မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘နွေကာလနှင့်ဆောင်းကာလ မပြတ်ရ’

‘နွေကာလနှင့်ဆောင်းကာလ မပြတ်ရ’

ယေဟောဝါ​၏ ဖန်ဆင်း​ခြင်း​လက်ရာ ခံ့ညား​ထည်ဝါမှု

‘နွေ​ကာလ​နှင့်​ဆောင်း​ကာလ မပြတ်​ရ’

အလွန်​ပူပြင်း​တောက်ပ​သော နေသည်​သဲကန္တာရ​ပေါ်​သို့ အလင်းဖြာ​ကျနေ​သည်။ ကမ္ဘာ​၏​အခြား​ဒေသ​များ​တွင်​မူ အေးချမ်း​သော​ဆောင်း​ဥတု​အကုန်​၌ ယင်းကြောင့် အ​နွေး​ဓာတ်​ရလာ​သည်။ မှန်ပါသည်၊ နေ​ရောင်ခြည်​သည် ရာသီဥတု​များ​ကို​ဖြစ်ပေါ်​စေသော အဓိက​အကြောင်းရင်း​တစ်ခု​ဖြစ်၏။

ကမ္ဘာ​တစ်ဝန်း​ရှိ ရာသီဥတု​အခြေအနေ​များ မတူကြ​ပါ။ သို့သော် ရာသီဥတု​များ​က သင့်​အပေါ် မည်သို့​အကျိုး​သက်ရောက်​သနည်း။ သစ်ပင်၊ ပန်းပင်​များ ပြန်လည်​ဖူး​ပွင့်​ဝေဆာ​လာ​သည်ကို မြင်တွေ့ရ​သော နွေဦး​ရာသီ​၏ လန်းဆန်း​သစ်လွင်​မှု​ကို သင်​နှစ်ခြိုက်​သလော။ သာယာသော နွေ​ရာသီ​ညချမ်း​ပိုင်း​ကို သင်​သဘောကျ​သလော။ သစ်​ရွက်​များ​အရောင်ပြောင်း​ကာ လှပ​ဝေဆာ​နေသော ဆောင်းဦး​ရာသီ​၏ အေးစိမ့်​စိမ့်​နေ့ရက်​များ​ကို သင်​နှစ်သက်​သလော။ ဆီးနှင်း​ဖုံးလွှမ်း​နေသော သစ်တော​မြင်ကွင်း​ကြောင့် သင်​စိတ်​ချမ်းမြေ့​မိ​ပါသလော။

အဘယ်အရာက ရာသီဥတု​များ​ကို ဖြစ်ပေါ်​စေ​သနည်း။ လို​ရင်း​ပြော​ရ​လျှင် ကမ္ဘာကြီး​တိမ်းစောင်း​နေခြင်း​ကြောင့်​ဖြစ်သည်။ ကမ္ဘာ့​ဝင်ရိုး​သည် နေ​ပတ်လည်​ရှိ ကမ္ဘာ​၏​ပတ်​လမ်း​ပြင်ညီ​နှင့် နှိုင်းယှဉ်လျှင် ၂၃.၅ ဒီဂရီ​ခန့် စောင်း​နေသည်။ ကမ္ဘာ့​ဝင်ရိုး စောင်း​မနေ​ပါ​က ဥတု​များ​ရှိ​မည်​မဟုတ်။ ရာသီဥတု​တစ်မျိုးတည်း ဖြစ်နေ​ပေ​လိမ့်​မည်။ ယင်းက သစ်ပင်​မြက်​ပင်​များနှင့် ကောက်ပဲသီးနှံ​ထွက်​ရှိ​မှု​သံသရာ​ကို ထိခိုက်​ပါ​လိမ့်​မည်။

ရာသီစက်ဝန်း​အစဉ်​၏​နောက်ဝယ်​တွင် ဖန်ဆင်း​ရှင်​၏​ဖန်တီးမှု​ကို တွေ့ မြင်နိုင်​သည်။ ယေဟောဝါ​ဘုရားသခင်​အား ဆာလံဆရာ​က ဤသို့​သင့်လျော်​စွာ ချီးမွမ်း​ပြောဆို​ခဲ့​သည်– “မြေကြီး​၏​အကန့်အသတ်​ရှိသမျှကိုလည်း​ကောင်း၊ နွေ​ကာလ​နှင့်​ဆောင်း​ကာလ​ကိုလည်း​ကောင်း [“ကိုယ်တော်တိုင်၊” က​ဘ] စီရင်တော်မူ​၏။”ဆာလံ ၇၄:၁၇သမ္မာ။ *

မြေကြီးပေါ်​မှ ကြည့်ရှု​သူ​တစ်ဦး၏ အမြင်​တွင် ကောင်းကင်​တန်ဆာ​များသည် မမှား​နိုင်သော ရာသီဥတု ညွှန်​တံ​များ​ဖြစ်​ကြသည်။ နေ​အဖွဲ့အစည်း​ကို ဖန်ဆင်း​သောအခါ ဘုရားသခင်​က ဤသို့​ကြေညာ​ခဲ့​သည်– “မိုးကောင်းကင်​မျက်နှာကြက်​၌ အလင်း​အိမ်​တည်စေ၊ နိမိတ်​လက္ခဏာ၊ ချိန်းချက်သော​အချိန်၊ နေ့ရက်​အပိုင်းအခြား၊ နှစ်​အပိုင်းအခြား​ဖို့​ဖြစ်စေ။” (ကမ္ဘာဦး ၁:၁၄) တစ်နှစ်​အတွင်း​တွင် ကမ္ဘာ​သည် ပတ်​၍​သွားစဉ် နေသည် မွန်းတည့်​ချိန်​နှစ်​ချိန်​တွင် ကမ္ဘာ့​အီကွေတာ​အပေါ်​တည့်တည့်​၌ ရှိနေ​၏။ ဤ​နှစ်ကြိမ်​ကို နေ့​ည​ညီ​ချိန်​များ​ဟု​ခေါ်​၏၊ နိုင်ငံ​အများ​တွင် ၎င်းတို့သည် နွေဦး​နှင့် ဆောင်းဦး​တို့ကို သတ်မှတ်​ဖော်​ပြပေး​သည်။ နေ့​ည​ညီ​ချိန်​အတွင်း တစ်ကမ္ဘာ​လုံး​၌ နေ့​တာ​နှင့်​ည​တာ တူညီ​သလော​က်​ရှိကြသည်။

သို့သော် နက္ခတ်​တာ​ရာ ရွေ့လျား​မှုများ​ကြောင့်​သာ ရာသီဥတု​များ​ဖြစ်ပေါ်၊ တည်ရှိခြင်း​မဟုတ်ပါ။ ရာသီ​များ၊ ဥတု​နှင့် မိုးလေဝသ​အခြေအနေ အားလုံး​တို့သည် သက်ရှိ​များ​ကို​ဆက် အသက်ရှင်​စေသည့် ခက်ခဲ​ရှုပ်ထွေး​သော​ဖွဲ့စည်းပုံ​နှင့် အပြန်အလှန်​ချိတ်ဆက်​နေသည်။ အများအားဖြင့် လယ်ယာ​စိုက်ပျိုးခြင်း၊ စား​နပ်​ရိက္ခာ​ထုတ်လုပ်ခြင်း​တို့​နှင့် အကျွမ်းတဝင်​ရှိကြ​သော အာရှမိုင်းနား​ရှိ လူ​တို့ကို ဟောပြော​ရာ​တွင် ခရစ်ယာန်​တမန်​တော် ပေါလု​နှင့် သူ၏​အပေါင်းပါ ဗာနဗ​က ဘုရားသခင်​သည် “သင်တို့ . . . အစာ​အာဟာရ​နှင့်​ဝ​ပြော​၍ ဝမ်းမြောက်​စေခြင်း​ငှာ၊ မိုးကောင်းကင်​မှ​မိုးရွာ​စေတော်မူ​၍၊ အသီးအနှံ​တို့ကို​သီး​စေ​တတ်သော​ဥတု​ကို ပေး​တော်​မူ” ၏​ဟု​ဖော်ပြ​ခဲ့​သည်။—တမန်​တော် ၁၄:၁၄-၁၇

အံ့ဖွယ်ကောင်း​သော အလင်း​မှီ​စု​ဖွဲ့ ခြင်း​ဖြစ်​စဉ်​က ကုန်းပေါ်​တွင် သစ်ပင်​မြက်​ပင်​များ၊ ပင်လယ်​ထဲ​ရှိ ရေ​မျှော​ပင်​လေး​များ​ကို ရှင်သန်​စေ​သည်။ ယင်းကြောင့် လက်ရှိ​အစာ​သံသရာ​နှင့် ဇီဝ​မျိုးစိတ်​ကွန်ရက်​တို့သည် ရှုပ်ထွေး​ပွေလီ​သော​နည်းများဖြင့် မိုးလေဝသ​နှင့် ရာသီဥတု​တို့ကို အလိုက်သင့်​တုံ့ပြန်​ကြသည်။ ဤ​အရာအားလုံး​တို့​၌ ယေဟောဝါ​၏​လက်တော်​ပါ​ကြောင်းကို ပေါလု​က ဤသို့​ထောက်ခံ​ပြောဆို​ခဲ့​သည်– “အ​ကြင်​မြေ​သည် မိမိ​အပေါ်​သို့​အဖ​န်​ဖန်​ကျ​သော​မိုး​ရေ​ကို​သောက်​၍၊ လုပ်သော​သူ​သုံးဖို့ ဟင်းသီးဟင်းရွက်​ကို​ဖြစ်စေ​တတ်၏။ ထို​မြေ​သည် ဘုရားသခင်​၏​ကောင်းချီး​မင်္ဂလာ​ကို​ခံ​တတ်၏။”—ဟေဗြဲ ၆:၇

နွေဦး​ချိန်​တွင် မျှတသော​အပူချိန်​များ​ရှိ​ခြင်း၊ နေ့​တာ​ရှည်​ခြင်း၊ နေ​ရောင်ခြည်​ပို​ရရှိ​ခြင်း၊ မိုး​အသင့်အတင့်​ရွာ​ခြင်း​တို့ ဖြစ်ပေါ်​သော​နေရာများ​တွင် မည်သို့​ရှိသည်​ကို​စဉ်းစား​ကြည့်​လျှင် “ကောင်းချီး” ဟူသော​စကားလုံး​သည် အဓိပ္ပာယ်​အသစ်​တစ်မျိုး​ဆောင်​သည်။ ထို​အခါ ပန်း​များ ဖူး​ပွင့်​လာကြပြီး ပိုးမွှား​များ ဆောင်း​ခို​ရာ​နေရာများ​မှ ထွက်​လာ​ကြ​ကာ သီးနှံ​ပင်​များ​ကို ဝတ်မှုန်​ကူး​ဖို့ အသင့်​ဖြစ်နေ​ကြ​၏။ ဤ​တွင် သင်​တွေ့ မြင်ရသော ဗွတ်ငှက်ပြာ​စ​သည့် ငှက်​များသည် ယင်း​တို့၏​အရောင်အသွေး​နှင့် တေးသံ​ဖြင့် တစ်​တော​လုံး​ကို အရောင်ခြယ်​ကာ ဆူညံ​စေ​ကြသည်၊ တောတောင်​ရှုခင်း​များလည်း သက်ဝင်​လှုပ်ရှား​လာ​သည်။ သက်ရှိ​များသည် လှုပ်လှုပ်ရွရွ​ဖြစ်လာ​ပြီး မွေးဖွားခြင်း၊ ပြန်လည်​ရှင်သန်ခြင်း​နှင့် ကြီးထွားခြင်း ဇီဝ​စက် များ ဆက်၍​လည်ပတ်​လာ​ကြသည်။ (ရှောလမုန်သီချင်း ၂:၁၂၊ ၁၃) သို့ဖြင့် နွေ​အကုန် ဆောင်း​အကူး​တွင် သီးနှံ​ရိတ်သိမ်း​ဖို့ အချိန်​အခါ ရောက်လာ​လေ​သည်။—ထွက်မြောက်ရာ ၂၃:၁၆

ကမ္ဘာကြီး​၏ ရွေ့လျား​မှု၊ နေ့​နှင့်​ည၊ ရာသီဥတု​များ၊ စိုက်​ပျိုး​ချိန်​နှင့် ရိတ်သိမ်းချိန်​တို့ကို ဖြစ်ပေါ်​စေရန် ပြင်ဆင်​ပေး​ထား​ပုံ​များ​က ယေဟောဝါ​၏​လုပ်ရပ်များ​ကို အံ့ဖွယ်ကောင်း​စွာ ထင်ရှားစေ​ကြသည်။ ဆောင်း​ကာလ​ပြီး​လျှင် နွေ​ကာလ​ရောက်လာ​မည်​ကို ကျွန်ုပ်​တို့​စိတ်ချ​ကြသည်။ အမှန်​မှာ “မြေကြီး​တည်​သမျှ​ကာလပတ်လုံး မျိုးစေ့ကြဲ​ချိန်​နှင့် ရိတ်သိမ်းချိန်၊ အပူ​နှင့်​အအေး၊ နွေ​ကာလ​နှင့်​ဆောင်း​ကာလ၊ နေ့​နှင့်​ည​သည် မပြတ်​ရ” ဟု ဘုရားသခင် ကတိ​ထား​တော်​မူ​ပြီ။—ကမ္ဘာဦး ၈:၂၂သမ္မာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ယေဟောဝါသက်သေ​များ​၏ ၂၀၀၄ ပြက္ခဒိန် ဇူလိုင်/သြဂုတ်​လ​ကို​ရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အသက်​အတွက် အရေးပါသော အရန်​ဂြိုဟ်

ခေတ်​ကာလ​များ​တစ်လျှောက် လ​သည် လူ​တို့အတွက် စိတ်​တက်ကြွ​စ​ရာ၊ အံ့အားသင့်​စ​ရာ​ဖြစ်​ခဲ့ပြီ။ သို့သော် လ​သည် ရာသီဥတု​များ​ကို ဩဇာ​လွှမ်း​ကြောင်း သင်​သိပါသလော။ လ​တည်ရှိ​နေခြင်း​က ကမ္ဘာကြီး​တိမ်းစောင်း​နေခြင်း၊ တစ်နည်း​အားဖြင့် ဝင်ရိုး​ပေါ်​တွင်​လည်ပတ်​ရာ​၌ ကမ္ဘာ​စောင်း​နေသည့်​ဒီဂရီ​ကို အခြေခိုင်​စေ​သည်။ ယင်းသည် “မြေကြီးပေါ် ဆက်​အသက်ရှင်​နိုင်​ရန် အခြေအနေ​များ​ကို ဖြစ်ပေါ်​စေ​ရာ​၌ အရေးပါသော​အခန်းကဏ္ဍ​တစ်ခု” ဖြစ်၏​ဟု သိပ္ပံ​စာပေ​ရေးသားသူ အင်ဒရူး​ဟေးလ်​က ဆို​၏။ ကမ္ဘာ​ဝင်ရိုး​စောင်း​နေခြင်း​ကို အခြေခိုင်​စေသည့် ဤ​ကြီးမားသော သဘာဝ​အရန်​ဂြိုဟ်​ကြီး​မရှိခဲ့​သော် အပူရှိန် မြင့်တက်​လာပြီး မြေကြီးပေါ် အသက်ရှင်​ရန် ဖြစ်​နိုင်​မည် မဟုတ်။ ထို့​ကြောင့် နက္ခတ္တ​ဗေဒ​ပညာရှင်​တစ်စု​က ဤသို့​ကောက်ချက်​ချ​ခဲ့​သည်– “လ​သည် ကမ္ဘာ့​ရာသီဥတု​အပြောင်းအလဲ​ကို ထိန်း​ညှိ​ပေး​သော​ဂြိုဟ် တစ်လုံး​ဖြစ်သည်ဟု ဆိုနိုင်​သည်။”—ဆာလံ ၁၀၄:၁၉

[Credit Line]

Moon: U.S. Fish & Wildlife Service, Washington, D.C./Bart O’Gara

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကုလားအုတ်​များ၊ မြောက်​အာဖရိက​နှင့် အာရေဘီယန်​ကျွန်းဆွယ်