မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သူ၏ဘာသာတရားကို လေးစားရန် သင်ပေးခဲ့’

‘သူ၏ဘာသာတရားကို လေးစားရန် သင်ပေးခဲ့’

‘သူ၏​ဘာသာ​တရားကို လေးစားရန် သင်ပေးခဲ့’

အီတလီ​နိုင်ငံ၊ ရိုဗီ​ဂို​ပြည်နယ်​မှ ယေဟောဝါသက်သေ​တစ်ဦး​သည် မိမိ​တွင် အကျိတ်​တစ်လုံး​ရှိပြီး အခြေအနေ​စိုးရိမ်​ရ​ကြောင်း သိရှိ​ခဲ့​သည်။ သူသည် အတန်ကြာ ဆေးရုံ​တက်​နေစဉ် သွေးမသွင်း​ဘဲ ကုသ​ပေး​ပါ​ရန် တောင်းဆို​ခဲ့​၏၊ အိမ်ပြန်ရောက်​သည့်​အခါ ဒေသန္တရ​ကင်ဆာ​ရောဂါ သူနာပြု​ဌာန​မှ သူနာပြု​များ​က သူ့ကို​ကူညီ​ပေး​ခဲ့​ကြသည်။

၃၆ နှစ်အရွယ် ဤ​လူနာ​၏ ခိုင်ခံ့​သော​ယုံကြည်ခြင်း​နှင့် တလိုတလား​ပူးပေါင်း​ဆောင်ရွက်​လို​စိတ်​ကို ဆေး​ဝန်ထမ်း​များ အလွန်​သဘောကျခဲ့​ကြသည်။ အဲ​န်​ဂျဲ​လာ​ဟု​ခေါ်​သော ဤ​လူနာ​သည် ကင်ဆာ​ရောဂါ​ဖြင့် မ​ကွယ်လွန်​မီ သူ့ကို​ကူညီ​ပေး​ခဲ့​သော သူနာပြု​တစ်ဦး​က သူနာပြု​မဂ္ဂဇင်း​တစ်စောင်​တွင် ဤသို့​ရေးသားခဲ့​၏။

“အဲ​န်​ဂျဲ​လာ​သည် သွက်လက်​ချက်​ချာ​ပြီး အသက်ရှင်​လို​၏။ သူ၏​အခြေအနေ​သည် စိုးရိမ်​စ​ရာ​ရှိကြောင်း သိရှိ​သောအခါ အခြားသူများ​ကဲ့သို့​ပင် သူသည် သက်သာရာ​သက်သာ​ကြောင်း ဆေးဝါး​တစ်မျိုး​မျိုးကို လိုက်လံ​ရှာဖွေခဲ့​သည်။ . . . ကျွန်တော်​တို့​သူနာပြု​များသည် သူ့ကို တဖြည်းဖြည်း​သိကျွမ်း​လာ​ကြ​၏။ ကျွန်တော်​တို့၏​ကူညီ​မှု​ကို သူ​မဆန့်ကျင်​ခဲ့​ပါ။ သို့​ပြု​မည့်​အစား၊ အဲ​န်​ဂျဲ​လာ​၏​ပွင့်လင်းမှု​ကြောင့် အစစအရာရာ လွယ်ကူ​စေ​ခဲ့​သည်။ စိတ်ရင်းမှန်​သော​သူနှင့် တွေ့ဆုံ​ရပြီး အပြန်အလှန်​အကျိုးပြု​မည့်​အချိန်​ဖြစ်​မည်​ကို ကျွန်တော်​တို့​သိခဲ့​သောကြောင့် သူ့ကို ပြုစုပေး​ခဲ့​ရခြင်း​သည် ပျော်ရွှင်စရာ​ဖြစ်၏။ . . . သူ၏​ဘာသာ​တရားသည် သူ့​ရောဂါ​ကို ကုသ​ပေး​ဖို့ အတားအဆီး​ဖြစ်လာ​နိုင်​ကြောင်း ကျွန်တော်​တို့ ချက်ချင်း​သဘောပေါက်ခဲ့​ကြသည်။” ၎င်း​သည် သူ၏​ထင်မြင်ချက်​ဖြစ်သည်၊ အကြောင်း​မှာ အဲ​န်​ဂျဲ​လာ​အား သွေးသွင်း​ပေး​သင့်​သည်​ဟု သူ​ယူဆ​ခဲ့​သော်လည်း အဲ​န်​ဂျဲ​လာ​သည် သွေးသွင်း​မခံခဲ့​ပါ။—တမန်​တော် ၁၅:၂၈၊ ၂၉

“ကျန်းမာ​ရေး​ပညာရှင်​များ​အနေ​ဖြင့် ကျွန်တော်​တို့သည် အဲ​န်​ဂျဲ​လာ​၏​ဆုံးဖြတ်ချက်​ကို သဘောမတူ​နိုင်​ကြောင်း ပြောပြ​ခဲ့​သည်၊ သို့သော် သူ၏​အကူအညီ​ဖြင့် အသက်ကို သူ​မည်မျှ​တန်ဖိုး​ထား​ကြောင်း သိရှိ​လာ​ရသည်။ ထို့​ပြင် သူ၏​ဘာသာ​တရားသည် သူနှင့် သူ၏​မိသားစု​အတွက် အရေးပါ​ကြောင်းကို​လည်း ကျွန်တော်​တို့​နားလည်​လာ​၏။ အဲ​န်​ဂျဲ​လာ​သည် လက်မလျှော့​ပါ။ ရောဂါ​ကို အရှုံးမပေး​ပါ။ ခိုင်မာ​ပြတ်သား​၏။ အသက်ဆက်ရှင်​လို​သဖြင့် ကြိုးစား​တိုက်လှန်​ခဲ့​၏။ သူ၏​သန္နိ​ဋ္ဌာန်၊ သူ၏​ယုံကြည်ချက်ကို လူအပေါင်း​အား သိရှိ​စေ​ခဲ့​သည်။ များသောအားဖြင့် ကျွန်တော်​တို့​တွင်​မရှိသည့်​ဇွဲ သူ၌​ရှိသည်၊ သူ၏​ခိုင်မာ​သော​ယုံကြည်ခြင်း​မျိုး ကျွန်တော်​တို့​တွင် မရှိပါ။ . . . အဲ​န်​ဂျဲ​လာ​သည် ကျွန်တော်​တို့၏​ဆေး​လောက​နှင့် တခြား​စီ​ဖြစ်သည့် သူ၏​ဘာသာ​တရားကို အရေးပေး​ရန် ကျွန်တော်​တို့ကို သင်ပေးခဲ့​သည်။ . . . လူအမျိုးမျိုး၊ အခြေအနေ​အမျိုးမျိုး၊ ဘာသာ​တရား​အမျိုးမျိုးနှင့် ကျွန်တော်​တို့ ကြုံတွေ့​ဆက်ဆံ​ရသည့်​အတွက် အဲ​န်​ဂျဲ​လာ​သင်ပေးခဲ့​သော​အရာ​သည် အလွန်​အရေးကြီး​သည်​ဟု ကျွန်တော်​တို့ ယုံကြည်​ကြသည်၊ ကျွန်တော်​တို့ တွေ့ဆုံ​ဆက်ဆံ​ရသူ​တိုင်း​ထံ​မှ သင်ယူစရာ၊ ပြန်ပေး​စ​ရာ​ရှိ၏။”

၎င်းနောက် ၁၉၉၉ ခုနှစ်​တွင် အတည်ပြုခဲ့​သော အီတလီ သူနာပြု​များနှင့်​ဆိုင်​သည့် အတတ်ပညာ​ကျင့်ဝတ်​ဥပဒေ​ကို ဤ​မဂ္ဂဇင်း​ဆောင်းပါး​က ဤသို့​အာရုံစိုက်​စေ​ခဲ့​သည်– “သူနာပြု​သည် လူတစ်ဦး​ချင်း​စီ​၏ ဘာသာ​တရား၊ ကျင့်ဝတ်၊ ယဉ်ကျေးမှု​စံနှုန်း​များ​သာမက လူမျိုး​နှင့်​လိင်​တို့ကို​ပါ ထည့်တွက်​စဉ်းစား၍ မိမိ၏​တာဝန်​ကို ထမ်း​ဆောင်ပေး​ရ၏။” တစ်ခါတစ်ရံ ဆရာဝန်​များနှင့် သူနာပြု​များသည် လူနာ​တစ်ဦး၏​ဘာသာရေး​ခံယူ​ချက်​များ​ကို လေးစားရန် အခက်တွေ့​ပေမည်၊ ထိုသို့​ပြု​ရန် တလိုတလား​ရှိသူ​များ​ကို ကျေးဇူး​တင်​လေးစား​နိုင်​သည်။

ယေဟောဝါသက်သေ​များသည် မိမိတို့၏​ကျန်းမာ​ရေး၊ ဆေး​ကုသ​နည်း​တို့ကို အသေအချာ​ကြိုတင်​စဉ်းစား​ဆင်ခြင်​ပြီး​သား​ဖြစ်သည်။ သူတို့သည် သမ္မာကျမ်းစာ​ဆို​ထား​ရာ​ကို အလေးအနက်​ဆင်ခြင်​သုံးသပ်ကြ​သည်၊ အဲ​န်​ဂျဲ​လာ​၏​အဖြစ်အပျက်က ဖော်ပြ​သည့်​အတိုင်း သူတို့သည် တစ်ယူသန်​သူများ​မဟုတ်​ကြ​ချေ။ (ဖိလိပ္ပိ ၄:၅) ကမ္ဘာ​တစ်ဝန်း​တွင် သက်သေခံ​လူနာများ​၏​သိစိတ်ကို တလိုတလား​လေးစား​လာ​ကြ​သူ ကျန်းမာ​ရေး​ပညာရှင်​များ​၏ အရေအတွက် တိုးများ​လာ​ပေ​ပြီ။