‘ကုပရုကျွန်းသို့ သူတို့ ရွက်လွှင့်ခဲ့ကြ’
‘ကုပရုကျွန်းသို့ သူတို့ ရွက်လွှင့်ခဲ့ကြ’
တမန်တော်ဝတ္ထုကျမ်းသည် ခရစ်ယာန်သာသနာပြုများဖြစ်ကြသော ပေါလု၊ ဗာနဗနှင့် ယောဟန်မာကုတို့ ကုပရုကျွန်းသို့ စီ.အီး. ၄၇ ခုနှစ်ခန့်တွင် ရောက်ခဲ့စဉ်က အဖြစ်အပျက်ကို အထက်ပါစကားဖြင့် အစပျိုးလိုက်သည်။ (တမန်တော် ၁၃:၄) ကုပရုကျွန်း (ဆိုက်ပရပ်စ်ကျွန်း) သည် မျက်မှောက်ခေတ်ကဲ့သို့ ထိုခေတ်ကလည်း မြေထဲပင်လယ်အရှေ့ပိုင်းတွင် အလွန်မဟာဗျူဟာကျသောနေရာဖြစ်ခဲ့၏။
ရောမတို့သည် ထိုကျွန်းကို မျက်စိကျခဲ့ရာ ဘီ.စီ.အီး. ၅၈ ခုနှစ်တွင် သိမ်းပိုက်လိုက်သည်။ ရောမလက်အောက်မရောက်မီ ကုပရုကျွန်းတွင် ထူးထူးခြားခြားစိတ်ဝင်စားဖွယ် သမိုင်းကြောင်းရှိခဲ့သည်။ ဖိုနီးရှား၊ ဂရိ၊ အာရှုရိ၊ ပါရှန်းနှင့် အီဂျစ်တို့သည် ၎င်းကျွန်းကို သိမ်းပိုက်ခဲ့ဖူးသည်။ အလယ်ခေတ်တွင် ခရူးဆိတ်ဘာသာရေးစစ် ဆင်နွှဲသူများ၊ ဖရဲန့်ခ်လူမျိုးနှင့် ဗင်းနစ်လူမျိုးတို့က သိမ်းပိုက်ပြီးနောက် အော့တိုမန်တို့က ဆက်၍သိမ်းပိုက်ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ဗြိတိသျှက ထိုကျွန်းကို သိမ်းပိုက်ပြီး လွတ်လပ်ရေးပေးခဲ့သည့် ၁၉၆၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့သည်။
မျက်မှောက်ခေတ် ကုပရုကျွန်း၏အဓိကဝင်ငွေမှာ ခရီးသွားလုပ်ငန်းဖြစ်သည်၊ သို့သော် ပေါလုခေတ်တွင် ကုပရုကျွန်းသည် သဘာဝသယံဇာတ ပေါကြွယ်ဝသောကြောင့် ရောမတို့သည် ယင်းတို့ကို ရောမဘဏ္ဍာတိုက်ထဲ သွင်းခဲ့၏။ ထိုကျွန်း၏သမိုင်းအစတွင် ကြေးနီကို ရှာဖွေတွေ့ရှိခဲ့ပြီး ရောမအုပ်ချုပ်မှု ကုန်ဆုံးချိန်တွင် ကြေးနီတန်ချိန်ပေါင်း ၂၅၀,၀၀၀ ထုတ်ယူရရှိခဲ့သည်ဟု ခန့်မှန်း၏။ သို့သော် ကြေးနီအရည်ကျို သန့်စင်လုပ်ငန်းကြောင့် သစ်တောဧရိယာများစွာ ပျက်စီးခဲ့ရသည်။ ထိုကျွန်းသို့ ပေါလုရောက်ရှိချိန်တွင် သစ်တောများစွာ ပျက်သုဉ်းသွားခဲ့ပြီ။
ရောမအုပ်ချုပ်မှုအောက်ရှိ ကုပရုကျွန်း
ဗြိတိန်နီကာစွယ်စုံကျမ်းအရ ဂျူးလီယက် ဆီဇာနှင့် သူ့နောက် မာ့ခ် အန်တိုနီသည် ကုပရုကျွန်းကို အီဂျစ်အား ပေးခဲ့သည်။ သို့သော် ဩဂုတ္တုလက်ထက်တွင် ရောမပိုင်ပြည်ဖြစ်ခဲ့ပြီး တမန်တော်ကျမ်းရေးသူ လုကာသည် စေ့စပ်သေချာစွာ ဖော်ပြထားသည့်အတိုင်း ရောမ၏တိုက်ရိုက်တာဝန်ခံ မြို့ဝန်မင်းက အုပ်ချုပ်ခဲ့သည်။ ထိုတွင် ပေါလုဟောပြောခဲ့ချိန်က သေရဂိပေါလုသည် မြို့ဝန်မင်းဖြစ်၏။
ရောမတို့၏ ပက်ခ်စ်ရိုမာနာဟုခေါ်သည့် နိုင်ငံတကာငြိမ်းချမ်းရေးအစီအစဉ်က ကုပရုကျွန်း၏ ကြေးနီသတ္တုတွင်းများနှင့် စက်မှုလုပ်ငန်းများ တိုးချဲ့ရေးကို အားပေးခဲ့ရာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းသည် တစ်ဟုန်ထိုးတက်လာ၏။ ရောမစစ်တပ်ရောက်ရှိခြင်းနှင့် ကျွန်းစောင့်နတ်ဘုရားမ အက်ဖရိုဒိုက်ကို ဖူးမြော်ရန် အုပ်စုလိုက်ရောက်ရှိလာကြသော ဘုရားဖူးများကြောင့် ဝင်ငွေတိုးများလာ၏။ ထို့ကြောင့် လမ်းသစ်များ၊ ဆိပ်ကမ်းများနှင့် ခမ်းနားထည်ဝါသော ပြည်သူ့အဆောက်အအုံများကို ဆောက်လုပ်ခဲ့သည်။ ရုံးသုံးဘာသာစကားအဖြစ် ဂရိစကားကို ဆက်အသုံးပြုပြီး ရောမဧကရာဇ်မင်းအပါအဝင် အက်ဖရိုဒိုက်၊ အပိုလိုနှင့် ဇုသနတ်ဘုရားများကို လူအများက ဝတ်ပြုကိုးကွယ်ကြ၏။ လူတို့သည် ကြီးပွားချမ်းသာမှု၊ အမျိုးမျိုးအဖုံဖုံသော လူမှုရေးနှင့် ယဉ်ကျေးမှုတို့တွင် စံပျော်နေကြလေသည်။
ယင်းသည် ကုပရုကျွန်းသို့ ပေါလုသွားပြီး လူတို့ကို ခရစ်တော်အကြောင်း သင်ပေးစဉ်က တွေ့ရှိခဲ့ရသော ဝန်းကျင်အခြေအနေဖြစ်၏။ သို့သော် ကုပရုကျွန်းသို့ ပေါလုမရောက်မီ ခရစ်ယာန်အယူဝါဒကို သူတို့သိနှင့်နေကြပြီဖြစ်သည်။ လက်ဦးခရစ်ယာန်သက်သေသတေဖန် ကွပ်မျက်ခံရပြီးနောက် ကနဦးခရစ်ယာန်အချို့သည် ကုပရုကျွန်းသို့ ထွက်ပြေးသွားကြ၏ဟု တမန်တော်ကျမ်းပါ မှတ်တမ်းက ဆိုသည်။ (တမန်တော် ၁၁:၁၉) ပေါလု၏အဖော် ဗာနဗသည် ကုပရုကျွန်းသားဖြစ်၍ ဤကျွန်းအခြေအနေကို နှံ့နှံ့စပ်စပ်သိထားရာ ဤဟောပြောခြင်းခရီးစဉ်တွင် ပေါလုကို ကောင်းစွာလမ်းညွှန်ပေးနိုင်မည်မှာ သေချာ၏။—တမန်တော် ၄:၃၆; ၁၃:၂။
ပေါလု၏ခြေရာများကို ပြန်ကောက်ခြင်း
ပေါလု၏ကုပရုကျွန်းခရီးစဉ်များကို ဆက်စပ်ပုံဖော်ယူရန် လွယ်ကူမည်မဟုတ်ပေ။ သို့သော် ရှေးဟောင်းသုတေသနပညာရှင်များသည် ရောမခေတ်က ပြောင်မြောက်သောလမ်းစနစ်ကို အတော်အတန် ရှင်းပြပေးထားသည်။ ထိုကျွန်း၏ပထဝီဝင်အနေအထားကြောင့် မျက်မှောက်ခေတ် အဝေးပြေးလမ်းမကြီးများပင် ယေဘုယျအားဖြင့် အဆိုပါကနဦးခရစ်ယာန်သာသနာပြုများ သွားခဲ့ဖွယ်ရှိသည့် လမ်းကြောင်းအတိုင်း လိုက်ဖောက်ရ၏။
ပေါလု၊ ဗာနဗနှင့် ယောဟန်မာကုတို့သည် သေလုကိမြို့မှ ရှာလမိဆိပ်ကမ်းသို့ ရွက်လွှင့်ခဲ့ကြသည်။ ပါဖုမြို့သည် မြို့တော်၊ အဓိကပင်လယ်ဆိပ်ကမ်းဖြစ်လျက် ရှာလမိမြို့သို့ အဘယ်ကြောင့် ရွက်လွှင့်ခဲ့ကြသနည်း။ တစ်ချက်အနေနှင့် ရှာလမိမြို့သည် ပြည်မပေါ်ရှိ သေလုကိမြို့မှ မိုင် ၁၂၀ သာဝေးသည့် အရှေ့ဘက်ကမ်းရိုးတန်းပေါ်တွင် တည်ရှိသောကြောင့်ဖြစ်သည်။ မြို့တော်အဖြစ် ရောမလက်အောက်ရှိ ရှာလမိမြို့ကို ပါဖုမြို့နှင့် အစားထိုးလိုက်သော်လည်း ရှာလမိမြို့သည် ကျွန်း၏ယဉ်ကျေးမှု၊ ပညာရေးနှင့် စီးပွားရေးအချက်အချာနေရာ ဆက်ဖြစ်နေသည်။ ရှာလမိမြို့တွင် အတော်အတန်ကြီးသည့် ဂျူးရပ်ကွက်ရှိသောကြောင့် ခရစ်ယာန်သာသနာပြုများသည် စ၍ ‘ယုဒတရားဇရပ်များတွင် ဘုရားသခင်၏နှုတ်မြွက်စကားတော်ကို ဟောပြော’ ကြလေသည်။—တမန်တော် ၁၃:၅။
ယနေ့ ရှာလမိမြို့၏အပြိုအပျက်များသာရှိတော့သည်။ သို့တိုင် ရှေးဟောင်းရှာဖွေတွေ့ရှိချက်များအရ ဤမြို့တော်သည် ရှေးယခင်က ထင်ပေါ်ကျော်ကြားပြီး ချမ်းသာကြွယ်ဝခဲ့ကြောင်း အထင်အရှားတွေ့ရှိရ၏။ နိုင်ငံရေးနှင့် ဘာသာရေးလှုပ်ရှားမှု အချက်အချာဖြစ်သည့် ဈေးနေရာသည် မြေထဲပင်လယ်ဒေသအတွင်း တူးဖော်ခဲ့သမျှတွင် အကြီးဆုံး ရောမပြည်သူ့ရင်ပြင်ကြီးဖြစ်နိုင်ဖွယ်ရှိသည်ဟု လူသိများကြသည်။ ဩဂတ်စ်တပ်စ် ဆီဇာခေတ် ရက်စွဲထိုးထားသည့် မြို့အပျက်အယွင်းများသည် အနုစိတ်ခြယ်မှုန်းထားသော မှန်စီရွှေချကြမ်းပြင်များ၊ အားကစားရုံများ၊ ပြောင်မြောက်သည့် ရေချိုးခန်းဖွဲ့စည်းပုံ၊ အားကစားကွင်းနှင့် ပွဲကြည့်စင်၊ ထည်ဝါသည့်အုတ်ဂူများနှင့် ထိုင်ခုံ ၁၅,၀၀၀ ဆံ့သည့် ပြဇာတ်ရုံကြီးတို့ရှိခဲ့ကြောင်း ထင်ရှားဖော်ပြလေသည်! အနီးအနားတွင် ကြီးကျယ်ခမ်းနားသည့် ဇုသနတ်ကွန်းအပျက်အယွင်းများကို တွေ့ရှိရ၏။
သို့ရာတွင် ဇုသနတ်ဘုရားသည် ငလျင်ဒဏ်ကြောင့် အကြီးအကျယ်ပျက်စီးသွားသည့်ဘေးမှ မြို့တော်ကို မကာကွယ်ပေးနိုင်ချေ။ ဘီ.စီ.အီး. ၁၅ ခုနှစ်တွင် ပြင်းထန်သည့်ငလျင်ဒဏ်ကြောင့် ရှာလမိတစ်မြို့လုံးနီးပါး ပျက်စီးသွားသော်လည်း နောက်ပိုင်းတွင် ဩဂတ်စ်တပ်စ်သည် ထိုမြို့ကို ပြန်တည်ခဲ့သည်။ စီ.အီး. ၇၇ ခုနှစ်တွင် ငလျင်လှုပ်ပြန်ရာ ပျက်စီးသွားသော အဆိုပါမြို့ကို တစ်ဖန် ပြန်ဆောက်ပြန်သည်။ စတုတ္ထရာစုနှစ်တွင် ငလျင်များဆက်တိုက်လှုပ်မှုကြောင့် ရှာလမိမြို့ ပျက်သုဉ်းသွားပြီး ၎င်း၏ထင်ပေါ်ကျော်ကြားမှုပါ ပျောက်ကွယ်သွားလေပြီ။ အလယ်ခေတ်တိုင်သော် သောင်ထွန်းသွားခြင်းကြောင့် ၎င်း၏ဆိပ်ကမ်းကို အသုံးမပြုတော့ချေ။
ရှာလမိမြို့သားများသည် ပေါလု၏ဟောပြောခြင်းကို မည်သို့တုံ့ပြန်ခဲ့ကြကြောင်း မဖော်ပြထားပေ။ သို့သော် ပေါလုသည် တခြားရပ်ကွက်များတွင်လည်း ဟောပြောခဲ့၏။ ခရစ်ယာန်သာသနာပြုများသည် ရှာလမိမြို့မှ ထွက်ခွာ၍ အဓိကလမ်းကြောင်းသုံးခုကို ရွေးလိုက်သည်– တစ်ခုမှာ ကရီနီယာတောင်တန်းတစ်ခုကို ဖြတ်ကျော်၍ မြောက်ဘက်ကမ်းရိုးတန်းသို့သွားသော လမ်းကြောင်း; နောက်တစ်ခုမှာ ကျွန်းမကြီးမှတစ်ဆင့် မီဆာအောရ်ယားလွင်ပြင်ကိုဖြတ်၍ အနောက်ဘက်သို့သွားသော လမ်းကြောင်း; တတိယမှာ တောင်ဘက်ကမ်းရိုးတန်းသို့သွားသော လမ်းကြောင်းတို့ဖြစ်သည်။
ထုံးတမ်းစဉ်လာစကားအရ ပေါလုသည် တတိယလမ်းကြောင်းကို ရွေးခဲ့သည်။ ဤလမ်းသည် တစ်မူထူးသည့် မြေသြဇာကောင်းသော မြေနီလယ်ကွင်းကို ဖြတ်သွားရ၏။ မိုင် ၃၀ ခန့်ရှိ အနောက်တောင်ဘက်သွားသော ဤလမ်းကြောင်းသည် ကုန်းတွင်းပိုင်း မြောက်ဘက်သို့ မကွေ့သွားမီ လာရ်နာကာမြို့အနီးမှ ဖြတ်သွား၏။
“တစ်ကျွန်းလုံးကိုလျှောက်”
အဝေးပြေးလမ်းမကြီးသည် မကြာမီ ရှေးလီဒရာမြို့ဟောင်းသို့ ရောက်ရှိလေသည်။ ယနေ့ ဤနေရာတွင် ခေတ်သစ်နီကိုဆီယာမြို့တော် တည်ထား၏။ ရှေးမြို့ပြနိုင်ငံ၏အထောက်အထားအစအန တစ်ခုမျှမကျန်ရှိတော့ချေ။ သို့သော် ၁၆ ရာစုအတွင်း နီကိုဆီယာမြို့လယ်ခေါင်ကို ဝိုင်းပတ်ထားသော ဗင်းနစ်တံတိုင်းများသည် လီဒရာအမည်မှည့်ထားသော အသွားအလာများသည့် လမ်းကျဉ်းတစ်ခုဖြစ်သည်။ ပေါလုသည် လီဒရာမြို့သို့ရောက်မရောက် ကျွန်ုပ်တို့ မသိရှိရချေ။ သမ္မာကျမ်းစာက သူတို့သည် “တစ်ကျွန်းလုံးကိုလျှောက်” သွားကြသည်ဟု ရိုးရိုးလေးဖော်ပြသည်။ (တမန်တော် ၁၃:၆) ဝီကလစ်၏သမိုင်းဆိုင်ရာကျမ်းစာနယ်မြေပထဝီ စာအုပ်အရ “ယင်းစကားက ကုပရုကျွန်းပေါ်ရှိ ဂျူးရပ်ကွက်အားလုံးသို့ လှည့်လည်သွားလာသည်ဟု ဆိုလိုနိုင်ဖွယ်ရှိ၏။”
ပေါလုသည် ကုပရုကျွန်းပေါ်ရှိ ဖြစ်နိုင်သရွေ့သော လူများများထံ ရောက်ရှိရန် အမှန်ပင် အာရုံစိုက်ခဲ့သည်။ သို့ဖြစ်၍ သူသည် လီဒရာမြို့မှ လူဦးရေတစ်ဟုန်ထိုး တိုးပွားနေသော လူမျိုးပေါင်းစုံနေထိုင်သည့် အာမာသာစ်နှင့် ခူရ်ယာန်မြို့ကြီးနှစ်မြို့ကို ဖြတ်သွားရသော တောင်ဘက်လမ်းကြောင်းအတိုင်း သွားခြင်းဖြစ်ပေမည်။
ခူရ်ယာန်မြို့သည် ကမ်းခြေအထိ မတ်စောက်စွာနိမ့်ဆင်းသွားသော ချောက်ကမ်းပါးယံပေါ် ပင်လယ်အထက်တွင် တည်ရှိသည်။ စီ.အီး. ၇၇ ခုနှစ်တွင် ရှာလမိမြို့ကို ဖျက်ဆီးခဲ့သည့် အဆိုပါငလျင်ကြောင့်ပင် ခမ်းနားထည်ဝါသော ဤဂရိရောမမြို့ ပျက်စီးသွားခဲ့သည်။ ထိုတွင် စီ.အီး. ၁၀၀ မှ အပိုလိုနတ်ဘုရားကျောင်း၏ အပျက်အယွင်းများကို တွေ့ရသည်။ အားကစားရုံတွင် ပွဲကြည့်ပရိသတ် ၆,၀၀၀ ဆံ့၏။ ကိုယ်ပိုင်အိမ်များ၌ပင် လှပသော မှန်စီရွှေချကြမ်းပြင်များခင်းထားသည့်အထိ ခူရ်ယာန်မြို့သားများ၏ စည်းစိမ်ခံဘဝပုံစံကို တွေ့မြင်နိုင်သည်။
ပါဖုမြို့သို့
ခူရ်ယာန်မြို့မှ ဤတောလမ်းသည် ဝိုင်ထွက်ဒေသကိုဖြတ်ကာ တဖြည်းဖြည်းမြင့်တက်သွားလိုက်ရာမှ ရုတ်တရက်ကြီးနိမ့်ဆင်းသွားကာ မြွေလိမ်မြွေကောက်လမ်းဖြင့် ကျောက်စရစ်ကမ်းခြေသို့ရောက်သွားသော ချောက်ကမ်းပါးသို့ နိမ့်ဆင်းသွားသည့်အထိဖြစ်သည်။ ဂရိဒဏ္ဍာရီအရ ဤနေရာသည် နတ်ဘုရားမ အက်ဖရိုဒိုက်ကို ပင်လယ်ကြီးက မွေးဖွားပေးလိုက်သည့်နေရာဖြစ်သည်ဟု ဆို၏။
အက်ဖရိုဒိုက်သည် ကုပရုကျွန်းရှိ ဂရိနတ်ဘုရားများအနက် ရေပန်းအစားဆုံး နတ်ဘုရားမဖြစ်ပြီး လူတို့သည် စီ.အီး. ဒုတိယရာစုနှစ်တိုင် စွဲစွဲလမ်းလမ်း ကိုးကွယ်ခဲ့ကြသည်။ အက်ဖရိုဒိုက်ကို ဝတ်ပြုကိုးကွယ်သည့် ဗဟိုဌာနသည် ပါဖုမြို့တွင်ရှိ၏။ နွေဦးရောက်တိုင်း ထိုနေရာတွင် သူ့ကိုဂုဏ်တင်သည့် ပွဲတော်ကြီး ကျင်းပပေးလေ့ရှိသည်။ အာရှမိုင်းနား၊ အီဂျစ်၊ ဂရိနှင့် အလှမ်းဝေးသည့် ပါရှားတို့မှ ဘုရားဖူးများသည် ပျော်ရွှင်ပွဲသဘင်များအတွက် ပါဖုမြို့သို့ ရောက်ရှိလာကြသည်။ ကုပရုကျွန်းသည် တော်လမီမင်းဆက်၏လက်အောက် ရောက်သည့်အခါ ကုပရုကျွန်းသားများသည် ဖာရောဘုရင်များအား ကိုးကွယ်မှုနှင့် ရင်းနှီးလာခဲ့ကြသည်။
ပါဖုမြို့သည် ကုပရုကျွန်းရှိ ရောမမြို့တော်ဖြစ်သည့်အပြင် မြို့ဝန်မင်း ရုံးစိုက်ရာနေရာလည်းဖြစ်၏၊ ထိုနေရာတွင် ကြေးနီဒ င်္ဂါးများသွန်းသည်။ ၎င်းမြို့သည်လည်း ဘီ.စီ.အီး. ၁၅ ခုနှစ်တွင် မြေငလျင်ကြောင့် ပျက်စီးသွားခဲ့ရာ ရှာလမိမြို့အဖြစ်အပျက်မှာကဲ့သို့ ဩဂတ်စ်တပ်စ်သည် မြို့ကိုပြန်လည်တည်ဆောက်ရန် ငွေထုတ်ပေးခဲ့၏။ မြို့လမ်းမကြီးများ၊ ကောင်းစွာအလှဆင်ထားသည့်အိမ်များ၊ ဂီတကျောင်းများ၊ အားကစားရုံများနှင့် ပြဇာတ်ရုံရှိသည့် ပထမရာစုပါဖုမြို့၏ ချမ်းသာကြွယ်ဝသော စည်းစိမ်ခံဘဝပုံစံကို တူးဖော်တွေ့ရှိချက်များက ဖော်ထုတ်ပြခဲ့သည်။
ယင်းနေရာသည် ပေါလု၊ ဗာနဗနှင့် ယောဟန်မာကုတို့ လည်ပတ်ရောက်ရှိခဲ့သည် ပါဖုမြို့ဖြစ်ပြီး ဤမြို့တွင် “ပညာသတိရှိသော” မြို့ဝန်မင်း သေရဂိပေါလုသည် နတ်ဝိဇ္ဇာအတတ်သမား ဧလုမ၏ ဆန့်ကျင်မှုကြားမှ “ဘုရားသခင်၏နှုတ်[မြွက်]တော်ကိုနာ” ခဲ့သည်။ မြို့ဝန်မင်းသည် “သခင်ဘုရား၏[တရား]တော်ကို အလွန်အံ့သြမိန်းမော၍နေ၏။”—တမန်တော် ၁၃:၆-၁၂။
ခရစ်ယာန်သာသနာပြုများသည် ကုပရုကျွန်းတွင် ဟောပြောခြင်းလုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်ပြီးနောက် အာရှမိုင်းနားသို့ ခရီးဆက်ခဲ့ကြသည်။ ပေါလု၏ ပထမသာသနာပြုခရီးစဉ်သည် ခရစ်ယာန်ဘာသာ ပျံ့နှံ့ရေးအတွက် သမိုင်းမှတ်တိုင်ဖြစ်ခဲ့သည်။ ဂရိအရှေ့တိုင်း စိန့်ပေါလု၏ခရီးစဉ် စာအုပ်က ယင်းသည် “ခရစ်ယာန်သာသနာပြုနှင့် . . . ပေါလု၏သာသနာပြုလုပ်ငန်းတို့၏ တကယ့်အစ” ဟု သမုတ်ကာ ဤသို့ ဖြည့်စွက်လိုက်သည်– “ရှုရိ၊ အာရှမိုင်းနားနှင့် ဂရိသို့ရောက်သော ပင်လယ်ရေကြောင်းလမ်းများဆုံရာ လမ်းဆုံလမ်းခွတွင်တည်ရှိသော ကုပရုကျွန်းသည် ခရစ်ယာန်သာသနာပြုတစ်ဦး စွန့်စားခန်း၏ မမှားနိုင်သော ပထမခြေလှမ်း ဖြစ်ပုံရ၏” ဟုဖော်ပြသည်။ သို့သော် ယင်းသည် ခြေလှမ်းအစသာဖြစ်၏။ နှစ်ပေါင်းနှစ်ထောင်နီးပါး ကြာပြီးနောက် ခရစ်ယာန်သာသနာပြုလုပ်ငန်းကို ဆက်ပြုလုပ်နေဆဲရှိရာ ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းသည် စာသားအတိုင်း “မြေကြီးစွန်းတိုင်အောင်” ရောက်ရှိနေပြီဟု အမှန်ပင်ပြောဆိုနိုင်ပါသည်။—တမန်တော် ၁:၈။
[စာမျက်နှာ ၂၀ ပါ မြေပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကုပရုကျွန်း
နီကိုဆီယာ (လီဒရာ)
ရှာလမိ
ပါဖု
ခူရ်ယာန်
အာမာသာစ်
လာရ်နာကာ
ကရီနီယာ တောင်
မီဆာအောရ်ယား လွင်ပြင်
ထရူးဒေါ့စ် တောင်
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သော ပေါလုသည် ပါဖုမြို့တွင် ရှိစဉ်အခါ နတ်ဝိဇ္ဇာအတတ်သမား ဧလုမကို မျက်စိကွယ်စေခဲ့