မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောဧထံသို့ ပေးစာ

နောဧထံသို့ ပေးစာ

နောဧ​ထံ​သို့ ပေးစာ

“ချစ်လှစွာ​သော နောဧ၊ သင့်​အကြောင်း၊ သင်္ဘော​ကို သင်​ဘယ်လို​တည်ဆောက်​ပြီး ရေလွှမ်းမိုး​ဘေးမှာ သင်နဲ့ သင့်​မိသားစု ဘယ်လို​ကယ်တင်​ခံ​ခဲ့​ရတဲ့​အကြောင်း သမ္မာကျမ်းစာ​ထဲမှာ ကျွန်မ အကြိမ်ကြိမ်​ဖတ်ရှု​ခဲ့​ရ​ပါ​တယ်။”

အသက် ၁၄ နှစ်​မှ ၂၁ နှစ်​ရှိ ကျောင်းသား​များ​၏ အရေး​ပြိုင်ပွဲ​တစ်ခု​ကို ဝင်ရောက်​ယှဉ်ပြိုင်​ခဲ့​သူ အသက် ၁၅ နှစ်အရွယ် မီ​နာ​မာ​ရီ​ယာ​အမည်​ရှိ မိန်းကလေး​တစ်ဦး​ရေးခဲ့​သည့်​စာ​က ထိုသို့​အစချီ​ထား​သည်။ အဆိုပါ​ပြိုင်ပွဲ​ကို ဖင်လန်​စာပို့ ဌာန၊ ဖင်လန်​မိခင်​ဘာသာ​စကား​အဖွဲ့ချုပ်​နှင့် ဖင်လန်​စာပေ​အသင်း​တို့​က စီစဉ်​ခဲ့​ခြင်း​ဖြစ်သည်။ ပြိုင်ပွဲဝင်​သူတို့သည် စာအုပ်​တစ်အုပ်​ကို အခြေခံ​၍ စာ​တစ်စောင်​ရေး​ဖို့​ဖြစ်သည်။ စာ​ထဲ​တွင် စာရေးသူ​ကို​ဖြစ်စေ၊ စာအုပ်​တွင်​ပါရှိ​သည့် ဇာတ်ကောင်​တစ်ဦး​ကို​ဖြစ်စေ ရည်ညွှန်း​ရေးသား​နိုင်​သည်။ ဆရာများ​သည် ကျောင်းသား​များ​၏ စာစီစာကုံး​များ​မှ စာ​ပေါင်း ၁,၄၀၀ ကျော်​ကို ရွေး​လိုက်ကြပြီး ဒို​င်​လူကြီး​များ​က အကဲဖြတ်​ပေး​ခဲ့​ရသည်။ ထို့နောက် ဒို​င်​လူကြီး​များသည် အကောင်းဆုံး​တစ်စောင်၊ ဒုတိယ​အကောင်းဆုံး​ဆယ်​စောင်​နှင့် တတိယ​အကောင်းဆုံး​ဆယ်​စောင်​ကို ရွေးချယ်​ခဲ့​ကြသည်။ မီ​နာ​မာ​ရီ​ယာ​၏​စာ​သည် တတိယ​အကောင်းဆုံး​အုပ်စု​တွင် ပါ​သဖြင့် သူ​ဝမ်းသာ​ခဲ့​ရသည်။

ဆယ်ကျော်သက်​ကျောင်းသူ မီ​နာ​မာ​ရီ​ယာ​သည် လွန်ခဲ့သော နှစ်ပေါင်း ၅,၀၀၀ ခန့်​က အသက်ရှင်နေ​ထိုင်​ခဲ့​သည့် နောဧ​ထံ အဘယ်ကြောင့် စာရေး​ခဲ့​ရသနည်း။ သူ​ဤသို့​ပြောပြ​သည်– “ကျွန်မ​ဦးဆုံး​တွေးမိ​တာ​က​တော့ သမ္မာကျမ်းစာ​ပဲ။ ကျမ်းစာ​ဇာတ်ကောင်​တွေ​နဲ့ ကျွန်မ တော်တော်လေး​ရင်းနှီးတယ်။ သူတို့ရဲ့​အကြောင်းကို အများကြီး​ဖတ်​ထား​လို့ ကျွန်မ​အတွက်​ဆိုရင် သူတို့ဟာ သက်ရှိ​ထင်ရှား​နေ​သလိုပဲ။ နောဧ​ကို ကျွန်မ​ရွေး​ရတဲ့​အကြောင်းကတော့ သူ့ရဲ့​ဘဝ​အသက်တာ​ဟာ အရမ်း​စိတ်​လှုပ်ရှား​စ​ရာ​ကောင်းပြီး ကျွန်မ​ဘဝနဲ့ လုံးလုံး​မတူ​လို့​ပါ။”

မီ​နာ​မာ​ရီ​ယာ​၏ နောဧ​ထံ​ပေးစာ​ကို ဤသို့​နိဂုံး​ချုပ်​ထား​သည်– “သင်သည် ယုံကြည်ခြင်း​နှင့် နာခံခြင်း​၏ ပုံ​နမူနာ​တစ်ခု ဖြစ်​နေဆဲ​ပင်။ သင်၏​ဘဝ​လမ်းစဉ်သည် သမ္မာကျမ်းစာ ဖတ်ရှု​သူ​မှန်သမျှကို မိမိတို့၏​ယုံကြည်ခြင်း​နှင့်​အညီ လုပ်ဆောင်ဖို့ အားပေး​တိုက်တွန်းမှု​ဖြစ်စေ​သည်။”

သမ္မာကျမ်းစာ​ဖတ်ရှု​သည့် ငယ်ရွယ်သူ​တစ်ဦး၏ ဤ​စာ​က သမ္မာကျမ်းစာ​သည် အမှန်ပင် “အသက်ရှင်” ပြီး လူ​တို့အား အသက်​ကြီးငယ်မဟူ “တန်ခိုး​နှင့်​ပြုပြင်” ပေး​ကြောင်း ကောင်းစွာ​ဖော်ပြ​သည်။—ဟေဗြဲ ၄:၁၂