ဝမ်းနည်းကြေကွဲရသော်လည်း ကျေနပ်အားရဖွယ်ဘဝ
ဘဝအတ္ထုပ္ပတ္တိ
ဝမ်းနည်းကြေကွဲရသော်လည်း ကျေနပ်အားရဖွယ်ဘဝ
အော်ဒရေး ဟိုက်ဒ်ပြောပြသည်
ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ ၅၉ နှစ်အပါအဝင် အချိန်ပြည့်ဓမ္မအမှုမှာ ၆၃ နှစ်ကျော်ပါဝင်ခဲ့တာကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ဘဝဟာ ကျေနပ်အားရစရာကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်မရဲ့ ပထမခင်ပွန်း ကင်ဆာရောဂါကို တနုံ့နုံ့ခံစားပြီး သေဆုံးသွားတာ၊ ဒုတိယခင်ပွန်းကလည်း အယ်လ်ဇိုင်းမားရောဂါရဲ့ ဆိုးရွားလှတဲ့ အကျိုးဆက်တွေ ခံစားနေရတာကို မြင်ရခြင်းဟာ အင်မတန်ဝမ်းနည်းကြေကွဲရတာအမှန်ပါ။ ဒီလို ဝမ်းနည်းစရာတွေရှိပေမဲ့ ကျွန်မရဲ့ရွှင်လန်းမှုကို ဘယ်လိုထိန်းထားနိုင်ခဲ့တဲ့အကြောင်း ဝေမျှပေးပါရစေ။
ကျွန်မဟာ နာဘရာ့စ်ခါနယ်စပ်အနီး၊ ကော်လိုရာဒိုအရှေ့မြောက်ပိုင်း မြက်ခင်းလွင်ပြင်ပေါ်မှာရှိတဲ့ ဟက်စ်တန်မြို့ငယ်လေးအနီးက စိုက်ပျိုးမွေးမြူရေးခြံမှာ ကြီးပြင်းလာတာပါ။ အော်ရယ်လ်နဲ့ နီနာ မော့ခ် တို့ရဲ့ သားသမီးခြောက်ယောက်ထဲမှာ ကျွန်မက နံပါတ် ငါး။ ရပ်စယ်လ်၊ ဝိန်း၊ ကလဲရာနဲ့ အာဒစ်တို့ကို ၁၉၁၃ နဲ့ ၁၉၂၀ အကြားမှာ မွေးခဲ့ပြီး နောက်တစ်နှစ်မှာ ကျွန်မကိုမွေးတယ်။ ကားတစ္စကို ၁၉၂၅ ခုနှစ်မှာမွေးတယ်။
၁၉၁၃ ခုနှစ်မှာ အမေဟာ ကျမ်းစာကျောင်းသားတစ်ယောက်ဖြစ်လာတယ်၊ ယေဟောဝါသက်သေတွေကို ဟိုတုန်းက အဲ့လိုပဲခေါ်တယ်။ တဖြည်းဖြည်း ကျန်အိမ်သားတွေလည်း လိုက်ပြီးဖြစ်လာကြတယ်။
မြက်ခင်းလွင်ပြင်ပေါ်မှာ ဖြစ်ထွန်းလာတဲ့ဘဝ
အဖေဟာ အရမ်းတိုးတက်ချင်တဲ့သူဖြစ်တယ်။ စိုက်ပျိုးမွေးမြူရေးခြံထဲက ကျွန်မတို့ရဲ့ အဆောက်အအုံအားလုံးကို လျှပ်စစ်မီးသွယ်တန်းထားတယ်၊ အဲဒီခေတ်တုန်းက အရမ်းရှားပါးတဲ့အရာပေါ့။ ဒါ့အပြင် ကျွန်မတို့ခြံကနေ အစဉ်အလာထွက်ကုန်တွေဖြစ်တဲ့ ကြက်ဥ၊ နွားနို့၊ နို့မလိုင်နဲ့ ထောပတ်တွေရတယ်။ မြင်းတွေနဲ့ ကျွန်မတို့လယ်ထွန်ကြပြီး စတော်ဘယ်ရီတွေ၊ အာလူးတွေအပြင် ဂျုံနဲ့ ပြောင်းလည်း စိုက်ကြတယ်။
အဖေဟာ သူ့ကလေးတွေအားလုံးကို အလုပ်,လုပ်တတ်သူတွေဖြစ်ရမယ်လို့ ယူဆထားတယ်။ ကျွန်မကျောင်းမနေသေးတဲ့အရွယ်မှာတောင် လယ်ကွင်းတွေမှာ အလုပ်လုပ်ဖို့ လေ့ကျင့်ပေးခံနေရပြီလေ။ နွေရာသီ နေပူကျဲကျဲမှာ ဥယျာဉ်ခြံထဲက မြက်ပင်တွေကို အတန်းအရှည်ကြီး ပေါက်တူးပေါက်ခဲ့တာ သတိရသေးတယ်။ ‘ဒီအတန်းကို ဘယ်တော့များ ပေါက်လို့ပြီးပါ့မလဲ’ ဆိုပြီး တွေးမိတယ်။ တစ်ကိုယ်လုံး ချွေးတဒီးဒီးကျနေပြီး ပျားကလည်း တုပ်လိုက်သေး။ တစ်ခါတလေ ကျွန်မကိုယ်ကျွန်မ သနားမိတယ်၊ ဘာကြောင့်လဲဆိုတော့ တခြားလူငယ်တွေက ကျွန်မတို့လောက် ပင်ပင်ပန်းပန်း အလုပ်မလုပ်ရဘူး။ ဒါပေမဲ့ ကျွန်မရဲ့လူငယ့်ဘဝကို ပြန်တွေးကြည့်ရင် အလုပ်လုပ်တတ်အောင် သွန်သင်ခံခဲ့ရတဲ့အတွက် ကျေးဇူးတင်မိတယ်။
ကျွန်မတို့အားလုံး တာဝန်ကိုယ်စီရှိကြတယ်။ အာဒစ်က ကျွန်မထက် နို့ညှစ်ပိုကျွမ်းကျင်တာကြောင့် ကျွန်မက မြင်းဇောင်းတွေထဲက မြင်းချေးတွေကို ဂေါ်ပြားနဲ့ကော်ထုတ် လှဲကျင်းရတယ်။ ဒါပေမဲ့ ကျွန်မတို့တစ်တွေ ပျော်ရွှင်ချိန်၊ ကစားချိန်လည်းရကြတယ်။ ဒေသခံ ဆော့ဖ်ဘောအသင်းတစ်သင်းမှာ ကျွန်မနဲ့ အာဒစ် ပါဝင်ကစားခဲ့ကြတယ်။ ကျွန်မက ဖမ်းလူ ဒါမှမဟုတ် တတိယအခြေခံထောင့်လူနေရာမှာ ကစားပြီး အာဒစ်က ပထမအခြေခံထောင့်လူနေရာမှာ ကစားတယ်။
ကြည်လင်တဲ့ညဘက်ကောင်းကင်ယံတွေဟာ ပရေရီမြက်ခင်းပြင်ပေါ်မှာ အရမ်းကိုလှနေတယ်။ ထောင်သောင်းမကတဲ့ ကြယ်တွေဟာ ကျွန်မတို့ရဲ့ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်ကို သတိရစေတယ်။ ကျွန်မဟာ ကလေးအရွယ်ပဲရှိနေချိန်မှာတောင် ‘ယေဟောဝါသည် ကြယ်များကိုရေတွက်၍ အသီးအသီးတို့အား နာမည်ဖြင့်သမုတ်တော်မူ၏’ လို့ဖတ်ရတဲ့ ဆာလံ ၁၄၇:၄ [သမ္မာ] ကို တွေးလေ့ရှိတယ်။ ဒီလိုကြည်လင်တဲ့ညတွေမှာ ကျွန်မရဲ့ခွေး ဂျာ့ဂ်က သူ့ခေါင်းကို ကျွန်မရဲ့ပေါင်ပေါ်မှာတင်ပြီး ကျွန်မနဲ့ အဖော်လုပ်ပေးတယ်။ နေ့လယ်နေ့ခင်းဆိုရင် ဝရန်တာမှာထိုင်ပြီး လေတစ်ချက်အဝှေ့ နေရောင်အောက်မှာ ငွေရောင်သန်းသွားတဲ့ ဂျုံခင်းကြီးတွေကိုကြည့်ပြီး ရှုမျှော်မဆုံးဖြစ်နေတတ်တယ်။
အမေ့ရဲ့ စံနမူနာကောင်း
ကျွန်မရဲ့အမေဟာ အရမ်းချစ်ခင်တွယ်တာဖို့ကောင်းတဲ့ အိမ်ရှင်မဖြစ်တယ်။ အဖေကတော့ အမြဲအိမ်ထောင်ဦးစီးပဲ၊ သူ့ကိုရိုသေလေးစားဖို့ ကျွန်မတို့ကို အမေသွန်သင်ပေးခဲ့တယ်။ ၁၉၃၉ ခုနှစ်မှာ အဖေလည်း ယေဟောဝါသက်သေဖြစ်လာတယ်။ အဖေဟာ ကျွန်မတို့ကို အလုပ်ကောင်းကောင်းခိုင်းပြီး အလိုမလိုက်ခဲ့ပေမဲ့ ကျွန်မတို့ကိုချစ်တယ်ဆိုတာကို သိထားကြတယ်။ အများအားဖြင့် ဆောင်းတွင်းရောက်ရင် အဖေဟာ မြင်းနှစ်ကောင်ကိုတွဲ၊ စွပ်ဖားမှာ တပ်ပြီး ကျွန်မတို့ကို ပေးစီးတယ်။ အရောင်တဖျတ်ဖျတ်တောက်နေတဲ့ နှင်းတွေပေါ်မှာစီးရတာ အရမ်းပျော်ဖို့ကောင်းတယ်!
ဘုရားသခင်ကို ချစ်ဖို့နဲ့ သမ္မာကျမ်းစာကို လေးမြတ်တတ်ဖို့ ကျွန်မတို့ကို သွန်သင်ပေးတာကတော့ အမေပါပဲ။ ဘုရားသခင်ရဲ့နာမည်က ယေဟောဝါဖြစ်တယ်၊ ကိုယ်တော်ဟာ အသက်ရဲ့ပင်ရင်းဖြစ်တယ်ဆိုတာ ကျွန်မတို့တွေ သိလာရတယ်။ (ဆာလံ ၃၆:၉; ၈၃:၁၈၊ ကဘ) ဒါ့အပြင် ကိုယ်တော်ဟာ ကျွန်မတို့ကို လမ်းညွှန်ချက်တွေပေးထားပြီး အဲ့ဒီလမ်းညွှန်ချက်တွေက ကျွန်မတို့ရဲ့ပျော်ရွှင်မှုကို နုတ်ယူဖို့မဟုတ်ဘဲ အကျိုးအတွက်ဖြစ်တယ်ဆိုတာလည်း ကျွန်မတို့သိလာခဲ့ရတယ်။ (ဟေရှာယ ၄၈:၁၇) ကျွန်မတို့မှာ လုပ်စရာအထူးလုပ်ငန်းတစ်ခု ရှိတဲ့အကြောင်း ကျွန်မတို့ကို အမေအမြဲပြောတယ်။ ယေရှုဟာ သူ့ရဲ့နောက်လိုက်တွေကို “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဤ [သတင်းကောင်း] ကို မြေတစ်ပြင်လုံး၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” လို့ပြောခဲ့ကြောင်း ကျွန်မတို့သိရှိခဲ့ရတယ်။—မဿဲ ၂၄:၁၄၊ သမ္မာ။
ကလေးဘဝတုန်းက ကျွန်မကျောင်းကပြန်လာတဲ့အခါ အမေ့ကို အိမ်ထဲမှာမတွေ့ရရင် သူ့ကို လိုက်ရှာလေ့ရှိတယ်။ ကျွန်မအသက် ခြောက်နှစ်ခုနစ်နှစ်လောက်တုန်းက တစ်ခါမှာ အမေ့ကို သိုလှောင်ရုံထဲမှာ ရှာတွေ့တယ်။ အဲဒီနောက် မိုးအကြီးအကျယ်စရွာတော့တယ်။ ကောက်ရိုးတွေတင်ထားတဲ့ထပ်ခိုးမှာ ကျွန်မတို့ရှိနေကြတုန်း ဘုရားသခင်ဟာ နောက်ထပ်ရေလွှမ်းမိုးဘေး ကျရောက်စေပြီလားလို့ အမေ့ကိုမေးလိုက်တယ်။ ဘုရားသခင်ဟာ ကမ္ဘာမြေကြီးကို ရေလွှမ်းမိုးဘေးနဲ့ ပြန်ဖျက်ဆီးမှာမဟုတ်တော့ဘူးလို့ ကတိပေးခဲ့တဲ့အကြောင်း ကျွန်မကို စိတ်ချစေတယ်။ ဒါ့အပြင် လေဆင်နှာမောင်းတိုက်လေ့ရှိတဲ့အတွက် မြေအောက်ခန်းထဲ အခါပေါင်းများစွာ ပြေးပြေးဝင်ပုန်းခဲ့ရတာကိုလည်း ပြန်အမှတ်ရနေတယ်။
အမေဟာ ကျွန်မကို မမွေးခင်ကတည်းက ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေပြီဖြစ်တယ်။ ကျွန်မတို့အိမ်မှာ တွေ့ဆုံခဲ့ကြတဲ့အုပ်စုတစ်စုရှိတယ်၊ သူတို့အားလုံးက ခရစ်တော်နဲ့အတူ ကောင်းကင်မှာနေထိုင်ဖို့ မျှော်လင့်ချက်ရှိသူတွေချည်းပဲ။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းက အမေ့အတွက် စိန်ခေါ်ချက်ဖြစ်နေပေမဲ့ ဘုရားသခင်ကိုချစ်တဲ့ သူ့ရဲ့မေတ္တာက ကြောက်ရွံ့မှုကို အနိုင်ယူသွားတယ်။ အသက် ၈၄ နှစ်အရွယ်၊ ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှာ တည်ကြည်စွာနဲ့ ကွယ်လွန်သွားတယ်။ “မေမေ၊ ကောင်းကင်ကိုသွားပြီး မေမေ့အသိတွေနဲ့ အတူနေရမှာ” လို့ သူ့နား,နားကပ်ပြီး လေသံလေးနဲ့ပြောလိုက်တယ်။ အမေကွယ်လွန်တဲ့အချိန်မှာ သူ့အနားရှိခဲ့ပြီး ကျွန်မရဲ့ယုံကြည်စိတ်ချမှုကို ပြောပြလိုက်ရလို့ တကယ်ဝမ်းသာမိတယ်! သူက “သမီးဟာ အမေ့အပေါ် အရမ်းကောင်းတာပဲကွယ်” လို့ အသံသဲ့သဲ့နဲ့ဆိုရှာတယ်။
ကျွန်မတို့ စဟောခဲ့ကြ
၁၉၃၉ ခုနှစ်မှာ ရပ်စယ်ဟာ ယေဟောဝါသက်သေတွေက အချိန်ပြည့်ဧဝံဂေလိဟောပြောသူတွေကိုခေါ်တဲ့ ရှေ့ဆောင်တစ်ယောက်ဖြစ်လာတယ်။ သူ့ကို နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ကမ္ဘာ့ဌာနချုပ် (ဗေသလဟုခေါ်) မှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ၁၉၄၄ ခုနှစ်အထိ အိုကလာဟိုးမားနဲ့ နီဘရာစကာပြည်နယ်တွေမှာ ရှေ့ဆောင်ခဲ့တယ်။ ကျွန်မကတော့ ၁၉၄၁ ခုနှစ်၊ စက်တင်ဘာ ၂၀ မှာ ရှေ့ဆောင်စလုပ်ပြီး ကော်လိုရာဒို၊ ကဲန်းဆပ်စ်နဲ့ နီဘရာစကာပြည်နယ်တွေမှာရှိတဲ့ ဒေသမျိုးစုံမှာ အမှုဆောင်ခဲ့တယ်။ တခြားသူတွေကို ယေဟောဝါအကြောင်းသိလာအောင် ကူညီပေးနိုင်တဲ့အပြင် ကိုယ်တော့်အပေါ် အားထားမှီခိုတတ်လာတဲ့အတွက် ရှေ့ဆောင်လုပ်ခဲ့တဲ့ အဲဒီအချိန်တွေဟာ ပျော်စရာကောင်းတဲ့အချိန်တွေပါပဲ။
ရပ်စယ်ရှေ့ဆောင်စလုပ်တဲ့အချိန်လောက်မှာပဲ ဝိန်းဟာ တစ်ခဏ အလုပ်လုပ်ပြီး အရှေ့ဘက်ကမ်းရိုးတန်းမှာ ကောလိပ်သွားတက်တယ်။ နောက်တော့ သူလည်း ဗေသလကို ဖိတ်ခေါ်ခံရတယ်။ နယူးယောက်၊ အီတာကာအနားက ဘုရားသခင့်နိုင်ငံတော်ခြံမှာ နှစ်အတန်ကြာ သူအမှုဆောင်ခဲ့တယ်။ အဲဒီခြံမှာ ခြံမိသားစုလေးအတွက်ရော ဘရွတ်ကလင်ဗေသလက အမှုထမ်း ၂၀၀ အတွက်ပါ စားသုံးသီးနှံတွေကို စိုက်ပျိုးထားတယ်။ ဝိန်းဟာ သူ့ရဲ့ကျွမ်းကျင်မှုစွမ်းရည်နဲ့ အတွေ့အကြုံတွေကို သူသေဆုံးတဲ့ ၁၉၈၈ ခုနှစ်အထိ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အသုံးချသွားတယ်။
ကျွန်မအစ်မ အာဒစ်ကတော့ ဂျိမ်းစ် ကားန် နဲ့ အိမ်ထောင်ပြုပြီး သားသမီးငါးယောက်ရှိတဲ့ မိသားစုတစ်စုဖြစ်လာတယ်။ ၁၉၉၇ ခုနှစ်မှာ သူကွယ်လွန်သွားရှာတယ်။ ကျွန်မရဲ့ နောက်အစ်မတစ်ယောက်ဖြစ်တဲ့ ကလဲရာကတော့ ကနေ့အချိန်ထိ ယေဟောဝါအပေါ် တည်ကြည်နေတုန်းပဲ၊ အားလပ်ရက်တွေမှာ သူနေထိုင်တဲ့ ကော်လိုရာဒိုပြည်နယ်က သူ့အိမ်ကို ကျွန်မသွားသွားလည်တယ်။ ကျွန်မတို့ရဲ့ မောင်အငယ်ဆုံး ကားတစ္စကတော့ ၁၉၄၀ ပြည့်လွန်နှစ်အလယ်ပိုင်းကျမှ ဘရွတ်ကလင်ဗေသလကို ရောက်လာခဲ့တာ။ ကုန်ပစ္စည်းအမျိုးမျိုးတင်ဆောင်ထားတဲ့ ထရပ်ကားကို ဘုရားသခင့်နိုင်ငံတော်ခြံနဲ့ ဘရွတ်ကလင်အကြား ခေါက်တုံ့ခေါက်ပြန် သယ်ယူမောင်းပို့ပေးရတယ်။ သူက အိမ်ထောင်မပြုဘူး၊ ၁၉၇၁ ခုနှစ်ရောက်တော့ သူဆုံးသွားတယ်။
ကျွန်မရဲ့ဆန္ဒ—ဗေသလလုပ်ငန်း
ကျွန်မရဲ့အစ်ကိုကြီးက ဗေသလကို စောစောရောက်သွားတော့ ကျွန်မလည်း အဲဒီမှာ အမှုဆောင်ချင်ခဲ့တယ်။ ကျွန်မ ဖိတ်ခေါ်ခံရတာဟာ သူတို့ပုံသက်သေကောင်းလို့ဆိုတာ သေချာတယ်။ ဘုရားသခင့်အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းကို အမေပြောပြတုန်းက နားထောင်ခဲ့တာ၊ နောက်ဆုံးနေ့ရက်တွေနဲ့ပတ်သက်တဲ့ ကျမ်းစာပရောဖက်ပြုချက်တွေရဲ့ ပြည့်စုံချက်ကို ကျွန်မကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့နေရတာတွေက ဗေသလမှာ အမှုဆောင်ချင်တဲ့ ကျွန်မရဲ့စိတ်ဆန္ဒကို ပျိုးထောင်ပေးခဲ့တယ်။ ကိုယ်တော် ကျွန်မကို ဗေသလမှာ အမှုဆောင်စေမယ်ဆိုရင် ခရစ်ယာန်တာဝန်တွေ မပြီးမချင်း ဗေသလကနေ မထွက်ဘူးလို့ ယေဟောဝါဆီ ဆုတောင်းပြီး ကတိသစ္စာဆိုလိုက်တယ်။
၁၉၄၅ ခုနှစ်၊ ဇွန် ၂၀ မှာ ဗေသလကို ကျွန်မရောက်သွားပြီး အိမ်မှုပြုစုပေးရတယ်။ နေ့တိုင်း အခန်း ၁၃ ခန်းကို သန့်ရှင်းရေးလုပ်ရတယ်၊ အိပ်ရာ ၂၆ ခုကို ပြင်ပေးရတယ်၊ ပြီးတော့ စင်္ကြံတွေ၊ လှေကားတွေနဲ့ ပြတင်းပေါက်တွေကိုပါ သန့်ရှင်းရေးလုပ်ပေးရတယ်။ ဒီအလုပ်က ပင်ပန်းတဲ့အလုပ်ဖြစ်တယ်။ နေ့တိုင်း အလုပ်လုပ်နေတဲ့အခါ ‘နင် မောနေတာမှန်ပေမဲ့ နင်ရောက်နေတဲ့နေရာက ဘုရားသခင့်အိမ်တော်၊ ဗေသလလေ!’ လို့ ကိုယ့်ကိုယ်ကို တဖွဖွပြောပေးရတယ်။
ဗေသလမှာစအမှုဆောင်တုန်းက ရှက်သွေးဖြန်းစရာတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ကျွန်မက တောသူဆိုတော့ ဒမ်းဝိတ်တာဆိုတာ တိုက်တစ်ထပ်ကနေတစ်ထပ်ကို ပစ္စည်းပစ္စယတွေသယ်ပေးရတဲ့ ဓာတ်လှေကားငယ်ကိုခေါ်တယ်ဆိုတာ မသိဘူး။ တစ်ရက်မှာ အလုပ်လုပ်နေတုန်း ကျွန်မကို “ဒမ်းဝိတ်တာကို အောက်ပို့ပေးလို့ရမလား” ဆိုပြီး ဖုန်းနဲ့အကူအညီလှမ်းတောင်းတယ်။ ဖုန်းခေါ်တဲ့သူက ဖုန်းကို ချက်ချင်းချသွားတော့ ကျွန်မဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်မ အိမ်မှုပြုပေးရတဲ့အထပ်မှာနေတဲ့ ညီအစ်ကိုတွေထဲမှာ တစ်ယောက်က ဝိတ်တာစားပွဲထိုးဖြစ်တယ်ဆိုတာကို သတိရလိုက်တယ်။ ဒါနဲ့ သူ့အခန်းတံခါးကိုသွားခေါက်ပြီး “စားဖိုဆောင်ကို ဆင်းလာပါတဲ့” လို့ ပြောလိုက်ပါလေရော။
နေသန် နောရ်နဲ့ လက်ထပ်ထိမ်းမြားခြင်း
အိမ်ထောင်ပြုချင်တဲ့ ဗေသလအိမ်သားတွေကို ဗေသလကနေထွက်ပြီး အခြားတစ်နေရာရာမှာ နိုင်ငံတော်အကျိုးစီးပွား သယ်ပိုးကြဖို့ ၁၉၂၀ ပြည့်လွန်နှစ်တွေကတည်းက တောင်းဆိုထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ ၁၉၅၀ ပြည့်လွန်နှစ်အစောပိုင်းမှာတော့ ဗေသလမှာ အချိန်အတော်ကြာ အမှုဆောင်ခဲ့ကြတဲ့ စုံတွဲတချို့ကို အိမ်ထောင်ပြုပြီးတဲ့နောက် ဆက်နေခွင့်ပြုခဲ့တယ်။ အဲဒီတုန်းက ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ဦးဆောင်နေတဲ့ နေသန် အိပ်ခ်ျ. နောရ်က ကျွန်မကို စိတ်ဝင်စားချိန်မှာ ‘သူဟာ ဗေသလမှာ နေကိုနေမယ့်သူပဲ!’ လို့ ကျွန်မတွေးထင်ထားတယ်။
နေသန်ဟာ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလှုပ်ရှားဆောင်ရွက်မှုကို ကြီးကြပ်ရတဲ့တာဝန်တွေ တစ်ပုံကြီးထမ်းထားတာ။ ဒါကြောင့် ကျွန်မကို သူ ပွင့်ပွင့်လင်းလင်းပဲပြောတယ်၊ သူလက်ထပ်ခွင့်တောင်းဆိုတာကို လက်မခံခင် သေသေချာချာ စဉ်းစားသင့်တဲ့ အကြောင်းတွေ အများကြီးပြောပြခဲ့တယ်။ အဲဒီအချိန်တုန်းက သူဟာ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတွေကို လည်ပတ်ကြည့်ရှုဖို့ ခရီးသွားနေရပြီး တစ်ခါတစ်ခါသွားရင် အပတ်နဲ့ချီပြီးကြာတယ်။ ဒါကြောင့် ကျွန်မတို့ တခြားစီနေရမယ့်အချိန်တွေ ရှိလာလိမ့်မယ်လို့ သူကရှင်းပြတယ်။
နွေဦးပေါက်မှာ မင်္ဂလာဆောင်ပြီး ဟာဝိုင်ယီဆိုတဲ့ ပစိဖိတ်ကျွန်းတစ်ကျွန်းကို ပျားရည်ဆမ်းခရီးထွက်မယ်လို့ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ဖူးတယ်။ တကယ်တမ်းကျတော့၊ ကျွန်မတို့ဟာ ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့၊ ဆောင်းရာသီမှာ လက်ထပ်လိုက်ပြီး အဲ့ဒီ စနေနေ့ ညနေပိုင်းနဲ့ တနင်္ဂနွေနေ့တွေကို နယူးဂျာဆီမှာပဲ ကျွန်မတို့ရဲ့ ပျားရည်ဆမ်းခရီး ထွက်လိုက်တယ်။ တနင်္လာနေ့မှာ ကျွန်မတို့ အလုပ်ပြန်ဝင်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်ပတ်အကြာမှာတော့ ပျားရည်ဆမ်းခရီးကို ကျွန်မတို့ ထွက်ဖြစ်ခဲ့ကြပြန်တယ်။
အလုပ်အရမ်းကြိုးစားတဲ့ အဖော်
၁၉၂၃ မှာ ဗေသလရောက်ခဲ့စဉ်က နေသန်ဟာ အသက် ၁၈ နှစ်ဖြစ်တယ်။ သက်သေခံတွေရဲ့လုပ်ငန်းကို ဦးစီးနေတဲ့ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်နဲ့ ပုံနှိပ်စက်မန်နေဂျာ ရောဘတ် ဂျေ. မာတင်တို့လို အတွေ့အကြုံရှိတဲ့သူတွေဆီကနေ အဖိုးထိုက်လှတဲ့ သွန်သင်လေ့ကျင့်ပေးမှုကို သူလက်ခံရရှိခဲ့တယ်။ ၁၉၃၂ စက်တင်ဘာလမှာ ညီအစ်ကိုမာတင် ကွယ်လွန်သွားတော့ နေသန်ဟာ ပုံနှိပ်စက်မန်နေဂျာ ဖြစ်လာခဲ့တယ်။ နောက်တစ်နှစ်မှာ ဥရောပက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတွေဆီ ညီအစ်ကို ရပ်သဖော့ဒ်သွားလည်ပတ်တဲ့အခါ နေသန်ကို သူနဲ့အတူ ခေါ်သွားတယ်။ ၁၉၄၂ ဇန်နဝါရီလမှာ ညီအစ်ကိုရပ်သဖော့ဒ် ကွယ်လွန်သွားတော့ နေသန်ကို ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းကို ကြီးကြပ်ရတဲ့တာဝန် ပေးလိုက်ကြတယ်။
နေသန်ဟာ အမြော်အမြင်ကြီးတယ်၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အမြဲကြိုတင်စီစဉ်ထားတတ်တယ်။ ဒီအစီအစဉ်စနစ်ရဲ့အဆုံးက အရမ်းနီးကပ်လာပြီဆိုတော့ တချို့က အဲဒါကို မသင့်တော်ဘူးလို့ ယူဆကြတယ်။ အမှန်ပဲ နေသန်ရဲ့အစီအစဉ်ကို သတိပြုမိတဲ့ ညီအစ်ကိုတစ်ယောက်က သူ့ကို “ဒါက ဘာသဘောလဲ၊ ညီအစ်ကိုနောရ်။ ခင်ဗျားမှာ ယုံကြည်ခြင်းမရှိတော့ဘူးလား” လို့မေးလိုက်တယ်။ သူက “ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့မျှော်လင့်တဲ့အတိုင်း အဆုံးမြန်မြန်မရောက်လာသေးရင် ကျွန်တော်တို့က အသင့်ဖြစ်နေမှာ” လို့ ပြန်ဖြေလိုက်ပါတယ်။
အထူးသဖြင့် ခရစ်ယာန်သာသနာပြုတွေအတွက် ကျောင်းတစ်ကျောင်းတည်ထောင်ပေးဖို့ နေသန် အခိုင်အမာမျှော်လင့်ထားတယ်။ ဒီလိုနဲ့ ၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ခရစ်ယာန်သာသနာပြုကျောင်းကို အဲဒီအချိန်တုန်းက ကျွန်မရဲ့အစ်ကိုဝိန်း အမှုဆောင်နေတဲ့ စိုက်ပျိုးရေးခြံကြီးထဲမှာ စဖွင့်ခဲ့တယ်။ အဲဒီကျောင်းက ငါးလနီးပါးကြာပြီး ကျမ်းစာကို အပြင်းအထန်လေ့လာတဲ့သင်တန်းဖြစ်ပေမဲ့ နေသန်ဟာ ကျောင်းသားတွေကို အနားယူအပန်းဖြေစေခဲ့တယ်။ အစောပိုင်းသင်တန်းတွေမှာဆိုရင် သူဆော့ဖ်ဘောကစားခဲ့တယ်၊ နောက်ပိုင်းကျတော့ ထိခိုက်ဒဏ်ရာရပြီး နွေရာသီခရိုင်စည်းဝေးကြီးကို သူမတက်ရောက်နိုင်မှာစိုးလို့ မကစားတော့ဘူး။ ဒါနဲ့ ဒိုင်လူကြီးလုပ်ပေးတယ်။ ပါဝင်ကစားခဲ့ကြတဲ့ တိုင်းတစ်ပါးသင်တန်းသားတွေဘက်ကလိုက်ပြီး စည်းမျဉ်းတွေကို ပြောင်းပေးလို့ သင်တန်းသားတွေ အရမ်းသဘောကျကြတယ်။
နေသန်နဲ့အတူ ခရီးသွားခြင်း
နောက်တော့ ကျွန်မဟာ နေသန်နဲ့အတူ တခြားနိုင်ငံတွေကို ခရီးစလှည့်ရတယ်။ ဌာနခွဲရုံး စေတနာ့ဝန်ထမ်းတွေနဲ့ ခရစ်ယာန်သာသနာပြုတွေကို တွေ့ကြုံမှုတွေ ဝေမျှပေးရတာ ကျွန်မနှစ်သက်တယ်။ သူတို့ရဲ့မေတ္တာနဲ့ ဆက်ကပ်မြှုပ်နှံထားမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်၊ သူတို့ရဲ့ လုပ်နေကျအစီအစဉ်တွေ၊ သူတို့တာဝန်ကျတဲ့နိုင်ငံတွေမှာ စားသောက်နေထိုင်ရပုံတွေကို ကျွန်မသိရှိခဲ့ရတယ်။ နှစ်တွေတစ်လျှောက် အဲလိုလည်ပတ်မှုတွေအတွက် ကျေးဇူးတင်စာတွေကို ဆက်တိုက်လက်ခံရရှိခဲ့တယ်။
ကျွန်မတို့ရဲ့ခရီးစဉ်တွေကို ပြန်ပြောင်းကြည့်တဲ့အခါ တွေ့ကြုံမှုများစွာကို အမှတ်ရသေးတယ်။ ဥပမာ၊ ပိုလန်နိုင်ငံကို ကျွန်မတို့လည်ပတ်တုန်းက ညီအစ်မနှစ်ယောက်ဟာ ကျွန်မရှေ့မှာ နှစ်ယောက်သား တီးတိုးတီးတိုးစကားပြောနေကြတယ်။ ကျွန်မက “ဘာကြောင့် တီးတိုးတီးတိုးပြောနေကြတာလဲ” လို့မေးလိုက်တယ်။ သူတို့ကတောင်းပန်စကားဆိုပြီး ပိုလန်နိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ပိတ်ပင်ခံရပြီး၊ အိမ်တွေမှာ လျှို့ဝှက်မိုက်ကရိုဖုန်းတွေ အတပ်ခံရတဲ့အတွက် စကားတီးတိုးပြောတဲ့အကျင့်ဖြစ်သွားကြောင်း ရှင်းပြကြတယ်။
ပိုလန်နိုင်ငံပိတ်ပင်မှုအောက်မှာ အမှုဆောင်ခဲ့ရတဲ့သူအများကြီးထဲမှာ ညီအစ်မအာဒါလည်း တစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ ကောက်နေတဲ့ဆံပင်ကို ရှေ့မှာ ဆံမြိတ်ချထားတယ်။ တစ်ခေါက်မှာ ဆံမြိတ်ကိုလှန်ပြီး အမာရွတ်ကြီးတစ်ခု သူပြခဲ့တယ်၊ နှိပ်စက်ညှဉ်းပန်းသူတစ်ယောက်က ရိုက်လိုက်လို့ ရခဲ့တဲ့ဒဏ်ရာတဲ့။ ကျွန်မတို့ရဲ့ ညီအစ်ကိုညီအစ်မတွေ ခံရပ်ခဲ့ရတဲ့ ခုလိုရက်ရက်စက်စက် ပြုမူဆက်ဆံမှုတွေကို ကျွန်မကိုယ်တိုင်မြင်တွေ့လိုက်ရတော့ တုန်လှုပ်သွားတယ်။
ဟာဝိုင်ယီဗေသလက ကျွန်မအနှစ်သက်ဆုံးနေရာပေါ့။ ၁၉၅၇ တုန်းက ဟီလိုမြို့တော်မှာကျင်းပခဲ့တဲ့ စည်းဝေးကြီးကို ကျွန်မမမေ့ဘူး။ ထူးခြားတဲ့ အခါသမယတစ်ခုဖြစ်တယ်၊ တက်ရောက်သူက ဒေသခံသက်သေခံအရေအတွက်စုစုပေါင်းထက် ပိုများတယ်။ မြို့တော်ဝန်ကတောင် နေသန်ကို အထိမ်းအမှတ်သော့တစ်ချောင်း ပေးခဲ့သေးတယ်။ လူတွေအများကြီး ကျွန်မတို့ကို လာနှုတ်ဆက်တယ်၊ ပန်းကုံးတွေစွပ်ကြတယ်။
စိတ်လှုပ်ရှားစရာကောင်းတဲ့ စည်းဝေးကြီးနောက်တစ်ခုကတော့ ၁၉၅၅ ခုနှစ်၊ ဂျာမနီနိုင်ငံ၊ နူရင်ဘာ့ဂ်မှာဖြစ်တယ်၊ ဟစ်တလာရဲ့ စစ်ရေးပြကွင်းပြင်ကြီးမှာ ကျင်းပခဲ့ကြတာ။ ဂျာမနီနိုင်ငံမှာရှိကြတဲ့ ယေဟောဝါရဲ့လူမျိုးတော်တွေကို အစတုံးသုတ်သင်ပစ်မယ်လို့ ဟစ်တလာသစ္စာဆိုခဲ့တဲ့နေရာဆိုပြီး နာမည်ကြီးတယ်၊ ဒါပေမဲ့ အခုတော့ ဒီအားကစားကွင်းကြီးဟာ ယေဟောဝါသက်သေတွေနဲ့ ပြည့်လျှံနေတယ်! ကျွန်မမျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့တယ်။ စင်မြင့်က အကြီးကြီးပဲ၊ ပြီးတော့ တိုင်လုံးကြီး ၁၄၄ တိုင်ပုံဆွဲထားတဲ့ နောက်ခံပန်းချီကားက အရမ်းစွဲမက်ဖွယ်ကောင်းတယ်။ ကျွန်မက စင်မြင့်ပေါ်မှာရှိနေတော့ ပရိသတ် ၁၀၇,၀၀၀ ကျော်ကို မြင်နေရတယ်။ ရှေ့နဲ့နောက် တော်တော်လေးဝေးတာဆိုတော့ နောက်ဆုံးခုံတန်းကို မမြင်ရသလောက်ဘဲ။
နာဇီအုပ်စိုးမှုအောက်မှာ နှိပ်စက်ညှဉ်းပန်းခံရတုန်းက ယေဟောဝါဆီကရလာတဲ့ခွန်အား၊ ဂျာမန်ညီအစ်ကိုတွေရဲ့ တည်ကြည်မှုကို ကျွန်မတို့ သိရှိခံစားလိုက်မိတယ်။ အဲဒါက ယေဟောဝါအပေါ် ကျွန်မတို့ တည်ကြည်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ခိုင်ခံ့စေခဲ့တယ်။ နိဂုံးဟောပြောချက်ကို နေသန်ပေးပြီးတာနဲ့ ပရိသတ်ကို လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်တယ်။ ပရိသတ်ကလည်း ခွဲခွာတဲ့အနေနဲ့ သူတို့ရဲ့လက်ကိုင်ပဝါတွေကို ဝှေ့ယမ်းပြကြတယ်။ လှပတဲ့ပန်းခင်းကြီးနဲ့ တူနေတယ်။
နောက်မမေ့နိုင်စရာတစ်ခုကတော့ ၁၉၇၄ ဒီဇင်ဘာမှာ ပေါ်တူဂီနိုင်ငံကို ကျွန်မတို့ သွားလည်ပတ်တုန်းကဖြစ်တယ်။ ကျွန်မတို့ရဲ့ဟောပြောခြင်းလုပ်ငန်း တရားဝင်ဖြစ်ပြီးတဲ့နောက် လစ္စဘွန်းမြို့မှာရှိတဲ့ သက်သေခံတွေရဲ့ ပထမဆုံးကျင်းပတဲ့အစည်းအဝေးကို ကျွန်မတို့တက်ရောက်ခဲ့ကြတယ်။ အနှစ် ၅၀ ပိတ်ပင်ခံထားရတာလေ! အဲဒီအချိန်တုန်းက အဲ့ဒီမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၁၄,၀၀၀ ပဲရှိပေမဲ့ ကျင်းပတဲ့ အစည်းအဝေးနှစ်ခုမှာ တက်ရောက်သူက ၄၆,၀၀၀ ကျော်ရှိတယ်။ “ကျွန်တော်တို့ ပုန်းစရာမလိုတော့ဘူး။ လွတ်လပ်သွားပြီ” လို့ ညီအစ်ကိုတွေပြောတဲ့အခါ ကျွန်မမျက်ရည်လည်မိတယ်။
နေသန်နဲ့အတူ ခရီးသွားခဲ့ရတဲ့အချိန်ကစပြီး ကနေ့အချိန်ထိ လေယာဉ်ပျံပေါ်မှာ၊ စားသောက်ဆိုင်တွေမှာ၊ ပြီးတော့ လမ်းပေါ်မှာ ကျွန်မအလွတ်သဘောသက်သေခံခဲ့တယ်။ အဆင်သင့်သက်သေခံလို့ရအောင် စာအုပ်စာတမ်းတွေ အမြဲဆောင်ထားတယ်။ တစ်ခါက နောက်ကျနေတဲ့ လေယာဉ်ကို ကျွန်မတို့စောင့်နေတုန်း အမျိုးသမီးတစ်ယောက်က ကျွန်မကို ဘယ်မှာအလုပ်,လုပ်တာလဲလို့ မေးခဲ့တယ်။ အဲဒီကနေ သူရယ်၊ ကျွန်မတို့ပြောတာတွေကို နားထောင်နေကြတဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ စကားပြောဖြစ်သွားတယ်။ ဗေသလလုပ်ငန်းနဲ့ ကျွန်မရဲ့ဟောပြောခြင်းလုပ်ငန်းက ကျွန်မကို အလုပ်များနေစေပြီး အရမ်းပျော်ရွှင်စေခဲ့ပါတယ်။
ဖျားနာမှုနဲ့ ခွဲခွာနှုတ်ဆက်အားပေးမှု
၁၉၇၆ ခုနှစ်မှာ နေသန်ဟာ ကင်ဆာရောဂါနဲ့ မကျန်းမမာဖြစ်လာလို့ သူ့ကို ကျွန်မရော ဗေသလမိသားစုဝင်တွေပါ ကြည့်ရှုစောင့်ရှောက်ပေးခဲ့ကြတယ်။ သူ့ရဲ့ကျန်းမာရေး ဆုတ်ယုတ်လာပေမဲ့ အဲဒီအချိန်တုန်းက သင်တန်းအတွက် ဘရွတ်ကလင်မှာ ရောက်နေကြတဲ့ ကမ္ဘာတစ်ဝန်းက ဌာနခွဲရုံးအဖွဲ့ဝင်တွေကို ကျွန်မတို့အခန်းထဲ ခေါ်ဖိတ်လေ့ရှိတယ်။ ဒွန်နဲ့ အာလင်းစတီးလ်၊ လွိုက်နဲ့ မဲလ်ဘာဘယ်ရီ၊ ဒေါက်ဂလပ်စ်နဲ့ မေရီဂပ်စ်၊ မာတင်နဲ့ ဂါထရွတ် ပွိုတ်ဇင်ငါ၊ ပရိုက်စ် ယူးဇ်နဲ့ တခြားညီအစ်ကိုတွေ အများကြီး လာလည်ပတ်ကြတာကို ကျွန်မသတိရသေးတယ်။ ကျွန်မတို့ကို သူတို့နိုင်ငံက တွေ့ကြုံမှုတွေ ပြောပြတတ်ကြတယ်။ ပိတ်ပင်မှုအောက်က ကျွန်မတို့ညီအစ်ကိုတွေရဲ့ တည်ကြည်မြဲမြံမှုကို ပြန်ပြောပြတဲ့ တွေ့ကြုံမှုတွေကို ကျွန်မအထူးစွဲမှတ်တယ်။
သူကွယ်လွန်တော့မယ်ဆိုတာကို နေသန်သိလာတဲ့အခါ မုဆိုးမဘဝကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် အကြံကောင်းဉာဏ်ကောင်းတချို့ ပေးခဲ့တယ်။ “ငါတို့ဟာ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ခဲ့ကြတယ်။ အဲဒီဘဝကို လူအများ မခံစားကြရဘူး” လို့ သူပြောတယ်။ ကျွန်မတို့ရဲ့အိမ်ထောင်ရေးကို ပျော်ရွှင်စေတဲ့အရာတစ်ခုကတော့ နေသန်ရဲ့ ထောက်ထားစာနာတတ်မှုဖြစ်ပါတယ်။ ဥပမာ၊ ကျွန်မတို့ခရီးသွားလာရင်း လူအမျိုးမျိုးနဲ့ တွေ့ဆုံရတဲ့အခါ သူက “အော်ဒရေး၊ အကယ်၍ တစ်ခါတလေ မင်းကို သူတို့နဲ့မိတ်ဆက်မပေးရင် သူတို့နာမည်တွေကို ငါမေ့သွားလို့ပဲ” ဆိုပြီး ပြောတတ်တယ်။ ကျွန်မကို သူကြိုတင်ပြောပြထားတဲ့အတွက် အရမ်းဝမ်းသာခဲ့ရတယ်။
“ကျွန်မတို့ရဲ့မျှော်လင့်ချက်ဟာ သေချာတယ်။ သေပြီးတဲ့နောက်မှာ နောက်ထပ် ဘယ်တော့မှဝေဒနာခံစရာအကြောင်း ရှိမှာမဟုတ်ဘူး” လို့ ကျွန်မကို နေသန်ပြောခဲ့တယ်။ အဲဒီနောက် ကျွန်မကို သူဒီလို တိုက်တွန်းအားပေးသွားတယ်– “မင်းရဲ့ဆုကျေးဇူးက အနာဂတ်မှာရှိတဲ့အတွက် ရှေ့ကိုပဲကြည့်ပါ။ မင်းရဲ့မှတ်ဉာဏ်တွေထဲမှာ ပြန်ပေါ်လာမှာဖြစ်ပေမဲ့ အတိတ်အတွက် အသက်မရှင်နဲ့။ အချိန်က မင်းကို ကုစားပေးသွားလိမ့်မယ်။ မနာကြည်းနဲ့၊ ကိုယ့်ကိုယ်ကိုသနားမနေနဲ့။ မင်းဆီမှာ ဒီရွှင်လန်းမှုတွေ၊ ကောင်းချီးတွေရှိတာကို ဝမ်းသာပါ။ ခဏကြာပြီးရင် မှတ်ဉာဏ်တွေဟာ မင်းကိုဝမ်းမြောက်စေတယ်ဆိုတာ တွေ့ရလိမ့်မယ်။ မှတ်ဉာဏ်တွေဟာ ဘုရားသခင်ပေးတဲ့ဆုကျေးဇူးဖြစ်တယ်။” ဒီလိုလည်း သူထပ်ပြောသွားခဲ့သေးတယ်– “အလုပ်များနေပါ၊ မင်းရဲ့ဘဝအသက်တာကို တခြားသူတွေအတွက် တစ်ခုခု လုပ်ဆောင်ပေးသွားဖို့ကြိုးစားပါ။ အဲဒါက အသက်ရှင်ရတာဟာ ပျော်စရာကြီးပါလားဆိုတာ တွေ့ရလိမ့်မယ်။” အဲဒီနောက်တော့ ၁၉၇၇၊ ဇွန်လ ၈ ရက်နေ့မှာ နေသန်ရဲ့မြေကြီးအသက်တာ ကုန်ဆုံးသွားခဲ့ပါတယ်။
ဂလဲန်း ဟိုက်ဒ်နဲ့ အိမ်ထောင်ပြုခြင်း
အတိတ်က အမှတ်ရစရာတွေနဲ့အတူ အသက်ရှင်နိုင်တယ်၊ ဒါမှမဟုတ် ဘဝသစ်ထူထောင်နိုင်တယ်လို့ ကျွန်မကို နေသန်ပြောသွားတယ်။ ဒါကြောင့် ၁၉၇၈ ခုနှစ်မှာ နယူးယောက်၊ ဝေါလ်ကီးလ်က ကင်းမျှော်စင်စိုက်ပျိုးရေးခြံကို ပြောင်းရွှေ့သွားပြီးနောက် နူးညံ့အေးဆေးတဲ့ ကိုယ်လူချော ဂလဲန်း ဟိုက်ဒ်ကို ကျွန်မလက်ထပ်လိုက်တယ်။ သူသက်သေခံမဖြစ်ခင်တုန်းက အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်စစ်ဖြစ်နေတဲ့ကာလမှာ သူဟာ ရေတပ် အမှုထမ်းဖြစ်တယ်။
ဂလဲန်းဟာ ပီတီ (ကင်းလှည့်တော်ပီဒိုတပ်) ရေယာဉ်ပေါ်မှာ အမှုထမ်းခဲ့ပြီး စက်ခန်းမှာ တာဝန်ကျခဲ့တယ်။ အင်ဂျင်စက်ရဲ့ဆူညံသံကြောင့် သူနားလေးသွားတယ်။ စစ်ပြီးတဲ့နောက်မှာတော့ သူဟာ မီးသတ်သမားဖြစ်လာတယ်။ စစ်ဖြစ်တုန်းက အတွေ့အကြုံတွေကြောင့် နှစ်ပေါင်းများစွာ အိပ်မက်ဆိုးတွေမက်ခဲ့တယ်။ သူ့ကို အလွတ်သဘောသက်သေခံခဲ့တဲ့ သူ့ရဲ့အတွင်းရေးမှူးဆီကနေ ကျမ်းစာအမှန်တရားအကြောင်း သိလိုက်ရတယ်။
နောက်ပိုင်း ၁၉၆၈ ခုနှစ်မှာ ဂလဲန်းကို ဘရွတ်ကလင်မှာ မီးသတ်သမားအဖြစ် အမှုဆောင်ဖို့ ဗေသလကို ခေါ်လိုက်တယ်။ အဲဒီနောက် ကင်းမျှော်စင်စိုက်ပျိုးရေးခြံအတွက် မီးသတ်အင်ဂျင်စက်ရောက်လာတဲ့အခါ အဲဒီကို ၁၉၇၅ ခုနှစ်မှာ ပြောင်းရွှေ့သွားရတယ်။ နောက်တော့ သူဟာ အယ်လ်ဇိုင်းမားရောဂါရဲ့ ဖိစီးနှိပ်စက်မှုကို ခံရရှာတယ်။ ကျွန်မတို့အိမ်ထောင်ပြုပြီး ဆယ်နှစ်အကြာမှာပဲ သူသေဆုံးသွားပါတယ်။
ကျွန်မဘယ်လို ရပ်တည်နိုင်မလဲ။ သူကွယ်လွန်တော့မယ်ဆိုတာသိပြီး ကျွန်မကိုပေးခဲ့တဲ့ နေသန်ရဲ့ဉာဏ်ပညာစကားဟာ ခုလည်း စိတ်သက်သာမှုပေးပြန်တယ်။ မုဆိုးမဘဝကို ရင်ဆိုင်ဖြေရှင်းခြင်းနဲ့ပတ်သက်တဲ့ သူရေးသွားပေးတဲ့စာတွေကို ကျွန်မဖတ်နေဆဲပဲ။ အိမ်ထောင်ဖက်ဆုံးရှုံးသွားတဲ့ တခြားသူတွေကို အဲဒီမှတ်ချက်တွေ ဝေမျှပေးနေတုန်းပဲ၊ သူတို့လည်း နေသန်ရဲ့အကြံပေးချက်ကြောင့် စိတ်သက်သာရာရခဲ့ကြတယ်။ ကျွန်မကို နေသန်အားပေးသွားတဲ့အတိုင်း ရှေ့ကိုမျှော်ကြည့်နေတာပဲ ကောင်းတယ်။
အဖိုးထိုက်လှတဲ့ ညီအစ်ကိုများအသင်းအပင်း
အထူးသဖြင့် ကျွန်မကို ပျော်ရွှင်စေတာ၊ ဘဝကို ကျေနပ်ရောင့်ရဲစေတာကတော့ ဗေသလမိသားစုအတွင်းမှာရှိကြတဲ့ ချစ်ရတဲ့ မိတ်ဆွေတွေပဲပေါ့။ အထူးမိတ်ဆွေတစ်ယောက်ကတော့ ဂိလဒ် ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းရဲ့ တတိယမြောက်သင်တန်းကနေ ၁၉၄၄ ခုနှစ်မှာ ကျောင်းဆင်းခဲ့တဲ့ အက်စတာ လိုပက်ဇ်ဖြစ်တယ်။ ကျွန်မတို့ရဲ့ကျမ်းစာစာပေတွေကို စပိန်ဘာသာနဲ့ ပြန်ဆိုဖို့ ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ဘရွတ်ကလင်ကို သူပြန်လာခဲ့တာ။ နေသန်ခရီးထွက်နေချိန်မှာ အက်စတာဟာ ကျွန်မရဲ့အရင်းနှီးဆုံးအဖော်ပဲပေါ့။ သူလည်းပဲ ကင်းမျှော်စင်စိုက်ပျိုးရေးခြံတွေမှာ နေထိုင်နေပါတယ်။ အခုဆိုရင် သူဟာ အသက် ၉၅ နှစ်လောက်ရှိနေပြီဆိုတော့ ကျန်းမာရေးမကောင်းတော့ဘူး၊ ကျွန်မတို့ရဲ့ မသန်မစွမ်းဆောင်မှာ ကြည့်ရှုပြုစုပေးနေရတယ်။
ကျွန်မတို့ရဲ့ သွေးသားရင်းချာတွေထဲမှာ ရပ်စယ်လ်နဲ့ ကလဲရာတို့ပဲ အသက်ရှင်ကျန်တော့တယ်။ ရပ်စယ်က အသက် ၉၀ ကျော်နေပြီး ဘရွတ်ကလင်ဗေသလမှာ တည်ကြည်စွာ အမှုဆောင်နေတုန်းပဲ။ အိမ်ထောင်ပြုပြီး ဗေသလမှာ ဆက်နေခွင့်ရသူတွေထဲမှာ သူဦးဆုံးဖြစ်တယ်။ ၁၉၅၂ ခုနှစ်မှာ ဗေသလအိမ်သားချင်းဖြစ်တဲ့ ဂျင်း လာစဲန်နဲ့ သူလက်ထပ်ခဲ့တယ်။ ဂျင်းရဲ့မောင် မက်စ်ဟာ ၁၉၃၉ ခုနှစ်မှာ ဗေသလကိုရောက်လာပြီး ၁၉၄၂ ခုနှစ်မှာ ပုံနှိပ်စက် ကြီးကြပ်ရေးမှူးအဖြစ် နေသန်ရဲ့နေရာကို ဆက်ခံလိုက်တယ်။ မက်စ်ဟာ နဗ်ကြောဖွဲ့ရောဂါခံစားနေရရှာတဲ့ ချစ်ဇနီး ဟယ်လဲန်ကို ပြုစုနေရတဲ့အပြင် ဗေသလက တာဝန်တစ်ပုံကြီးကို ဆက်ထမ်းဆောင်နေရတယ်။
ယေဟောဝါရဲ့အမှုတော်ကို ၆၃ နှစ်ကျော် အချိန်ပြည့်လုပ်ဆောင်ခဲ့တာကို ပြန်ပြောင်းကြည့်ရင် ကျွန်မရဲ့ဘဝဟာ တကယ့်ကိုအားရကျေနပ်စရာကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဗေသလဟာ ကျွန်မရဲ့အိမ်ဖြစ်လာပြီး အဲဒီမှာပဲ ပျော်ရွှင်စွာ ဆက်အမှုဆောင်နေတယ်။ အလုပ်ကောင်းကောင်းလုပ်တတ်တဲ့အကျင့်နဲ့ ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်လိုတဲ့ စိတ်ဆန္ဒတွေ သွတ်သွင်းပေးတဲ့အတွက် ကျွန်မရဲ့မိဘတွေကို ချီးမွမ်းရမှာ။ ဒါပေမဲ့ ဘဝကို အမှန်တကယ် ကျေနပ်အားရစေတာကတော့ ကျွန်မတို့ရဲ့ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ပရဒိသုမြေကြီးပေါ်မှာနေထိုင်ပြီး ကျွန်မတို့ရဲ့ မဟာဖန်ဆင်းရှင်၊ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါရဲ့အမှုတော်ကို ထာဝစဉ်အမြဲ ထမ်းဆောင်သွားမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ထူးမြတ်လှတဲ့ ညီအစ်ကိုအသင်းအပင်းပဲဖြစ်ပါတယ်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၁၂ ခုနှစ်၊ ဇွန်လ ကျွန်မရဲ့မိဘတွေ လက်ထပ်တဲ့နေ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ဘယ်မှညာသို့– ၁၉၂၇ ခုနှစ်တုန်းက ရပ်စယ်လ်၊ ဝိန်း၊ ကလဲရာ၊ အာဒစ်၊ ကျွန်မနဲ့ ကားတစ္စ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၄၄ ခုနှစ်မှာ ရှေ့ဆောင်လုပ်တုန်းက ဖရန်စစ္စနဲ့ ဘာဘရာ မက်နော့တ်တို့ အကြားမှာရပ်နေလျက်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၅၁ ခုနှစ် ဗေသလမှာ။ ဘယ်မှညာသို့– ကျွန်မ၊ အက်စတာ လိုပက်ဇ်နဲ့ ကျွန်မရဲ့ယောင်းမ ဂျင်း
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
နေသန်နဲ့ သူ့ရဲ့မိဘတွေနဲ့အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၅ ခုနှစ်က နေသန်နဲ့အတူ
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ဟာဝိုင်ယီမှာ နေသန်နဲ့အတူ
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ကျွန်မရဲ့ဒုတိယခင်ပွန်း ဂလဲန်းနဲ့အတူ