မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ ပြဿနာများသည် ဘုရားသခင်ကြောင့်လော

ကျွန်ုပ်တို့၏ ပြဿနာများသည် ဘုရားသခင်ကြောင့်လော

ကျွန်ုပ်​တို့၏ ပြဿနာ​များသည် ဘုရားသခင်​ကြောင့်​လော

မယ်​ရီ​အဲ​န်​၏ အရွယ်ရောက်​သမီး​သည် ဦးနှောက်​တွင် အပြင်းအထန် ထိခိုက်​ဒဏ်ရာ​ရသွား​သောအခါ ကျွန်ုပ်​တို့​အများစု​လုပ်တတ်​ကြ​ရာ​ကို မယ်​ရီ​အဲ​န်​လည်း​ပြုလုပ်​ခဲ့​၏။ * ဘုရားသခင်​ထံ သူ​ဆုတောင်း​လေ​သည်။ “ဒီလောက် အကူအညီ​မဲ့ပြီး အထီးကျန်​တာ​မျိုး မရှိခဲ့ဖူးဘူး” ဟု မယ်​ရီ​အဲ​န်​က​ပြော​သည်။ နောက်ပိုင်း​တွင် သူ့​သမီး​အခြေအနေ ပို​ဆိုး​လာ​သည့်​အတွက် ဘုရားသခင်​ကို မယ်​ရီ​အဲ​န် သံသယဝင်​လေ​တော့​သည်။ “ဘာကြောင့် ဒီလို​ဖြစ်​ရတာလဲ” ဟု သူ​မေးမြန်း​လိုက်​၏။ မေတ္တာ​ပြည့်ဝ​ပြီး ဂရုစိုက်​တတ်​သည့် ဘုရားသခင်​သည် သူ့​အား အဘယ်ကြောင့် စွန့်ပစ်​ရသည်ကို သူသိ​လို​ခဲ့​၏။

မယ်​ရီ​အဲ​န်​၏​အဖြစ်​သည် အဆန်း​မဟုတ်​ချေ။ ကမ္ဘာ​တစ်ဝန်း​မှ လူ​မြောက်မြားစွာ​တို့သည် အကူအညီ​လိုအပ်ချိန်​တွင် ဘုရားသခင့်​အကူအညီ​မရဘဲ စွန့်ပစ်​ထား​ခံရ​သည်​ဟု ယူမှတ်ခဲ့​ကြပြီ။ မြေးလေး​အသတ်ခံရ​ပြီး​နောက် လီ​စာ​က “‘ဘုရားသခင် ဘာကြောင့်​ခွင့်ပြု​ရတာလဲ’ ဆို​တဲ့​မေးခွန်းတွေကို ကျွန်မ​မေး​ပဲ​မေး​နေတော့တယ်။ ဘုရားသခင်​ကို လုံးလုံး​မယုံ​တော့​တာ မဟုတ်ပေမဲ့ အရင်​လောက်​တော့ မယုံကြည်​ဘူး” ဟု ပြောပြ​ရှာ​သည်။ အလားတူ၊ အမျိုးသမီး​တစ်ဦး​သည် မိမိ၏​မွေးကင်းစ​ကလေး​နှင့်​ပတ်သက်​၍ ဝမ်းနည်း​ကြေကွဲဖွယ်​အဖြစ်ဆိုး​ကို တွေ့ကြုံ​ရပြီး​နောက် ဤသို့​ဆို​သည်– “ဖြစ်ပျက်​ခဲ့​တာ​နဲ့​ပတ်သက်​လို့ ဘာ​နှစ်သိမ့်မှု​မှ ဘုရားသခင်​မပေးခဲ့​ဘူး။ ကျွန်မ​ကို​သနားပါ​တယ်​ဆို​တဲ့​လက္ခဏာ ဘာ​တစ်ခု​မှ​မပြ​ဘူး။ ဘုရားသခင်​ကို ကျွန်မ​ဘယ်တော့မှ​ခွင့်​မလွှတ်​ဘူး။”

အခြားသူ​တို့သည် မိမိတို့​ဝန်းကျင်ရှိ ကမ္ဘာ​လောကကြီး​ကို ကြည့်​လိုက်​သည်​နှင့် ဘုရားသခင်​အပေါ် နာကြည်း​စိတ်​များ​ပေါ်လာ​ကြသည်။ ဆင်းရဲ​မွဲတေ​ကာ ငတ်ပြတ်​နေသည့်​နိုင်ငံ​များ၊ မျှော်လင့်ချက်မဲ့​နေသည့် စစ်ပြေး​များ၊ အေ့ဒ်စ်​ရောဂါ​ကြောင့် မိဘမဲ့​ဖြစ်​ခဲ့​ရသည့် မရေမတွက်​နိုင်သော ကလေး​သူငယ်​များနှင့် အခြား​ရောဂါ​များ​စွဲကပ်​နေကြ​သည့် သန်းပေါင်း​များစွာသော​လူ​တို့ကို သူတို့​တွေ့မြင်​ကြ​ရသည်။ ဤ​ကဲ့သို့​သော​ကြေကွဲဖွယ်​အဖြစ်ဆိုး​များ​ကို တွေ့ကြုံ​ရင်ဆိုင်​နေကြ​ရသောအခါ လူများစွာ​သည် ကြားဝင်​ဆောင်ရွက်​ပေး​ဟန်​မရှိသော ဘုရားသခင်​အား အပြစ်တင်​ကြသည်။

အမှန်ပြော​ရ​လျှင် လူအပေါင်း​ကြုံတွေ့​နေရ​သည့် ပြဿနာ​များ​မှာ ဘုရားသခင်​ကြောင့်​မဟုတ်ပါ။ ဘုရားသခင်​သည် လူ့​မိသားစု​အပေါ် ကျရောက်​နေသည့် ဘေးအန္တရာယ်​တို့ကို မကြာမီ အမှန်တကယ်​ပင် ဖြေရှင်း​ပေး​တော့​မည်။ ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို အမှန်တကယ်​ပင် ဂရုစိုက်​တော်​မူ​ကြောင်း သိရှိ​ရန် နောက်​ဆောင်းပါး​ကို​ဆက်​ဖတ်ပါ​ဟု ဖိတ်ခေါ်ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အမည်များ​ကို​ပြောင်း​ထား​သည်။