မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ သွန်သင်ပေးကြလော့’

‘ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ သွန်သင်ပေးကြလော့’

‘ငါသည် သင်တို့အား ပေး​သမျှ​သော ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ သွန်သင်ပေး​ကြလော့’

‘သင်တို့​သွား​၍ ငါ့​တပည့်​ဖြစ်စေ​လျက်၊ ငါသည် သင်တို့​အားပေး​သမျှ​သော ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ သွန်သင်ပေး​ကြလော့။’—မဿဲ ၂၈:၁၉၊ ၂၀

၁။ တပည့်​ဖိလိပ္ပု​နှင့် အီသီယိုးပီးယားပြည်​သားတို့​သည် အဘယ်​အကြောင်း ပြောဆို​ဆွေးနွေး​ခဲ့​ကြ​သနည်း။

အီသီယိုးပီးယားပြည်​သား​သည် ယေရုရှလင်​မြို့​သို့ တောက်လျှောက်​ခရီးနှင်​ခဲ့​သည်။ ထို​တွင် သူ​ချစ်​မြတ်နိုးသော ဘုရားသခင် ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​ခဲ့​၏။ ဘုရားသခင့်​မှုတ်သွင်းခံ နှုတ်မြွက်​စကားတော်​ကိုလည်း သူ​မြတ်နိုး​သည်​မှာ ထင်ရှား​၏။ သူ၏​မြင်းရထား​ဖြင့် အိမ်အပြန်​လမ်း​တွင် ပရောဖက်​ဟေရှာယကျမ်း​ကို ဖတ်နေ​စဉ် ခရစ်တော်​တပည့် ဖိလိပ္ပု​နှင့် တွေ့ဆုံ​ခဲ့​သည်။ ဖိလိပ္ပု​က အီသီယိုးပီးယားပြည်​သား​အား “ဖတ်​သော​အရာ​ကို နားလည်​ပါ​၏​လော” ဟု​မေးမြန်း​၏။ ထို​သူက “သွန်သင်​ပဲ့ပြင်​သော​သူ​မ​ရှိလျှင် အဘယ်​သို့​နားလည်​နိုင်​မည်​နည်း” ဟု​ပြန်ဆို​၏။ အဆိုပါ ရိုးသား​သော​ကျမ်းစာ​လေ့လာသူ​အား ခရစ်တော်​တပည့်​ဖြစ်လာ​စေရန် ဖိလိပ္ပု ဆက်၍​ကူညီ​ပေး​ခဲ့​သည်။—တမန်​တော် ၈:၂၆-၃၉

၂။ (က) အီသီယိုးပီးယားပြည်​သား ပြန်​ပြော​သော​စကား​သည် အဘယ်​နည်းဖြင့် အဓိပ္ပာယ်​ရှိ​သနည်း။ (ခ) တပည့်​ဖြစ်စေ​ပါ​ဟူသော ခရစ်တော်​၏​မိန့်မှာချက်​နှင့်​ဆက်နွှယ်​သည့် အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

သွန်သင်​ပဲ့ပြင်​သော​သူ​မ​ရှိလျှင် နားမလည်​နိုင် ’ ဟု အီသီယိုးပီးယားပြည်​သား ပြန်​ပြော​သည့်​စကား​မှာ မှတ်သားထိုက်​ပေ​၏။ မှန်ပါသည်၊ သူ့ကို ရှင်းပြ၊ သွန်သင်ပေး​မည့်​သူ လို​သည်။ ဤသို့​ထုတ်ဖော်​ပြောဆိုချက်​က တပည့်ဖြစ်​စေရန်​တာဝန်​ကို ယေရှု​ပေး​ခဲ့​စဉ် ကိုယ်တော်​၏​မိန့်မှာချက်​တွင်​ပါ​သည့် တိကျ​ပြတ်သား​သော ညွှန်ကြားချက်​တစ်ခု​၏​အရေးကြီးမှုကို ဖော်ပြ​သည်။ ထို​ညွှန်ကြားချက်​ကား အဘယ်နည်း။ အဖြေ​ရ​ရန် မဿဲကျမ်း​အခန်းကြီး ၂၈ ပါ ယေရှု၏​မိန့်မှာချက်ကို ဆက်၍​သုံးသပ်ကြည့်​ကြ​စို့။ ရှေ့​ဆောင်းပါး​တွင် အဘယ်ကြောင့်​နည်း​နှင့် အဘယ်​နေရာ၌​နည်း အစ​ရှိသော​မေးခွန်းများကို အဓိက​ထား​လေ့လာ​ခဲ့​ပြီးပြီ။ ယခု တပည့်​ဖြစ်စေ​ပါ​ဟူသော ခရစ်တော်​၏​မိန့်မှာချက်​နှင့်​ဆက်နွှယ်​သည့် နောက်ထပ်​မေးခွန်း​နှစ်ခု အဘယ်အရာ​နည်း​နှင့် အဘယ်​အချိန်​နည်း​တို့ကို သုံးသပ်ကြ​မည်။

‘ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ သွန်သင်ပေး​ကြလော့’

၃။ (က) တစ်ဦး​တစ်ယောက်​သည် ယေရှု​ခရစ်​၏​တပည့်​တစ်ဦး မည်သို့​ဖြစ်လာ​သနည်း။ (ခ) တပည့်​ဖြစ်စေ​ခြင်း​တွင် အဘယ်အရာ​သွန်သင်​ပေးခြင်း ပါဝင်​သနည်း။

ခရစ်တော်​၏​တပည့်​ဖြစ်လာ​စေရန် အခြား​သူများကို အဘယ်အရာ သွန်သင်ပေး​ရမည်​နည်း။ ယေရှု​က နောက်လိုက်​များ​အား “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ [နှစ်ခြင်း]ပေး​ကြလော့။ ငါသည် သင်တို့အား ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . [“သွန်သင်၊” က​ဘ] ပေး​ကြလော့” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ထို့​ကြောင့် ခရစ်တော် မိန့်မှာ​ခဲ့​ရာ​များ​ကို ကျွန်ုပ်​တို့ သွန်သင်ပေး​ရမည်​ဖြစ်သည်။ * သို့သော် ယေရှု၏​မိန့်မှာချက်​များ​ကို လေ့လာ​ထား​သူသည် တပည့်​ဖြစ်လာ​ရုံ​မ​က တပည့်​ဆက်​ဖြစ်နေ​ရန် အဘယ်အရာက ထောက်ကူ​ပေး​မည်​နည်း။ ယေရှု အသေအချာ​ရွေးချယ်​ပြောဆို​ခဲ့​သော စကားလုံး​များ​တွင် အဓိက​အချက်​တစ်ချက်​ကို တွေ့ရှိ​ရ၏။ ကိုယ်တော်​က ‘သင်တို့အား ပေး​သမျှ​သော ပညတ်တော်​တို့ကို သွန်သင်ပေး​ကြလော့’ ဟူ၍​သာ မိန့်ဆိုခဲ့သည်​မဟုတ်​ကြောင်း သတိပြုပါ။ ယင်းအစား၊ ကိုယ်တော်​က “သင်တို့အား ပေး​သမျှ​သော ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . [“သွန်သင်၊” က​ဘ] ပေး​ကြလော့” ဟု​မိန့်မှာ​ခဲ့​သည်။ (မဿဲ ၁၉:၁၇) ယင်းက အဘယ်အရာကို ဆိုလို​သနည်း။

၄။ (က) မိန့်မှာချက်ကို စောင့်ရှောက်ခြင်း​ဟူသည် အဘယ်နည်း။ (ခ) ခရစ်တော်​၏​မိန့်မှာချက်​များ​ကို စောင့်ရှောက်​ရန် မည်သို့​သင်ပေး​ရ​ကြောင်း ဥပမာ​ပေး​ပါ။

အမိန့်​တစ်ခု​ကို လိုက်နာ​စောင့်ရှောက်ခြင်း​ဟူသည် အမိန့်​နှင့်​အညီ “ပြုမူ​လုပ်ကိုင်​ခြင်း၊” နာခံခြင်း သို့​မဟုတ် ကျင့်​စောင့်​ခြင်း​ဖြစ်သည်။ သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့သည် တစ်ဦး​တစ်ယောက်​အား ခရစ်တော်​မိန့်မှာ​ခဲ့​ရာ​များ​ကို စောင့်ရှောက်​ရန် သို့​မဟုတ် နာခံ​ရန် မည်သို့​သင်ပေး​သနည်း။ ကားမောင်း​နည်းပြ​ဆရာ​တစ်ဦး​သည် သင်တန်းသား​များ ယာဉ်​ဥပဒေ​လိုက်နာ​ရန် သင်ပေး​ပုံ​ကို စဉ်းစား​ကြည့်​ပါ။ နည်းပြ​ဆရာ​သည် သင်တန်းသား​များ​ကို သင်တန်း​ခန်းမ​ထဲ​တွင် လမ်း​စည်းကမ်း​များ သင်ပေး​ပေမည်။ သို့သော် သင်တန်းသား​များ သိရှိ​ထား​ရာ​ကို လက်တွေ့​ကျင့်သုံး​ရန် လမ်းပေါ်တွင် ကြိုးစား​ကားမောင်း​ကျင့်​နေစဉ် ဤ​စည်းကမ်း​များ​ကို မည်သို့​လိုက်နာ​ရ​ကြောင်း သူတို့အား ညွှန်ကြား​ပေး​ရမည်​ဖြစ်သည်။ ထို​နည်းတူ​စွာ၊ ကျွန်ုပ်​တို့သည် လူ​တို့​နှင့် ကျမ်းစာ​သင်အံမှု​ပြု​သည့်​အခါ ခရစ်တော်​၏​မိန့်မှာချက်​များ​ကို သင်ပေး​ကြသည်။ သို့သော် သင်သားများ​သည် ခရစ်တော်​၏​မိန့်မှာချက်​များ​ကို သူတို့၏​ဘဝ​နှင့် ခရစ်ယာန်​ဓမ္မ​အမှု​တွင် လက်တွေ့​ကျင့်သုံး​ရန် ကြိုးစား​စဉ် လမ်းညွှန်​ပေး​ဖို့​လည်း လို​၏။ (ယောဟန် ၁၄:၁၅; ၁ ယောဟန် ၂:၃) ထို့​ကြောင့် တပည့်​ဖြစ်စေ​ပါ​ဟူသော ခရစ်တော်​၏​မိန့်မှာချက်ကို အပြည့်အဝ​ထမ်းဆောင်​ရန် ကျွန်ုပ်​တို့သည် သွန်သင်ပေး​သူ​ရော၊ လမ်းညွှန်​ပေး​သူပါ​ဖြစ်​ဖို့​လို​သည်။ ဤနည်းဖြင့် ကျွန်ုပ်​တို့သည် ယေရှု​နှင့်​ယေဟောဝါ ပြသ​သော ပုံသက်သေ​ကို တုပ​ကြသည်။—ဆာလံ ၄၈:၁၄; ဗျာ. ၇:၁၇

၅။ ကျွန်ုပ်​တို့​နှင့် ကျမ်းစာ​လေ့လာ​နေ​သူသည် တပည့်​ဖြစ်စေ​ပါ​ဟူသော ခရစ်တော်​၏​မိန့်မှာချက်ကို​နာခံ​ရန် အဘယ်ကြောင့် တွန့်ဆုတ်​နိုင်​သနည်း။

ယေရှု၏​မိန့်မှာချက်​များ​ကို စောင့်ရှောက်​ရန် အခြားသူများ​အား သွန်သင်ပေး​ရာ​တွင် တပည့်​ဖြစ်စေ​ပါ​ဟူသော မိန့်မှာချက်ကို လိုက်နာ​ကြဖို့ ကူညီ​ပေးခြင်း ပါဝင်​သည်။ ကျွန်ုပ်​တို့​နှင့် ကျမ်းစာ​လေ့လာ​နေ​သူ​အချို့​အတွက် ၎င်း​သည် ခက်​ကောင်း​ခက်​ပေမည်။ သူတို့သည် ယခင်​က ခရစ်ယာန်ဘောင်​အသင်းသားများ ဖြစ်​ခဲ့​လျှင်​ပင် သူတို့၏​ဘာသာရေး​ဆရာ​ဟောင်း​များ​က သွား​၍​တပည့်​ဖြစ်စေ​ပါ​ဟု သွန်သင်ပေး​ခဲ့​ဖွယ်​မရှိ​ချေ။ ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များသည် သူတို့၏​သိုးအုပ်​ကို ဧဝံဂေလိ​ဟောပြောရန် သွန်သင်​ပေးခြင်း​တာဝန် လုံးဝ​ပျက်ကွက်​နေသည်​ဟု ချာ့ခ်ျ​ခေါင်းဆောင်​အချို့​က ပွင့်ပွင့်လင်းလင်း ဝန်ခံ​၏။ ဤ​လောက​သို့​သွား​၍ လူမျိုးအပေါင်း​ကို တပည့်ဖြစ်​စေရန် ကူညီ​ပေး​ပါ​ဟူသော ယေရှု၏​မိန့်မှာချက်​နှင့်​ပတ်သက်​၍ ကျမ်း​ပညာရှင် ဂျွန် အာရ်. ဒဗလျူ. စ​တာ​တ်​က ဤသို့​ဖော်ပြ​ခဲ့​သည်– “အဲ့ဒီ​မိန့်မှာချက်​ရဲ့ ဆိုလိုချက်​ကို လိုက်နာ​ဆောင်ရွက်ဖို့ ကျွန်တော်​တို့ ပျက်ကွက်​နေတာဟာ ယနေ့ ဧဝံဂေလိ​ဟောပြောခြင်း​နယ်ပယ်​က ဧဝံဂေလိ​ခရစ်ယာန်​များ​ရဲ့ အထူး​အားနည်းချက်​ဖြစ်နေ​တယ်။” သူက “ကျွန်တော်​တို့​ဟာ သတင်းတရားကို အဝေးကနေ​ပဲ ကြေညာ​ချင်​ကြတယ်။ တစ်ခါ​တ​လေ ရေနစ်​နေသူတွေကို အန္တရာယ်​မရှိတဲ့​ကမ်း​စပ်​ကနေ လှမ်း​ပြီး သတိပေး​နေတဲ့​သူတွေနဲ့ တူ​နေတယ်။ ရေ​ထဲ​ခုန်ဆင်း​ပြီး သူတို့ကို မ​ကယ်​ကြဘူး။ ရေ​စို​မှာ ကြောက်​နေကြ​တယ်​လေ” ဟု​ထပ်ဆင့်​ဆို​သည်။

၆။ (က) ကျမ်းစာ​သင်သား​တစ်ဦး​ကို ကူညီ​ပေး​သည့်​အခါ ဖိလိပ္ပု​၏​ပုံ​နမူနာကို မည်သို့ တုပ​နိုင်​သနည်း။ (ခ) ဟောပြောခြင်း​လုပ်ငန်း​တွင် ကျမ်းစာ​သင်သား စ​ပါဝင်ချိန်​တွင် ကျွန်ုပ်​တို့၏​စိုးရိမ်မှု​ကို မည်သို့ ပြ​နိုင်​သနည်း။

ကျွန်ုပ်​တို့​နှင့်​ကျမ်းစာ​လေ့လာ​နေ​သူသည် ယခင်​က “ရေ​စို​မှာ​ကြောက်” သော​ဘာသာရေး​အဖွဲ့သား​ဖြစ်​မည်​ဆိုလျှင် ဥပစာစကား​အရ ရေ​ကြောက်ရွံ့​ခြင်း​ကို တွန်းလှန်​ပြီး တပည့်​ဖြစ်စေ​ပါ​ဟူသော ခရစ်တော်​၏​မိန့်မှာချက်ကို နာခံ​ရန် အခက်တွေ့​နေ​ပေမည်။ သူသည် အကူအညီ​လိုအပ်​လိမ့်​မည်။ အီသီယိုးပီးယားပြည်​သား​သည် ဖိလိပ္ပု​၏​သွန်သင်ချက်​များ​ကို နားလည်​ပြီး နှစ်ခြင်း​ခံ​လို​စိတ်​ရှိလာ​သကဲ့သို့ ကျမ်းစာ​သင်သား​သည် ကျွန်ုပ်​တို့၏​သွန်သင်ချက်​နှင့် လမ်းညွှန်ချက်​တို့ကို အတွင်းကျကျ​နားလည်​လာ​ကာ လုပ်ဆောင်​လို​စိတ်​ရှိလာ​စေရန် စိတ်ရှည်​ဖို့​လို​သည်။ (ယောဟန် ၁၆:၁၃; တမန်​တော် ၈:၃၅-၃၈) ထို့​ပြင် တပည့်​ဖြစ်စေ​ပါ​ဟူသော မိန့်မှာချက်ကို လိုက်နာ​ရန် ကျမ်းစာ​သင်သားများအား ကျွန်ုပ်​တို့​သင်ပေး​လို​သည့်​ဆန္ဒ​က ဘုရားသခင့်​နိုင်ငံတော်​အကြောင်း သူတို့ စ​ဟောပြော​ချိန်​တွင် သူတို့​အနားမှာ​နေ၍ လမ်းညွှန်​ပေး​ဖို့ ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​၏။—ဒေ. ၄:၉၊ ၁၀; လုကာ ၆:၄၀

“ပေး​သမျှ​သော​ပညတ်တော်​တို့”

၇။ “ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်” ရန်​အခြားသူများ​အား သွန်သင်ပေး​ရာ​တွင် အဘယ်​ပညတ်​များ​ကိုလည်း သင်ပေး​ရမည်​နည်း။

ကျွန်ုပ်​တို့သည် တပည့်​သစ်​များ​ကို သွန်သင်​ပေးခြင်း​မှာ တပည့်​ဖြစ်လာ​စေ​ရုံ​သာ မဟုတ်​ချေ။ ယေရှုသည် “ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေရန်​အခြား​သူများကို သွန်သင်​ပေး​ဖို့ ကျွန်ုပ်​တို့ကို မိန့်မှာ​ထား​၏။ ၎င်း​တွင် ဘုရားသခင်​နှင့် အိမ်နီးချင်း​ကို ချစ်ပါ​ဟူသော အကြီးမြတ်ဆုံး​ပညတ်​နှစ်ခုပါ​သည်။ (မဿဲ ၂၂:၃၇-၃၉) အဆိုပါ​ပညတ်​များ​ကို စောင့်ရှောက်​ရန် တပည့်​သစ်​များ​အား မည်သို့​သွန်သင်ပေး​နိုင်​သနည်း။

၈။ မေတ္တာပြ​ပါ​ဟူသော ပညတ်ချက်​ကို တပည့်​သစ်​တစ်ဦး​အား မည်သို့ သွန်သင်ပေး​နိုင်​ကြောင်း ဥပမာ​ပေး​ပါ။

ကားမောင်း​တော့​မည့် သင်တန်းသား​၏ ပုံ​ဥပမာ​ကို ပြန်​စဉ်းစား​ကြည့်​ပါ။ သင်တန်းသား​သည် မိမိ၏​ဘေး​တွင်​ထိုင်​နေသော နည်းပြ​ဆရာ​နှင့်အတူ ကားမောင်း​ထွက်​စဉ် နည်းပြ​ဆရာ​၏​စကား​ကို နားထောင်​နေ​ရုံ​မ​က အခြား​ယာဉ်မောင်း​များ​ကို ကြည့်​ဖို့​လည်း သင်ယူ​ရသည်။ ဥပမာ၊ အခြား​ကား​တစ်စီး​ကို မိမိ​ကား​ရှေ့သို့ စာနာ​စွာ ကြားဝင်​ခွင့်ပြု​သော ယာဉ်မောင်း; သို့​မဟုတ် မျက်နှာ​ချင်း​ဆိုင်​ယာဉ်ကြော​မှ ယာဉ်မောင်း​ဖြစ်သူ မျက်စိ​ပြာ​မသွား​စေရန် ကား​ရှေ့​မီး​ကြီး​ပိတ်​ပေး​သော ယာဉ်မောင်း; သို့​မဟုတ် မျက်နှာ​သိ​တစ်ဦး၏​ကား ပျက်​သွားသော​အခါ စေတနာ​နှင့်​ကူညီ​ပေး​သော ယာဉ်မောင်း​တို့ကို နည်းပြ​ဆရာ​က ဂရုပြု​ကြည့်​ခိုင်း​ပေမည်။ သင်တန်းသား ကားမောင်း​နေသည့်​အခါ သူ​ကျင့်သုံး​နိုင်​သည့် အရေးပါ​သင်ခန်းစာများ​ကို ထို​ပုံ​နမူနာ​များ​က သင်ပေး​သည်။ ထို​နည်းတူ အသက်​လမ်းပေါ် ခရီးနှင်​နေသော တပည့်​သစ်​တစ်ဦး​သည် သွန်သင်ပေး​သူ​ထံ​မှ​သာမက အသင်းတော်တွင် မြင်တွေ့ရ​သည့် ပုံသက်သေ​ကောင်း​များ​မှ​လည်း သင်ယူ​နိုင်၏။—မဿဲ ၇:၁၃၊ ၁၄

၉။ တပည့်​သစ်​တစ်ဦး​သည် ချစ်​ရမည်​ဟူသော ပညတ်ချက် လိုက်နာခြင်း​၏​ဆိုလိုချက်​ကို မည်သို့​သင်ယူ​သိရှိ​လာ​သနည်း။

သာဓက​အနေ​နှင့် ကျမ်းစာ​သင်သား​တစ်ဦး​သည် သားသမီး​ငယ်​များ​ကို​ဆွဲ​၍ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ ကြိုးစားပမ်းစား​ရောက်ရှိ​လာသော ကြင်ဖော်​မဲ့​မိဘ​တစ်ဦး​ကို သတိပြုမိ​ပေမည်။ စိတ်ဓာတ်ကျ​မှု​ကို ကြိုးစား​တွန်းလှန်​လျက် အစည်းအဝေး​များ​သို့ ပုံမှန်​ရောက်ရှိ​လာ​တတ်သော စိတ်ဓာတ်ကျ​ဆင်း​နေ​သူ​တစ်ဦး၊ သက်ကြီးရွယ်အို​များ​အား အသင်းတော်​အစည်းအဝေး​တိုင်း​သို့ ကား​ဖြင့်​ခေါ်လာ​ပေး​သော သက်ကြီး​မုဆိုးမ​တစ်ဦး၊ သို့​မဟုတ် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သန့်ရှင်းရေး​တွင် ကူညီ​လုပ်အားပေး​သော ဆယ်ကျော်သက်​တစ်ဦး​တို့ကို တွေ့​မိ​ပေမည်။ အသင်းတော်​တာဝန်​များစွာ​ရှိသည့်​ကြား​မှ လယ်ကွင်း​လုပ်ငန်းတော်​ကို တည်ကြည်​မြဲမြံ​စွာ​ဦးဆောင်​နေသော အသင်းတော်​အကြီးအကဲ​တစ်ဦး​ကို သတိထား​မိ​ပေမည်။ မသန်မစွမ်း​ဖြစ်​ကာ အိမ်တွင်း​အောင်း​နေရ​သော်လည်း သူ့​ထံ လည်ပတ်​ရောက်ရှိ​လာ​သူအား​လုံး​ကို ဝိညာဉ်​ရေး​အရ အားပေးမှု​ဖြစ်စေ​သူကိုလည်း တွေ့ဆုံ​ရ​ပေမည်။ သက်ကြီးရွယ်အို​မိဘများ​ကို ပြုစု​စောင့်ရှောက်​ရန် မိမိတို့၏​ဘဝ​တစ်ခုလုံး ပြုပြင်​ပြောင်းလဲ​ရသည့် ဇနီး​မောင်နှံ​တစ်စုံ​ကိုလည်း ထို​သင်သား သတိပြုမိ​ပေမည်။ အကြင်နာတရား​နှင့် ကူညီ​ပေး​ကာ ယုံကြည်​စိတ်ချ​ရသော ဤ​ခရစ်ယာန်​များ​ကို သတိပြုမိ​ခြင်း​အားဖြင့် တပည့်​သစ်​ဖြစ်သူ​သည် ဘုရားသခင်​နှင့် အိမ်နီးချင်း အထူးသဖြင့် ယုံကြည်သူချင်း​များ​ကို ချစ်​ရမည်​ဟူသော ခရစ်တော်​၏​မိန့်မှာချက်ကို နာခံခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း ပုံ​နမူနာ​မှ သင်ယူ​သိရှိ​လာ​လေ​သည်။ (သု. ၂၄:၃၂; ယောဟန် ၁၃:၃၅; ဂလာတိ ၆:၁၀; ၁ တိမောသေ ၅:၄၊ ၈; ၁ ပေတရု ၅:၂၊ ၃) ဤနည်းဖြင့် ခရစ်ယာန်​အသင်းသား​တိုင်း​သည် သွန်သင်သူ​နှင့် လမ်းညွှန်​ပေး​သူ​ဖြစ်​နိုင်​ပြီး ဖြစ်​လည်း​ဖြစ်​သင့်​သည်။—မဿဲ ၅:၁၆

‘ဤ​ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင်’

၁၀။ (က) တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို အချိန်​မည်မျှ​တိုင် ဆက်လက်​လုပ်ဆောင်ကြ​မည်​နည်း။ (ခ) ယေရှုသည် တာဝန်​ထမ်းဆောင်ခြင်း​နှင့် ပတ်သက်​၍ အဘယ်​စံနမူနာ ချမှတ်​ပေး​ခဲ့​သနည်း။

၁၀ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို အဘယ်​အချိန်​ထိ​တိုင် ဆက်​လုပ်ဆောင်​သင့်​သနည်း။ ဤ​ကပ်ကမ္ဘာ​ကုန်​သည့်​အထိ လုပ်ဆောင်​သင့်​၏။ (မဿဲ ၂၈:၂၀) ကျွန်ုပ်​တို့သည် ယေရှု၏​မိန့်မှာချက် ဤ​အပိုင်း​ကို ကျေပွန်​အောင် ထမ်းဆောင်​နိုင်​မည်​လော။ ကမ္ဘာချီ​အသင်းတော်​တစ်ခု​အနေ​နှင့် ကျွန်ုပ်​တို့သည် တာဝန်​ကျေပွန်​ရန် သန္နိ​ဋ္ဌာန်​ချထား​ကြသည်။ ယ​မ​န်​နှစ်များ​က “ထာဝရ​အသက်ကို တလိုတလား​ရှိ” သူများကို ရှာတွေ့​ရန် ကျွန်ုပ်​တို့၏​အချိန်၊ ခွန်အား​နှင့် ဥစ္စာ​အင်ခွင်များကို ဝမ်းမြောက်​ဝမ်းသာ ပေးဆက်​ခဲ့​ကြပြီ။ (တမန်​တော် ၁၃:၄၈က​ဘ) ယခု​အခါ ယေဟောဝါသက်သေ​များသည် ကမ္ဘာချီ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ဤ​နှစ်​အတွင်း တစ်ရက်​လျှင် ပျမ်းမျှ​နာရီ​ပေါင်း သုံး​သန်း​ကျော် အသုံးပြုလျက်​ရှိသည်။ ကျွန်ုပ်​တို့သည် ယေရှု၏​စံနမူနာ​ကို လိုက်လျှောက်​သောကြောင့် ထိုသို့​အသုံးပြု​ကြ​ခြင်း​ဖြစ်၏။ ကိုယ်တော်​က “ငါ့ကို​စေလွှတ်​တော်​မူ​သော​သူ၏ အလိုတော်ကို​ဆောင်ခြင်း၊ သူ၏​အမှုတော်ကို ပြီးစီး​ခြင်း​အမှုသည် ငါ့​စားစရာ​ဖြစ်၏” ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၄:၃၄) ကျွန်ုပ်​တို့၏​လှိုက်လှဲသော​စိတ်ဆန္ဒ​သည်လည်း ထို​နည်း​လည်းကောင်း​ပင်။ (ယောဟန် ၂၀:၂၁) ကျွန်ုပ်​တို့ကို​အပ်နှင်း​ထားသော ထို​လုပ်ငန်း​ကို အစပြု​လုပ်ဆောင်​ရုံ​မျှ​မဟုတ်ဘဲ ပြီးစီး​အောင် လုပ်ဆောင်​လို​ကြ​ပါ​သည်။—မဿဲ ၂၄:၁၃; ယောဟန် ၁၇:၄

၁၁။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​များသည် အဘယ်​သို့​ဖြစ်သွား​ကြ​သနည်း၊ ကျွန်ုပ်​တို့​ကိုယ်ကို အဘယ်​မေးခွန်း​မေးသင့်​သနည်း။

၁၁ သို့သော် ကျွန်ုပ်​တို့၏​ယုံကြည်သူချင်း​အချို့ ဝိညာဉ်ရေးတွင် တဖြည်းဖြည်း အားနည်း​လာ​ကာ ခရစ်တော်​၏​တပည့်​ဖြစ်စေ​ခြင်း​မိန့်မှာချက်ကို ထမ်းဆောင်​ရန် အရှိန်​လျော့​လာ​ကြ၊ မလုပ်ဆောင်​ကြ​တော့​သည်ကို တွေ့ရှိ​ရသည်မှာ ဝမ်းနည်းစရာပင်။ အသင်းတော်​နှင့် ပြန်​ပူးပေါင်း​၍ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ပြန်ပါ​ဝင်လာရန် သူတို့ကို ကျွန်ုပ်​တို့​ကူညီ​ပေး​နိုင်​သည့် နည်းလမ်း​ရှိသလော။ (ရောမ ၁၅:၁; ဟေဗြဲ ၁၂:၁၂) တမန်​တော်​များ ခေတ္တ​အားနည်း​သွား​ချိန်​တွင် သူတို့ကို ယေရှု​ကူညီ​ပေး​ခဲ့​သကဲ့သို့ ယနေ့ ကျွန်ုပ်​တို့​လည်း ကူညီ​ပေး​နိုင်၏။

စိုးရိမ်မှု​ပြ​ပါ

၁၂။ (က) ယေရှု​မသေမီ​လေး​တွင် တမန်​တော်​များ အဘယ်အရာ​ပြုလုပ်​ခဲ့​ကြ​သနည်း။ (ခ) တမန်​တော်​များသည် ဝိညာဉ်ရေးတွင် အလွန်​အားနည်း​ကြောင်း တွေ့ရ​သော်လည်း သူတို့ကို ယေရှု မည်သို့​စောင်မ​ခဲ့​သနည်း။

၁၂ ကမ္ဘာ​မြေကြီးပေါ် ယေရှု၏​ခရစ်ယာန်​ဓမ္မ​အမှု ပြီးဆုံးချိန် ကိုယ်တော်​အသတ်ခံရ​တော့​မည့်​ဆဲ​ဆဲ​တွင် တမန်​တော်​များသည် “ကိုယ်တော်​ကို စွန့်ပစ်​၍​ပြေးကြ​၏။” ယေရှု​ကြို​ဟောခဲ့​သည့်​အတိုင်း သူတို့ “အသီးအသီး မိမိတို့​နေရာသို့ ပြေး​သွား” ကြသည်။ (မာကု ၁၄:၅၁; ယောဟန် ၁၆:၃၂) ယေရှုသည် ဝိညာဉ်ရေးတွင် အားနည်းနေ​သော မိမိ၏​အပေါင်းအဖော်​များ​ကို မည်သို့​စောင်မ​ခဲ့​သနည်း။ ယေရှု​ထမြောက်​ပြီး မကြာမီ ကိုယ်တော်​၏​နောက်လိုက်​အချို့​ကို “ကြောက်ရွံ့​ခြင်း​မရှိကြ​နှင့်။ သွား​ကြလော့။ ငါ့​ညီ​တို့သည် ဂါလိလဲ​ပြည်​သို့​သွား​စေခြင်း​ငှာ ဤ​သတင်းစကားကို ကြား​ပြော​ကြလော့။ ထို​ပြည်​၌ သူတို့သည် ငါ့ကို​တွေ့မြင်​ရ​ကြလိမ့်မည်” ဟု​မိန့်မှာ​သည်။ (မဿဲ ၂၈:၁၀) တမန်​တော်​များသည် ဝိညာဉ်ရေးတွင် အလွန်​အားနည်း​ခဲ့​သော်လည်း ယေရှုသည် သူတို့ကို “ငါ့​ညီ” တို့​ဟု​ခေါ်​နေဆဲ​ပင်။ (မဿဲ ၁၂:၄၉) သူတို့ကို လက်မလျှော့​လိုက်ပါ။ ယေဟောဝါ​သည် အကြင်နာတရား​ထား​ကာ ခွင့်လွှတ်​တတ်​သကဲ့သို့ ယေရှုသည် ထို​နည်းဖြင့် အကြင်နာ​ထားပြီး ခွင့်လွှတ်​ခဲ့​၏။ (၄ ဓမ္မ​ရာဇဝင် ၁၃:၂၃) ကျွန်ုပ်​တို့သည် ယေရှုကို မည်သို့​တုပ​နိုင်​သနည်း။

၁၃။ ဝိညာဉ်ရေးတွင် အားနည်း​လာ​သူများကို ကျွန်ုပ်​တို့ မည်သို့ သဘောထား​သင့်​သနည်း။

၁၃ ခရစ်ယာန်​ဓမ္မ​အမှု​တွင် အရှိန်​လျော့​လာ​သူ သို့​မဟုတ် ရပ်တန့်​သွား​သူများကို ကျွန်ုပ်​တို့ အလွန်​စိုးရိမ်မှု​ပြ​သင့်​သည်။ အတိတ်​က—အချို့​မှာ ဆယ်စုနှစ်​နှင့်​ချီ​၍—လုပ်ဆောင်ခဲ့​သော အဆိုပါ​ယုံကြည်သူချင်း​များ​၏ မေတ္တာ​ရှိ​လုပ်ရပ်များ​ကို ကျွန်ုပ်​တို့ အမှတ်ရနေ​ဆဲ​ရှိ၏။ (ဟေဗြဲ ၆:၁၀) သူတို့နှင့်​ပေါင်းဖော်​ခဲ့​ရသည်ကို ကျွန်ုပ်​တို့ အမှန်ပင် လွမ်းဆွတ်​သတိရ​ကြ​၏။ (လုကာ ၁၅:၄-၇; ၁ သက်သာလောနိတ် ၂:၁၇) သို့သော်လည်း သူတို့ကို ကျွန်ုပ်​တို့ စိုးရိမ်​ပူပန်​ကြောင်း မည်သို့​ပြ​နိုင်​သနည်း။

၁၄။ ကျွန်ုပ်​တို့သည် ယေရှုကို​တုပ​၍ အားနည်း​သူကို မည်သို့​ကူညီ​ပေး​နိုင်​သနည်း။

၁၄ စိတ်ဓာတ်ကျ​ဆင်း​နေသော တမန်​တော်​များ​အား ဂါလိလဲ​ပြည်​သို့​သွားပါ၊ ထို​တွင် မိမိကို တွေ့ရ​လိမ့်​မည်​ဟု ယေရှု မိန့်ဆိုခဲ့သည်။ ယေရှုသည် အထူး​စည်းဝေး​ခြင်း​ကို တက်ရောက်​ရန် သူတို့အား ဖိတ်ခေါ်​လိုက်ခြင်း​ပင်​ဖြစ်သည်။ (မဿဲ ၂၈:၁၀) ထို​နည်းတူ ယနေ့ ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​အားနည်း​သူများကို ခရစ်ယာန်​အသင်းတော်​အစည်းအဝေး​များ တက်ရောက်​ရန် အားပေး​ကြသည်၊ ထိုသို့​အားပေးမှု​သည် တစ်ကြိမ်​ထက်မက လိုအပ်​ပေမည်။ တမန်​တော်​များ​ကိစ္စ​တွင် “တစ်ကျိပ်​တစ်ပါး​သော​တပည့်တော်​တို့သည် ဂါလိလဲ​ပြည်​သို့​သွား​၍ ယေရှုမှာ​ထား​တော်​မူ​သော​တောင်ပေါ်​သို့ တက်​ကြ” ရာ ဤ​ဖိတ်ခေါ်မှု​ကြောင့် အကျိုး​ဖြစ်ထွန်း​ခဲ့​သည်။ (မဿဲ ၂၈:၁၆) ထို​နည်းတူ​စွာ အားနည်း​သူများ​သည် ကျွန်ုပ်​တို့၏​လှိုက်လှဲ​စွာ​ဖိတ်ခေါ်မှု​ကို လက်ခံ​ပြီး ခရစ်ယာန်​အစည်းအဝေး​များ ပြန်​တက်လာ​သည့်​အခါ ကျွန်ုပ်​တို့ တကယ်​ကို​အားရ​ရွှင်လန်း​ကြ​၏!—လုကာ ၁၅:၆

၁၅။ ကျွန်ုပ်​တို့၏​အစည်းအဝေး​သို့ ရောက်ရှိ​လာ​ကြသော အားနည်း​သူများ​အား ကြိုဆို​ရာ​တွင် ယေရှု၏​စံနမူနာ​ကို မည်သို့​တုပ​နိုင်​သနည်း။

၁၅ ဝိညာဉ်​ရေး​အားနည်း​သူ​တစ်ဦး​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ ရောက်ရှိ​လာချိန်​တွင် ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​ကြ​မည်​နည်း။ ခေတ္တ​ခဏ​ယုံကြည်ခြင်း​အားနည်း​သွား​ကြသော တမန်​တော်​များသည် ချိန်းချက်​ထားသော အစည်းအဝေး​နေရာသို့ ရောက်ရှိ​နေသည်​ကို ယေရှု​မြင်တွေ့​သည့်​အခါ အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း။ ‘ယေရှုသည် အနီးအပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင် စကားပြော​ခဲ့​၏။’ (မဿဲ ၂၈:၁၈) ကိုယ်တော်​သည် သူတို့ကို ခပ်​လှမ်း​လှမ်း​မှ စိန်း​စိန်း​မကြည့်​ဘဲ သူတို့​အနား လျှောက်လာ​သည်။ ယေရှုသည် အစပြု​လုပ်ဆောင်​သည့်​အခါ တမန်​တော်​များ တကယ်​ကို စိတ်သက်သာရာ​ရခဲ့​ကြ​မည်​ကို မြင်ယောင်​ကြည့်​ပါ! ကျွန်ုပ်​တို့​လည်း ခရစ်ယာန်​အသင်းတော်​သို့ ကြိုးစား​ပြန်လာ​ကြသော ဝိညာဉ်​ရေး​အားနည်း​သူများကို ကိုယ်​က​အစပြု​၍ လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ပါ​လေ။

၁၆။ (က) နောက်လိုက်​များ​အပေါ် ယေရှု​ဆက်ဆံပုံ​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။ (ခ) အားနည်း​သူများ​အား ယေရှု,ရှုမြင်ပုံကို ကျွန်ုပ်​တို့ မည်သို့​ရောင်ပြန်ဟပ်​နိုင်​သနည်း။ (အောက်ခြေမှတ်ချက်ကို​ရှု။)

၁၆ ယေရှုသည် အဘယ်အရာ​ပြု​လုပ်ပေး​သေး​သနည်း။ ဦးဆုံး၊ ကိုယ်တော်​က “စီရင်ပိုင်​သော​အခွင့်တန်ခိုး​ရှိသမျှ​တို့ကို ငါ​ခံရ​ပြီ” ဟု​ကြေညာ​လိုက်​သည်။ ဒုတိယ၊ ‘သွား​၍ တပည့်​ဖြစ်စေ’ ကြလော့​ဟူသော တာဝန်​တစ်ခု​အပ်နှင်း​ခဲ့​သည်။ တတိယ၊ ‘ငါသည် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်’ ဟု​ကတိပေး​သည်။ သို့သော် ယေရှု အဘယ်အရာ ပြု​လုပ်ခဲ့သည်​ကို သတိပြုမိ​သလော။ တပည့်​တို့၏​အားနည်းချက်များ​နှင့် ယုံမှား​သံသယ​ဖြစ်မှု​များ​ကို အပြစ်မတင်​ခဲ့​ချေ။ (မဿဲ ၂၈:၁၇) ကိုယ်တော်​၏​ချဉ်းကပ်​ပုံ​သည် အကျိုးရှိ​ခဲ့​သလော။ ရှိခဲ့​ပါ​သည်။ များ​မကြာမီ တမန်​တော်​တို့သည် တစ်ဖန်​ပြန်၍ “သွန်သင်​လျက်၊ . . . ဧဝံဂေလိတရား​ကို . . . ဟောပြောလျက်​နေကြ၏။” (တမန်​တော် ၅:၄၂) အားနည်း​သူများ​အား ရှုမြင်​ဆက်ဆံပုံ​နှင့်​ပတ်သက်​သည့် ယေရှု၏​စံနမူနာ​အတိုင်း လုပ်ဆောင်ခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​ဒေသခံ​အသင်းတော်တွင် ထပ်တူ​ကြည်နူး​အားရဖွယ်​ရလဒ်များ​ကို မြင်တွေ့​နိုင်​ပါစေ။ *တမန်​တော် ၂၀:၃၅

‘ငါသည် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်’

၁၇၊ ၁၈။ ‘ငါသည် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်’ ဟူသော ယေရှု၏​စကား​များ​တွင် အဘယ်​ခွန်အား​ရှိစေ​သော​အချက်များ ပါ​သနည်း။

၁၇ ‘ငါသည်​လည်း သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်’ ဟူသော ယေရှု​မိန့်မှာချက်​၏ နောက်ဆုံး​စကား​သည် တပည့်​ဖြစ်စေ​ပါ​ဟူသော ခရစ်တော်​၏​မိန့်မှာချက်ကို ပြီးမြောက်​အောင် ကြိုးစား​ထမ်းဆောင်သူ အားလုံး​အတွက် ခွန်အား​ရှိစေ​၏။ ရန်သူများ​က ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို မည်သို့​ပင်​အတိုက်အခံပြု​ပါစေ၊ ကျွန်ုပ်​တို့​အကြောင်း မည်သို့​ပင်​ရှုတ်ချ​ပြောဆို​ပါစေ ကြောက်စရာ​အကြောင်း​မရှိ​ချေ။ အဘယ်ကြောင့်​နည်း။ ‘ကောင်းကင်၊ မြေကြီးပေါ် စီရင်ပိုင်​သော​အခွင့်တန်ခိုး​ရှိသမျှ​တို့ကို’ ရရှိ​ထားသော ကျွန်ုပ်​တို့၏​ခေါင်းဆောင် ယေရှုသည် ကျွန်ုပ်​တို့ကို​ထောက်မရန် ကျွန်ုပ်​တို့​နှင့်အတူ​ရှိနေ​တော်​မူ​၏!

၁၈ ‘ငါသည် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်’ ဟူသော ယေရှု၏​ကတိတော်​သည်လည်း အလွန်​နှစ်သိမ့်မှု​ဖြစ်စေ​သည့် အကြောင်းရင်း​ဖြစ်၏။ တပည့်​ဖြစ်စေ​ပါ​ဟူသော ခရစ်တော်​၏​မိန့်မှာချက်ကို ကျွန်ုပ်​တို့ ကြိုးစား​လုပ်ဆောင်​စဉ် ရွှင်လန်းမှု​သာမက ဝမ်းနည်းမှု​ပါ တွေ့ကြုံ​ရသည်။ (၂ ရာဇဝင်ချုပ် ၆:၂၉) ကျွန်ုပ်​တို့​မှ​အချို့​သည် အလွန်​ချစ်​မြတ်နိုး​ရသူ​တစ်ဦး ကွယ်လွန်​သွား​၍ ဝမ်းနည်း​ကြေကွဲ​လျက်​ရှိကြ​၏။ (ကမ္ဘာဦး ၂၃:၂; ယောဟန် ၁၁:၃၃-၃၆) အခြား​သူများ​သည် ကျန်းမာ​ရေး​ယိုယွင်း​ပြီး အားအင်​ဆုတ်ယုတ်​လာသော ဇ​ရာ​အို​အချိန်ပိုင်း​ကို တိုက်လှန်​နေရ​၏။ (ဒေ. ၁၂:၁-၆) အခြားသူများ​မူ စိတ်ဓာတ်ကျ​ခြင်း​ဒဏ် ခံစား​နေရ​သည်။ (၁ သက်သာလောနိတ် ၅:၁၄) ထို့​ပြင် စီးပွားရေး​အခက်အခဲ​များနှင့် အပြင်းအထန်​ရုန်းကန်​နေရသူ များသည်ထက်​များ​လာ​နေ​၏။ မည်သို့​ပင်​ကြုံနေ​ရ​ပါစေ၊ ဤသို့​သော​အခက်အခဲ​များ​ကြား​မှ ခရစ်တော်​သည် မိုးမှောင်ကျ​နေသည့် ကျွန်ုပ်​တို့၏​ဘဝ​နေ့ရက်​များ​အပါအဝင် “အစဉ်မပြတ် ” ကျွန်ုပ်​တို့​နှင့်အတူ​ရှိသောကြောင့် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု အောင်မြင်​ရခြင်း​ဖြစ်သည်။—မဿဲ ၁၁:၂၈-၃၀

၁၉။ (က) တပည့်​ဖြစ်စေ​ပါ​ဟူသော ခရစ်တော်​၏​မိန့်မှာချက်​တွင် အဘယ်​ညွှန်ကြားချက်​များ ပါ​သနည်း။ (ခ) အဘယ်အရာက ကျွန်ုပ်​တို့အား ခရစ်တော်​၏​မိန့်မှာချက်ကို ပြီးမြောက်​အောင် ထမ်းဆောင်​စေနိုင်​သနည်း။

၁၉ ဤ​ဆောင်းပါး​နှင့် ရှေ့​ဆောင်းပါး​တို့​တွင် တွေ့ခဲ့​ရသည့်​အတိုင်း တပည့်​ဖြစ်စေ​ပါ​ဟူသော ယေရှု၏​မိန့်မှာချက်​သည် ကဏ္ဍ​ပေါင်း​စုံ​နှင့် ပါဝင်​ပတ်သက်​နေ​၏။ ယေရှုသည် မိမိ၏​မိန့်မှာချက်ကို အဘယ်ကြောင့်​နှင့် အဘယ်​နေရာတွင် လုပ်ဆောင်​သင့်​ကြောင်း မိန့်မှာ​ခဲ့​သည်။ အဘယ်အရာကို သွန်သင်ပေး​သင့်​ပြီး အဘယ်​အချိန်​ထိ​တိုင် ထိုသို့​သင်ပေး​သင့်​ကြောင်း​လည်း မိန့်မှာ​ခဲ့ပြီ။ အဆိုပါ​တာဝန်​ကြီး​ကို ပြီးမြောက်​အောင် ထမ်းဆောင်ခြင်း​သည် အမှန်ပင် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်၏။ သို့သော် ကျွန်ုပ်​တို့ကို ထောက်မ​နေသော ခရစ်တော်​၏​အခွင့်အာဏာ​နှင့် ကျွန်ုပ်​တို့​နှင့်အတူ ကိုယ်တော်​ရှိနေခြင်း​ကြောင့် ဤ​တာဝန်​ကို ကျွန်ုပ်​တို့ ပြီးမြောက်​အောင် ထမ်းဆောင်​နိုင်​ပါ​သည်! အသင် သဘောတူ​သည်မဟုတ်​လော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယေရှု​က ‘နှစ်ခြင်း​ပေး​ပြီး သွန်သင်ပေး​ကြလော့’ ဟု​မ​မိန့်ဆို​ဘဲ ‘နှစ်ခြင်း​ပေး​ကြလော့။ . . . သွန်သင်ပေး​ကြလော့’ ဟု​မိန့်ဆိုခဲ့​ကြောင်း အကိုးအကား​စာအုပ်​တစ်အုပ်​က ဖော်ပြ​သည်။ ထို့​ကြောင့် နှစ်ခြင်း​ပေး​ရန်​နှင့် သွန်သင်ပေး​ရန်​ဟူသော ပညတ်ချက်​ကို “အတိအကျ​ဖော်ပြ​ရ​လျှင် တစ်ခု​ပြီး​မှ နောက်တစ်ခု​လုပ်ဆောင်​ရမည့် . . . အလုပ်များ​မဟုတ်ပါ။” ယင်းအစား၊ “သွန်သင်​ပေးခြင်း​သည် နှစ်ခြင်း​မခံ​မီ အတိုင်းအတာ​တစ်ခု​အထိ​နှင့် . . . နှစ်ခြင်း​ခံ​ပြီး​နောက်​တွင် အတိုင်းအတာ​တစ်ခု​အထိ ဆက်​ပြု​နေရ​မည့်​အလုပ်​ဖြစ်သည်။”

^ အပိုဒ်၊ 16 အားနည်း​သူများကို မည်သို့​ရှုမြင်​ပြီး ကူညီ​ပေး​ရမည်​နှင့်​ပတ်သက်​၍ ထပ်ဆင့်​အကြောင်းအရာကို ၂၀၀၃၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၅-၁၈ တွင်​တွေ့ရ​၏။

သင်​မည်သို့​ဖြေဆို​မည်​နည်း

ကျွန်ုပ်​တို့သည် ယေရှု​မိန့်မှာချက်ကို စောင့်ရှောက်​ရန် အခြား​သူများကို မည်သို့​သင်ပေး​သနည်း။

တပည့်​သစ်​တစ်ဦး​သည် အသင်းတော်​ရှိ အခြားသူများ​ထံ​မှ အဘယ် သင်ခန်းစာများ သင်ယူ​နိုင်​သနည်း။

ကျွန်ုပ်​တို့သည် ဝိညာဉ်ရေးတွင် အားနည်း​လာ​သူများကို ကူညီ​ရန် အဘယ်အရာ ပြု​လုပ်ပေး​နိုင်​သနည်း။

‘ငါသည် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်’ ဟူသော ယေရှု၏ ကတိတော်​မှ အဘယ်​ခွန်အား​နှင့် နှစ်သိမ့်မှု ရရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် သွန်သင်​သူများ​ရော ညွှန်ကြား​ပေး​သူများ​ပါ ဖြစ်​ဖို့​လို

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

တပည့်​သစ်​တစ်ဦး​သည် အခြားသူများ​၏ ပုံ​နမူနာ​မှ အရေးကြီး​သင်ခန်းစာများ​ကို သင်ယူ​ကြ