မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သွား၍ တပည့်ဖြစ်စေကြလော့’

‘သွား၍ တပည့်ဖြစ်စေကြလော့’

‘သွား​၍ တပည့်​ဖြစ်စေ​ကြလော့’

‘ကောင်းကင်ဘုံ​၌​လည်းကောင်း၊ မြေကြီးပေါ်​၌​လည်းကောင်း အခွင့်တန်ခိုး​ရှိသမျှကို ငါ​ခံရ​ပြီ။ ထို့​ကြောင့် သင်တို့​သွား​၍ ငါ့​တပည့်​ဖြစ်စေ​ကြလော့။’—မဿဲ ၂၈:၁၈၊ ၁၉၊ သမ္မာ။

၁၊ ၂။ (က) ယေရှုသည် ကိုယ်တော်​၏​နောက်လိုက်​များ​ကို အဘယ်​တာဝန် အပ်နှင်း​ခဲ့​သနည်း။ (ခ) ယေရှု၏​မိန့်မှာချက်​များနှင့်​စပ်လျဉ်းပြီး အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

စီ.အီး. ၃၃ ခုနှစ်၊ ဣသရေလ​နိုင်ငံ​၏ နွေဦး​နေ့​တစ်နေ့​၌ ယေရှု၏​တပည့်​များ ဂါလိလဲ​နယ်​ရှိ တောင်​တစ်​တောင်​တွင် စုရုံး​ရောက်ရှိ​နေကြ၏။ ရှင်ပြန်ထမြောက်​ခဲ့​သော သူတို့၏​သခင်သည် ကောင်းကင်​သို့ တက်ကြွ​ခါနီး သူတို့ကို အရေးကြီး​စကား မိန့်ဆို၍ တာဝန်​တစ်ခု​အပ်နှင်း​ခဲ့​သည်။ ထို​တာဝန်​ကား အဘယ်နည်း။ ကိုယ်တော်​၏​တပည့်​များသည် ၎င်း​တာဝန်​ကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ ထို​တာဝန်​သည် ယနေ့ ကျွန်ုပ်​တို့​နှင့်​လည်း မည်သို့​သက်ဆိုင်​သနည်း။

ယေရှု​မိန့်ဆို​ရာ​ကို မဿဲ ၂၈:၁၈-၂၀ (သမ္မာ) တွင်​ဤသို့​မှတ်တမ်း​တင်ထား​သည်– ‘ကောင်းကင်ဘုံ​၌​လည်းကောင်း၊ မြေကြီးပေါ်​၌​လည်းကောင်း အခွင့်တန်ခိုး​ရှိသမျှကို ငါ​ခံရ​ပြီ။ ထို့​ကြောင့် သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ [နှစ်ခြင်း]ပေး​ကြလော့။ ငါသည် သင်တို့အား ပညတ်​သမျှ​ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ကြလော့။ ငါသည်​လည်း ဤ​ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်။’ ယေရှု​က “အခွင့်တန်ခိုး​ရှိသမျှ၊” “လူမျိုးတကာ၊” “သင်တို့အား ပညတ်​သမျှ၊” နှင့် “အစဉ်မပြတ်” အစ​ရှိသည်​တို့ကို မိန့်ဆိုခဲ့​၏။ အဆိုပါ​အချက်လေး​ချက်​ပါဝင်​သည့် ကိုယ်တော်​၏​မိန့်မှာချက်​များ​ကို အဘယ်ကြောင့်​နည်း၊ အဘယ်​နေရာ၌​နည်း၊ အဘယ်အရာ​နည်း၊ အဘယ်​အချိန်​နည်း​ဟူသော စကားလုံး​များ​ဖြင့် အကျဉ်းချုပ်​နိုင်​သည့် အရေးကြီး​မေးခွန်း​အချို့ ပေါ်ပေါက်​လာ​သည်။ မေးခွန်း​တစ်ခုစီ​ကို သုံးသပ်ကြည့်​ကြ​စို့။ *

“အခွင့်တန်ခိုး​ရှိသမျှကို ငါ​ခံရ​ပြီ”

၃။ တပည့်​ဖြစ်စေ​ခြင်း မိန့်မှာချက်ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် နာခံ​သင့်​သနည်း။

ပထမ​တစ်ခု​အနေ​နှင့်၊ ကျွန်ုပ်​တို့သည် တပည့်​ဖြစ်စေ​ခြင်း မိန့်မှာချက်ကို အဘယ်ကြောင့် နာခံ​သင့်​သနည်း။ ယေရှု​က ‘ကောင်းကင်ဘုံ​၌​လည်းကောင်း၊ မြေကြီးပေါ်​၌​လည်းကောင်း အခွင့်တန်ခိုး​ရှိသမျှကို ငါ​ခံရ​ပြီ။ ထို့​ကြောင့် သင်တို့​သွား​၍ တပည့်​ဖြစ်စေ​ကြလော့’ ဟု​မိန့်ဆိုခဲ့သည်။ “ထို့​ကြောင့်” ဟူသော​စကားလုံး​က ဤ​မိန့်မှာချက်ကို နာခံ​သင့်​သည့် အဓိက​အကြောင်းရင်းကို ဖော်ပြ​၏။ ထို​မိန့်မှာချက်ကို ထုတ်ပြန်ခဲ့​သူ ယေရှုသည် “အခွင့်တန်ခိုး​ရှိသမျှ” ကို​ပိုင်ဆိုင်​ထားသော​ကြောင့်​ဖြစ်သည်။ ကိုယ်တော်​၏​စီရင်ပိုင်​ခွင့်​တန်ခိုး​သည် မည်မျှ​ကျယ်ပြန့်​သနည်း။

၄။ (က) ယေရှု၏​အခွင့်တန်ခိုး​သည် မည်မျှ​ကျယ်ပြန့်​သနည်း။ (ခ) ယေရှု၏​အခွင့်တန်ခိုး​ကို ကျွန်ုပ်​တို့​နားလည်မှု​သည် တပည့်​ဖြစ်စေ​ခြင်း မိန့်မှာချက်​အပေါ် ကျွန်ုပ်​တို့​ရှုမြင်ပုံကို မည်သို့​အကျိုး​သက်ရောက်​စေ​သင့်​သနည်း။

ယေရှုသည် အသင်းတော်​အပေါ် အခွင့်တန်ခိုး​ရှိ၏၊ ၁၉၁၄ ခုနှစ်​ကတည်းက တည်ထောင်​ခါ​စ ဘုရားသခင့်​နိုင်ငံတော်​အပေါ် အခွင့်တန်ခိုး​ရရှိခဲ့သည်။ (ကောလောသဲ ၁:၁၃; ဗျာ. ၁၁:၁၅) ကိုယ်တော်​သည် ကောင်းကင်တမန်မင်း​ဖြစ်​တော်​မူ​ရာ သန်း​ရာ​နှင့်​ချီ​ကောင်းကင်တမန်​များ​ပါဝင်​သည့် ကောင်းကင်​တပ်​အပေါ် အခွင့်တန်ခိုး​ရှိ၏။ (၁ သက်သာလောနိတ် ၄:၁၆; ၁ ပေတရု ၃:၂၂; ဗျာ. ၁၉:၁၄-၁၆) ခမည်းတော်​သည် ဖြောင့်မတ်​သော​မူများ​ကို ဆန့်ကျင်​သည့် “အထွတ်အမြတ်​အာဏာတန်ခိုး​အမျိုးမျိုးကို” ဖျက်ဆီး​နိုင်​ခွင့်​တန်ခိုး​အာဏာ ကိုယ်တော်​အား အပ်နှင်း​ထား​သည်။ (၁ ကောရိန္သု ၁၅:၂၄-၂၆; ဧဖက် ၁:၂၀-၂၃) ယေရှု၏​အခွင့်တန်ခိုး​သည် သက်ရှိ​များ​အပေါ်​သာ ကန့်သတ်​ထား​သည်မဟုတ်။ ကိုယ်တော်​သည် “အသက်ရှင်​သော​သူတို့နှင့် သေ​သော​သူတို့ကို တရား​စီရင်​သော​သခင်” လည်း​ဖြစ်​ရာ သေခြင်း​၌​အိပ်ပျော်နေသူ​များ​ကို ရှင်ပြန်ထမြောက်​ပေး​ရန် ဘုရားသခင်​ပေး​တန်ခိုး​အာဏာ ရရှိ​ထား​၏။ (တမန်​တော် ၁၀:၄၂; ယောဟန် ၅:၂၆-၂၈) ဤမျှ​တန်ခိုး​အာဏာ​ကြီးမားသူ​၏​မိန့်မှာချက်ကို အရေးတကာ့​အရေးကြီးဆုံး​အဖြစ် ရှုမြင်​သင့်​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် ‘သွား​၍​တပည့်​ဖြစ်စေ​ကြ’ ဟူသော ခရစ်တော်​၏​မိန့်မှာချက်ကို လေးစား​စွာ တလိုတလား​နာခံကြ​သည်။

၅။ (က) ယေရှု၏​စကား​ကို ပေတရု မည်သို့​နာခံ​ခဲ့​သနည်း။ (ခ) ယေရှု၏​ညွှန်ကြားချက်​များ​ကို ပေတရု နာခံ​သည့်​အခါ အဘယ်​ကောင်းကျိုး ရရှိခဲ့​သနည်း။

ယေရှု၏​မြေကြီး​ဓမ္မ​အမှု​အစောပိုင်း​တွင် မိမိ၏​အခွင့်တန်ခိုး​ကို အသိအမှတ်​ပြုပြီး မိန့်မှာချက်​များ​ကို နာခံခြင်း​သည် အကျိုး​ကြီး​ကြောင်း ထူးဆန်းသော​နည်းဖြင့် တပည့်​များ​အား သင်ပေးခဲ့​သည်။ တစ်ချိန်​တွင် ကိုယ်တော်​က တံငါသည်​ပေတရု​ကို “ရေ​နက်​ရာ​အရပ်သို့ ရွှေ့​ဦး​လော့။ ပိုက်ကွန်​ကို​ချ​၍ ငါး​ကို​အုပ်​စမ်း​လော့” ဟု​မိန့်ဆိုခဲ့သည်။ ထို​တွင် ငါး​မရှိကြောင်း ပေတရု တပ်အပ်​သိထား​ရာ ယေရှု​အား “သခင်၊ အကျွန်ုပ်​တို့သည် တစ်ညလုံး​ကြိုးစား​သော်လည်း တစ်ကောင်​ကို​မျှ​မရပါ” ဟု​လျှောက်ခဲ့​သည်။ သို့ရာတွင် ပေတရု​က စိတ်​နှိမ့်ချစွာ​ဖြင့် “အမိန့်တော်​ရှိလျှင် ပိုက်ကွန်​ကို​ချပါ​မည်” ဟု​ထပ်မံ​လျှောက်​လေ​သည်။ ခရစ်တော်​မိန့်မှာ​သည့်​အတိုင်း ပေတရု နာခံ​လုပ်ဆောင်ခဲ့​ရာ “အလွန်​များစွာသော ငါး​တို့ကို” ဖမ်းမိ​ခဲ့​၏။ ထို​အခါ ပေတရု​သည် ထိတ်လန့်​စွာ “ယေရှု၏​ပု​ဆစ်​တော်​ကို​ဦး​တိုက်၍ ‘သခင်၊ အကျွန်ုပ်သည် အပြစ်​များသော​သူ​ဖြစ်ပါ​၏။ အကျွန်ုပ်​ဆီ​မှ​ကြွသွား​တော်​မူ​ပါ’ ဟု​လျှောက်​လေ​၏။” သို့သော် ယေရှု​က “ကြောက်ရွံ့​ခြင်း​မရှိ​နှင့်။ သင်သည် ယခု​မှ​စ၍ လူ​တို့ကို ဖမ်းမိ​သော​သူ​ဖြစ်​လိမ့်​မည်” ဟု​ဖြေ​တော်​မူ​၏။ (လုကာ ၅:၁-၁၀; မဿဲ ၄:၁၈) ကျွန်ုပ်​တို့သည် အဆိုပါ​မှတ်တမ်း​မှ အဘယ်​သင်ခန်းစာ​ရသနည်း။

၆။ (က) အံ့ဖွယ်​ငါးဖမ်း​ခြင်း မှတ်တမ်းက ယေရှု​တောင်းဆို​သည့် နာခံခြင်း​မျိုးကို မည်သို့​ပုံဖော်​ပြသ​နည်း။ (ခ) ယေရှုကို ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင်​သနည်း။

ပေတရု၊ အန္ဒြေ​နှင့် အခြား​တမန်​တော်​များသည် ဤ​အံ့ဖွယ်​ငါးဖမ်း​ခြင်း​ပြီး​မှ​သာ ယေရှု​က သူတို့အား “လူကို​မျှား​သော​တံငါ​ဖြစ်စေ​ခြင်း” တာဝန်​ကို အပ်နှင်း​ခဲ့​သည်။ (မာကု ၁:၁၆၊ ၁၇) မျက်စိ​စုံ​မှိတ်​နာခံခြင်း​မျိုးကို ယေရှု​မတောင်းဆို​ခဲ့​ကြောင်း ထင်ရှား​၏။ ကိုယ်တော်​၏​စကား​ကို​နာခံ​သင့်​သည့် ယုံကြည်​စိတ်ချ​ရသော အကြောင်းရင်းကို သူတို့အား ပြသ​ပေး​ခဲ့​သည်။ ပိုက်ကွန်​ချပါ​ဟူသော ယေရှု၏​မိန့်မှာချက်ကို လိုက်နာ​သည့်​အခါ အကျိုးများစွာ​ရရှိခဲ့​သကဲ့သို့ပင် ‘လူကို​မျှား’ ပါ​ဟူသော ယေရှု၏​မိန့်မှာချက်ကို နာခံ​လျှင်​လည်း အကျိုးများစွာ​ရရှိ​ပေ​လိမ့်​မည်။ တမန်​တော်​များသည် ယုံကြည်ခြင်း​အပြည့်အဝ​ဖြင့် လုပ်ဆောင်ခဲ့​ကြ​၏။ မှတ်တမ်းက ဤသို့​နိဂုံး​ချုပ်​သည်– “ကမ်း​နား​မှာ လှေ​ကို​ဆိုက်​ပြီး​လျှင် ထို​သူတို့သည် ရှိသမျှ​တို့ကို​စွန့်ပစ်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။” (လုကာ ၅:၁၁) ယနေ့ အခြား​သူများကို တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ပါဝင်​ရန် ကျွန်ုပ်​တို့ အားပေး​သည့်​အခါ ယေရှုကို တုပ​ကြ​၏။ ကျွန်ုပ်​တို့​ပြော​သည့်​အတိုင်း လုပ်ဆောင်ဖို့​သာ လူ​တို့ကို မတောင်းဆို​ဘဲ ခရစ်တော်​၏​မိန့်မှာချက်ကို နာခံ​ရန် ယုံကြည်​စိတ်ချ​ရသော အကြောင်းရင်း​များ​ကို ကျွန်ုပ်​တို့ ပြောပြ​ကြသည်။

စိတ်ချ​ရသော​အကြောင်းပြချက်​များနှင့် ရည်ရွယ်ချက်​မှန်​များ

၇၊ ၈။ (က) ဘုရားသခင့်​နိုင်ငံတော်​သတင်း​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​၌​ပါဝင်​ရန် ကျမ်းစာ​အကြောင်းပြချက်​အချို့​ကား အဘယ်နည်း။ (ခ) ဟောပြောခြင်း​လုပ်ငန်း​တွင် ဆက်​ပါဝင်​ရန် အထူးသဖြင့် လှုံ့ဆော်ပေး​သော​ကျမ်းချက်​ကား အဘယ်နည်း။ (အောက်ခြေမှတ်ချက်ကို​လည်း​ရှု။)

ခရစ်တော်​၏​အခွင့်တန်ခိုး​ကို ကျွန်ုပ်​တို့ အသိအမှတ်ပြု​ကြသော​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့​ပါဝင်​ကြ​ခြင်း​ဖြစ်၏။ အလုပ်​မွန်​များ​တွင် ကျွန်ုပ်​တို့ ပါဝင်​လုပ်ဆောင်​စေ​လို​သူများ​အား ထို​လုပ်ငန်း​လုပ်​ရခြင်း​အကြောင်း​နှင့်​ပတ်သက်​သည့် တခြား​ကျမ်းချက်​များ​ကို ပြ​နိုင်​သေး​သလော။ နိုင်ငံ​အသီးသီး​မှ သစ္စာရှိ​သက်သေခံ​အချို့ ပြောပြ​သည့် အောက်ပါ​စကား​များ​ကို သုံးသပ်​ပြီး ကိုးကား​ထားသော​ကျမ်းချက်​များ​က သူတို့၏​စကား​ကို မည်သို့​ထောက်ခံကြောင်း သတိပြုပါ။

၁၉၅၁ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့​သော ရွိုင်​က “ယေဟောဝါ​ထံ ကျွန်တော် ဆက်ကပ်​အပ်နှံချိန်​မှာ ကိုယ်တော့်​ကို အမြဲတမ်း​ဝတ်ပြုပါ​မယ်​လို့ ကတိပေး​ခဲ့​တယ်။ ကျွန်တော် ကတိတည်​ချင်​တယ်” ဟု​ဆို​သည်။ (ဆာလံ ၅၀:၁၄; မဿဲ ၅:၃၇) ၁၉၆၂ ခုနှစ်​က နှစ်ခြင်း​ခံ​ခဲ့​သော ဟ​ယ်​သာ​က ဤသို့​ဆို​သည်– “ကျွန်မ​အတွက် ယေဟောဝါ​ပြု​လုပ်ပေးသမျှကို စဉ်းစားမိ​တဲ့​အခါ ကိုယ်တော့်​ကို သစ္စာရှိ​ရှိ​ဝတ်ပြု​ပြီး ကျေးဇူး​တင်​ကြောင်း ပြ​ချင်​တယ်။” (ဆာလံ ၉:၁၊ ၉-၁၁; ကောလောသဲ ၃:၁၅) ၁၉၅၄ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့​သော ဟဲန်​နာ​လို​ရာ​က “အမှုဆောင်ထွက်​တိုင်း ကျွန်မ​တို့​နဲ့​အတူ ကောင်းကင်တမန်​တွေ လိုက်ပါ​လာတယ်—ဒါဟာ အခွင့်ထူး​တစ်ခု​ပဲ!” ဟု​ဆို​၏။ (တမန်​တော် ၁၀:၃၀-၃၃; ဗျာ. ၁၄:၆၊ ၇) ၁၉၆၉ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့​သော အာနာရ်​က “ယေဟောဝါ​တရား​စီရင်​တဲ့​နေ့ ရောက်လာတဲ့​အခါ ‘သတိပေး​ချက်​ကို တစ်ခါ​မှ​မကြား​ဖူး​ဘူး!’ လို့ ကျွန်မ​ရဲ့​ရပ်ကွက်​ကလူ​တွေ​ပြော​ပြီး ယေဟောဝါ​နဲ့ ကိုယ်တော်​ရဲ့​သက်သေခံတွေ တာဝန်​ပျက်ကွက်​တယ်လို့ စွပ်စွဲ​တာ​မခံ​စေ​ချင်ဘူး” ဟု​ပြော​ခဲ့​သည်။ (ယေဇကျေလ ၂:၅; ၃:၁၇-၁၉; ရောမ ၁၀:၁၆၊ ၁၈) ၁၉၇၄ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့​သော က​လော်​ဒီ​ယို​က ဤသို့​ဆို​သည်– “ကျွန်တော်​တို့ အမှုဆောင်ထွက်​တဲ့​အခါ ‘ဘုရားသခင့်​ရှေ့မှောက်​မှာ​ရှိပြီး ခရစ်တော်​နဲ့​အတူ တွဲ​သွား​နေကြ​တာ။’ စဉ်းစား​ကြည့်​ပါ! ကျွန်တော်​တို့ အမှုဆောင်ထွက်​နေတဲ့​အခါ ကျွန်တော်​တို့​ရဲ့​အကောင်းဆုံး​မိတ်ဆွေတွေနဲ့ ပေါင်းသင်း​ခွင့်​ရတယ်!”—၂ ကောရိန္သု ၂:၁၇ *

၉။ (က) ပေတရု​နှင့် အခြား​တမန်​တော်​များ​၏ ငါးဖမ်း​ခြင်း​အတွေ့အကြုံ​သည် ခရစ်တော်​ကို​နာခံခြင်း​၏ ရည်ရွယ်ချက်​မှန်​နှင့်​ပတ်သက်​၍ အဘယ်အရာ​ဖော်ပြ​သနည်း။ (ခ) ယနေ့ ဘုရားသခင်​နှင့် ခရစ်တော်​တို့ကို နာခံခြင်း​၏​ရည်ရွယ်ချက်​မှန်​ကား အဘယ်နည်း၊ အဘယ်ကြောင့်​နည်း။

အံ့ဖွယ်​ငါးဖမ်း​ခြင်း​အကြောင်း​သည် ခရစ်တော်​စကား​နားထောင်ခြင်း ရည်ရွယ်ချက်​မှန်​ဖြစ်သည့် မေတ္တာ​ရှိ​ခြင်း​၏ အရေးကြီးမှုကို​လည်း ဖော်ပြ​သည်။ ပေတရု​က “အကျွန်ုပ်သည် အပြစ်​များသော​သူ​ဖြစ်ပါ​၏။ အကျွန်ုပ်​ဆီ​မှ​ကြွသွား​တော်​မူ​ပါ” ဟု​လျှောက်​သောအခါ ယေရှု မ​ထွက်ခွာ​သွား​သည့်​အပြင် ပေတရု​၏​အပြစ်​တစ်ခုခု​ကို​ဖော်​၍ အပြစ်တင်​ခြင်း​လည်း မပြု​ခဲ့​ပါ။ (လုကာ ၅:၈) ထွက်သွား​ပါ​ဟု ပေတရု​၏​လျှောက်ဆိုချက်​ကို​ပင် ယေရှု အပြစ်မတင်​ခဲ့​ချေ။ ၎င်း​အစား၊ ကြင်နာ​စွာ​ဖြင့် “ကြောက်ရွံ့​ခြင်း​မရှိ​နှင့်” ဟု ယေရှု မိန့်ဆိုခဲ့​၏။ အလွန်အမင်း​ကြောက်ရွံ့​ပြီး ခရစ်တော်​ကို​နာခံခြင်း​သည် ရည်ရွယ်ချက် မှား​ပေမည်။ ယေရှုသည် ပေတရု​နှင့် သူ၏​အပေါင်းပါများ​အား လူကို​မျှား​သော​တံငါသည်​များ​အဖြစ် အသုံးဝင်​လာ​လိမ့်​မည်​ဟု မိန့်ဆိုခဲ့သည်။ ယနေ့ ကျွန်ုပ်​တို့သည်​လည်း ခရစ်တော်​ကို နာခံ​ရန် သူတစ်ပါး​အား တိုက်တွန်း​သည့်​အခါ ကြောက်ရွံ့​စိတ်၊ သို့​မဟုတ် အပြစ်ရှိ​သည်၊ ရှက်​စ​ရာ​ဖြစ်သည်​အစ​ရှိသော အပျက်​သဘောထားများကို အကြောင်းပြ​ရန်​မလို​ချေ။ ယေဟောဝါ​နှင့် ခရစ်တော်​တို့ကို ချစ်​သည့်​မေတ္တာဖြင့် စိတ်နှလုံး​အကြွင်းမဲ့​နာခံမှု​က​သာ ဘုရားသခင်​၏​စိတ်တော်​ကို ရွှင်လန်း​စေနိုင်​မည်။—မဿဲ ၂၂:၃၇

‘လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ​ကြလော့’

၁၀။ (က) တပည့်​ဖြစ်စေ​ပါ​ဟူသော ယေရှု၏​မိန့်မှာချက်​နှင့်​စပ်လျဉ်း၍ အဘယ်​အသေးစိတ်​အချက်အလက်​သည် တပည့်​များ​အတွက် ကြီးမားသော စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်​ခဲ့​သနည်း။ (ခ) ယေရှု၏​မိန့်မှာချက်ကို တပည့်​များ မည်သို့ တုံ့ပြန်​ခဲ့​ကြ​သနည်း။

၁၀ ခရစ်တော်​၏​မိန့်မှာချက်​နှင့်​ပတ်သက်ပြီး မေးစရာ ဒုတိယ​မေးခွန်း​မှာ ဤ​တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို အဘယ်​နေရာတွင် လုပ်ဆောင်​သင့်​သနည်း​ဖြစ်သည်။ ယေရှု​က နောက်လိုက်​များ​အား ‘လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ​ကြလော့’ ဟု​မိန့်မှာ​ခဲ့​သည်။ ယေရှု၏ ခရစ်ယာန်​ဓမ္မ​အမှု​မတိုင်မီ​အချိန်​က ယေဟောဝါ​အား ဝတ်ပြု​ရန် ဣသရေလ​နိုင်ငံ​သို့ ရောက်ရှိ​လာသော လူမျိုးအပေါင်း​ကို ဝမ်း​ပန်း​တ​သာ​ကြိုဆို​ခဲ့​ကြ​၏။ (၃ ဓမ္မ​ရာဇဝင် ၈:၄၁-၄၃) ယေရှု​ကိုယ်တော်တိုင် ဣသရေလ​လူမျိုး​ကို အဓိက​ထား​ဟောပြောခဲ့​သော်လည်း ယခု ကိုယ်တော်​က လူမျိုးတကာ​တို့ကို ဟောပြောရန် နောက်လိုက်​များ​အား မိန့်မှာ​လေ​၏။ အမှန်စင်စစ် တပည့်​များ​၏ ငါးဖမ်း​ပိုင်နက် သို့​မဟုတ် ဟောပြောခြင်း​ရပ်ကွက်ကို ဇာတိ​ဂျူး​များ​ဖြစ်သည့် “ရေအိုင်” ငယ်​ဖြင့်​သာ ကန့်သတ်​ထား​သော်လည်း မကြာမီ လူသား “ပင်လယ်” တစ်ခုလုံး ပါဝင်​လာတော့​မည်​ဖြစ်သည်။ ဤ​အပြောင်းအလဲ​သည် တပည့်​များ​အတွက် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်​ပုံ​ရှိသော်လည်း ယေရှု၏​မိန့်မှာချက်ကို သူတို့ တလိုတလား​နာခံ​ခဲ့​ကြ​၏။ ယေရှု​သေ​ပြီး အနှစ် ၃၀ မပြည့်မီ ဂျူး​လူမျိုး​ကို​သာမက “ကောင်းကင်​အောက်​၌​ရှိသမျှ​သော . . . သတ္တဝါ” အပေါင်း​ကို​ပါ သတင်းကောင်း​ဟောပြောခဲ့ပြီ​ဟု တမန်​တော်​ပေါလု ရေးသား​နိုင်​ခဲ့​သည်။—ကောလောသဲ ၁:၂၂၊ ၂၃

၁၁။ ၂၀ ရာစုနှစ်​စ​ပိုင်း​ကတည်းက ‘ငါးဖမ်း​ပိုင်နက်​များ’ ကို​မည်သို့​တိုးချဲ့​ခဲ့​သနည်း။

၁၁ များ​မကြာသေးမီ​က ဟောပြောခြင်း​ရပ်ကွက်ကို တိုးချဲ့​ခဲ့​ကြောင်း တွေ့မြင်​ခဲ့​ရပြီ။ ၂၀ ရာစုနှစ်​စ​ပိုင်း​၌ ‘ငါးဖမ်း​ပိုင်နက်​များ’ သည် နိုင်ငံ​အနည်းငယ်​တွင်​သာ ရှိခဲ့​သည်။ သို့​တိုင် ထို​အချိန်​က ခရစ်တော်​၏​တပည့်​နောက်လိုက်​များသည် ပထမ​ရာစု​ခရစ်ယာန်​များ​၏ ပုံသက်သေ​ကို တုပ​ပြီး သူတို့​ဟောပြော​သည့် ရပ်ကွက်ကို စိတ်အား​ထက်သန်​စွာ တိုးချဲ့​ခဲ့​ကြသည်။ (ရောမ ၁၅:၂၀) ၁၉၃၀ ပြည့်လွန်​နှစ်များ အစောပိုင်း​၌ သူတို့သည် နိုင်ငံ​ပေါင်း​တစ်​ရာ​ခန့်​တွင် တပည့်​များ​ဖြစ်စေ​ခဲ့​ကြ​၏။ ယနေ့ ကျွန်ုပ်​တို့၏ ‘ငါးဖမ်း​ပိုင်နက်​များ’ ကို ၂၃၅ နိုင်ငံ​အထိ တိုးချဲ့​ခဲ့ပြီ။—မာကု ၁၃:၁၀

‘ဘာသာ​အသီးအသီး​တို့​မှ’

၁၂။ ဇာခရိ ၈:၂၃ တွင်​တွေ့ရှိ​ရသော ပရောဖက်ပြုချက်​သည် အဘယ်​စိန်ခေါ်ချက်​ကို အလေးပေး​ဖော်ပြ​သနည်း။

၁၂ လူမျိုးအပေါင်း​ကို တပည့်​ဖြစ်စေ​ခြင်း​သည် ပထဝီ​အနေအထား​အရသာ​မ​က ဘာသာ​စကား​အရ​ပါ စိန်ခေါ်ချက်​တစ်ခု​ဖြစ်သည်။ ပရောဖက်​ဇာခရိ​အားဖြင့် ယေဟောဝါ ဤသို့​ကြို​ဟောခဲ့​သည်– “ထို​ကာလ​၌ ဘာသာ​အသီးအသီး​ကို​ပြောတတ်​သော လူအမျိုးမျိုး​တို့​တွင် တစ်ကျိပ်​သော​လူတို့သည် ယုဒ​လူ​ဖြစ်သော​သူ၏ အဝတ်စွန်း​ကို​ကိုင်​လျက် ဘုရားသခင်​သည် သင်​နှင့်အတူ ရှိ​တော်​မူ​သည်​ဟု အကျွန်ုပ်​တို့သည်​ကြား​သိ၍ သင်တို့​နှင့်အတူ​လိုက်ပါမည်​ဟု ဆို​ကြလိမ့်မည်။” (ဇာခရိ ၈:၂၃) ဤ​ပရောဖက်ပြုချက်​၏ အကြီးစား​ပြည့်စုံချက်​တွင် “ယုဒ​လူ” သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန် အကြွင်းအကျန်​ကို ကိုယ်စား​ပြုပြီး “တစ်ကျိပ်​သော​လူတို့သည်” “လူအုပ်ကြီး” ကို​ကိုယ်စား​ပြု​၏။ * (ဗျာ. ၇:၉၊ ၁၀က​ဘ; ဂလာတိ ၆:၁၆) ခရစ်တော်​၏​တပည့်​များ​ဖြစ်​ကြသော ဤ​လူအုပ်ကြီး​ကို လူမျိုးအပေါင်း​တွင် တွေ့ရှိ​ရပြီး ဇာခရိ​ဖော်ပြ​ခဲ့​သည့်​အတိုင်း သူတို့သည် ဘာသာ​စကား​အမျိုးမျိုး ပြောဆို​ကြလိမ့်မည်။ မျက်မှောက်ခေတ် ဘုရားသခင့်​လူမျိုးတော်​၏​သမိုင်း​သည် တပည့်​ဖြစ်စေ​ခြင်း​၏ ထို​အပိုင်း​ကို ဖော်ပြ​သလော။ ဖော်ပြ​ပါ​သည်။

၁၃။ (က) ဘာသာ​စကား​နှင့်​ပတ်သက်​၍ အဘယ်​တိုးတက်မှု​ကို မျက်မှောက်ခေတ် ဘုရားသခင့်​လူမျိုးတော်​တွင် တွေ့မြင်​နေရ​သနည်း။ (ခ) သစ္စာရှိ​ကျေးကျွန်​အတန်းအစား​သည် ဘာသာ​စကား​အမျိုးမျိုးဖြင့် ဝိညာဉ်​အစာ ပိုမို​လိုအပ်မှု​ကို မည်သို့​တုံ့ပြန်​ခဲ့ပြီ​နည်း။ (“မျက်မမြင်​တို့အတွက် စာအုပ်​များ” လေးထောင့်ကွက်​ပါဝင်။)

၁၃ ၁၉၅၀ ပြည့်နှစ်​၌ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ ၅ ဦး​တွင် ၃ ဦး​ခန့်​၏ မိခင်​ဘာသာ​စကား​မှာ အင်္ဂလိပ်​စကား​ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်​တိုင်သော် ၅ အချိုး ၂ အထိ ကျ​သွားပြီး ယနေ့ သက်သေခံ ၅ ဦးလျှင် ၁ ဦး​သာ အင်္ဂလိပ်​စကားပြော​သည်။ ဤသို့​ဖြစ်လာ​ခြင်း​ကို သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်​သည် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ ယခင်​က​ထက် ဘာသာ​စကား​များစွာ​နှင့် ဝိညာဉ်​အစာကို ကျွေးမွေးခြင်း​အားဖြင့်​ဖြစ်သည်။ (မဿဲ ၂၄:၄၅က​ဘ) ဥပမာ၊ ၁၉၅၀ ပြည့်နှစ်​တွင် ကျွန်ုပ်​တို့၏​စာပေ​ကို ဘာသာ​စကား ၉၀ ဖြင့် ထုတ်ဝေ​ခဲ့​သော်လည်း ယနေ့ ဘာသာ​စကား​ပေါင်း ၄၀၀ ခန့်​တိုး၍​ထုတ်ဝေ​နေပြီ။ ဘာသာ​စကား​အမျိုးမျိုး​ပြောဆိုသူ အုပ်စု​များ​ကို ဤသို့​အာရုံစိုက်​ခြင်း​ကြောင့် အကျိုး​ဖြစ်ထွန်း​ခဲ့ပြီ​လော။ ဖြစ်ထွန်း​ခဲ့ပြီ! တစ်ပတ်​လျှင် ပျမ်းမျှ “အသီးအသီး​ဘာသာ​စကား​ကို​ပြော” ဆို​သူ ၅,၀၀၀ ခန့်​သည် ခရစ်တော်​၏​တပည့်စစ်​များ ဖြစ်လာ​နေကြ​သည်! (ဗျာ. ၇:၉) ဆက်၍​လည်း တိုးများ​လာ​နေဆဲ​ပင်။ နိုင်ငံ​အချို့​တွင် “ပိုက်ကွန်” ဖြင့်​ငါး​များစွာကို ဖမ်းမိ​နေကြပြီ!—လုကာ ၅:၆; ယောဟန် ၂၁:၆

အကျိုးနပ်​သော ခရစ်ယာန်​ဓမ္မ​အမှု —အသင် ပါဝင်​နိုင်​သလော

၁၄။ ကျွန်ုပ်​တို့၏​ရပ်ကွက်​ရှိ ဘာသာ​ခြား​စကားပြော​ဆို​သူကို မည်သို့​ကူညီ​ပေး​နိုင်​သနည်း။ (“လက်ဟန်ပြ​ဘာသာ​စကား​နှင့် တပည့်​ဖြစ်စေ​ခြင်း” လေးထောင့်ကွက်​ပါဝင်။)

၁၄ အနောက်​တိုင်းနိုင်ငံ​များစွာ​တွင် တိုင်းတစ်ပါး​မှ လာရောက်​နေထိုင်ကြ​သူများ​ကြောင့် အနီး​ပတ်ဝန်းကျင်​၌ “အသီးအသီး​ဘာသာ​စကား” ပြောဆိုသူ​များ​ကို တပည့်ဖြစ်​စေရန် အခက်အခဲ​ပေါ်လာ​၏။ (ဗျာ. ၁၄:၆) ဘာသာ​ခြား​စကားပြော​ဆို​သူ ကျွန်ုပ်​တို့၏​ရပ်ကွက်သား​များ​ကို မည်သို့​ကူညီ​ပေး​နိုင်​မည်​နည်း။ (၁ တိမောသေ ၂:၄) ပုံဆောင်​စကား​အရ တော်​သင့်​မှန်ကန်သော ငါးဖမ်း​ကိရိယာ​ကို အသုံးပြုနိုင်​၏။ သူတို့​ဘာသာ​စကား​ဖြင့် စာပေ​များ​ကို ဝေငှပါ။ ဖြစ်​နိုင်​လျှင် သူတို့​ဘာသာ​စကားပြော​ဆို​တတ်​သူ သက်သေခံ​တစ်ဦး​အား သူတို့​ထံ​လည်ပတ်​ရန် စီစဉ်​ပေး​ပါ။ (တမန်​တော် ၂၂:၂) သက်သေခံ​များစွာ​သည် တိုင်းတစ်ပါးသား​များ​ကို ခရစ်တော်​၏​တပည့်​ဖြစ်လာ​စေရန် ကူညီ​ပေး​ဖို့ ဘာသာ​ခြား​စကား​များ သင်ယူ​နေကြပြီ​ဖြစ်​ရာ ထိုသို့​အစီအစဉ်များ​ဆွဲ​ခြင်း​သည် ယခု သာ၍​ပင်​လွယ်ကူ​လာပြီ။ ဤသို့​ကူညီ​ပေး​ရကျိုးနပ်​ကြောင်း မှတ်တမ်းများ​က ဖော်ပြ​သည်။

၁၅၊ ၁၆။ (က) နိုင်ငံ​ခြား​ဘာသာ​စကားပြော​သူများကို ကူညီ​ပေးခြင်း​သည် အကျိုးနပ်​ကြောင်း အဘယ်​ဥပမာ​များ​က ဖော်ပြ​သနည်း။ (ခ) နိုင်ငံ​ခြား​ဘာသာ​စကားပြော လယ်ကွင်း​လုပ်ငန်း​နှင့်​စပ်လျဉ်း၍ အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့ သုံးသပ်​နိုင်​ကြ​သနည်း။

၁၅ ဘာသာ​စကား ၃၄ မျိုး​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို ထမ်းဆောင်​နေသော နယ်သာလန်​နိုင်ငံ​မှ ပုံ​နမူနာ​နှစ်ခု​ကို သုံးသပ်ကြည့်​ပါ။ သက်သေခံ​ဇနီး​မောင်နှံ​တစ်စုံ​သည် ပိုလန်​စကားပြော နိုင်ငံခြားသား​များ​ထံ​သွား​၍ တပည့်ဖြစ်​စေရန် စေတနာ့​ဝန်ထမ်း​ခဲ့​ကြသည်။ သူတို့၏​ကြိုးစား​အားထုတ်မှုကို အားရပါးရ​တုံ့ပြန်​ကြ​ရာ ခင်ပွန်း​ဖြစ်သူ​သည် စိတ်ဝင်စား​သူများ​နှင့် ကျမ်းစာ​သင်အံမှု​ပြုလုပ်​နိုင်​ဖို့ တစ်ပတ်​လျှင် အချိန်​တစ်ရက် ပို​ရရှိရန် ဝမ်းစာရှာ​အလုပ်ကို မဖြစ်​မနေ​လျှော့ချ​ရမည်​ဖြစ်​ကြောင်း သိလိုက်​လေ​သည်။ မကြာမီ ဤ​ဇနီး​မောင်နှံ​သည် အပတ်စဉ် ကျမ်းစာ​သင်အံမှု ၂၀ ကျော်​ကျင်းပ​နေကြ​သည်။ သူတို့ ဤသို့​ပြော​သည်– “ခရစ်ယာန်​ဓမ္မ​အမှုမှာ​ပါဝင်​ရတာ ကျွန်တော်​တို့ သိပ်​ပျော်​တယ်။” မိမိတို့​ဘာသာ​စကား​ဖြင့် ကျမ်းစာ​အမှန်တရား​ကြားနာ​ရသူ​များ​က ကျေးဇူး​တင်​ကြောင်း ပြောဆို​သောအခါ အထူးသဖြင့် တပည့်​ဖြစ်စေ​သူများ ပျော်ရွှင်​ကြ​၏။ ဥပမာ၊ ဗီယက်နမ်​ဘာသာ​စကား​ဖြင့်​ကျင်းပ​သော အစည်းအဝေး​တစ်ခု​တွင် သက်ကြီးရွယ်အို​အမျိုးသား​တစ်ဦး​က မတ်တတ်​ထ၍ စကားပြော​ခွင့်​ပေး​ပါ​ရန် ခွင့်ပန်​ခဲ့​သည်။ သက်သေခံ​များ​အား မျက်ရည်​စက်​လက်​နှင့် သူ​ဤသို့​ပြော​၏– “ကျွန်တော့်​ရဲ့​ခက်ခဲ​တဲ့​ဘာသာ​စကား​ကို ခင်ဗျား​တို့ ကြိုးစား​သင်ယူ​နေကြ​လို့ ကျေးဇူး​တင်​ပါ​တယ်။ အသက်ကြီး​မှ သမ္မာကျမ်းစာ​ထဲ​က တကယ့်​ကောင်း​တဲ့​အချက်​တွေ သိလာ​ရလို့ အများကြီး​ကျေးဇူး​တင်​တယ်။”

၁၆ ထို့​ကြောင့် နိုင်ငံ​ခြား​ဘာသာ​စကားပြော အသင်းတော်များ​တွင် အမှုဆောင်​နေကြ​သူများ​သည် အလွန်​ပင်ပန်း​ရကျိုးနပ်​ကြောင်း ခံစားရ​သည်​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ။ ဗြိတိန်​နိုင်ငံ​မှ ဇနီး​မောင်နှံ​တစ်စုံ​က ဤသို့​ပြောပြ​သည်– “ကျွန်တော်​တို့​အမှုဆောင်ခဲ့တဲ့ အနှစ် ၄၀ အတွင်း နိုင်ငံ​ခြား​ဘာသာ​စကားပြော​လယ်ကွင်း​မှာ အမှုဆောင်​ရတာ စိတ်​အ​လှုပ်ရှား​ဆုံး​ပဲ။” စိတ်​လှုပ်ရှား​ဖွယ် ဤ​ခရစ်ယာန်​ဓမ္မ​အမှု​မျိုး​တွင် ပါဝင်​ရန် သင်၏​အခြေအနေ​များ​ကို ပြုပြင်​ပြောင်းလဲ​နိုင်​ပါသလော။ အကယ်၍ သင်သည် ကျောင်းတက်​နေ​သေး​လျှင် ဤ​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပါဝင်​နိုင်​ရန် ဘာသာ​ခြား​စကား​တစ်မျိုး​မျိုးကို သင်ယူ​လေ့လာ​နိုင်​သလော။ ထိုသို့​သင်ယူခြင်း​သည် ကောင်းချီး​ပြည့်ဝသော အကျိုးရှိ​ဘဝ​လမ်းစဉ်​အတွက် လမ်း​ဖွင့်ပေး​ရာ​ရောက်​နိုင်​သည်။ (သု. ၁၀:၂၂) ဤ​အကြောင်းကို သင်၏​မိဘများနှင့် ဆွေးနွေး​ကြည့်​ပါ​လေ။

ကျွန်ုပ်​တို့၏​နည်းလမ်းများ​ကို ပြောင်းလဲခြင်း

၁၇။ ကျွန်ုပ်​တို့​အသင်းတော်​ရပ်ကွက်တွင် ပို​၍​လူများ​များ​ထံ မည်သို့ ရောက်ရှိ​နိုင်​သနည်း။

၁၇ ကျွန်ုပ်​တို့​အများစု​သည် နိုင်ငံ​ခြား​ဘာသာ​စကားပြော​ရပ်ကွက်​များ​တွင် “ပိုက်ကွန်” ချရန် အခြေအနေ​မပေး​ကြောင်း နားလည်​နိုင်​ပါ​သည်။ သို့သော် ကျွန်ုပ်​တို့​အသင်းတော်​ရပ်ကွက်တွင်​ပင် ယခင်​က​ထက် ပို​၍​လူများ​များ​ထံ ရောက်ရှိ​နိုင်​ကြ​၏။ မည်သို့​အားဖြင့်​နည်း။ ကျွန်ုပ်​တို့၏​သတင်းတရားကို​မဟုတ်ဘဲ နည်းလမ်းများ​ကို ပြောင်းလဲခြင်း​အားဖြင့်​ဖြစ်သည်။ ဒေသ​များစွာ​၌ အဆင့်မြင့်​လုံခြုံရေး အဆောက်အအုံ​များ​တွင် နေထိုင်ကြ​သူ များသည်ထက်​များ​လာပြီ။ အခြားသူများ​မှာ​မူ ကျွန်ုပ်​တို့ အမှုဆောင်ထွက်​ချိန်​တွင် အိမ်​၌​မရှိကြ​ချေ။ ထို့​ကြောင့် ကျွန်ုပ်​တို့၏ “ပိုက်ကွန်” ချရန် အချိန်​နှင့်​နေရာကို ပြောင်းလဲ​ပေး​ဖို့ လို​ပေမည်။ ဤနည်းဖြင့် ယေရှုကို ကျွန်ုပ်​တို့ တုပ​ကြ​၏။ ကိုယ်တော်​သည် အခြေအနေ​အလိုက် လူ​တို့ကို ဟောပြောရန် နည်းလမ်း​ရှာ​ခဲ့​သည်။—မဿဲ ၉:၉; လုကာ ၁၉:၁-၁၀; ယောဟန် ၄:၆-၁၅

၁၈။ နေရာ​အသီးသီး​တွင် သက်သေခံခြင်း​သည် မည်သို့​ထိရောက်​မှု​ရှိ​သနည်း။ (“စီးပွားရေး​လုပ်ကိုင်သူ​များ​ကို တပည့်​ဖြစ်စေ​ခြင်း” လေးထောင့်ကွက်​ပါဝင်။)

၁၈ ကမ္ဘာ့​ဒေသ​အချို့​တွင် လူ​တို့ကို ရှာတွေ့နိုင်​သည့် မည်သည့်​နေရာ၌​မဆို သက်သေခံခြင်း​သည် တပည့်​ဖြစ်စေ​ခြင်း​၏ အရေးကြီး​နည်းလမ်း​တစ်ခု​ဖြစ်လာ​သည်။ ရင့်ကျက်သော တပည့်​ဖြစ်စေ​သူများ​သည် နေရာ​ဒေသ​အသီးသီး​တွင် သက်သေခံခြင်း​ကို ပို​၍​အာရုံစိုက်​လာကြပြီ။ ယခု​အခါ ကြေညာသူ​များသည် တစ်အိမ်​မှ​တစ်အိမ်​ဓမ္မ​အမှု​တွင် ပါဝင်​သည့်​အပြင် လေဆိပ်​များ၊ ရုံး​များ၊ စ​တိုး​ဆိုင်​များ၊ ကား​ရပ်​ရန်​နေရာများ၊ ကား​မှတ်တိုင်များ၊ လမ်းများ၊ ပန်းခြံ​များ၊ ကမ်းခြေ​များနှင့် မည်သည့်​နေရာတွင်​မဆို သက်သေခံ​နေကြပြီ။ ဟာဝိုင်ယီ​ရှိ နှစ်ခြင်း​ခံ​ပြီး​စ သက်သေခံ​များစွာကို ထိုသို့​သော​နေရာများ​တွင် ဦးဆုံး​တွေ့ဆုံ​ခဲ့​၏။ ကျွန်ုပ်​တို့၏​နည်းလမ်းများ​ကို ပြောင်းလဲ​ပေးခြင်း​အားဖြင့် တပည့်​ဖြစ်စေ​ပါ​ဟူသော ယေရှု၏​မိန့်မှာချက်ကို အပြည့်အဝ​လိုက်နာ​နိုင်​စေ​၏။—၁ ကောရိန္သု ၉:၂၂၊ ၂၃

၁၉။ ကျွန်ုပ်​တို့အား ယေရှု​မိန့်မှာ​ထား​သည့် အဘယ်​ကဏ္ဍ​နှစ်ရပ်​ကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​မည်​နည်း။

၁၉ တပည့်ဖြစ်​စေရန် ယေရှု၏​တာဝန်​ပေး​ချက်​တွင် ထို​လုပ်ငန်း​ကို အဘယ်ကြောင့် နှင့် အဘယ်​နေရာတွင် ပြုလုပ်​သင့်​သည်​သာမက အဘယ်အရာကို ဟောပြော​သင့်​ပြီး အဘယ်​အချိန်​ထိ​တိုင် ဆက်​ဟောပြော​သင့်​သည်​နှင့်​စပ်လျဉ်း၍ အသေးစိတ်​အချက်အလက်​များ ပါဝင်​သည်။ ကျွန်ုပ်​တို့အား ယေရှု​မိန့်မှာ​ထား​သည့် အဆိုပါ​ကဏ္ဍ​နှစ်ရပ်​ကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 ဤ​ဆောင်းပါး​တွင် ပထမ​မေးခွန်း​နှစ်ခု​ကို သုံးသပ်ကြ​မည်။ နောက်​ဆောင်းပါး​တွင် နောက်ဆုံး​မေးခွန်း​နှစ်ခု​ကို ဆွေးနွေး​ကြ​မည်။

^ အပိုဒ်၊ 8 ဟောပြောခြင်း​၌​ပါဝင်​ရန် ထပ်ဆင့်​အကြောင်းပြချက်​များ​ကို သု. ၁၀:၅; အာမုတ် ၃:၈; မဿဲ ၂၄:၄၂; မာကု ၁၂:၁၇; ရောမ ၁:၁၄၊ ၁၅ တို့​တွင် တွေ့ရှိ​ရသည်။

^ အပိုဒ်၊ 12 ဤ​ပရောဖက်ပြုချက်​ပြည့်စုံခြင်း​အကြောင်း​များနှင့်​စပ်လျဉ်း၍ ထပ်ဆင့်​သိ​လိုလျှင် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ၂၀၀၁၊ မေ ၁၅ ရက် ကင်းမျှော်စင် စာမျက်နှာ ၁၂ နှင့် ဟေရှာယ​ပရောဖက်ပြုချက်—လူ​ခပ်သိမ်း​အတွက်​အလင်း အတွဲ ၂၊ စာမျက်နှာ ၁၉၅ တို့ကို​ရှု။

သင်​မှတ်မိ​သလော

ကျွန်ုပ်​တို့သည် အဘယ်​အကြောင်းပြချက်​များနှင့် အဘယ် ရည်ရွယ်ချက်​တို့​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောပြီး တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို လုပ်ဆောင် နေကြ​သနည်း။

ယနေ့ ယေဟောဝါ​ကျေးကျွန်​များသည် လူမျိုးတကာ​တို့အား တပည့်​ဖြစ်စေ​ပါ​ဟူသော ယေရှု၏​မိန့်မှာချက်ကို အဘယ် အတိုင်းအတာ​အထိ ပါဝင်​လုပ်ဆောင်နေ​ကြ​သနည်း။

ကျွန်ုပ်​တို့၏ ‘ငါးဖမ်း​နည်း’ ကို​မည်သို့ ပြောင်းလဲ​နိုင်​မည်​နည်း၊ အဘယ်ကြောင့် ထိုသို့​ပြောင်းလဲ​ပေး​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

မျက်မမြင်​တို့အတွက် စာအုပ်​များ

ယူနိုက်တက်​စ​တိတ်​တွင် နေထိုင်​သော အဲလ်ဘတ်​သည် ခရစ်ယာန်​အကြီးအကဲ​တစ်ဦး ဖြစ်သည့်​အပြင် အချိန်ပြည့်​အမှုဆောင်​လည်း ဖြစ်၏။ သူသည် မျက်မမြင်​သူ​ဖြစ်၏။ လုပ်ငန်း တော်​ကြီးကြပ်မှူး​အနေ​နှင့် ခရစ်ယာန်​ဓမ္မ​အမှုကို ပိုမို​ထိရောက်​စွာ ထမ်းဆောင်​ရန် မျက်မမြင် ကျမ်းစာ,စာပေ ဖတ်ရှုခြင်း​က သူ့ကို​အထောက်အကူ ပြု​သည်။ အသင်းတော်​တာဝန်​ကို သူ​မည်သို့ ထမ်းဆောင် နေသနည်း။

ဦးစီး​ကြီးကြပ်မှူး ဂျိမ်းစ်​က “ကျွန်တော်​တို့​အသင်းတော်မှာ အဲလ်ဘတ်​လို ကောင်းကောင်း အမှုဆောင်​နိုင်​တဲ့ လုပ်ငန်းတော်​ကြီးကြပ်မှူး တစ်ယောက်မျှ​မရှိခဲ့ဖူးဘူး” ဟု​ပြောပြ​သည်။ အဲလ်ဘတ်​သည် နှစ်များ​တစ်လျှောက် အင်္ဂလိပ်​နှင့် စပိန်​မျက်မမြင်​စာ ဖြင့်​ရေးထားသည့် ကျမ်းစာ​အခြေပြု​စာပေ​များ​ရရှိခဲ့​သော ယူနိုက်တက်​စ​တိတ်​မှ မျက်မမြင် ၅,၀၀၀ မှ​တစ်ဦး​ဖြစ်သည်။ အမှန်​မှာ သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်​အတန်း အစား​သည် ၁၉၁၂ ခုနှစ်​မှ​စ၍ မျက်မမြင်​စာ ဖြင့် စာအုပ်​အမျိုး​ပေါင်း တစ်​ရာ​ကျော် ထုတ်ဝေ​ခဲ့ပြီ။ ယခု​အခါ ယေဟောဝါသက်သေ​များ​၏ ပုံနှိပ်​တိုက်​များ​က တိုးတက်​နေသော​နည်း စနစ်​များ​ကို အသုံးပြု၍ မျက်မမြင်​စာပေ​များ​ကို ဘာသာ​စကား​ပေါင်း တစ်ဆယ် ကျော်​ဖြင့် နှစ်စဉ် သန်းနှင့်ချီ​ထုတ်​ဝေပေး​ပြီး နိုင်ငံ ၇၀ ကျော်​တွင် ဖြန့်ချိ​လျက်​ရှိ၏။ မျက်မမြင်​များ​အတွက် ထုတ်ဝေ​ထားသော ကျမ်းစာ​အခြေပြု​စာပေ​များ​မှ အကျိုး​ရရှိနိုင်​မည့် တစ်ဦး​တစ်ယောက်ကို သင် သိရှိ ပါသလော။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

လက်ဟန်ပြ​ဘာသာ​စကား​နှင့် တပည့်​ဖြစ်စေ​ခြင်း

စိတ်အား​ထက်သန်​သော လူငယ်များစွာ​အပါအဝင် ကမ္ဘာ တစ်ဝန်း​ရှိ ထောင်နှင့်ချီ​သက်သေခံ​များသည် နား​လေး​သူတို့လည်း ခရစ်တော်​တပည့်​ဖြစ်လာ​စေရန် လက်ဟန်ပြ​ဘာသာ​စကား​ကို သင်ယူ​ခဲ့​ကြပြီ။ ယင်းကြောင့် ဘရာဇီး​တစ်နိုင်ငံ​တည်း​တွင် မကြာသေးမီ တစ်နှစ်​အတွင်း နား​လေး​သူ ၆၃ ဦး နှစ်ခြင်း​ခံ​ခဲ့​ပြီး ယခု​အခါ နား​လေး​သူ​သက်သေခံ ၃၅ ဦး​သည် အချိန်ပြည့်​ဧဝံဂေလိ တရားဟော​ပြောသူ​များ​အဖြစ် အမှုဆောင်​လျက်​ရှိကြ​၏။ ကမ္ဘာ​တစ်ဝန်း​တွင် လက်ဟန်ပြ​ဘာသာ​စကား​အသင်းတော်များ​နှင့် အုပ်စု​များ ၁,၂၀၀ ကျော်​ရှိ၏။ ပထဝီ​အနေအထား​အရ​ပြော​ရ​လျှင် ရုရှား​နိုင်ငံ​ရှိ တစ်ခု​တည်း​သော လက်ဟန်ပြ​ဘာသာ​စကား​တိုက်နယ်​သည် ကမ္ဘာ​ပေါ်​တွင် အကြီးဆုံး​တိုက်နယ်​ဖြစ်​ပြီး ရုရှား​တစ်နိုင်ငံ​လုံး ပါဝင်​၏!

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

စီးပွားရေး​လုပ်ကိုင်သူ​များ​ကို တပည့်​ဖြစ်စေ​ခြင်း

ဟာဝိုင်ယီ​မှ သက်သေခံ​တစ်ဦး​သည် စီးပွားရေး​လုပ်ကိုင်သူ​များ​၏ ရုံးခန်း​များ တွင် အမှုဆောင်​စဉ် သယ်ယူ​ပို့ဆောင်​ရေး ကုမ္ပဏီ​တစ်ခု​၏​အရာရှိ​တစ်ဦး​နှင့်​တွေ့ဆုံ​ခဲ့​သည်။ သူသည် အလုပ်များ​သော်လည်း သူ၏​ရုံးခန်း​တွင် တစ်ပတ်​လျှင် မိနစ် ၃၀ ကျမ်းစာ​သင်​ရန် သဘောတူ​လိုက်​သည်။ ဗုဒ္ဓဟူး​မနက်​တိုင်း ဖုန်း​လာ​လျှင် သူ့ကို​မ​ခေါ်​ရန် သူ၏ ဝန်ထမ်း​များ​အား မှာ​ထားပြီး ကျမ်းစာ သင်အံမှု​ကို လုံးလုံး​အာရုံစိုက်​လေ့လာ​ခဲ့​သည်။ ဟာဝိုင်ယီ​မှ သက်သေခံ​နောက်​တစ်ဦး​သည် ဖိနပ်​ချုပ်​ဆိုင်​ပိုင်ရှင်​နှင့် တစ်ပတ်​လျှင် တစ်ကြိမ် ကျမ်းစာ​သင်အံမှု​ပြုလုပ်​သည်။ ဆိုင်​ကောင်တာ​တွင်​ပင် သင်အံမှု​ကို ကျင်းပ ၏။ ဖောက်သည်​တစ်ဦး​ရောက်လာ​လျှင် သက်သေခံ​သည် ဘေးဖယ်​ပေး​လိုက်​သည်။ ထို​ဖောက်သည် ပြန်သွား​သည့်​အခါ သင်အံမှု ပြန်​စ​ကြသည်။

သက်သေခံ​များသည် နေရာ​အသီးသီး​တွင် သူတို့၏ “ပိုက်ကွန်” ချရန် အစပြု ကြိုးစား​လုပ်ဆောင်ခဲ့​ကြသော​ကြောင့် ထို​အရာရှိ​နှင့် ဆိုင်​ရှင်တို့​ကို တွေ့ဆုံ​ခဲ့​ကြ​ခြင်း​ဖြစ်၏။ အိမ်​၌​တွေ့ရ​ခဲ​သူများကို သင်​တွေ့ဆုံ​နိုင်​မည့် အသင်းတော်​ရပ်ကွက်​ရှိ အခြား​နေရာများ​ကို စဉ်းစား​နိုင်​ပါသလော။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

နိုင်ငံ​ခြား​ဘာသာ​စကားပြော လယ်ကွင်းတွင် အသင် အမှုဆောင်​နိုင်​သလော