သားသမီးလေ့ကျင့်ရေးတွင် သမ္မာကျမ်းစာ ကူညီပေးနိုင်သလော
သားသမီးလေ့ကျင့်ရေးတွင် သမ္မာကျမ်းစာ ကူညီပေးနိုင်သလော
သစ်ခွပန်းသည် အလွန်ဆွဲဆောင်မှုရှိသောပန်းဖြစ်သော်လည်း စိုက်ပျိုးပြုစုရခက်၏။ ဖြစ်ထွန်းအောင်မြင်ရန် အပူအအေး၊ အလင်းရောင်နှင့် ပန်းအိုးအရွယ်အစားတို့ကို ထိန်းညှိပေးရ၏။ သစ်ခွပန်းသည် မြေနှင့် မြေသြဇာရွေးပြီး အနာနှင့် ပိုးမွှားဒဏ်ကြောင့် ထိခိုက်ပျက်စီးလွယ်သည်။ ထို့ကြောင့် သစ်ခွပန်းကို စိုက်ပျိုးသောအခါ အစပိုင်းတွင် အောင်မြင်လေ့မရှိချေ။
သားသမီးပြုစုပျိုးထောင်ခြင်းသည် သာ၍ခက်ခဲရှုပ်ထွေးသည့်အပြင် ဂရုစိုက်ဖို့လည်းလိုသည်။ ထို့ကြောင့် ကလေးပြုစုမွေးမြူရေးနှင့်ပတ်သက်၍ မိဘအများသည် အကြံအိုက်လေ့ရှိသည်။ တတ်ကျွမ်းသူတစ်ဦးထံမှ အကြံဉာဏ်လိုအပ်သော သစ်ခွစိုက်ပျိုးသူကဲ့သို့ မိမိတို့အကူအညီလိုသည်ဟု ယူဆသူများစွာရှိ၏။ မိဘတိုင်း အကောင်းဆုံးလမ်းညွှန်မှု ရလိုသည်မှာ ထင်ရှားပါသည်။ ထိုသို့သောလမ်းညွှန်မှုကို အဘယ်မှ ရနိုင်သနည်း။
သမ္မာကျမ်းစာသည် သားသမီးပြုစုပျိုးထောင်ရေး လက်စွဲစာအုပ်မဟုတ်သော်လည်း ယင်းနှင့်ပတ်သက်သော လက်တွေ့ကျအကြံပြုချက် အတော်များများကို ကျမ်းရေးသူများအား ဖန်ဆင်းရှင် မှုတ်သွင်းရေးသားစေခဲ့သည်။ လျစ်လျူရှုခံရလေ့ရှိသည်ဟု လူအများယူဆသော နှစ်လိုဖွယ်အရည်အသွေးများ ပြုစုပျိုးထောင်ခြင်းကို သမ္မာကျမ်းစာက အလေးပေးဖော်ပြသည်။ (ဧဖက် ၄:၂၂-၂၄) ယင်းနှင့်ပတ်သက်၍ မျှတသော လေ့ကျင့်သင်ကြားမှုဆိုင်ရာ အဓိကကဏ္ဍတစ်ခုကို သမ္မာကျမ်းစာအကြံပြုထားသည်။ မည်သည့်ခေတ်တွင်ဖြစ်စေ၊ မည်သည့်ယဉ်ကျေးမှုနောက်ခံမှဖြစ်စေ ထိုအကြံပြုချက်ကို လက်တွေ့ကျင့်သုံးခဲ့သူ ထောင်ပေါင်းများစွာတို့သည် အကျိုးခံစားခဲ့ရကြပြီ။ ထို့ကြောင့် သင်၏သားသမီးများကို လေ့ကျင့်သင်ကြားပေးရာ၌ ကျမ်းစာအကြံပြုချက်ကို လိုက်နာခြင်းက အောင်မြင်စေနိုင်ပါသည်။
မိဘပုံသက်သေ—အကောင်းဆုံးလေ့ကျင့်ပေးမှု
“သူတစ်ပါးကိုဆုံးမလျက်ပင် ကိုယ်ကိုမဆုံးမသလော။ သူ့ဥစ္စာကိုမခိုးနှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။ သူ့မယားကိုမပြစ်မှားနှင့်ဟု ဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။”—ရောမ ၂:၂၁၊ ၂၂။
ဆိုးလ်မြို့ ပညာရေးဘုတ်အဖွဲ့၏ဥက္ကဋ္ဌတစ်ဦးက “အပြောနဲ့ အလုပ်ညီတဲ့ ပုံသက်သေဟာ ကလေးကိုလေ့ကျင့်သင်ကြားရာမှာ အကောင်းဆုံးနည်းပါပဲ” ဟုပြောခဲ့သည်။ မိဘများသည် အပြောအဆိုနှင့် အမူအကျင့်တို့တွင် ပုံသက်သေကောင်းမပြဘဲ ကလေးကို သွန်သင်ချက်အတိအကျပေးမည်ဆိုလျှင် ကလေးဖြစ်သူက မိဘများ သူတော်ကောင်းဖြစ်ယောင်ဆောင်သည်ဟု အလွယ်တကူယူမှတ်သွားပေမည်။ ထိုအခါ မိဘစကား အရာထင်တော့မည်မဟုတ်ပါ။ ဥပမာ၊ မိမိတို့ကလေးကို ရိုးသားဖြောင့်မတ်ရန် သင်ကြားပေးလိုလျှင် မိဘများကိုယ်တိုင် ရိုးသားဖြောင့်မတ်ရမည်။ ဖြစ်လေ့ဖြစ်ထရှိသည်မှာ အချို့သောမိဘများသည် တယ်လီဖုန်းမကိုင်လိုသည့်အခါ “ဝမ်းနည်းပါတယ်၊ အဖေ (သို့မဟုတ် အမေ) မရှိပါဘူး” ဟု ကလေးအား ပြောခိုင်းတတ်ကြသည်။ ဤသို့မှာကြားခံရသော ကလေးသည် စိတ်ကသိကအောက်ဖြစ်ပြီး စိတ်ရှုပ်သွားပေမည်။ နောက်ဆုံးတွင် သူသည် အခက်ကြုံလာသော် စိတ်မသိုးမသန့်မဖြစ်ဘဲ လိမ်ပြောပေတော့မည်။ ထို့ကြောင့် မိမိတို့ကလေးကို ရိုးသားဖြောင့်မတ်သူ တကယ်ဖြစ်စေလိုလျှင် မိဘများကိုယ်တိုင် အမှန်အတိုင်းပြောဆိုပြီး အပြောနှင့်အလုပ်ညီရမည်။
သင်၏ကလေး ယဉ်ကျေးရည်မွန်စွာ စကားပြောဆိုတတ်ရန် သင်လေ့ကျင့်ပေးလိုသလော။ သို့ဖြစ်လျှင် အသင်ကိုယ်တိုင် ပုံသက်သေကောင်းပြရပေမည်။ သင့်ကို သူတို့ ချက်ချင်းအတုယူပါလိမ့်မည်။ ကလေးလေးယောက်ဖခင် ဆွန်စိခ်ဤသို့ပြောပြသည်– “ရိုင်းစိုင်းရင့်သီးတဲ့စကားတွေမပြောဖို့ ကျွန်တော်တို့လင်မယား ဆုံးဖြတ်ထားကြတယ်။ တစ်ယောက်ကိုတစ်ယောက် လေးစားမှုပြပြီး စိတ်တိုတဲ့အခါ ဒါမှမဟုတ် စိတ်ဆိုးတဲ့အခါမှာတောင် အသံကျယ်ကျယ် စကားမပြောဘူး။ ပုံသက်သေကောင်းပြတာက နှုတ်နဲ့သင်ပေးတာထက် ပိုပြီးထိရောက်တယ်။ ဒါကြောင့် ကျွန်တော်တို့သားသမီးတွေ တခြားသူတွေနဲ့ စကားပြောတဲ့အခါ လေးလေးစားစား၊ ယဉ်ယဉ်ကျေးကျေးပြောဆိုတတ်ကြလို့ ကျွန်တော်တို့ဝမ်းသာတယ်။” ဂလာတိ ၆:၇ တွင် သမ္မာကျမ်းစာက “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟုဆို၏။ သားသမီးများတွင် မြင့်မားသောကျင့်ဝတ်စံနှုန်းရှိစေလိုသော မိဘများသည် မိမိတို့ကိုယ်တိုင် ထိုစံနှုန်းနှင့်အညီကျင့်ကြံကြောင်း ဦးစွာပြရကြမည်။
ဆက်သွယ်ရေးလမ်းကြောင်း အမြဲဖွင့်ထားပါ
“ထိုစကား [ဘုရားသခင့်ပညတ်တော်များ] ကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။”—တရားဟောရာ ၆:၇။
အချိန်ပို အလုပ်ဆင်းလိုစိတ်ရှိသူ တိုးများလာနေသည်။ လင်ရော မယားပါ အလုပ်လုပ်ကိုင်ကြသည့်အခါ အကြီးအကျယ်ထိခိုက်မှုရှိသည်။ သားသမီးများနှင့် မိဘများ အတူနေချိန် လျော့နည်းသွား၏။ မိဘများ အိမ်တွင်ရှိသည့်အခါ၌လည်း အိမ်မှုကိစ္စများ လုပ်ရကြ၏၊ ထို့ကြောင့် အလွန်မောပန်းနေကြပေမည်။ ဤအခြေအနေမျိုးတွင် သားသမီးများနှင့် ဆက်ဆံရေးကောင်း မည်သို့ရှိနိုင်မည်နည်း။ အိမ်အလုပ်ကို သားသမီးများနှင့်အတူတကွ သင်လုပ်ဆောင်မည်ဆိုလျှင် စကားလက်ဆုံပြောဆိုဖို့ အခွင့်ကောင်းများရပေမည်။ အိမ်ထောင်ဦးစီးတစ်ဦးဆိုလျှင် တီဗွီကိုထုတ်ပစ်လိုက်သည်၊ ထိုသို့ပြုလုပ်ရသည့် အဓိကအကြောင်းမှာ သားသမီးများနှင့် စကားပြောဆိုချိန် ပိုရရှိဖို့ဖြစ်သည်။ သူဤသို့ပြောခဲ့သည်– “အစပိုင်းမှာတော့ ကလေးတွေ ပျင်းနေကြတယ်၊ ဒါပေမဲ့ သူတို့နဲ့အတူ ဉာဏ်စမ်းပဟေဠိကစားနည်းတွေ ကစားပြီး စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေအကြောင်း အပြန်အလှန်ဆွေးနွေးပြောဆိုကြတဲ့အခါ သူတို့တဖြည်းဖြည်း ကျင့်သားရလာတယ်။”
ကလေးများသည် ငယ်စဉ်ကတည်းက မိဘများနှင့်အဆက်အသွယ်ရှိဖို့ အရေးကြီးသည်။ သို့မဟုတ်ပါက သားသမီးများ မြီးကောင်ပေါက်အရွယ်ရောက်လာ၍ ပြဿနာများကြုံတွေ့ရသောအခါ မိဘများကို မိမိတို့ရင်ဖွင့်နိုင်သောမိတ်ဆွေများအဖြစ် သဘောထားကြမည်မဟုတ်ပေ။ သူတို့ရင်ဖွင့်ပြောဆိုလာစေရန် မည်သို့ကူညီပေးနိုင်မည်နည်း။ နယပုံပြင် ၂၀:၅ ကဤသို့ဆိုသည်– “လူ့စိတ်နှလုံး၌အကြံအစည်သည် နက်သောရေနှင့်တူသော်လည်း ဉာဏ်ထက်သောသူသည် ခပ်ယူလိမ့်မည်။” “သား/သမီး ဘယ်လိုထင်သလဲ” စသည့် သဘောထားမေးခွန်းများ မေးခြင်းအားဖြင့် သူတို့၏ထင်မြင်ချက်နှင့် ခံစားချက်များကို ထုတ်ပြောစေနိုင်သည်။
သင်၏ကလေးသည် ကြီးလေးသောအမှားပြုမိလျှင် မည်သို့ပြုမည်နည်း။ ဤအချိန်တွင် သူနှင့်စာနာထောက်ထားစွာ ဆက်ဆံဖို့လိုသည်။ သင့်ကလေး ပြောဆိုသမျှကိုနားထောင်နေစဉ် စိတ်ထိန်းပါ။ ဤအခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းပုံအကြောင်း ဖခင်တစ်ဦးဤသို့ပြောပြသည်– “ကလေးတွေမှားတဲ့အခါ လွန်လွန်ကဲကဲ ဒေါသမထွက်မိဖို့ ကျွန်တော်ကြိုးစားတယ်။ သူတို့ပြောပြတာတွေကို ထိုင်နားထောင်ပေးတယ်။ နားလည်မှုပြနိုင်ဖို့ ကြိုးစားတယ်။ ဒေါသထွက်လာရင် ခဏလောက်စောင့်ပြီး စိတ်တည်ငြိမ်သွားဖို့ ကြိုးစားတယ်။” စိတ်လှုပ်ရှားမှုကိုထိန်းပြီး နားထောင်ပေးပါက သင်၏ဆုံးမစကားကို လက်ခံရ ပိုလွယ်ကူပေမည်။
မေတ္တာပေါ်အခြေခံသော ဆုံးမပဲ့ပြင်မှု မရှိမဖြစ်လိုအပ်
“အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။”—ဧဖက် ၆:၄။
ကောင်းကျိုးရရှိရန် မေတ္တာပါပါ ဆုံးမပေးဖို့ အရေးကြီးသည်။ မိဘများသည် “ကိုယ်သားသမီးကို” အဘယ်နည်းဖြင့် “စိတ်ဆိုးစေ” နိုင်သနည်း။ ပြုမိသည့်အမှားထက် ပို၍ပြင်းထန်သည့် ဆုံးမပဲ့ပြင်မှုကိုလည်းကောင်း၊ အလွန်အမင်းပြစ်တင်ဝေဖန်သည့် ဆုံးမခြင်းကိုလည်းကောင်း သားသမီးများ ခံနိုင်မည်မဟုတ်ပေ။ အချိန်အခါမရွေး မေတ္တာပါပါ ဆုံးမပဲ့ပြင်သင့်သည်။ (သု. ၁၃:၂၄) သားသမီးများကို ကျိုးကြောင်းဆင်ခြင်ပြောဆိုမည်ဆိုလျှင် သင်သည် သူတို့ကို မေတ္တာနှင့် ဆုံးမပဲ့ပြင်ခြင်းဖြစ်ကြောင်း သိနားလည်လာပါလိမ့်မည်။—သု. ၂၂:၁၅; ၂၉:၁၉။
တစ်ဖက်မှကြည့်ပြန်လျှင် မိမိတို့၏အမှားကြောင့် မနှစ်မြို့ဖွယ်အကျိုးဆက်များ ခံရကြောင်း သားသမီးတို့သိလျှင် ကောင်းသည်။ ဥပမာ၊ ကလေးသည် အခြားသူတစ်ဦးကို မတရားသဖြင့်ပြုလျှင် ဝန်ချတောင်းပန်ခိုင်းပါ။ မိသားစုစည်းမျဉ်းကို ဖောက်ဖျက်လျှင် စည်းကမ်းလိုက်နာခြင်း၏ အရေးပါမှုကိုသိရှိစေရန် အခွင့်အရေးအချို့ကို ရုပ်သိမ်းနိုင်သည်။
လိုအပ်သည့်အချိန်တွင် ဆုံးမပေးခြင်းသည်ကောင်း၏။ ဒေ. ၈:၁၁ (သမ္မာ) ကဤသို့ဆိုသည်– “ဆိုးသောအမှု၌စီရင်ချက်အတိုင်း အလျင်အမြန်ဒဏ်မပေးသောကြောင့် လူသားတို့သည် ဆိုးသောအမှုကိုပြုခြင်းငှာ ခိုင်မာစွာသဘောထားကြ၏။” ထိုနည်းတူပင် ကလေးများစွာတို့သည် မလျော်မကန်ပြုမူပြီးနောက် ဒဏ်မခံရဘဲ နေနိုင်မနိုင် စမ်းကြည့်တတ်ကြသည်။ ထို့ကြောင့် တစ်စုံတစ်ခုသောအမှားကိုပြုလျှင် ဒဏ်ပေးမည်ဟု သတိပေးခဲ့ပြီဆိုလျှင် ဒဏ်ပေးဖြစ်အောင်ပေးပါ။
အကျိုးပြု အပန်းဖြေမှု တန်ဖိုးရှိ
“ရယ်ရသောအချိန် . . . နှင့် ကခုန်ရသောအချိန်လည်းရှိ၏။”—ဒေ. ၃:၁၊ ၄။
ကလေးတစ်ဦး ကိုယ်စိတ်နှစ်ဖြာ ကြီးထွားဖွံ့ဖြိုးနိုင်ရန် အကျိုးရှိပြီး မျှတသောအပန်းဖြေမှုနှင့် အားလပ်ချိန်ရှိဖို့လိုသည်။ သားသမီးများနှင့် မိဘများ အတူအပန်းဖြေသည့်အခါ မိသားစုနှောင်ကြိုး ပိုခိုင်မြဲလာ၏၊ ကလေးများကလည်း လုံခြုံမှုရှိသည်ဟု ခံစားရ၏။ မိသားစုလိုက် အဘယ်အပန်းဖြေမှုမျိုးကို အတူတကွ တပျော်တပါး ပြုလုပ်နိုင်သနည်း။ အချိန်ယူပြီးစဉ်းစားကြည့်မည်ဆိုလျှင် ပျော်ရွှင်စရာ အပန်းဖြေနည်းများစွာရှိပါသည်။ စက်ဘီးစီးခြင်းနှင့် တင်းနစ်ရိုက်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘော်လီဘောပုတ်ခြင်းစသည့် အိမ်ပြင်တွင် ကစားရသော အားကစားနည်းများရှိသည်။ သို့မဟုတ် မိသားစုလိုက် တူရိယာတီးမှုတ် သီချင်းဆိုကြသည့် ပျော်စရာအချိန်များကိုလည်း မြင်ယောင်ကြည့်နိုင်ပါသည်။ တောတောင်သဘာဝ အလှအပများကို ခံစားရန် အလည်ခရီးထွက်ခြင်းဖြင့် အမှတ်တရတွေ့ကြုံမှုများ ရရှိနိုင်ကြသည်။
ထိုသို့သောအချိန်အခါများတွင် အပန်းဖြေမှုအပေါ် မျှတသောအမြင်ရှိဖို့ သားသမီးများကို မိဘများ သွန်သင်ပေးနိုင်သည်။ သားသုံးယောက်ရှိသော ခရစ်ယာန်အမျိုးသားတစ်ဦး ဤသို့ပြောပြခဲ့သည်– “ဖြစ်နိုင်ရင် သားတွေနဲ့အတူ ကျွန်တော် အပန်းဖြေတတ်တယ်။ ဥပမာ၊ သူတို့ကွန်ပျူတာဂိမ်း ကစားတဲ့အခါ ဘယ်လိုကစားရသလဲဆိုတာ သူတို့ကို မေးကြည့်တယ်။ သူတို့က စိတ်ပါလက်ပါရှင်းပြတဲ့အခါ အကျိုးမပြုတဲ့ဖျော်ဖြေမှုရဲ့ အန္တရာယ်တွေအကြောင်း အခွင့်ကောင်းယူပြီး သူတို့ကိုပြောပြတယ်။ မသင့်တော်တဲ့ဖျော်ဖြေမှုတွေကို သူတို့မကစားတော့တာ ကျွန်တော်သတိထားမိတယ်။” မှန်ပါသည်၊ မိသားစုလိုက် အပန်းဖြေခြင်းကို ပျော်မွေ့သောကလေးများသည် အကြမ်းဖက်မှု၊ အကျင့်ယိုယွင်းမှုနှင့် မူးယစ်ဆေးအလွဲသုံးမှုတို့ကို အသားပေးဖော်ပြသည့် တီဗွီအစီအစဉ်များ၊ ဗီဒီယိုများ၊ ရုပ်ရှင်များနှင့် အင်တာနက်ဂိမ်းများဘက် လှည့်တော့မည်မဟုတ်။
မိတ်ဆွေကောင်းများဖွဲ့တတ်ရန် ကလေးများကိုကူညီပေးပါ
“ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။”—သု. ၁၃:၂၀။
သားသမီးလေးဦးကို အောင်မြင်စွာ ပြုစုပျိုးထောင်ပေးခဲ့သူ ခရစ်ယာန်ဖခင်တစ်ဦးက ဤသို့ဆိုသည်– “သူတို့လေးတွေ အပေါင်းအသင်းရွေးချယ်တာ သိပ်အရေးကြီးတယ်။ မကောင်းတဲ့အပေါင်းအသင်းတစ်ယောက်ကြောင့် သင်ပေးထားသမျှ ပျက်စီးသွားနိုင်တယ်။” သားသမီးများ မိတ်ဆွေကောင်းများဖွဲ့နိုင်စေဖို့ ပညာရှိစွာ သူဤသို့မေးမြန်းလေ့ရှိသည်– သား/သမီး အခင်ဆုံးသူငယ်ချင်းက ဘယ်သူလဲ။ သူ့ကို ဘာဖြစ်လို့ခင်တာလဲ။ သူ့ရဲ့ ဘယ်အရည်အချင်းကို သား/သမီး အတုယူချင်သလဲ။ အခြားမိဘတစ်ဦးကမူ သားသမီးများ၏ ရင်းနှီးသောမိတ်ဆွေများကို အိမ်သို့ခေါ်ဖိတ်စေသည်။ ဤသို့ပြုခြင်းအားဖြင့် သူတို့ကို သတိပြုလေ့လာပြီး သားသမီးများအား သင့်လျော်သည့်လမ်းညွှန်မှု ပေးနိုင်လေသည်။
ထို့ပြင် သက်တူရွယ်တူများနှင့်သာမက အသက်ကြီးသူများနှင့်လည်း မိတ်ဆွေဖြစ်နိုင်ကြောင်း သားသမီးများကိုသင်ပေးဖို့ အရေးကြီးသည်။ သားသုံးယောက်ဖခင် ဘန်စန်းဤသို့ပြောပြသည်– “ကျမ်းစာထဲက ဒါဝိဒ်နဲ့ယောနသန်လို သူငယ်ချင်းဆိုတာ သက်တူရွယ်တူပဲ ဖြစ်စရာမလိုဘူးလို့ သူတို့လေးတွေ သဘောပေါက်အောင် ကျွန်တော်ပြောပြပေးတယ်။ အမှန်ပြောရရင် ကျွန်တော့်အိမ်ကိုအလည်လာပြီး ကျွန်တော့်သားတွေနဲ့ ပေါင်းဖော်ပေးဖို့ ခရစ်ယာန်လူကြီး၊ လူငယ်တွေကို ဖိတ်ခေါ်တယ်။ ဒါကြောင့် ကျွန်တော့်ကလေးတွေဟာ ရွယ်တူချင်းမဟုတ်သူတွေနဲ့လည်း ပေါင်းဖော်တတ်လာတယ်။” ပုံသက်သေကောင်းသောလူကြီးများနှင့် ပေါင်းဖော်ခြင်းအားဖြင့် သားသမီးများသည် များစွာတတ်သိလာခွင့်ရကြ၏။
ကလေးလေ့ကျင့်ရေးတွင် သင်အောင်မြင်နိုင်
အမေရိကန်ပြည်ထောင်စု၌ ပြုလုပ်ခဲ့သော ဆန်းစစ်လေ့လာချက်တစ်ခုအရ ချုပ်တည်းခြင်း၊ ကိုယ့်ကိုယ်ကိုဆုံးမပဲ့ပြင်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းစသည့် အရည်အသွေးများကို သားသမီးများ၌ရှိရန် ကြိုးစားသွန်သင်ပေးခဲ့ကြသော မိဘအများသည် မအောင်မြင်ကြချေ။ အဘယ်ကြောင့် ဤမျှခက်ခဲရသနည်း။ ထိုဆန်းစစ်လေ့လာမှုကို ဖြေဆိုခဲ့သောမိခင်တစ်ဦးက ဤသို့ပြောသည်– “ဝမ်းနည်းစရာက ကျွန်မတို့ရဲ့သားသမီးတွေကို အိမ်ထဲမှာ လှောင်ပိတ်ထားပြီး ဘယ်တော့မှ အပြင်ထွက်ခွင့်မပေးမှဘဲ သူတို့ကို ကာကွယ်နိုင်မှာ။” ကလေးများကြီးပြင်းလာနေသည့် ယခုဝန်းကျင်အခြေအနေမှာ တစ်ခါနှင့်မျှမတူအောင် ဆိုးသွမ်းနေသည်ဟု သူဆိုလိုနေခြင်းဖြစ်သည်။ ဤအခြေအနေမျိုးတွင် သားသမီးများကို ပြုစုပျိုးထောင်ပေးရန် အမှန်အောင်မြင်နိုင်ပါမည်လော။
သစ်ခွပန်းကို သင်စိုက်ပျိုးလိုသော်လည်း ညှိုးနွမ်းသွားမည်ကိုစိုးရိမ်နေပါက စိတ်ပျက်စရာဖြစ်ပေမည်။ သို့သော် သစ်ခွစိုက်ပျိုးတတ်သူတစ်ဦးက အကြံဉာဏ်ကောင်းလာပေးပြီး စိတ်ချစွာဖြင့် “ဒီလိုလုပ်ရင် အောင်မြင်လိမ့်မယ်” ဟုပြောလာပါက အားရှိစရာဖြစ်ပေမည်! လူ့သဘောသဘာဝကိုနားလည်သော အမြင့်မြတ်ဆုံးအာဏာပိုင်ရှင် ယေဟောဝါသည် သားသမီးမွေးမြူရေးနှင့်ပတ်သက်၍ အကောင်းဆုံးအကြံပြုချက်များ ပေးထားပါသည်။ ကိုယ်တော်က “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်” ဟုမိန့်တော်မူ၏။ (သု. ၂၂:၆) သင်သည် ကျမ်းစာသွန်သင်ချက်နှင့်အညီ သားသမီးများကို လေ့ကျင့်သင်ကြားပေးသောအခါ သားသမီးသည် ကိုယ်ကျင့်တရားသိစိတ်ရှိပြီး တာဝန်သိတတ်သော၊ ကိုယ်ချင်းစာတတ်သောလူကြီးများ ဖြစ်လာသည်ကို တွေ့မြင်ခွင့်ရပေလိမ့်မည်။ ထိုအခါ သူတို့ကို လူတို့သာမက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါကပါ ချစ်မြတ်နိုးပါလိမ့်မည်။