အသက်ရှင်တော်မူသော ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံ
အသက်ရှင်တော်မူသော ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံ
“ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ[လော့]။”—တမန်တော် ၁၄:၁၅။
၁၊ ၂။ ယေဟောဝါအား ‘အသက်ရှင်တော်မူသောဘုရားသခင်’ အဖြစ် အသိအမှတ်ပြုရန် အဘယ်ကြောင့်သင့်လျော်သနည်း။
တမန်တော်ပေါလုနှင့် ဗာနဗတို့သည် လူတစ်ယောက်ကို ကုသပေးပြီးနောက် လုတ္တရမြို့ရှိ ရှုစားနေသူများအား ဤသို့အာမခံခဲ့ကြသည်– “ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကိုပယ်၍ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှတို့ကိုဖန်ဆင်းတော်မူ၍ အသက်ရှင်တော်မူသောဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်။”—တမန်တော် ၁၄:၁၅။
၂ ယေဟောဝါသည် သက်မဲ့အရုပ်တစ်ခုမဟုတ်ဘဲ အမှန်ပင် ‘အသက်ရှင်တော်မူသောဘုရားသခင်’ ဖြစ်တော်မူ၏။ (ယေရမိ ၁၀:၁၀; ၁ သက်သာလောနိတ် ၁:၉၊ ၁၀) ယေဟောဝါကိုယ်တော်တိုင် အသက်ရှင်တော်မူသည့်အပြင် ကျွန်ုပ်တို့၏ အသက်ပင်ရင်းလည်း ဖြစ်တော်မူသည်။ “ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်[သည်။]” (တမန်တော် ၁၇:၂၅) ကိုယ်တော်သည် ကျွန်ုပ်တို့၏ လက်ရှိနှင့်အနာဂတ် ဘဝပျော်ရွှင်ချမ်းမြေ့ရေးကို စိတ်ဝင်စားတော်မူ၏။ ပေါလုက ဘုရားသခင်သည် “သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှမိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သောဥတုကိုပေးတော်မူသောအားဖြင့် ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူ” ဟု ထပ်ဆင့်ဆိုသည်။—တမန်တော် ၁၄:၁၇။
၃။ ဘုရားသခင်ပေးသောလမ်းညွှန်မှုကို ကျွန်ုပ်တို့အဘယ်ကြောင့် ယုံကြည်ကိုးစားနိုင်သနည်း။
၃ ကျွန်ုပ်တို့၏အသက်ကို ဘုရားသခင်စိတ်ဝင်စားခြင်းက ကိုယ်တော်၏လမ်းညွှန်မှုကို ကျွန်ုပ်တို့အား ယုံကြည်ကိုးစားစေသည်။ (ဆာလံ ၁၄၇:၈; မဿဲ ၅:၄၅) တချို့က ကျမ်းစာမိန့်မှာချက်တစ်ခုကို နားမလည်၊ သို့မဟုတ် ကျဉ်းကျပ်သည်ဟု ယူဆကြမည်ဆိုလျှင် တစ်မျိုးတစ်ဖုံတုံ့ပြန်ပေမည်။ အမှန်မှာ ယေဟောဝါ၏လမ်းညွှန်မှုကို ယုံကြည်ကိုးစားခြင်းသည် ပညာရှိရာရောက်၏။ ဥပမာပေးရမည်ဆိုလျှင်– အသေကောင်ကိုမထိရဟူသော ပညတ်တရားကို ဣသရေလလူတစ်ဦး နားမလည်သည့်တိုင် ယင်းကိုလိုက်နာပါက သူ့အတွက်အကျိုးရှိ၏။ ပထမ၊ သူ၏နာခံမှုက အသက်ရှင်တော်မူသောဘုရားသခင်နှင့် သူ့ကိုတရင်းတနှီးရှိစေမည်; ဒုတိယ၊ သူ့အား ရောဂါမရစေပါ။—ဝတ်ပြုရာ ၅:၂; ၁၁:၂၄။
၄၊ ၅။ (က) ခရစ်ယာန်ခေတ်မတိုင်မီ သွေးနှင့်ပတ်သက်သည့် အဘယ်လမ်းညွှန်ချက်ကို ယေဟောဝါပေးခဲ့သနည်း။ (ခ) သွေးနှင့်ပတ်သက်သည့် ဘုရားသခင့်လမ်းညွှန်မှုတွင် ခရစ်ယာန်များပါဝင်ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။
၄ သွေးနှင့်ပတ်သက်၍ ဘုရားသခင့်လမ်းညွှန်မှုသည်လည်း ထို့အတူပင်။ လူသည် သွေးကိုမစားသင့်ကြောင်း နောဧအား ကိုယ်တော်မိန့်မှာခဲ့သည်။ ထို့နောက် ပညတ်တရားပေးချိန်တွင် သွေးကို အပြစ်ဖြေလွှတ်ရန်အတွက် ယဇ်ပလ္လင်ပေါ်တွင်သာ အသုံးပြုရမည်ဟု ဘုရားသခင်ဖော်ပြခဲ့သည်။ ဘုရားသခင်သည် ဤသို့သောညွှန်ကြားချက်များပေးကာ သွေးကို အမြင့်မြတ်ဆုံးနည်းဖြင့် အသုံးပြုဖို့ အခြေခံအုတ်မြစ်ကို ချမှတ်ပေးလေသည်။ ၎င်းမှာ ယေရှု၏ရွေးနုတ်ဖိုးအားဖြင့် အသက်ကယ်ခြင်းတည်း။ (ဟေဗြဲ ၉:၁၄) မှန်ပါသည်၊ ဘုရားသခင့်လမ်းညွှန်မှုသည် ကျွန်ုပ်တို့၏အသက်တာနှင့် ကောင်းကျိုးအတွက်ဖြစ်၏။ ကမ္ဘာဦး ၉:၄ ကိုဆွေးနွေးရာတွင် ၁၉ ရာစု ကျမ်းပညာရှင် အယ်ဒမ် ကလာ့ခ်က ဤသို့ရေးသားခဲ့သည်– “အရှေ့တိုင်းခရစ်ယာန်များသည် [နောဧအား] ပေးခဲ့သည့် ဤအမိန့်ကို တိတိကျကျ လိုက်နာနေဆဲပင်။ . . . ပညတ်တရားအရ သွေးကိုမစားသုံးရချေ၊ အကြောင်းမှာ ဤလောက၏အပြစ်အတွက် သွေးသွန်းလောင်းရမည်ဖြစ်ကြောင်း ၎င်းကပြညွှန်ပေးသောကြောင့်ဖြစ်၏; ခရစ်ဝင်ကျမ်းအရလည်း သွေးကိုမစားသုံးရချေ၊ အကြောင်းမှာ အပြစ်ဖြေလွှတ်ရန် သွန်းလောင်းခဲ့သည့်အသွေးကို ကိုယ်စားပြုသည်ဟု အမြဲယူမှတ်သင့်သောကြောင့်ဖြစ်၏။”
၅ အဆိုပါကျမ်းပညာရှင်သည် ယေရှု၌ဗဟိုပြုသည့် အခြေခံခရစ်ဝင်ကျမ်းကို ရည်ညွှန်းနေခြင်းဖြစ်ရပေမည်။ ၎င်းတွင် ကျွန်ုပ်တို့ထာဝရအသက်ရစေရန် အသွေးသွန်းလောင်းဖို့၊ ကျွန်ုပ်တို့အတွက်အသေခံဖို့ ဘုရားသခင်သည် မိမိ၏သားတော်အား စေလွှတ်ခဲ့ခြင်းပါဝင်သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ရောမ ၅:၈၊ ၉) ခရစ်တော်၏နောက်လိုက်များသည် သွေးကိုကြဉ်ရှောင်ရမည်ဟူသော နောက်ပိုင်းမိန့်မှာချက်လည်း ထိုမှတ်ချက်၌အကျုံးဝင်၏။
၆။ သွေးနှင့်ပတ်သက်၍ ခရစ်ယာန်များအား အဘယ်ညွှန်ကြားချက်များပေးခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၆ ဘုရားသခင်သည် ဣသရေလလူမျိုးကို စည်းမျဉ်းဥပဒေ ရာနှင့်ချီပေးခဲ့ကြောင်း သင်သိရှိပေမည်။ သို့သော် ယေရှုသေဆုံးပြီးနောက် ယင်းပညတ်ဥပဒေများကို ကိုယ်တော်၏တပည့်နောက်လိုက်များ ဆက်လက်စောင့်ထိန်းဖို့မလိုတော့ချေ။ (ရောမ ၇:၄၊ ၆; ကောလောသဲ ၂:၁၃၊ ၁၄၊ ၁၇; ဟေဗြဲ ၈:၆၊ ၁၃) သို့ရာတွင်၊ အရေဖျားလှီးခြင်းကိစ္စနှင့်ပတ်သက်၍ မေးစရာအကြောင်း ပေါ်လာသည်။ ခရစ်တော်၏အသွေးသွန်းခြင်းမှ အကျိုးကျေးဇူးခံစားလိုသူ ဂျူးမဟုတ်သူများသည် အရေဖျားလှီးဖို့လိုမည်လော၊ သို့ဖြင့် ပညတ်တရားအောက် သူတို့ရှိနေသေးကြောင်း တင်ပြရမည်လော။ စီ.အီး. ၄၉ တွင် ခရစ်ယာန်အုပ်ချုပ်ရေးအဖွဲ့သည် အဆိုပါကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။ (တမန်တော်၊ အခန်းကြီး ၁၅) တမန်တော်များနှင့် အသက်ကြီးသူတို့သည် ဘုရားသခင့်ဝိညာဉ်တော်၏အကူအညီဖြင့် ထိုအရေဖျားလှီးခြင်းတာဝန်သည် ပညတ်တရားနှင့်အတူ အဆုံးတိုင်သွားကြောင်း ဆုံးဖြတ်ချက်ချခဲ့ကြသည်။ သို့တိုင် ခရစ်ယာန်များအတွက် ဘုရားသခင့်တောင်းဆိုချက်တချို့ ကျန်ရှိသေးသည်။ အသင်းတော်များထံပေးပို့သော စာတစ်စောင်တွင် အုပ်ချုပ်ရေးအဖွဲ့က ဤသို့အကြောင်းကြားသည်– “ရုပ်[ပုံ]ရှေ့မှာပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍သတ်သောအရာကိုလည်းကောင်း၊ မတရားသောမေထုန်ကိုလည်းကောင်း ကြဉ်ရှောင်ရမည်ဟူသောပညတ်မှတစ်ပါး အခြားသောဝန် သင်တို့၏အပေါ်သို့တင်ခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည်အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြပါစေသော။”—တမန်တော် ၁၅:၂၈၊ ၂၉။
၇။ ‘သွေးကိုကြဉ်ရှောင်’ ခြင်းသည် ခရစ်ယာန်များအတွက် မည်မျှအရေးကြီးသနည်း။
၇ ‘သွေးကိုကြဉ်ရှောင်ခြင်း’ သည် လိင်ဆိုင်ရာအကျင့်ယိုယွင်းမှု သို့မဟုတ် ရုပ်[ပုံ]ကိုးကွယ်မှုကို ရှောင်ကြဉ်ခြင်းတမျှ အရေးပါသည်ဟု အုပ်ချုပ်ရေးအဖွဲ့က ရှုမြင်ခဲ့ကြောင်း ရှင်းနေပါသည်။ သွေးကိုတားမြစ်ခြင်းသည် အရေးကြီးကြောင်း ယင်းကသက်သေထူသည်။ ရုပ်[ပုံ]ကိုးကွယ်ခြင်း၊ အကျင့်ယိုယွင်းခြင်းကို နောင်တမယူဘဲ ပြုကျင့်ကြသူ ခရစ်ယာန်များသည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေ” မခံနိုင်ပါ; “ဒုတိယသေခြင်း . . . [ကို] ရကြလိမ့်မည်။” (၁ ကောရိန္သု ၆:၉၊ ၁၀; ဗျာ. ၂၁:၈; ၂၂:၁၅) ကွာခြားချက်ကို သတိပြုပါ– အသက်သွေး၏မြင့်မြတ်မှုနှင့်စပ်လျဉ်းသည့် ဘုရားသခင့်လမ်းညွှန်ချက်ကို ပမာမထားလျှင် ထာဝရသေနိုင်ပါသည်။ ယေရှု၏ပူဇော်ရာယဇ်ကို လေးမြတ်ကြောင်းတင်ပြလျှင် ထာဝရအသက်ရနိုင်သည်။
၈။ သွေးနှင့်ပတ်သက်သည့် ဘုရားသခင့်လမ်းညွှန်မှုကို အစောပိုင်းခရစ်ယာန်များ အလေးအနက်ထားခဲ့ကြကြောင်း အဘယ်အရာကဖော်ပြသနည်း။
၈ အစောပိုင်းခရစ်ယာန်များသည် သွေးနှင့်ပတ်သက်သည့် ဘုရားသခင့်လမ်းညွှန်ချက်ကို မည်သို့နားလည်၍ လိုက်နာကျင့်ဆောင်ခဲ့ကြသနည်း။ ကလာ့ခ်၏မှတ်ချက်ကို ပြန်သတိရပါ– “ခရစ်ဝင်ကျမ်းအရလည်း သွေးကိုစားသုံးရန်မသင့်ချေ၊ အကြောင်းမှာ အပြစ်ဖြေလွှတ်ရန် သွန်းလောင်းခဲ့သည့်အသွေးကို ကိုယ်စားပြုသည်ဟု အမြဲယူမှတ်သင့်သောကြောင့်ဖြစ်၏။” အစောပိုင်းခရစ်ယာန်များသည် ယင်းကိစ္စကို အလေးအနက်ထားခဲ့ကြကြောင်း သမိုင်းကထောက်ခံသည်။ တာတူလျန်က ဤသို့ရေးသားခဲ့၏– “ယှဉ်ပြိုင်တိုက်ခိုက်ရာကွင်းအတွင်း တိုက်ခိုက်ပွဲအပြီးတွင် အာသာငမ်းငမ်းဖြစ်နေသော သူတို့သည် အသတ်ခံရသောရာဇဝတ်ကောင်တို့၏ သွေးစိမ်းကို သူတို့၏ဝက်ရူးပြန်ရောဂါသည်များအား ကုသဖို့ ယူဆောင်သွားကြသည်ကို စဉ်းစားသာကြည့်ပါ။” အယူမှားသူတို့သည် သွေးကိုစားသုံးခဲ့ကြသော်လည်း ခရစ်ယာန်တို့မှာမူ “[၎င်းတို့၏] အစားအစာတွင် တိရစ္ဆာန်အသွေးပင် မပါချေ။ . . . ခရစ်ယာန်တို့ကို စစ်ကြောစုံစမ်းသည့်အချိန်၌ သင်တို့သည် သူတို့အား သွေးအူချောင်းများကို စားစေသည်။ ခရစ်ယာန်များအဖို့ ဤသို့ပြုခြင်းသည် တရားဥပဒေနှင့်မညီသောလုပ်ရပ်ဖြစ်ကြောင်း သင်တို့ကောင်းစွာသိမြင်ကြသည်” ဟု တာတူလျန်ကဆိုခဲ့သည်။ သေမည်ဟုခြိမ်းခြောက်ခံရသော်လည်း ခရစ်ယာန်တို့သည် သွေးကို မစားသုံးကြချေ။ ဘုရားသခင့်လမ်းညွှန်မှုသည် သူတို့အတွက် ထိုမျှအရေးကြီး၏။
၉။ သွေးကိုကြဉ်ရှောင်ခြင်းတွင် သွေးကိုတိုက်ရိုက်မစားသုံးခြင်းအပြင် အခြားအဘယ်အရာလည်း အကျုံးဝင်သေးသနည်း။
၉ ခရစ်ယာန်များသည် သွေးကိုတိုက်ရိုက်မစားမသောက်၊ အသွေးမသွန်းထားသည့် အသားကိုမစား၊ သွေးပါသည့်အစားအစာကိုလည်းမစားကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုနေခြင်းသာဖြစ်၏ဟု တချို့ထင်ကြပေမည်။ နောဧအား ဘုရားသခင်မိန့်မှာခဲ့ချိန်က ထိုသို့အမှန်ဆိုလိုခဲ့သည်။ ၎င်းနောက် တမန်တော်များကလည်း ခရစ်ယာန်များအား အသွေးမသွန်းထားသည့်အသား၊ ‘လည်ပင်းကိုညှစ်၍သတ်ထားသောအရာများကို ရှောင်’ ကြရန် မိန့်မှာခဲ့သည်။ (ကမ္ဘာဦး ၉:၃၊ ၄; တမန်တော် ၂၁:၂၅) သို့သော် ထိုထက်မကဆိုလိုကြောင်း အစောပိုင်းခရစ်ယာန်များ သိထားကြသည်။ တစ်ခါတစ်ရံ ဆေးဘက်ဆိုင်ရာအကြောင်းများအတွက် သွေးကိုအသုံးပြုကြ၏။ ဝက်ရူးပြန်ရောဂါကိုကုသဖို့ အချို့သောအယူမှားသူတို့သည် သွေးစိမ်းကို သောက်သုံးခဲ့ကြကြောင်း တာတူလျန်က ဖော်ပြခဲ့သည်။ ရောဂါကုဖို့၊ သို့မဟုတ် ကျန်းမာရေးအတွက် အခြားနည်းဖြင့် သွေးကိုအသုံးပြုကြသည်လည်း ရှိပါသေးသည်။ ထို့ကြောင့် ခရစ်ယာန်များအတွက် သွေးကိုကြဉ်ရှောင်ခြင်းတွင် “ဆေးဘက်ဆိုင်ရာ” အကြောင်းများအတွက် ယင်းကိုအသုံးမပြုခြင်း ပါဝင်သည်။ သေဘေးနှင့်ကြုံရသည့်တိုင် သူတို့သည် ထိုသို့ရပ်တည်ခဲ့ကြ၏။
အသွေးကို ဆေးဖြစ်ဝါးဖြစ်သုံးခြင်း
၁၀။ သွေးကို ဆေးပညာအရ အဘယ်နည်းလမ်းအချို့ဖြင့် အသုံးပြုလျက်ရှိသနည်း၊ ယင်းကြောင့် အဘယ်မေးခွန်း ပေါ်ပေါက်လာသနည်း။
၁၀ ယခုအခါ အသွေးသည် ဆေးဝါးဘက်တွင် အသုံးများလာနေပြီ။ အစောပိုင်းက ပကတိအတိုင်းရှိသောသွေးကို သွင်းပေးခဲ့ကြ၏၊ အလှူရှင်ထံမှ သွေးကိုထုတ်ယူ၍ သိမ်းဆည်းထားလိုက်ပြီး တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသူများကို သွင်းပေးခဲ့ကြသည်။ နောက်ပိုင်းတွင် သုတေသနပညာရှင်များသည် သွေးကို အဓိကအစိတ်အပိုင်းများအဖြစ် သီးသန့်ခွဲထုတ်တတ်လာကြသည်။ အစိတ်အပိုင်းလိုက် သွေးသွင်းပေးခြင်းအားဖြင့် ဆရာဝန်များသည် လှူထားသည့်သွေးကို လူနာများများထံ ဝေငှသွင်းပေးနိုင်ကြ၏၊ သွေးရည်ကြည်ကို ဒဏ်ရာရသူတစ်ဦးထံသွင်းပေးနိုင်ပြီး သွေးဆဲလ်နီများကို နောက်တစ်ဦးထံသွင်းပေးနိုင်သည်။ သွေးရည်ကြည်ကဲ့သို့သော အစိတ်အပိုင်းတစ်ခုကို အပိုင်းအစငယ်များစွာ အဆင့်ဆင့်ခွဲထုတ်ယူနိုင်ပြီး လူနာအများအား ပေးဝေနိုင်ကြောင်း နောက်ဆက်တွဲသုတေသနပြုချက်က ဖော်ပြခဲ့သည်။ သွေးမှထပ်ဆင့်ခွဲထုတ်ယူနိုင်ဖို့ ကြိုးပမ်းနေကြဆဲရှိရာ အသစ်သောအပိုင်းအစငယ်များကို အသုံးပြုလျက်ရှိကြောင်း သိရှိရ၏။ ယင်းကို ခရစ်ယာန်တစ်ဦး မည်သို့တုံ့ပြန်မည်နည်း။ သူသည် လုံးဝသွေးသွင်းမခံပါဟု သန္နိဋ္ဌာန်ချထားပေမည်၊ သို့သော် ၎င်း၏ဆရာဝန်က သွေးဆဲလ်နီအပျစ်များဖြစ်နိုင်သည့် အဓိကအစိတ်အပိုင်းတစ်ခုကိုလက်ခံဖို့ ၎င်းအား တိုက်တွန်းပေမည်။ သို့မဟုတ် အစိတ်အပိုင်းတစ်ခုမှ ထုတ်ယူထားသော အပိုင်းအစငယ်လေးတစ်ခုသွင်းပြီး ရောဂါကုသရန်လိုသည်ဟု ဆိုပေမည်။ သွေးသည် မြင့်မြတ်ပြီး ခရစ်တော်၏အသွေးက အကြီးမားဆုံးသဘောဖြင့် အသက်ကယ်တင်ပေးကြောင်း သိရှိထားခြင်းကိုထောက်ပြီး ယင်းမေးခွန်းများကို ဘုရားသခင့်ကျေးကျွန်တစ်ဦး မည်သို့ဆုံးဖြတ်သင့်သနည်း။
၁၁။ ကြာမြင့်စွာကတည်းက သက်သေခံများသည် ဆေးပညာအရ သွေးနှင့်စပ်လျဉ်း၍ အဘယ်သို့ရပ်တည်ခဲ့ကြပြီနည်း။
၁၁ လွန်ခဲ့သောဆယ်စုနှစ်များစွာကတည်းက ယေဟောဝါသက်သေများသည် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြပြီ။ ဥပမာ၊ အမေရိကန်ဆေးအဖွဲ့၏ဂျာနယ် (နိုဝင်ဘာ ၂၇၊ ၁၉၈၁; သွေးသည် သင့်အသက်ကို မည်သို့ကယ်တင်နိုင်မည်နည်းတွင် ပြန်ပုံနှိပ်ခဲ့၊ စာမျက်နှာ ၂၇-၉) * တွင် ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြပေးခဲ့သည်။ ၎င်းဆောင်းပါးသည် ကမ္ဘာဦး၊ ဝတ်ပြုရာနှင့် တမန်တော်ကျမ်းတို့မှ ကိုးကားဖော်ပြခဲ့သည်။ ၎င်းက ဤသို့ဆိုလေသည်– “အဆိုပါအခန်းငယ်များကို ဆေးဝေါဟာရများဖြင့် မဖော်ပြထားသော်လည်း ယင်းတို့သည် ပကတိအတိုင်းရှိသောသွေး၊ သွေးဆဲလ်နီအပျစ်နှင့် သွေးရည်ကြည်တို့အပြင် သွေးဆဲလ်ဖြူနှင့် သွေးဥမွှားတို့ကိုပါ သွင်းယူခြင်းကို တားမြစ်သည်ဟု သက်သေခံများက ရှုမြင်ကြသည်။” ၂၀၀၁ ခုနှစ် အရေးပေါ်ဂရုစိုက်မှုစာအုပ်က “သွေး၏ပေါင်းစပ်ဖွဲ့စည်းမှု” ဟူသောခေါင်းစဉ်အောက်တွင် ဤသို့ဆိုခဲ့သည်– “သွေးသည် သွေးရည်ကြည်၊ သွေးဆဲလ်နီ၊ သွေးဆဲလ်ဖြူများနှင့် သွေးဥမွှားများစသည့် အစိတ်အပိုင်းအတော်များများဖြင့် ဖွဲ့စည်းထား၏။” ထို့ကြောင့် ဆေးဘက်ဆိုင်ရာအချက်အလက်များနှင့်အညီ ပကတိအတိုင်းရှိသောသွေး သို့မဟုတ် အဓိကအစိတ်အပိုင်းလေးပိုင်းမှ မည်သည့်အပိုင်းကိုမဆို သက်သေခံများ အသွင်းမခံပါ။
၁၂။ (က) သွေး၏အဓိကအစိတ်အပိုင်းများမှ ထုတ်ယူထားသည့် အပိုင်းအစငယ်များနှင့်စပ်လျဉ်း၍ အဘယ်ရပ်တည်ချက်ကို တင်ပြပေးထားပြီနည်း။ (ခ) ယင်းနှင့်ပတ်သက်သည့် ထပ်ဆင့်အချက်အလက်များကို အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း။
၁၂ အဆိုပါဆေးပညာဆောင်းပါးက ဤသို့ဆက်၍ဆိုသည်– “သက်သေခံများ၏ ဘာသာရေးအသိပညာက အယ်လ်ဗျူမင်၊ ဂလိုဗျူလင်နှင့် သွေးမတိတ်ရောဂါပြုပြင်ပစ္စည်းများ အစရှိသည့် [အပိုင်းအစငယ်များ] ကို အသုံးမပြုရဟု လုံးဝတားမြစ်ထားသည်မဟုတ်ပါ; သက်သေခံတစ်ဦးစီအနေနှင့် ထိုအပိုင်းအစငယ်များကို လက်ခံမည်မလက်ခံမည်ကို ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ကြရပေမည်။” ၁၉၈၁ ခုနှစ်ကတည်းက အပိုင်းအစငယ် (အဓိကအစိတ်အပိုင်း လေးပိုင်းအနက် တစ်ပိုင်းမှ ခွဲထုတ်ယူထားသည့် ပစ္စည်းများ) များစွာတို့ကို ဆေးပညာတွင် သီးသန့်အသုံးပြုခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍၊ ၂၀၀၀၊ ဇွန်လ ၁၅ ရက်ထုတ် ကင်းမျှော်စင်တွင် အဆိုပါအကြောင်းနှင့်ပတ်သက်၍ အထောက်အကူပြုမည့် အချက်အလက်များကို “စာရှုသူများထံမှမေးခွန်းလွှာ” ဟူသည့်ဆောင်းပါးတွင် ဖော်ပြပေးခဲ့သည်။ လက်ရှိစာရှုသူ သန်းနှင့်ချီသောသူများအကျိုးအတွက် အဖြေကို ဤမဂ္ဂဇင်း၏ စာမျက်နှာ ၂၉-၃၁ တွင် ပြန်လည်ပုံနှိပ် ဖော်ပြထားပေးသည်။ ထိုတွင် အသေးစိတ်အချက်အလက်များနှင့် ကျိုးကြောင်းဆင်ခြင်ပေးချက်များပါ၏၊ ၎င်းတို့သည် ၁၉၈၁ ခုနှစ်က ဖော်ပြပေးခဲ့သည့် အခြေခံအချက်အလက်များနှင့် ကိုက်ညီကြောင်း သင်တွေ့ရှိရပေမည်။
သင့်သိစိတ်၏အခန်းကဏ္ဍ
၁၃၊ ၁၄။ (က) သိစိတ်ဆိုသည်မှာ အဘယ်အရာဖြစ်သနည်း၊ သွေးနှင့်စပ်လျဉ်း၍ အဘယ်သို့ပတ်သက်လာသနည်း။ (ခ) အသားစားသုံးခြင်းကိစ္စနှင့်ပတ်သက်၍ ဣသရေလလူမျိုးအား အဘယ်လမ်းညွှန်ချက်ကို ဘုရားသခင်ပေးခဲ့သနည်း၊ အဘယ်မေးခွန်းများ ပေါ်လာနိုင်သနည်း။
၁၃ ဤအချက်အလက်များက သိစိတ်ကဏ္ဍဝင်လာစေသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင့်လမ်းညွှန်မှုကို လိုက်လျှောက်ဖို့လိုကြောင်း ခရစ်ယာန်များ သဘောတူလက်ခံကြသော်လည်း တချို့ကိစ္စများတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်များချဖို့လိုရာ ဤတွင် သိစိတ်အသုံးပြုရန် လိုအပ်လာသည်။ သိစိတ်ဆိုသည်မှာ များသောအားဖြင့် ကိုယ်ကျင့်တရားဆိုင်ရာကိစ္စရပ်များကို အကဲဖြတ်ဆုံးဖြတ်နိုင်သည့် ပင်ကိုစွမ်းရည်ဖြစ်သည်။ (ရောမ ၂:၁၄၊ ၁၅) သို့ရာတွင်၊ တစ်ဦးနှင့်တစ်ဦး သိစိတ်ချင်းမတူ ကွဲပြားကြောင်း သင်သိရှိပေမည်။ * လူတချို့မှာ ‘အားနည်းသောသိစိတ်’ ရှိသည်ဟု သမ္မာကျမ်းစာဆိုထားရာ အခြားသူတို့၏သိစိတ်မူ ခိုင်မာသည်ဟု အဓိပ္ပာယ်သက်ရောက်စေသည်။ (၁ ကောရိန္သု ၈:၁၂) ဘုရားသခင်၏မိန့်ဆိုချက်များကို သင်ယူခြင်း၊ ကိုယ်တော်၏အတွေးအခေါ်ကို အကင်းပါးစွာသိရှိခြင်း၊ ယင်းတို့ကို မိမိတို့၏ဆုံးဖြတ်ချက်များတွင် အသုံးချခြင်းကိစ္စတို့တွင် ခရစ်ယာန်များ၏ တိုးတက်ပုံချင်း မတူညီကြပါ။ ယင်းကို ဂျူးများ အသားစားသုံးခြင်းကိစ္စဖြင့် ဥပမာပြနိုင်ပါသည်။
၁၄ ဘုရားသခင်၏စကားနားထောင်သူသည် သွေးမစင်သည့်အသားကို စားမည်မဟုတ်ကြောင်း သမ္မာကျမ်းစာအရ ရှင်းနေပါသည်။ ဤညွှန်ကြားချက်သည် အလွန်အရေးကြီးသည့်အတွက် အရေးကြုံသောအချိန်၌ပင် ဣသရေလစစ်သားများသည် သွေးမစင်သောအသားကို စားမိသောအခါ သူတို့သည် ကြီးလေးသောအပြစ်ပြုမိကြပြီဟု ခံစားခဲ့ကြရသည်။ (တရားဟောရာ ၁၂:၁၅၊ ၁၆; ၁ ဓမ္မရာဇဝင် ၁၄:၃၁-၃၅) သို့တိုင်၊ မေးစရာမေးခွန်းများ ရှိပေမည်။ ဣသရေလလူတစ်ဦးသည် သိုးတစ်ကောင်ကိုသတ်သည့်အခါ ယင်း၏သွေးကို မည်မျှမြန်မြန်ထုတ်ပစ်ရမည်နည်း။ သွေးကိုထုတ်ပစ်ဖို့ အဆိုပါ တိရစ္ဆာန်၏လည်ပင်းကို လှီးဖို့လိုမည်လော။ သိုးကို နောက်ခြေနှစ်ချောင်းချည်ပြီး ဇောက်ထိုးဆွဲထားဖို့လိုသလော။ မည်မျှကြာကြာ ချိတ်ဆွဲထားရမည်နည်း။ နွားကြီးတစ်ကောင်ဆိုလျှင် သူမည်သို့ပြုလုပ်မည်နည်း။ သွေးထုတ်ပြီးနောက်ပင် အသားထဲတွင် သွေးအနည်းငယ်ကျန်ရှိနေပေမည်။ ထိုသို့သောအသားကို သူစားသုံးနိုင်ပါသလော။ မည်သူ ဆုံးဖြတ်ပေးမည်နည်း။
၁၅။ အသားစားခြင်းကိစ္စကို ဂျူးတချို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း၊ သို့သော် ဘုရားသခင် အဘယ်သို့ညွှန်ကြားခဲ့သနည်း။
၁၅ ထိုသို့သောအရေးကိစ္စများကို စိတ်ထက်သန်သောဂျူးတစ်ဦး ရင်ဆိုင်ရသည်ဆိုပါစို့။ သူသည် ရုပ်[ပုံ]ရှေ့တွင် ပူဇော်ထားပုံရှိသည့် အသားကို စားလိမ့်မည်မဟုတ်သောနောက်တစ်ဦးကဲ့သို့ အမဲဈေး၌ ရောင်းချသည့်အသားကိုလည်း မဝယ်လျှင် စိတ်အချရဆုံးဖြစ်မည်ဟု ယူမှတ်ပေမည်။ အခြားဂျူးများကမူ ထုံးတမ်းနှင့်အညီ သွေးထုတ်ပြီးမှသာ အသားကိုစားသုံးကြပေမည်။ * (မဿဲ ၂၃:၂၃၊ ၂၄) ဤသို့သောတုံ့ပြန်မှုအမျိုးမျိုးကို သင်မည်သို့ယူဆသနည်း။ ထို့ပြင်၊ ထိုသို့ပြုလုပ်ရန် ဘုရားသခင်မတောင်းဆိုသဖြင့် ထိုအမှုတစ်ခုစီကို မည်သို့ဆုံးဖြတ်သင့်ကြောင်းသိရှိရန် ရဗ္ဗိအဖွဲ့အား မေးခွန်းများ တရစပ်မေးမြန်းရမည်လော။ ယုဒဘာသာတရားတွင် နောက်ဆုံး ထိုသို့ပြုလုပ်လာခဲ့ကြသော်လည်း ယေဟောဝါသည် သွေးနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်များကို ထိုနည်းအတိုင်းပြုလုပ်ရမည်ဟု စစ်မှန်သောဝတ်ပြုသူများအား မညွှန်ကြားခဲ့သည့်အတွက် ကျွန်ုပ်တို့ဝမ်းသာနိုင်သည်။ စင်ကြယ်သောတိရစ္ဆာန်များကိုသတ်ခြင်း၊ အသွေးသွန်ခြင်းနှင့်ပတ်သက်၍ အခြေခံလမ်းညွှန်ချက်များထက်ပို၍ ဘုရားသခင်မပေးခဲ့ချေ။—ယောဟန် ၈:၃၂။
၁၆။ သွေးအစိတ်အပိုင်းတစ်ခုမှ အပိုင်းအစငယ်တစ်ခုကို ထိုးခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်များ၏ရှုမြင်ပုံသည် အဘယ်ကြောင့်ကွဲပြားနိုင်သနည်း။
၁၆ အပိုဒ် ၁၁ နှင့် ၁၂ တို့တွင် ဖော်ပြထားသည့်အတိုင်း ယေဟောဝါသက်သေများသည် ပကတိအတိုင်းရှိသောသွေး သို့မဟုတ် သွေးရည်ကြည်၊ သွေးဆဲလ်နီ၊ သွေးဆဲလ်ဖြူနှင့် သွေးဥမွှားများဖြစ်ကြသည့် အဓိကအစိတ်အပိုင်းလေးပိုင်းကို အသွင်းမခံကြပါ။ သို့သော် ရောဂါကိုတိုက်ဖျက်ရန် သို့မဟုတ် မြွေဆိပ်ဖြေရန် ပဋိဇီဝပစ္စည်းများပါဝင်သည့် သွေးရည်ကြည်များအစရှိသည့် အဓိကအစိတ်အပိုင်းတစ်ခုမှ ထုတ်ယူထားသည့် အပိုင်းအစငယ်များနှင့်ပတ်သက်၍ကော။ (စာမျက်နှာ ၃၀၊ အပိုဒ် ၄ ကိုရှု။) အလွန့်အလွန်သေးငယ်သော ယင်းအပိုင်းအစငယ်များသည် အမှန်တကယ်တွင် သွေးမဟုတ်သည့်အပြင် ‘သွေးကိုကြဉ်ရှောင်ပါ’ ဟူသောမိန့်မှာချက်နှင့်လည်း မပတ်သက်ပါဟု တချို့က ကောက်ချက်ချကြသည်။ (တမန်တော် ၁၅:၂၉; ၂၁:၂၅; စာမျက်နှာ ၃၁၊ အပိုဒ် ၁။) ယင်းက သူတို့တာဖြစ်သည်။ အခြားသူတို့၏သိစိတ်ကမူ (တိရစ္ဆာန် သို့မဟုတ် လူ) သွေးမှရရှိသည့်အရာမှန်သမျှ၊ အဓိကအစိတ်အပိုင်းတစ်ပိုင်း၏ သေးငယ်သောအပိုင်းအစငယ်ပင်ဖြစ်ပါစေ ယင်းကိုငြင်းပယ်ဖို့ သူတို့အား လှုံ့ဆော်ပေးသည်။ * အခြားသူများမှာမူ ရောဂါကိုတိုက်ဖျက်ရန် သို့မဟုတ် မြွေဆိပ်ဖြေရန် သွေးရည်ကြည်ပရိုတင်းထိုးဆေးများကို လက်ခံကြမည်ဖြစ်သော်လည်း အခြားသော အပိုင်းအစငယ်များကိုကား ငြင်းပယ်ကြပေမည်။ ထို့ပြင် သွေး၏ အဓိကအစိတ်အပိုင်းလေးပိုင်းအနက် တစ်ခုမှ ထုတ်လုပ်ထားရာအချို့သည် မူရင်းပကတိအစိတ်အပိုင်း လုပ်ဆောင်ပုံနှင့် အလွန်တူနိုင်ပြီး ကိုယ်ခန္ဓာတွင် အသက်ကိုထောက်ပံ့ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည်ဖြစ်ရာ ယင်းပစ္စည်းများကို ခရစ်ယာန်အများစုက ငြင်းပယ်ကြပေမည်။
၁၇။ (က) ကျွန်ုပ်တို့သည် သွေးအပိုင်းအစငယ်များနှင့်ပတ်သက်သည့် အရေးကိစ္စများ ရင်ဆိုင်ရသည့်အခါ ကျွန်ုပ်တို့၏သိစိတ်က မည်သို့အကူအညီဖြစ်နိုင်သနည်း။ (ခ) ယင်းကိစ္စကို အဘယ်ကြောင့် အလေးအနက်ထား ဆုံးဖြတ်ဖို့လိုသနည်း။
၁၇ ကျွန်ုပ်တို့သည် ထိုသို့သောဆုံးဖြတ်ချက်များ ချကြသည့်အခါ သိစိတ်နှင့်ပတ်သက်၍ ကျမ်းစာအဆိုက အထောက်အကူပေးသည်။ ဦးဆုံးသိရမည်မှာ ကျမ်းစာက အဘယ်အရာပြောဆိုထားကြောင်းဖြစ်ပြီး ယင်းနှင့်အညီ သင်၏သိစိတ်ကို ပုံသွင်းပေးဖို့ ကြိုးစားခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းသည် သင့်အတွက် ဆုံးဖြတ်ပေးရန် သူတစ်ပါးအားတောင်းခံမည့်အစား ဘုရားသခင့်လမ်းညွှန်မှုနှင့်အညီ ဆုံးဖြတ်တတ်ရန် သင့်အားတတ်စွမ်းစေပါမည်။ (ဆာလံ ၂၅:၄၊ ၅) သွေးအပိုင်းအစငယ်များ သွင်းခြင်းနှင့်စပ်လျဉ်း၍ တချို့က ‘ဒါဟာ သိစိတ်နဲ့ဆိုင်တဲ့ကိစ္စပဲ အရေးမကြီးပါဘူး’ ဟုအထင်ရှိသည်။ ထိုသို့ထင်ခြင်းသည် မှား၏။ တစ်စုံတစ်ရာသည် သိစိတ်နှင့်ဆိုင်သည့်အတွက် အရေးမကြီးဟု မထင်သင့်ပါ။ အလွန်အရေးကြီးသည့်ကိစ္စ ဖြစ်နိုင်၏။ အကြောင်းမှာ ကျွန်ုပ်တို့၏သိစိတ်နှင့်မတူသူတို့၏ သိစိတ်ကို ထိခိုက်နိုင်၍ဖြစ်သည်။ ရုပ်ပုံရှေ့တွင် ဦးစွာဆက်သဖွယ်ရှိပြီး နောက်ပိုင်းတွင် ဈေး၌ရောင်းချသည့်အသားနှင့်ပတ်သက်၍ ပေါလု၏အကြံပေးချက်က ကျွန်ုပ်တို့ကို ထိုသို့နားလည်စေသည်။ ခရစ်ယာန်တစ်ဦးသည် ‘သိစိတ်အားနည်းသူတို့ကို မထိခိုက်’ မိရန် ဂရုစိုက်သင့်၏။ သူတစ်ပါးကို ထိမိ၍လဲစေမည်ဆိုလျှင် ‘ခရစ်တော်အသေခံပေးခဲ့သည့် မိမိ၏ညီအစ်ကိုအား ပျက်စီး’ စေနိုင်ကာ ခရစ်တော်ကိုလည်း ပြစ်မှားရာရောက်နိုင်ပေသည်။ ထို့ကြောင့်၊ အလွန်သေးငယ်သော သွေးအပိုင်းအစငယ်များနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သော်လည်း ယင်းတို့ကို အလွန်အလေးအနက်ထားသင့်သည်။—၁ ကောရိန္သု ၈:၈၊ ၁၁-၁၃; ၁၀:၂၅-၃၁။
၁၈။ သွေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် မိမိ၏သိစိတ်ထုံထိုင်းခြင်းကို ခရစ်ယာန်တစ်ဦး မည်သို့ရှောင်ကြဉ်နိုင်သနည်း။
၁၈ သွေးနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်များ၏ လေးနက်မှုကို နောက်အချက်တစ်ချက်က အလေးပေးဖော်ပြပါသေးသည်။ ထိုသို့သောဆုံးဖြတ်ချက်များက သင်ကိုယ်တိုင်အပေါ် အကျိုးသက်ရောက်မှုရှိစေသည်။ သေးငယ်သော သွေးအပိုင်းအစငယ်လေးတစ်ခုကို သွင်းယူခြင်းက ကျမ်းစာဖြင့်လေ့ကျင့်ထားသည့် သင်၏သိစိတ်ကို အနှောင့်အယှက်ပေးမည်ဆိုလျှင် ယင်းကို လျစ်လျူမရှုသင့်ချေ။ တစ်ဦးတစ်ယောက်က သင့်ကို “ဒါကိုသွင်းလို့ရတယ်၊ သွင်းတဲ့လူတွေ အများကြီးရှိတာပဲ” ဟူ၍ ပြောလှာသောကြောင့် သင်၏သိစိတ်စေစားရာကို မချိုးနှိမ်သင့်ပေ။ ယနေ့ လူသန်းပေါင်းများစွာတို့သည် မိမိတို့၏သိစိတ်ကို လျစ်လျူရှုနေကြရာ သိစိတ်ထုံထိုင်းသွားပြီး လိမ်ညာ သို့မဟုတ် အသိတရားမရဘဲ အမှားများကိုဆက်၍ပြုနေကြကြောင်း သတိရပါ။ ထိုသို့သောလမ်းစဉ်ကို ခရစ်ယာန်များ ရှောင်ကြဉ်လိုကြသည်။—၂ ဓမ္မရာဇဝင် ၂၄:၁၀; ၁ တိမောသေ ၄:၁၊ ၂။
၁၉။ သွေးနှင့်ပတ်သက်သည့် ဆေးဘက်ဆိုင်ရာကိစ္စရပ်များကို ဆုံးဖြတ်ရာတွင် အဘယ်အရာကို ကျွန်ုပ်တို့စိတ်ထဲ အဓိကစွဲမှတ်ထားသင့်သနည်း။
၁၉ နိဂုံးချုပ်အနေနှင့်၊ ပြန်လည်ပုံနှိပ်ထားသည့် စာမျက်နှာ ၂၉-၃၁ ပါအဖြေက ဤသို့ဆိုသည်– “ထင်မြင်ယူဆချက်များနှင့် သိစိတ်စေစားရာဆုံးဖြတ်ချက်များသည် ကွဲလွဲကြသည့်အတွက် ထိုကိစ္စ အရေးမပါဟု သတ်မှတ်ကြရမည်လော။ မဟုတ်ချေ။ ယင်းသည် အလွန်အရေးကြီးပါသည်။” “အသက်ရှင်တော်မူသော ဘုရားသခင်” နှင့်သင်၏ဆက်ဆံရေး ပါဝင်ပတ်သက်နေသည့်အတွက် အထူးအရေးပါလှသည်။ ယင်းဆက်ဆံရေးတစ်ခုတည်းကသာ ယေရှုသွန်းတော်မူခဲ့သည့်အသွေး၏ အသက်ကယ်တင်နိုင်စွမ်းအပေါ်အခြေပြု၍ ထာဝရအသက်သို့ ပို့ဆောင်ပေးနိုင်ပါသည်။ အသက်ပေါင်းများစွာကို သွေးဖြင့် ဘုရားသခင်ကယ်တင်ပေးနေသည်ဖြစ်ရာ သွေးအပေါ် လေးမြတ်တတ်သည့်စိတ်ထားကို ပြုစုပျိုးထောင်ပါလေ။ ပေါလုက သင့်လျော်စွာ ဤသို့ရေးသားခဲ့၏– ‘သင်တို့သည် ဤလောကတွင် မျှော်လင့်ချက်ကင်းလျက်၊ ဘုရားသခင်မဲ့လျက်ဖြစ်ခဲ့ကြသည်။ ယခုမူကား၊ အထက်ကဝေးကွာလျက်ရှိနေသော သင်တို့သည် ခရစ်တော်ယေရှုအားဖြင့် အသွေးတော်ကြောင့် အပါးတော်သို့ရောက်ရကြပြီ။’—ဧဖက် ၂:၁၂၊ ၁၃၊ သမ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 ယေဟောဝါသက်သေများထုတ်ဝေသည်။
^ အပိုဒ်၊ 13 တစ်ခါက ပေါလုနှင့် အခြားခရစ်ယာန်လေးဦးတို့သည် ထုံးတမ်းအရ သန့်ရှင်းစင်ကြယ်မှုပြုရန် ဝတ်ပြုရာအိမ်တော်သို့ သွားခဲ့ကြ၏။ ပညတ်တရား အဆုံးတိုင်သွားပြီဖြစ်သော်လည်း ပေါလုသည် ယေရုရှလင်မြို့မှ အသက်ကြီးသူများ၏အကြံပေးချက်အတိုင်း ပြုမူလုပ်ကိုင်ခဲ့သည်။ (တမန်တော် ၂၁:၂၃-၂၅) အခြားခရစ်ယာန်များကမူ ဝတ်ပြုရာအိမ်တော်ထဲ ဝင်မည်မဟုတ်၊ သို့မဟုတ် ဤလုပ်ထုံးလုပ်နည်းကို ပြုလုပ်မည်မဟုတ်ဟု ယူဆပေမည်။ ထိုအချိန်က သိစိတ်စေစားရာချင်းမတူသကဲ့သို့ မျက်မှောက်ခေတ်တွင်လည်း ထို့အတူဖြစ်သည်။
^ အပိုဒ်၊ 15 ဂျူဒေးယကားစွယ်စုံကျမ်းက ဂျူးများ စားသုံးနိုင်သည့် “သန့်ရှင်းသော” အသားနှင့်ပတ်သက်၍ “ရှုပ်ထွေးပြီးအသေးစိတ်ကျသည့်” စည်းမျဉ်းများကို ဖော်ပြပေးသည်။ ထိုတွင် အသားကို မည်မျှကြာကြာ ရေစိမ်ရမည်၊ စားပွဲပေါ်တင်၍ မည်သို့ရေစစ်ထားရမည်၊ သိပ်နယ်ပေးရမည့် ဆားအမျိုးအစား၊ ရေအေးထဲတွင် အကြိမ်မည်မျှ ဆေးကြောရမည်တို့ပါဝင်သည်။
^ အပိုဒ်၊ 16 တချို့ထိုးဆေးများပါ အဓိက သို့မဟုတ် အစွမ်းထက်သည့်ပါဝင်ရာများမှာ သွေးမှမဟုတ်သည့် ပြုပြင်ထုတ်လုပ်ထားရာများ ပို၍တိုးများလာသည်။ သို့သော် အချို့ထိုးဆေးများတွင် အယ်လ်ဗျူမင်ကဲ့သို့သော သွေးအပိုင်းအစငယ်တစ်ခု၏ သေးငယ်သောပမာဏ ပါကောင်းပါဝင်နိုင်ပေသည်။—၁၉၉၄၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ရှိ “စာရှုသူများထံမှမေးခွန်းလွှာ” ကိုရှု။
သင်မှတ်မိသလော
• ဘုရားသခင်သည် သွေးနှင့်ပတ်သက်သည့် အဘယ်လမ်းညွှန်ချက်ကို နောဧ၊ ဣသရေလလူမျိုးနှင့် ခရစ်ယာန်တို့ကို ပေးခဲ့သနည်း။
• သွေးနှင့်စပ်လျဉ်း၍ ယေဟောဝါသက်သေများ အဘယ်အရာကို လုံးလုံးငြင်းပယ်ကြသနည်း။
• သွေး၏အဓိကအစိတ်အပိုင်းတစ်ပိုင်းမှ အပိုင်းအစငယ်များကို လက်ခံယူခြင်းသည် အဘယ်သဘောမျိုးဖြင့် လူတစ်ဦး၏သိစိတ်အပေါ် အခြေပြုသနည်း၊ သို့သော် အဘယ်သဘောမျိုး မသက်ရောက်သနည်း။
• ဆုံးဖြတ်ချက်များချရာတွင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို အဘယ်ကြောင့် အဓိကစိတ်စွဲမှတ်ထားသင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၂ ပါ ဇယား]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
သွေးနှင့်ဆိုင်သည့် အခြေခံရပ်တည်ချက်
ပကတိအတိုင်းရှိသောသွေး
လက်မခံနိုင်ဖွယ်ဖြစ်သော
သွေးဆဲလ်နီများ
သွေးဆဲလ်ဖြူများ
သွေးဥမွှားများ
သွေးရည်ကြည်
ခရစ်ယာန်တစ်ဦး ဆုံးဖြတ်ရန်
သွေးဆဲလ်နီမှ အပိုင်းအစငယ်များ အပိုင်းအစငယ်များ အပိုင်းအစငယ်များ အပိုင်းအစငယ်များ
သွေးဆဲလ်ဖြူမှ အပိုင်းအစငယ်များ အပိုင်းအစငယ်များ အပိုင်းအစငယ်များ အပိုင်းအစငယ်များ
သွေးဥမွှားမှ အပိုင်းအစငယ်များ အပိုင်းအစငယ်များ အပိုင်းအစငယ်များ အပိုင်းအစငယ်များ
သွေးရည်ကြည်မှ အပိုင်းအစငယ်များ အပိုင်းအစငယ်များ အပိုင်းအစငယ်များ အပိုင်းအစငယ်များ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
အုပ်ချုပ်ရေးအဖွဲ့က ခရစ်ယာန်များသည် ‘သွေးကိုကြဉ်ရှောင်’ ရမည်ဟု ယူဆခဲ့ကြ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သင်သည် သွေးအပိုင်းအစငယ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက် ချရသည့်အခါ သင်၏သိစိတ်ကို လျစ်လျူမရှုလိုက်ပါနှင့်