မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးလေ့ကျင့်သင်ကြားပေးခြင်းဆိုင်ရာ မျက်မှောက်ခေတ် စိန်ခေါ်ချက်

သားသမီးလေ့ကျင့်သင်ကြားပေးခြင်းဆိုင်ရာ မျက်မှောက်ခေတ် စိန်ခေါ်ချက်

သားသမီး​လေ့ကျင့်​သင်ကြား​ပေးခြင်း​ဆိုင်ရာ မျက်မှောက်ခေတ် စိန်ခေါ်ချက်

စားသောက်​ဆိုင် ပိုင်ရှင်​တစ်ဦး​သည် ညနေ​မိုးချုပ်​ချိန်​တွင် ဆိုင်​ပိတ်​ပြီး အိမ်ပြန်​ဖို့​ပြင်ဆင်​နေသည်။ ထို​အခါ အမျိုးသမီး​နှစ်ဦး​နှင့် ကလေး​တစ်ဦး ဆိုင်​ထဲ​ဝင်လာ​ပြီး အစားအစာ​မှာ​ယူ​လေ​၏။ ဆိုင်​ရှင်​မှာ အလွန်​ပင်ပန်း​နေ​သဖြင့် ဆိုင်​ပိတ်​ပြီ​ဟု ပြော​လို​သော်လည်း သူတို့ မှာ​သည့်​အတိုင်း တည်ခင်း​ပေး​ဖို့​ဆုံးဖြတ်​လိုက်​သည်။ အမျိုးသမီး​နှစ်ဦး​သည် စကားပြော​ရင်း အစာစား​နေစဉ် ကလေး​မှာ စားသောက်​ဆိုင်​ထဲ ဟိုဟိုဒီဒီ​ပြေးလွှား​ကာ ကြမ်းပြင်​ပေါ်​ကျ​သွားသော ကွတ်ကီး​မုန့်များ​ကို တက်​နင်း​လျက်​ရှိသည်။ ကလေး​၏​မိခင်​မှာ သားကို ဆုံးမ​မည့်​အစား ပြုံး​၍​သာ​နေသည်။ ညစာ​စား​ပြီး​၍ သူတို့​ထွက်သွား​သောအခါ မောဟိုက်​နေသော​ပိုင်ရှင်​ခမျာ ဆေးကြော​သန့်ရှင်း​ရ​ပြန်​သည်။

သင်​သိ​သည့်​အတိုင်း မိသားစု​များစွာ​တွင် ကလေး​များ​ကို ကောင်းစွာ လေ့ကျင့်​သင်ကြား​ပေးခြင်း​မရှိကြောင်း ဤ​ဖြစ်ရပ်မှန်​က ဖော်ပြ​သည်။ အကြောင်း​အမျိုးမျိုး​ကြောင့်​ဖြစ်၏။ မိဘ​အချို့​သည် သားသမီး​များ​ကို လွတ်လွတ်လပ်လပ် စိတ်ကြိုက်​နေထိုင်ခွင့်​ပေး​သင့်​သည်​ဟု​ယူဆကြ​ပြီး မိမိတို့​သားသမီး​များ​ကို တတ်​တိုင်း​နေ​ရန် လွှတ်ထား​ကြသည်။ သို့​တည်း​မဟုတ် မိဘများသည် အလုပ်များ​လွန်း​သောကြောင့် သားသမီး​များ​ကို ဂရုစိုက်​မှု​နှင့် လိုအပ်သော​လေ့ကျင့်​သင်ကြားမှု မပေး​အား​ဘဲ​ရှိ​ပေမည်။ မိဘ​အချို့​မူ ကလေး​၏​ကျောင်း​ပညာရေး​သည် အရေး​အကြီးဆုံး​ဟု ယူဆကြ​သောကြောင့် ကျောင်းတွင် အဆင့်​ကောင်း​ရ​နေပြီး အဆင့်မြင့်​ကောလိပ်​သို့ ဝင်နိုင်​မည်​ဆိုလျှင် အကန့်အသတ်​မရှိ လွတ်လပ်ခွင့်​ပေး​တတ်ကြ​သည်။

သို့​တိုင် အချို့​က မိဘများနှင့် လူ့​အဖွဲ့အစည်း​၏ အကျင့်​စရိုက်​စံ​ကို ပြုပြင်​ပြောင်းလဲ​ဖို့​လို​သည်​ဟု ဆို​ကြ​ပြန်​သည်။ ကလေး​များသည် ရာဇဝတ်မှု​အမျိုးမျိုး​တွင် ပါဝင်​ပတ်သက်​လာကြပြီး ကျောင်းတွင်​လည်း အကြမ်းဖက်မှု တ​ရိပ်​ရိပ်​တိုးများ​လာ​နေသည်​ဟု သူတို့​ကျိုးကြောင်း​ဖော်ပြ​ကြသည်။ ထို့​ကြောင့် ပင်ကိုစရိုက်​ကို ဦးစား​ပေး လေ့ကျင့်​သင်ကြား​ပေး​သင့်​သည်​ဟု ကိုရီးယား​သမ္မတနိုင်ငံ၊ ဆိုးလ်​မြို့မှ အလယ်တန်း​ကျောင်း​တစ်​ကျောင်း​၏ ကျောင်းအုပ်​က အလေးပေး​ဖော်ပြ​သည်။ သူ​ဤသို့​ပြော​သည်– “အရင်​ဦးဆုံး အကျင့်​စရိုက်​ကောင်း​ရှိအောင် ပျိုးထောင်​ပေး​ပြီး​မှ ပညာ​သင်ပေး​သင့်တယ်။”

မိမိတို့ ကလေး​များ တက္ကသိုလ်​ဝင်ခွင့်​ရပြီး ဘဝတွင် အောင်မြင်မှု​ရရှိစေ​လို​သော မိဘများ​စွာ​တို့သည် ဤသို့​သော​သတိပေး​စကား​များ​ကို အလေးမမူ​ကြ​ချေ။ အသင်​သည် မိဘ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် သင့်​ကလေး​ကို အဘယ်​လူစားမျိုး ဖြစ်စေ​လို​သနည်း။ ကိုယ်ကျင့်တရား​သိစိတ်​ရှိပြီး တာဝန်​သိ​တတ်​သည့် လူ​လား​မြောက်​သူ​တစ်ဦး ဖြစ်စေ​လို​သလော။ အခြား​သူများကို ကိုယ်ချင်းစာ​နာ​တတ်​သူ၊ ပြောင်းသာလဲသာ​ရှိ၍ အပြုသဘော​ရှိသူ​တစ်ဦး ဖြစ်စေ​လို​ပါသလော။ ထိုသို့​ဖြစ်စေ​လို​ပါ​က နောက်​ဆောင်းပါး​ကို ကျေးဇူးပြု​၍ သုံးသပ်ကြည့်​ပါ။