသား သို့​မဟုတ် သွေး​ကို မစား​ရ​ဟု​ဆိုလို​ကြောင်း အနက်ဖွင့်​သည်။ သို့သော် ဤ​တွင် ဘုရားသခင်​တားမြစ်​ခဲ့​ခြင်း​မှာ အသက်ဆက်ရှင်​စေရန် သွေး​ကို​သုံးစွဲခြင်း​ဖြစ်​ကြောင်း နောက်ပိုင်း​တွင် ရှင်းလင်းစွာ​ဖော်ပြ​သည်။ ထို့​အပြင်၊ နောဧ​မှ​တစ်ဆင့် ဘုရားသခင်​ပေး​သော​အမိန့်​သည် သွေး​နှင့်​ပတ်သက်​၍ ကိုယ်တော်​၏​မြင့်မြတ်​သည့် ရည်ရွယ်ချက်​ဖြစ်သော လူ​တို့အား ထာဝရ​အသက်​ရရှိစေ​မည့်​ရည်ရွယ်ချက်ကို အထမြောက်​စေ​မည့် အရေးပါသော​ခြေလှမ်း​တစ်ရပ်​ဖြစ်သည်။

၆။ အသက်ကို ဘုရားသခင်​တန်ဖိုး​ထား​ကြောင်း နောဧ​မှ​တစ်ဆင့် မည်သို့ အလေးပေး​ဖော်ပြ​သနည်း။

ဘုရားသခင်​က ဤသို့​ဆက်​မိန့်တော်မူသည်– “အကယ်၍ သင်တို့​အသက်​တည်း​ဟူသော သင်တို့​အသွေးကို ငါ​တောင်း​မည်။ လူ၊ တိရစ္ဆာန်​အပေါင်း​တို့​၌ ငါ​တောင်း​မည်။ ခပ်သိမ်း​သော​လူတို့၏ ညီအစ်ကို​၌ လူ​၏​အသက်ကို​ငါ​တောင်း​မည်။ အကြင်သူသည် လူ​၏​အသွေးကို​သွန်း​၏၊ ထို​သူ၏​အသွေးကို လူ​လက်​ဖြင့်​သွန်း​ရမည်။ အကြောင်း​မူ​ကား ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​နှင့်​အညီ လူကို​ဖန်ဆင်း​တော်​မူ​၏။” (ကမ္ဘာဦး ၉:၅၊ ၆) လူ့​အသွေးကို ထို​သူ၏​အသက်​အဖြစ် ဘုရားသခင်​ရှုမြင်​ကြောင်း လူ့​မိသားစု​တစ်ခုလုံး​အားပေး​သော ဤ​ကြေညာ​ချက်​မှ သင်​နားလည်​နိုင်​သည်။ ဖန်ဆင်း​ရှင်​သည် လူကို​အသက်ပေး​ထား​သဖြင့် အသွေး​ကိုယ်စား​ပြု​သည့် ထို​အသက်ကို မည်သူကမျှ မ​နုတ်ယူ​သင့်​ချေ။ ကာဣန​ကဲ့သို့ တစ်စုံ​တစ်ယောက်​သည် လူ​အသက်​သတ်​ပါ​က ထို​လူသတ်သမား​၏​အသက်ကို ဖန်ဆင်း​ရှင် ‘ပြန်​တောင်း’ ပိုင်ခွင့်​ရှိသည်။

၇။ သွေး​နှင့်​ပတ်သက်​၍ နောဧ​အား ဘုရားသခင်​ကြေညာ​ခဲ့​သည့်​စကား​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် စိတ်ဝင်စား​သင့်​သနည်း။

ဘုရားသခင်​သည် မိမိ၏​ကြေညာ​ချက်​အားဖြင့် သွေး​ကို​တလွဲ​မ​သုံး​ကြဖို့ လူသားတို့အား အမိန့်ပေး​ခဲ့​၏။ ထိုသို့​အဘယ်ကြောင့်​ညွှန်ကြား​ခဲ့​ရ​ကြောင်း သိ​လို​ပါသလော။ ဘုရားသခင်​သည် သွေး​နှင့်​ပတ်သက်​၍ အဘယ်ကြောင့်​ထိုသို့​ရှုမြင်​ရသနည်း။ ယင်း​အဖြေ​သည် သမ္မာ​ကျမ်းစာ​ပါ အရေးကြီးသော​သွန်သင်ချက်​များ​အနက် အရေးအပါဆုံး​သွန်သင်ချက်​တစ်ခု​ဖြစ်၏။ ချာ့ခ်ျ​များစွာက ထို​သွန်သင်ချက်​ကို လျစ်လျူရှု​ထား​ကြသော်လည်း ယင်းသည် ခရစ်ယာန်​သတင်းတရား​၏ အဓိက​အကြောင်း​ပင်​ဖြစ်သည်။ ထို​သွန်သင်ချက်​ကား​အဘယ်နည်း၊ သင့်​အသက်၊ သင့်​ဆုံးဖြတ်ချက်​များ၊ သင့်​အပြု​အမူ​များနှင့် မည်သို့​သက်ဆိုင်​သနည်း။

သွေး—ယင်းကို မည်သို့​အသုံးပြုနိုင်​သနည်း

၈။ ပညတ်တရား​တွင် သွေး​အသုံးပြုမှု​နှင့်​ပတ်သက်​၍ အဘယ်​ကန့်သတ်ချက်​ကို ယေဟောဝါ​ချမှတ်​ခဲ့​သနည်း။

ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို ပညတ်တရား​ပေး​ချိန်​တွင် အသက်​နှင့် အသွေး​တို့​အကြောင်း ပို​၍​အသေးစိတ်​ဖော်ပြ​ခဲ့​သည်။ ထို​အချိန်တွင် ကိုယ်တော်​သည် မိမိ၏​ရည်ရွယ်တော်မူချက် အကောင်အထည်​ပေါ်​စေရန် နောက်ထပ်​အရာတစ်ခု​ကို ဆောင်ရွက်​ခဲ့​သည်။ ဘုရားသခင်​အား ကောက်ပဲသီးနှံ၊ ဆီ​နှင့်​ဝိုင်​စ​သည်​တို့ကို ပူဇော်​ရန် ပညတ်တရား​က တောင်းဆို​ထား​ကြောင်း သင်​သိထား​ပေမည်။ (ဝတ်ပြုရာ ၂:၁-၄; ၂၃:၁၃; တောလည်ရာ ၁၅:၁-၅) ထို့​အပြင် တိရစ္ဆာန်​ယဇ်များ​လည်း ပူဇော်​ရ၏။ ယင်း​တို့​နှင့်​စပ်လျဉ်း၍ ဘုရားသခင်​ဤသို့​မိန့်ဆိုခဲ့သည်– “ကိုယ်ခန္ဓာ​အသက်သည် အသွေး​၌​တည်​၏။ သင်တို့​ပြုသော​အပြစ်ကို​ဖြေ​စေခြင်း​ငှာ ထို​အသွေးကို သင်တို့အား ယဇ်​ပလ္လင်​ပေါ်မှာ​ငါ​ပေး​ပြီ။ လူ​အပြစ်ကို​ဖြေ​သော​အရာ​ကား အသွေး​ဖြစ်​သတည်း။ ထို့​ကြောင့် ‘သင်တို့၌ အဘယ်သူမျှ အသွေးကို​မစား​ရ’ ဟု ဣသရေလ​အမျိုးသား​တို့အား ငါ​အမိန့်တော်​ရှိ၏။” ထို့​ပြင် မုဆိုး​တစ်ဦး၊ လယ်သမား​တစ်ဦး​သည် စားစရာ​အဖြစ် တိရစ္ဆာန်​ကို သတ်​မည်​ဆိုလျှင် အသွေးကို​သွန်း​ပြီး မြေ​နှင့်​ဖုံးအုပ်​ရမည်ဟု ယေဟောဝါ ထပ်ဆင့်​မိန့်မှာ​ခဲ့​သည်။ မြေကြီး​သည် ဘုရားသခင်​၏​ခြေတင်ရာ​ခုံ​ဖြစ်​ရာ အသွေးကို မြေကြီးပေါ်​သွန်းလောင်းခြင်း​အားဖြင့် အသက်ပေး​ပိုင်ရှင်​ထံ အသက်​ပြန်အပ်​ရာ​ရောက်​ကြောင်း အသိအမှတ်​ပြုခြင်း​ဖြစ်သည်။—ဝတ်ပြုရာ ၁၇:၁၁-၁၃; ဟေရှာယ ၆၆:၁

၉။ ပညတ်တရား​တွင်​ဖော်ပြ​ထား​သည့် အသွေးကို​အသုံးပြုနိုင်​သည့် နည်း​တစ်နည်း​တည်း​ကား အဘယ်နည်း၊ ယင်း​၏​ရည်ရွယ်ချက်ကား အဘယ်နည်း။

အဆိုပါ​ပညတ်တရား​သည် ကျွန်ုပ်​တို့အတွက် အဘယ်​အဓိပ္ပာယ်​မျှ​မရှိသည့် ဘာသာရေး​ထုံးတမ်း​တစ်ခုမျှသာ မဟုတ်​ချေ။ ဣသရေလ​လူမျိုး​သည် သွေး​ကို အဘယ်ကြောင့်​မစား​ရ​ကြောင်း သင်​သတိပြုမိ​သလော။ ဘုရားသခင်​က “ထို့​ကြောင့် ‘သင်တို့၌ အဘယ်သူမျှ အသွေးကို​မစား​ရ’ ဟု ဣသရေလ​အမျိုးသား​တို့အား ငါ​အမိန့်တော်​ရှိ၏” ဟု​ဆို​သည်။ အကြောင်း​ကား အဘယ်နည်း။ “သင်တို့​ပြုသော​အပြစ်ကို​ဖြေ​စေခြင်း​ငှာ ထို​အသွေးကို သင်တို့အား ယဇ်​ပလ္လင်​ပေါ်မှာ ငါ​ပေး​ပြီ။” လူသည် သွေး​ကို​မစား​ရ​ဟု နောဧ​အား ဘုရားသခင် အဘယ်ကြောင့်​မိန့်မှာ​ခဲ့​သည်ကို ယင်းက ထိုးထွင်း​သိမြင်​စေ​ကြောင်း သင်​သတိပြုမိ​သလော။ သွေးသည် မြင့်မြတ်​သော​အဓိပ္ပာယ်ဆောင်​ကာ အသက်​ပေါင်း​များစွာကို ကယ်တင်​နိုင်​သည့် အထူး​နည်းဖြင့်​သုံး​ရန် သီးသန့်​ဖယ်​ထား​ရာ​ဖြစ်သည်ဟု ရှုမြင်ဖို့ ဖန်ဆင်း​ရှင်​က ရွေးချယ်​ဆုံးဖြတ်​ခဲ့​၏။ အပြစ်​များ​ကို ဖုံးအုပ် (ဖြေ) ရန် သွေးသည် အရေးပါသော​ကဏ္ဍ​မှ ပါဝင်​ဆောင်ရွက်​၏။ ပညတ်တရား​အရ သွေး​ကို​အသုံးပြု​ဖို့ ဘုရားသခင်​ခွင့်ပြု​ထား​သည့် တစ်ခု​တည်း​သော​နည်း​မှာ ယေဟောဝါ​၏​ခွင့်လွှတ်​မှု​ကို​ရ​လို​သူ ဣသရေလ​အမျိုးသား​တို့၏ အပြစ်ဖြေ​ရန် ယဇ်​ပလ္လင်​ပေါ်​တွင် အသုံးပြုခြင်း​ဖြစ်သည်။

၁၀။ တိရစ္ဆာန်​အသွေး​သည် အပြစ်ကို အဘယ်ကြောင့် လုံးလုံးလျားလျား မလွှတ်​ပေး​နိုင်​သနည်း၊ သို့သော် ပညတ်တရား​တွင်​ပါရှိ​သည့် ပူဇော်ရာ​ယဇ်များ​က အဘယ်အရာကို​သတိပေး​သနည်း။

၁၀ ဤ​သဘောတရား​သည် ခရစ်ယာန်​အယူဝါဒ​နှင့်​မ​စိမ်း​ပါ။ ဘုရားသခင်​စီစဉ်​ပေး​သည့် ပညတ်တရား​၏ ဤ​အသွင်အပြင်​ကို ရည်ညွှန်း​လျက် ခရစ်ယာန်​တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​၏– “ပညတ်တရား​အတိုင်း ခပ်သိမ်း​သော​အရာ​တို့ကို ကုန်​မတတ် အသွေး​အားဖြင့် စင်ကြယ်​စေ​တတ်၏။ အသွေး​မ​သွန်းလောင်း​ဘဲ အပြစ်လွှတ်ခြင်း​မရှိ။” (ဟေဗြဲ ၉:၂၂) ပူဇော်​ခဲ့​ရသော​ယဇ်များ​သည် ဣသရေလ​လူမျိုး​ကို စုံလင်​၍ အပြစ်မဲ့​သူများ မဖြစ်စေ​ကြောင်း ပေါလု ရှင်းလင်းစွာ ဖော်ပြ​ခဲ့​သည်။ သူက “ယဇ်​ပူဇော်​သည်​တွင် အပြစ်​များ​ကို နှစ်​တိုင်း​အောက်မေ့​ခြင်း​ရှိ၏။ အကြောင်း​မူ​ကား၊ နွား၊ ဆိတ်​၏​အသွေး​သည် အပြစ်ကို​မ​ပယ်​နိုင်ရာ” ဟု ရေးသားခဲ့​လေ​သည်။ (ဟေဗြဲ ၁၀:၁-၄) သို့​တိုင်၊ ထို​ယဇ်များ​သည် အသုံးတည့်​နေပါ​သေး​သည်။ ယင်း​တို့​က ဣသရေလ​လူမျိုး​သည် အပြစ်ရှိ​သူများ​ဖြစ်​ကြောင်း​နှင့် အပြစ်​လုံးလုံး​လွှတ်​ခံရ​ဖို့ ထို​ထက်မက​လို​ကြောင်း သတိပေး​ခဲ့​၏။ သို့သော် တိရစ္ဆာန်​အသက်ကို ကိုယ်စား​ပြု​သည့် အသွေး​သည် လူ့​အပြစ်​များ​ကို လုံးလုံး​မဖုံး​အုပ်​နိုင်​ရ​ကား ထိုသို့​ပြု​နိုင်​သည့် အသက်သွေး​ရှိ​နိုင်​ပါ​ဦး​မည်​လော။

အသက်ပေး​ပိုင်ရှင်​၏ ဖြေရှင်း​နည်း

၁၁။ တိရစ္ဆာန်​အသွေး ပူဇော်ရာ​ယဇ်များ​သည် တစ်စုံတစ်ရာ​ကို ညွှန်ပြ​နေကြောင်း ကျွန်ုပ်​တို့​မည်သို့​သိရ​သနည်း။

၁၁ အမှန်​မှာ ဘုရားသခင့်​အလိုတော် ပြီးမြောက်​အောင်မြင်​စေဖို့ ပို​၍​ထိရောက်​သည့်​အရာတစ်ခု​ကို ပညတ်တရား​က အာရုံစိုက်​စေ​သည်။ ပေါလု​က “ပညတ်တရား​သည် အဘယ်​အကျိုးရှိ​သနည်း” ဟု​မေးခဲ့​၏။ သူ​ဖြေဆို​သည်​ကား– “ကတိတော်​ကို​ခံ​သော အမျိုးအနွယ်​မလာ​မီ လွန်ကျူးခြင်း​များ​ကြောင့် ထို​တရားကို ထပ်၍​ပေး​တော်​မူ​၏။ ထို​တရားကို ကောင်းကင်တမန်​တို့အား​ဖြင့် အာမခံ [မောရှေ] ၏​လက်၌ ထား​တော်​မူ​၏။” (ဂလာတိ ၃:၁၉သမ္မာ) ထပ်တူ​ပင် ပေါလု ဤသို့​ရေးသားခဲ့​၏– “ပညတ်တရား​သည် နောက်​ဖြစ်လတ္တံ့​သော​မင်္ဂလာ​အကျိုး​တို့၏ သေချာ​သော​ပုံသဏ္ဌာန်​ကို​မပြ၊ အရိပ်​ကို​သာ​ပြ​သည်။”—ဟေဗြဲ ၁၀:၁

၁၂။ သွေး​နှင့်​စပ်လျဉ်း၍ ဘုရားသခင့်​ရည်ရွယ်ချက် သိသာ​ထင်ရှား​လာ​မှု​ကို ကျွန်ုပ်​တို့ မည်သို့​သတိပြုမိ​နိုင်​သနည်း။

၁၂ အတိုချုပ်​အားဖြင့် နောဧ​ခေတ်​ကို ပြန်ပြောင်း​ကြည့်​သော် လူတို့သည် အသက်ဆက်ရှင်​ရန် တိရစ္ဆာန်​အသားကို​စားသုံး​နိုင်​သော်လည်း အသွေးကို​မူ စားသုံး​၍​မရ​ကြောင်း ဘုရားသခင်​အမိန့်ထုတ်​ထား​သည်။ နောက်ပိုင်း​တွင် ဘုရားသခင်​က “အသွေး​၌ အသက်​တည်​၏” ဟူ၍ ဖော်ပြ​ခဲ့​လေ​သည်။ သွေးသည် အသက်ကို​ကိုယ်စား​ပြု​သည်​ဟု ကိုယ်တော်​ရှုမြင်​ထား​ကာ ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့​ပြုသော​အပြစ်ကို​ဖြေ​စေခြင်း​ငှာ ထို​အသွေးကို သင်တို့အား ယဇ်​ပလ္လင်​ပေါ်မှာ​ငါ​ပေး​ပြီ။” သို့သော် ဘုရားသခင့်​ရည်ရွယ်ချက် ပို​၍​သိသာ​ထင်ရှား​လာဖို့ ထူးခြားချက် နောက်တစ်ခု​ဖြစ်ပေါ်​ရဦး​မည်။ ပညတ်တရား​သည် နောက်​ဖြစ်လတ္တံ့​သော​အရာ​တို့ကို ရှေ့ပြေး​အရိပ်​ပြ​ခဲ့​သည်။ အဘယ်အရာ​များ​နည်း။

၁၃။ ယေရှု၏​သေခြင်း​သည် အဘယ်ကြောင့် အရေးတကြီး​ဖြစ်​ရသနည်း။

၁၃ အဖြစ်မှန်​မှာ ယေရှု​ခရစ်​၏​သေခြင်း​၌ ဗဟို​ပြု​သည်။ ယေရှုသည် နှက်တိုင်​တင်​ညှဉ်းဆဲ​ခံ​ခဲ့​ရ​ကြောင်း သင်​သိရှိ​ထား​သည်။ ကိုယ်တော်​သည် ရာဇဝတ်သား​တစ်ဦး​ကဲ့သို့ သေဆုံး​ခဲ့​ရ၏။ ပေါလု​က “ငါ​တို့သည် အားနည်း​သေး​စဉ်​တွင် အချိန်တန်​မှ ခရစ်တော်​သည် ဘုရား[သခင်]မဲ့​နေသော​သူတို့​အတွက်​ကြောင့် အသေခံ​တော်​မူ​၏။ . . . ငါ​တို့သည် အပြစ်ရှိ​နေ​သေး​စဉ် ခရစ်တော်​သည် ငါ​တို့အတွက်​ကြောင့် အသေခံ​တော်​မူ​သည်​ဖြစ်၍ ဘုရားသခင်​သည် ငါ​တို့အား​ချစ်တော်မူ​သည်ကို ထင်ရှား​စွာ​ပြတော်မူ​၏” ဟု ရေးသားခဲ့​သည်။ (ရောမ ၅:၆၊ ၈သမ္မာ) ကျွန်ုပ်​တို့အတွက် ယေရှု​အသေခံ​ခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​အပြစ်​များ​ကို​ဖုံးအုပ်​ပေး​ရန် ရွေးနုတ်ဖိုး​စီစဉ်​ပေး​ခဲ့​သည်။ ထို​ရွေးနုတ်ဖိုး​သည် ခရစ်ယာန်​သတင်းတရား​၏ အဓိက​အကြောင်း​ဖြစ်​ပေ​သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ၁ ကောရိန္သု ၁၅:၃; ၁ တိမောသေ ၂:၆) ယင်းသည် အသွေး​အသက်​တို့​နှင့် မည်သို့​ဆက်နွှယ်​သနည်း၊ သင်၏​အသက်​ကော မည်သို့​ပါဝင်​ပတ်သက်​သနည်း။

၁၄၊ ၁၅။ (က) ဧဖက် ၁:၇၊ ၈ ကို ခရစ်ယာန်​ဘာသာပြန်​ထား​သည့် ကျမ်းစာ​တချို့က ယေရှု၏​သေခြင်းကို မည်သို့​အလေးပေး​ဖော်ပြ​သနည်း။ (ခ) ဧဖက် ၁:၇၊ ၈ တွင်​ပါ​သည့် အဘယ်​အချက်​ကို လွတ်သွား​နိုင်​သနည်း။

၁၄ ချာ့ခ်ျ​အချို့​၏ အသင်းသားများ​က “ငါ့​အတွက် ယေရှု​အသေခံ​ခဲ့​တယ်” ဟု​ပြောဆို​ကာ ယေရှု၏​သေခြင်းကို အလေးပေး​ဖော်ပြ​တတ်ကြ​သည်။ ဧဖက် ၁:၇ ကို ခရစ်ယာန်​ဘာသာပြန်​ကျမ်း​တချို့ မည်သို့​ပြန်ဆို​ထား​ကြောင်း သုံးသပ်ကြည့်​ပါ– “ကိုယ်တော်​၏​သေခြင်း​ကြောင့် ငါ​တို့သည် လွတ်မြောက်​ရ​ကြ​၏၊ တစ်နည်း​အားဖြင့် ငါ​တို့၏​အပြစ်​များ​ကို ပယ်ရှား​ပေး​လိုက်​သည်။” (ဖရန့်ခ် ရှီ​လ် ဘယ်လန်တိုင်း ၏ အမေရိကန်​သမ္မာကျမ်းစာ၊ ၁၉၀၂) “ခရစ်တော်​၏​သေခြင်း​ကြောင့် ငါ​တို့သည် လွတ်မြောက်ခြင်း​ခံရ​ကြ​ပြီး အပြစ်လွှတ်​ခံရ​ကြသည်။” (ယနေ့ အင်္ဂလိပ်​ဘာသာပြန်​ကျမ်း၊ ၁၉၆၆) “ခရစ်တော်​သည် မိမိ၏​အသက်ကို ပူဇော်​ခဲ့​သောကြောင့် ငါ​တို့သည် လွတ်မြောက်​ခဲ့​ရ​ကြပြီ၊ ယင်းသည် အပြစ်လွှတ်ခြင်း​တည်း​ဟူသော လွတ်မြောက်မှု​ဖြစ်​ပေ​သည်။” (ဝီလျံ ဘား​ကလေး​၏ ဓမ္မသစ်​ကျမ်း၊ ၁၉၆၉) “ခရစ်တော်​၏​သေခြင်း​ကြောင့် ငါ​တို့သည်​အပြစ်လွှတ်​ခံရ​ပြီး လွတ်မြောက်ခြင်း​ရ​ကြသည်။” (ဘာသာပြန်​သူ၏ ဓမ္မသစ်​ကျမ်း၊ ၁၉၇၃) ဤ​ပြန်ဆိုချက်​များသည် ယေရှု၏​သေခြင်းကို အလေးပေး​ဖော်ပြ​ထား​ကြောင်း သင်​သတိပြုမိ​ပေမည်။ တချို့က ‘ယေရှုရဲ့​သေခြင်းဟာ တကယ်​အရေးပါ​တယ်​ဆိုတော့ ဒီ​ပြန်ဆိုချက်​တွေ​မှာ ဘာများ​လို​နေလို့လဲ’ ဟု​ဆို​ကြ​ပေမည်။

၁၅ သင်သည် အဆိုပါ​ခရစ်ယာန်​ဘာသာပြန်​ကျမ်း​များ​ကို​သာ အားထား​နေရ​သည်​ဆိုလျှင် အလွန်​အရေးကြီး​သည့်​အချက်​တစ်ချက် လွတ်သွား​နိုင်ရာ ယင်းကြောင့် ကျမ်းစာ​သတင်းတရား​နှင့်​ပတ်သက်သော သင်၏​သိနားလည်မှု​သည် အကန့်အသတ်​ဖြစ်နေ​မည်။ ၎င်း​ပြန်ဆိုချက်​များသည် ဧဖက် ၁:၇၊ ၈ ၏ မူရင်း​စာသား​တွင် “သွေး” ဟူ၍​အဓိပ္ပာယ်​ရသော ဂရိ​စကားလုံး​ကို ချန်လှပ်​ထား​သည်။ ထို့​ကြောင့် ယုဒသန်​ကျမ်း​ကဲ့သို့​သော ကျမ်း​ပေါင်း​များစွာတို့သည် မူရင်း​ကျမ်း စာသား​အတိုင်း ပို​၍​တိကျ​စွာ ပြန်ဆို​ကြ​လေ​သည်– “ငါ​တို့​၌ အတိုင်း​ထက်​အလွန်​များ​လှ​စွာ​သော​ကျေးဇူးတော်​သည် ကြွယ်ဝ​ပြည့်စုံ​သည်​နှင့်​အညီ၊ ထို​သားတော်​၏​အသွေး​အားဖြင့် အပြစ်လွှတ်​တော်​မူ​ခြင်း​တည်း​ဟူသော ရွေးနုတ်​တော်​မူ​ခြင်း​ကျေးဇူး​ကို ငါ​တို့သည်​ခံရ​ကြ​၏။”

၁၆။ ‘ထို​သူ၏​အသွေး’ ဟူသော​ပြန်ဆိုချက်​က ကျွန်ုပ်​တို့အား အဘယ်အရာ သိစေ​အပ်​သနည်း။

၁၆ ‘ထို​သူ၏​အသွေး’ ဟူသော ပြန်ဆိုချက်​သည် အဓိပ္ပာယ်​အလွန်​လေးနက်​လှ​ရာ ယင်းက ကျွန်ုပ်​တို့အား အကြောင်းအချက်​များစွာ သိရှိ​စေမည်။ စုံလင်​သည့်​လူသား ယေရှု၏ သေခြင်း​ထက်​ပင် သာ၍​လိုအပ်​သည်ကို သိရှိ​စေ​သည်။ ကိုယ်တော်​သည် ပညတ်တရား​တွင် ရှေ့ပြေး​အရိပ်​ပြ​ရာ​ကို အထူးသဖြင့် အပြစ်ဖြေရာ​နေ့တွင် ပြည့်စုံ​စေ​ခဲ့​၏။ အဆိုပါ​အထူးနေ့​တွင် သတ်မှတ်​ထား​သည့် တိရစ္ဆာန်​များ ကို ယဇ်​ပူဇော်​ခဲ့​ကြ​ရသည်။ ထို့နောက် ယဇ်ပုရောဟိတ်​မင်းကြီး​သည် တိရစ္ဆာန်​သွေး​အချို့​ကို ဝတ်ပြုရာ​အိမ်တော်​၏ အသန့်ရှင်းဆုံး​အခန်း​ထဲ ယူဆောင်​သွား​ကာ ဘုရားသခင့်​ရှေ့မှောက်​တွင် ရှိနေ​သည့်​အလား ကိုယ်တော်​ထံ ဆက်သ​လိုက်​လေ​သည်။—ထွက်မြောက်ရာ ၂၅:၂၂; ဝတ်ပြုရာ ၁၆:၂-၁၉

၁၇။ အပြစ်ဖြေရာ​နေ့ ရှေ့ပြေး​အရိပ်​ပြ​သည့်​အရာ​ကို ယေရှု မည်သို့​ပြည့်စုံ​စေ​ခဲ့​သနည်း။

၁၇ ပေါလု​ရှင်းပြ​ခဲ့​သည့်​အတိုင်း ယေရှုသည် အပြစ်ဖြေရာ​နေ့ ရှေ့ပြေး​အရိပ်​ပြ​ရာ​ကို ပြည့်စုံ​စေ​ခဲ့​သည်။ ဦးဆုံး​အနေ​နှင့်၊ ဣသရေလ​နိုင်ငံ​ရှိ ယဇ်ပုရောဟိတ်​မင်းကြီး​သည် ‘မိမိ​အတွက်​နှင့် လူ​တို့ မသိဘဲ ပြု​မိ​သော​အပြစ်​များ​အတွက်’ တစ်နှစ်​လျှင်​တစ်ကြိမ် အသန့်ရှင်းဆုံး​အခန်း​ထဲ​ဝင်ရောက်​၍ အသွေးကို​ပူဇော်​ရ​ကြောင်း သူ​ဖော်ပြ​၏။ (ဟေဗြဲ ၉:၆၊ ၇) ထို​ပုံစံ​အတိုင်း ယေရှုသည် . . . ဝိညာဉ်​အဖြစ် ထမြောက်​ပြီး​နောက် ကောင်းကင်​သို့​တက်ကြွ​သွားလေသည်။ ကိုယ်တော်​သည် အသွေးအသား​ကိုယ်ခန္ဓာ​မရှိသည့် ဝိညာဉ်​အဖြစ် ‘ကျွန်ုပ်​တို့အတွက် ဘုရားသခင်​၏’ ရှေ့မှောက် ဝင်ရောက်​ခစား​နိုင်​ခဲ့​၏။ ဘုရားသခင်​အား အဘယ်အရာ​ဆက်သ​ခဲ့​သနည်း။ မြင်နိုင်​သည့်​အရာတစ်ခု​မဟုတ်ဘဲ အဓိပ္ပာယ်​အလွန်​ထူးခြားသည့် အရာတစ်ခု​ကို ဆက်သ​ခဲ့​၏။ ပေါလု​က ဤသို့​ဆက်၍​ဆို​သည်– “ယဇ်ပုရောဟိတ်မင်း​ဖြစ်သော ခရစ်တော်​သည် ငါ​တို့​အဖို့ ထာဝရ​ရွေးနုတ်ခြင်း​ကျေးဇူး​ကို​ခံရ​၍ ဆိတ်​အသွေး၊ နွား​သ​ငယ်​အသွေး​နှင့်​မဟုတ်၊ မိမိ​အသွေးတော်​နှင့် အလွန်​သန့်ရှင်း​ရာ​ဌာန​ထဲ​သို့ တစ်ကြိမ်​တည်း​ဝင်တော်မူ​၏။ အကြောင်း​မူ​ကား နွား​အသွေး၊ ဆိတ်​အသွေး . . . သည် သူတို့​ကိုယ်ခန္ဓာ​၌ စင်ကြယ်​ခြင်း​ကို​ပြု​နိုင်​သည်​မှန်​လျှင်၊ ထို​မျှ​မ​က အပြစ်တင်​ခွင့်​နှင့်​ကင်း​သော ကိုယ်တော်တိုင်​ကို ထာဝရ​ဝိညာဉ်​တော်​အားဖြင့် ဘုရားသခင်​အား တင်​လှူ​ပူဇော်​သော ခရစ်တော်​၏​အသွေး​သည် အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို ဝတ်ပြုခြင်း​အဖို့​အ​လို့​ငှာ သင်တို့၌ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို အသေ​ဖြစ်သော​အကျင့်​များနှင့်​ကင်းလွတ်​၍ စင်ကြယ်​စေခြင်း​ငှာ သာ၍​တတ်နိုင်​တော်​မူ​မည်​မဟုတ်လော။” မှန်ပါသည်၊ ယေရှုသည် မိမိ​အသက်သွေး​၏​တန်ဖိုး​ကို ဘုရားသခင်​အား ဆက်သ​တော်​မူ​ခဲ့​သည်။—ဟေဗြဲ ၉:၁၁-၁၄၊ ၂၄၊ ၂၈သမ္မာ; ၁၀:၁၁-၁၄; ၁ ပေတရု ၃:၁၈

၁၈။ သွေး​နှင့်​ပတ်သက်​သည့် ကျမ်းစာ​ဖော်ပြချက်များ​သည် ယနေ့ ခရစ်ယာန်​များ​အတွက် အဘယ်ကြောင့်​အရေးပါ​သင့်​သနည်း။

၁၈ ဘုရားသခင်​၏ ဤ​အမှန်တရားက ကျွန်ုပ်​တို့အား သွေး​နှင့်​ပတ်သက်​သည့် ကျမ်းစာ​ပြောဆိုချက်​ကို သဘောပေါက်​နားလည်စေ​သည်၊ ဘုရားသခင်​သည် သွေး​ကို ထိုသို့ အဘယ်ကြောင့်​ရှုမြင်​ရ​ကြောင်း၊ ယင်းကို ကျွန်ုပ်​တို့ မည်သို့​ရှုမြင်​သင့်​ကြောင်း​နှင့် သွေး​ကို​အသုံးပြုပုံ​နှင့်​ပတ်သက်​၍ ဘုရားသခင်​ချမှတ်​ထား​သည့် ကန့်သတ်ချက်​များ​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့် လေးစား​သင့်​ကြောင်း​စ​သည်​တို့ကို နားလည်​လာပေမည်။ ခရစ်ယာန်​ဂရိ​ကျမ်းစောင်​များ​ကို ဖတ်ရှု​သည့်​အခါ ခရစ်တော်​၏​အသွေး​အကြောင်း များစွာ​ရည်ညွှန်း​ဖော်ပြ​ထား​သည်ကို သင်​တွေ့ရှိ​ပေ​လိမ့်​မည်။ (လေးထောင့်ကွက်​ကို​ရှု။) ယင်း​တို့​က ခရစ်ယာန်​တစ်ဦးစီ​သည် “ယေရှု​ခရစ်​၏ အသွေးတော်​ကို” ယုံကြည်​သင့်​ကြောင်း ရှင်းလင်းစွာ​ဖော်​ပြပေး​သည်။ (ရောမ ၃:၂၅) “[ယေရှု] သွန်း​သော အသွေးတော်​အားဖြင့်” သာ ကျွန်ုပ်​တို့သည် အပြစ်လွှတ်​ခံရ​ပြီး ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​နိုင်​ပါ​မည်။ (ကောလောသဲ ၁:၂၀) ယင်းသည် ကောင်းကင်​တွင် ယေရှု​နှင့်အတူ​စိုးစံ​ရန် ကိုယ်တော်​အထူး​ပဋိညာဉ်ဖွဲ့​ထား​သူတို့နှင့်​ပတ်သက်​၍ အမှန်ပင်​ဖြစ်သည်။ (လုကာ ၂၂:၂၀၊ ၂၈-၃၀; ၁ ကောရိန္သု ၁၁:၂၅; ဟေဗြဲ ၁၃:၂၀) ထို့​ပြင် ဖြစ်လတ္တံ့​သော ‘ကြီးစွား​သော​ဆင်းရဲခြင်း’ ကို​ကပ်ကျော်​ပြီး မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ရရှိ​မည့် မျက်မှောက်ခေတ် ‘လူအုပ်ကြီး’ နှင့်​ပတ်သက်​၍​လည်း ထို့​အတူ​မှန်ကန်​ပါ​သည်။ ပုံဆောင်​သဘော​အရ၊ သူတို့သည် “မိမိတို့​ဝတ်လုံကို သိုးသငယ်​၏​အသွေး​၌ လျှော်” ကြ​လေ​သည်။—ဗျာ. ၇:၉၊ ၁၄

၁၉၊ ၂၀။ (က) သွေး​အသုံးပြုမှု​ကို​ကန့်သတ်​ဖို့ ဘုရားသခင် အဘယ်ကြောင့်​အလိုရှိ​ခဲ့​သနည်း၊ ယင်းကို ကျွန်ုပ်​တို့​မည်သို့ ယူမှတ်​သင့်​သနည်း။ (ခ) ကျွန်ုပ်​တို့သည် အဘယ်အရာကို​သိရှိ​ရန် စိတ်ဝင်စား​သင့်​သနည်း။

၁၉ ဘုရားသခင့်​အမြင်​တွင် သွေးသည် အထူး​အဓိပ္ပာယ်​ရှိကြောင်း ထင်ရှား​သည်။ ကျွန်ုပ်​တို့အတွက်​လည်း ထို့​အတူ​ဖြစ်​သင့်​သည်။ အသက်ကို​အလေးထား​သည့် ဖန်ဆင်း​ရှင်​သည် လူ​တို့ သွေး​အသုံးပြုပုံကို ကန့်သတ်​ပိုင်ခွင့်​ရှိသည်။ ကျွန်ုပ်​တို့၏​အသက်ကို​ပင် ကိုယ်တော်​အလွန်​အလေးထား​ရာ ထာဝရ​အသက်​ရစေ​နိုင်သော တစ်ခု​တည်း​သော​နည်းလမ်း​ဖြစ်သည့် အလွန်​အရေးပါသော​နည်းလမ်း​တစ်ရပ်​တွင် သွေး​ကို​အသုံးပြုရန် သီးသန့်​ထား​တော်​မူ​ခဲ့​သည်။ ထို​နည်းလမ်း​တွင် ယေရှု၏​အသွေးတော်မြတ် ပါဝင်​လေ​သည်။ ဤ​အသက်ကယ်​ဆယ်​ရေးနည်း​လမ်း​တွင် ယေရှု၏​အသွေးတော်​ကို ကျွန်ုပ်​တို့​အကျိုးအတွက် ယေဟောဝါ​ဘုရားသခင်​အသုံးပြု​တော်​မူ​ခဲ့​ရာ ကိုယ်တော်​အား ကျွန်ုပ်​တို့ အလွန်​ကျေးဇူး​တင်​နိုင်​ပါ​သည်! အသွေးတော်​ကို ပူဇော်ရာ​ယဇ်​အဖြစ် ယေရှု​သွန်းလောင်းခဲ့​သည့်​အတွက် ကိုယ်တော့်​ကိုလည်း ကျွန်ုပ်​တို့ အလွန်​ကျေးဇူး​တင်​အပ်​၏! တမန်​တော်​ယောဟန်​ဖော်ပြ​သည့် ဤ​သဘောထားကို ကျွန်ုပ်​တို့ အမှန်ပင်​သဘောပေါက်​နိုင်​ကြသည်– “ငါ​တို့ကို​ချစ်၍ အသွေးတော်​နှင့် အပြစ်​မှ ဖြေလွှတ်​တော်​မူ​သဖြင့်၊ ငါ​တို့ကို နိုင်ငံတော်​လည်းကောင်း၊ မိမိ​ခမည်းတော်​ဘုရားသခင်​အဖို့ ယဇ်ပုရောဟိတ်​များလည်း​ကောင်း ဖြစ်စေ​တော်​မူ​သော​အရှင်​သည် ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ၊ အစိုး​ပိုင်​သော​အခွင့်​ရှိ​တော်​မူ​စေ​သတည်း။ အာမင်။”—ဗျာ. ၁:၅၊ ၆သမ္မာ။

၂၀ ကျွန်ုပ်​တို့၏ ဉာဏ်ပညာ​အရှိဆုံး​ဘုရားသခင်​နှင့် အသက်ပေး​ပိုင်ရှင်​သည် ဤ​အသက်ကယ်​ဆယ်​နည်းကို ကြာမြင့်စွာ​ကတည်းက ရည်ရွယ်​ထား​တော်​မူ​သည်။ သို့​ဖြစ်၍ ‘ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​များနှင့် လုပ်ရပ်များ​အပေါ် ယင်းက အဘယ်​အကျိုး​သက်ရောက်​စေ​သင့်​သနည်း’ ဟု ကျွန်ုပ်​တို့​မေး​နိုင်​ပေ​သည်။ ဤ​မေးခွန်း​ကို နောက်​လာ​မည့်​ဆောင်းပါး​က တင်ပြ​ပါ​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

အာဗေလ​နှင့် နောဧ​တို့၏​မှတ်တမ်းများ​မှ အသွေး​အပေါ် ဘုရားသခင့်​အမြင်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ အဘယ်အရာ သင်ယူ​နိုင်​သနည်း။

ပညတ်တရား​တွင် သွေး​ကို​အသုံးပြုမှု​နှင့်​ပတ်သက်​၍ ဘုရားသခင် အဘယ်​သို့ ကန့်သတ်​ထား​သနည်း၊ အဘယ်ကြောင့်​နည်း။

အပြစ်ဖြေရာ​နေ့ ရှေ့ပြေး​အရိပ်​ပြ​သော​အဘယ်အရာကို ယေရှု​မည်သို့​ပြည့်စုံ​စေ​ခဲ့​သနည်း။

ယေရှု၏​အသွေးတော်​က ကျွန်ုပ်​တို့ကို မည်သို့​ကယ်တင်​နိုင်​သနည်း။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]

အဘယ်​အသွေးက အသက်ကယ်​တင်​နိုင်​သနည်း

“သင်တို့သည် ကိုယ်ကို​သတိ​နှင့်​ကြည့်ရှု​ကြလော့။ ဘုရားသခင်​သည် မိမိ [“သားတော်​၏၊” က​ဘ] အသွေး​နှင့်​ဝယ်​တော်​မူ​သော​အသင်းတော်ကို လုပ်ကျွေး​စေခြင်း​ငှာ၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့ကို အ​အုပ်​အချုပ်​ခန့်​ထား​တော်​မူ​သော သိုးစု​တစ်စုလုံး​ကိုလည်း သတိ​နှင့်​ကြည့်ရှု​ကြလော့။”—တမန်​တော် ၂၀:၂၈

“သို့​ဖြစ်၍ ယခု​တွင် အသွေးတော်​အားဖြင့် ဖြောင့်မတ်​ရာ​သို့​ရောက်​သဖြင့် ထို​အရှင်​ကြောင့် အမျက်တော်​မှ ကယ်​ချွတ်​တော်​မူ​ခြင်း​သို့ သာ၍​ရောက်​ကြလိမ့်မည်။”—ရောမ ၅:၉သမ္မာ။

‘သင်တို့သည် မျှော်လင့်ခြင်း​မရှိ၊ လောက​၌ ဘုရားသခင်​မဲ့​နေကြ​သည်။ သင်တို့သည် အထက်​က ဝေး​လျက်​ရှိသော်လည်း ယခု​မှာ ခရစ်တော်​ယေရှု​၌​ဖြစ်၍ အသွေးတော်​အားဖြင့် အနီး​သို့​ရောက်​ကြပြီ။’—ဧဖက် ၂:၁၂၊ ၁၃သမ္မာ။

‘ခပ်သိမ်း​သော​ပြည့်စုံခြင်း​ကို သားတော်​၌ တည်​နေ​စေခြင်း​ငှာ​လည်းကောင်း၊ လက်ဝါးကပ်တိုင်​မှာ​သွန်​သော အသွေးတော်​အားဖြင့် ရန်ကို​ငြိမ်း​စေ​၍ ခပ်သိမ်း​သော​အရာ​ကို သားတော်​အားဖြင့် ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​စေခြင်း​ငှာ​လည်းကောင်း အလိုရှိ​တော်​မူ​၏။’—ကောလောသဲ ၁:၁၉၊ ၂၀သမ္မာ။

‘ထို့​ကြောင့် ညီအစ်ကို​တို့၊ ငါ​တို့သည် အလွန်​သန့်ရှင်း​ရာ​ဌာန​ထဲ​သို့ အသွေးတော်​ကို​အမှီပြု၍​ဝင်ရန် ရဲရင့်​ရသော​အခွင့်​ရှိသည်။’—ဟေဗြဲ ၁၀:၁၉၊ ၂၀သမ္မာ။

“ဖောက်ပြန်​ပျက်စီး​တတ်သော​ဥစ္စာ​နှင့် သင်တို့ကို ရွေးနုတ်​တော်​မူ​သည်မဟုတ်​ဘဲ၊ အဘယ်​အပြစ်​အနာ​မျှ​မရှိ၊ အစွန်းအကွက်​နှင့်​ကင်းစင်​သော သိုးသငယ်​ကဲ့သို့​သော ခရစ်တော်​၏​အသွေးတော်မြတ်​နှင့် ရွေးနုတ်​တော်​မူ​သည်။”—၁ ပေတရု ၁:၁၈၊ ၁၉သမ္မာ။

“ကိုယ်တော်​သည် အလင်း​၌​ရှိ​တော်​မူ​သကဲ့သို့ ငါ​တို့သည် အလင်း​၌​ကျင်လည်​လျှင် အချင်းချင်း​မိတ်သဟာယ​ဖွဲ့ ခြင်း​ရှိကြ​၍ ကိုယ်တော်​၏ သားတော်​ယေရှု၏​အသွေးတော်​သည် အပြစ်ရှိ​သမျှ​မှ ငါ​တို့ကို စင်ကြယ်​စေ​၏။”—၁ ယောဟန် ၁:၇သမ္မာ။

“ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ကို​ခံ​တော်​မူ​သော​အားဖြင့်၊ အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ အကျွန်ုပ်​တို့ကို​ယူ၍ အသွေးတော်​နှင့် ဘုရားသခင်​အဖို့ ရွေးနုတ်​တော်​မူ​၏။ . . . ထို့​ကြောင့်၊ ကိုယ်တော်​သည် စာစောင်​ကို​ခံ​ယူ၍ တံဆိပ်​တို့ကို​ဖွင့်ထိုက်​တော်​မူ​၏။”—ဗျာ. ၅:၉၊ ၁၀

‘ငါ​တို့​ညီအစ်ကို​များ​ကို . . . နေ့​ည​မပြတ်​အပြစ်တင်​သော​ရန်သူကို အောက်​သို့​ချ​လေ​ပြီ။ သူတို့သည် သိုးသငယ်​၏​အသွေး​အားဖြင့်လည်း​ကောင်း၊ မိမိတို့​သက်သေခံချက်​စကားတော်​အားဖြင့်လည်း​ကောင်း အောင်မြင်​ကြသည်။’—ဗျာ. ၁၂:၁၀၊ ၁၁

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အပြစ်လွှတ်​ခံရ​ရန် အသွေး​သည် အရေးပါသည့်​ကဏ္ဍ​တစ်ခု​မှ ဆောင်ရွက်​နိုင်​ကြောင်း ပညတ်တရား​အားဖြင့် ဘုရားသခင် ရှင်းလင်းစွာ​ဖော်ပြ​ခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေရှု၏​အသွေးတော်​အားဖြင့် အသက်​ပေါင်း​များစွာ ကယ်တင်​ခံရ​နိုင်