မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ပညာသတိရှိသောသူသည် အသိပညာနှင့်ပြုမူတတ်’

‘ပညာသတိရှိသောသူသည် အသိပညာနှင့်ပြုမူတတ်’

‘ပညာသတိ​ရှိသောသူ​သည် အသိပညာနှင့်​ပြုမူ​တတ်’

ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​မှ​လမ်းညွှန်မှု​သည် ‘ရွှေ​ထက်မက များစွာသော​ရွှေ​စင်​ထက် သာ၍​နှစ်သက်ဖွယ်​ဖြစ်၏။’ (ဆာလံ ၁၉:၇-၁၀) အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ “ပညာရှိ​သော​သူ [ယေဟောဝါ] ၏​တရားသည် အသေခံ​ရာ​ကျော့ကွင်း​တို့​မှ လွှဲရှောင်​ရာ​အသက်​စမ်းရေ​တွင်း​ဖြစ်” သောကြောင့်​တည်း။ (သု. ၁၃:၁၄) သမ္မာကျမ်းစာ​မှ သွန်သင်ချက်​များ​ကို လက်တွေ့​ကျင့်သုံး​သောအခါ ၎င်းတို့သည် ကျွန်ုပ်​တို့၏​ဘဝ​အရည်အသွေးကို တိုးတက်စေ​ရုံ​မ​က အန္တရာယ်​ကျော့ကွင်း​များ​ကိုလည်း ရှောင်ရှား​စေ​သည်။ သမ္မာကျမ်းစာ​အသိပညာကို ရှာဖွေ​ဆည်းပူး​ကာ သိရှိလာရာ​များ​ကို လိုက်နာ​ကျင့်သုံး​ဖို့ အလွန်​အရေးကြီး​၏!

နယပုံပြင် ၁၃:၁၅-၂၅ တွင်​ဖော်ပြ​ထား​သည့်​အတိုင်း၊ ရှေးခေတ်​ဣသရေလ​ရှင်ဘုရင် ရှောလမုန်​သည် သာ၍​ကောင်းစား​ပြီး အသက်ပိုရှည်​စေသည့်​ဘဝကို ကျွန်ုပ်​တို့​မွေ့လျော်​ခံစား​နိုင်​ဖို့ အသိပညာ​ရှိ​ရှိ ပြုမူ​ဆောင်ရွက်​စေသော လမ်းညွှန်မှုကို​ပေး​ခဲ့​ပါ​သည်။ * ကျွန်ုပ်​တို့ကို ချစ်ခင်​သူများ​ပြီး ဓမ္မ​အမှုကို သစ္စာရှိ​ရှိ ဆက်​ဆောင်ရွက်​နိုင်​ဖို့​နှင့် ဆုံးမ​ခံရ​ခြင်း​ကို သဘောထား​မှန်​ဖြင့်​လက်ခံ​၍ အပေါင်းအသင်းများကို ပညာရှိ​စွာ​ရွေး​ပေါင်း​နိုင်​ရန် သမ္မာကျမ်းစာ​က မည်သို့​ကူညီ​ပေး​ကြောင်း လိုရင်းတိုရှင်း​စကားပုံ​များ​ဖြင့် သူသိ​နားလည်​စေပါ​သည်။ ထို့​ပြင် အမြော်အမြင်​ရှိ​ရှိ သားမြေး​များ​အတွက် အမွေဥစ္စာ​ချန်ရစ်​ခြင်း​နှင့် သူတို့ကို မေတ္တာဖြင့်​ဆုံးမ​သွန်သင်ခြင်း​ကိုလည်း သူ​သုံးသပ်​ဖော်ပြ​သည်။

ကောင်းစွာ​ထိုးထွင်း​သိမြင်ခြင်း​က မျက်နှာသာ​ရစေ

“ကောင်းစွာ​ထိုးထွင်း​သိမြင်​တတ်​သူသည် မျက်နှာ​ရ၏။ ပြစ်မှား​သော​သူတို့​လမ်း​မူ​ကား ကြမ်းတမ်း​၏” ဟု​ရှောလမုန်​ဆို​၏။ (သု. ၁၃:၁၅က​ဘ) ‘ကောင်းစွာ​ထိုးထွင်း​သိမြင်’ သို့​မဟုတ် ကောင်းစွာ​သဘောပေါက်​နားလည်​သည်​ဆို​သော အသုံးအနှုန်း​အတွက် မူရင်း​ဘာသာ​စကား အသုံးအနှုန်း​သည် “ကောင်းစွာ​ဆင်ခြင်​ဆုံးဖြတ်၊ မှန်ကန်​စွာ​အကဲဖြတ်၊ ပညာရှိ​သည့်​ထင်မြင်ချက်​များ​ရှိ​ခြင်း​ကို​ဖော်ပြ” ၏​ဟု ကိုးကားချက်​တစ်ခု​က​ဆို​သည်။ ဤ​အရည်အသွေးများ​ရှိသူ​သည် လူအများ​၏ ချစ်ခင်​နှစ်သက်မှု​ရရှိဖို့ မ​ခက်​ပါ။

ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​သော ကျွန်ပြေး​သြနေသိမ်ကို သူ၏​သခင် ခရစ်ယာန်​ချင်း ဖိလေမုန်​ထံ တမန်​တော်​ပေါလု​ပြန်​ပို့ပေး​ချိန်​တွင် အမြော်အမြင်​ရှိ​ရှိ ပြုမူ​ဆက်ဆံ​ခဲ့​ပုံ​ကို သတိပြုပါ။ တမန်​တော်​အား လက်ခံ​ကြိုဆို​မည့်​နည်းတူ ဩ​နေ​သိ​မ်​ကို ကြင်နာ​စွာ ပြန်​လက်ခံရန် ဖိလေမုန်​ကို ပေါလု​တိုက်တွန်း​ခဲ့​သည်။ အမှန်​ဆို​သော် ပေါလု​က ဩ​နေ​သိ​မ်​သည် ဖိလေမုန်​ကို ကြွေးတင်​နေ​မည်​ဆိုလျှင် မိမိ​ကိုယ်တိုင် ထို​အကြွေး​ကို​ဆပ်ပေး​မည်​ဟု ပြော​ခဲ့​သည်။ ပေါလု​သည် မိမိ၏​အခွင့်အာဏာကို အသုံးပြုပြီး ဟုတ်​တိုင်း​မှန်ရာကို​ပြုလုပ်​ရန် ဖိလေမုန်​အား အမိန့်ပေး​နိုင်​ပါ​သည်။ သို့သော် တမန်​တော်​ပေါလု​သည် ထို​ကိစ္စ​ကို မေတ္တာပါပါ လိမ္မာပါးနပ်မှု​ရှိ​ရှိ ကိုင်တွယ်​ရန် ဆုံးဖြတ်​ခဲ့​သည်။ ထိုသို့​ဖြင့် ဖိလေမုန်​သည် သူ့​အား​တောင်းဆို​သည်ထက် သာ၍​ပင်​ပြုလုပ်​လိမ့်​မည်​ဟု ပေါလု​ယုံကြည်​စိတ်ချ​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ယုံကြည်သူချင်း​များနှင့် ဤ​နည်း​အတိုင်း မဆက်ဆံ​သင့်​ပေ​လော။—ဖိလေမုန် ၈-၂၁

တစ်ဖက်​တွင် သစ္စာမဲ့သော​သူတို့၏​လမ်း​မူ​ကား “ကြမ်းတမ်း” ၏။ အဘယ်​သဘောဖြင့်​နည်း။ ပညာရှင်​တစ်ဦး​အရ ဤ​တွင်​အသုံးပြု​ထားသော စကားလုံး​၏​ဆိုလိုချက်​မှာ “တင်းမာခြင်း သို့​မဟုတ် ခိုင်မာ​ခြင်း​ဖြစ်​ပြီး လူဆိုး​တို့၏ အကြင်နာ​ကင်း​သော​အမူအကျင့်ကို ရည်ညွှန်း​သည်။ . . . ဆိုးသော​လမ်း၌ စွဲမြဲ​နေ​သူသည် သူတစ်ပါး​ပေး​သော ပညာရှိ​သွန်သင်ချက်​ကို ပမာဏ​မပြု လျစ်လျူရှု​တတ်​သဖြင့် ပျက်စီးခြင်း​လမ်းပေါ်​၌​ရှိ၏” ဟူ၍​ဖြစ်သည်။

ရှောလမုန်​ဤသို့​ဆက်​ပြော​သည်– “ပညာသတိ​ရှိ [“လိမ္မာ​ပါးနပ်၊” က​ဘ] သော​သူသည် အရာရာ၌ အသိပညာနှင့်​ပြုမူ​တတ်၏။ မိုက်​သော​သူ​မူ​ကား မိမိ​မိုက်မဲခြင်း​ကို​ဖွင့်ပြ​တတ်၏။” (သု. ၁၃:၁၆သမ္မာ) ဤ​တွင်​ဖော်ပြ​သော လိမ္မာ​ပါးနပ်​သူသည် လူ​လည်​ကျ​သူ​မဟုတ်ပါ။ အသိပညာနှင့်​ယှဉ်​နေသော ဤ​လိမ္မာပါးနပ်မှု​သည် အမှု​တစ်ခု မပြုမူ​မီ စဉ်းစား​ချင့်ချိန်​တတ်သော အမြော်အမြင်​ရှိသူ​နှင့် ဆက်စပ်​လျက်​ရှိသည်။ လိမ္မာ​ပါးနပ်​သူသည် မတရား​သဖြင့် ဝေဖန်ခံ​ရသောအခါ သို့​မဟုတ် စော်ကား​ခံရသော​အခါ​၌​ပင် သူ၏​နှုတ်​ကို ချုပ်တည်း​ထား​တတ်​သည်။ အလွန်အမင်း​စိတ်မဆိုး​မိ​စေရန် သန့်ရှင်းသော​ဝိညာဉ်​တော်​အသီးများ ကြိုးစား​တင်ပြ​နိုင်​ဖို့ ဘုရားသခင်​ထံ​ဆုတောင်း​တတ်​သည်။ (ဂလာတိ ၅:၂၂၊ ၂၃) အမြော်အမြင်​ရှိသူ​သည် အခြားသူ​တစ်ဦး သို့​မဟုတ် အခြေအနေ​တစ်ခု​၏ ထိန်းချုပ်​လွှမ်းမိုးမှုကို မခံ​ချေ။ ယင်းအစား သူသည် ချုပ်တည်း​မှု​တင်ပြ​သည်၊ အကဲဆတ်​ဗွေယူ​လွယ်​သူ ကြုံတွေ့​တတ်သော ရန်ပွဲ​များ​ကို သူ​ရှောင်ရှား​သည်။

ထို့​ပြင် လိမ္မာ​ပါးနပ်​သူသည် ဆုံးဖြတ်ချက်​များ​ချ​သည့်​အခါ အသိပညာနှင့်​ပြုမူ​တတ်​သည်။ မှန်း​ချက်​ဖြင့်၊ စိတ်​လှုပ်ရှား​ကာ လူအများ​ကြိုက်​လိုက်လုပ်​ကိုင်​ရုံ​ဖြင့် ပညာရှိ​သည့်​လုပ်ရပ်များ ဖြစ်ပေါ်​ခဲ​ကြောင်း သူသိ​ထား​သည်။ ထို့​ကြောင့် ဖြစ်ပေါ်​နေသော​အခြေအနေ​ကို အချိန်​ယူပြီး ဆန်းစစ်​ကြည့်​တတ်​သည်။ အဖြစ်အပျက်​အားလုံး​ကို ကြည့်ရှု​စစ်ဆေး​ပြီး​နောက်​မှ မိမိ​၌ အဘယ်​လုပ်ပိုင်ခွင့်​များ​ရှိကြောင်း စူးစမ်း​သည်။ ထို့နောက် ကျမ်းစာ​ကို ရှာဖွေ​လေ့လာ​ပြီး အဘယ်​ကျမ်းစာ​ပညတ်​များ သို့​မဟုတ် မူများ​ကို မိမိ​လိုက်​နိုင်​ကြောင်း ဆုံးဖြတ်​သည်။ ထိုသို့​သော​သူ၏​လမ်း​သည် ဖြောင့်​လျက်​ရှိ၏။—သု. ၃:၅၊ ၆

“သစ္စာ​ရှိသော​သံတမန်​မူ​ကား ကျန်းမာ​ခြင်း​အကြောင်း​ဖြစ်”

ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ကြေညာ​ရန် တာဝန်ရ​ရှိ​ထား​သည်။ ဆက်​တင်ပြသော ပညာရှိ​၏​စကား​က ကျွန်ုပ်​တို့​တာဝန်​ကို သစ္စာရှိ​ရှိ​ဆောင်ရွက်ရန် အထောက်အကူ​ပြု​သည်။ “မတရားသော​အစေခံ [“တမန်၊” က​ဘ] သည် မိမိ​စောင့်​သော​အမှုကို​ဖျက်​တတ်၏။ သစ္စာ​ရှိသော​သံတမန်​မူ​ကား ကျန်းမာ​ခြင်း​အကြောင်း​ဖြစ်၏” ဟု​ဆို​သည်။—သု. ၁၃:၁၇

ဤ​တွင် စေတမန်​၏​အရည်အသွေးများ​ကို အလေးပေး​ဖော်ပြ​ထား​သည်။ သတင်းပို့​သော​စေတမန်​သည် လို​ရာ​ဆွဲ​၍ မမှန်မကန်​ပြော​မည် သို့​မဟုတ် သတင်းကို​ပြောင်းလဲ​လိုက်​မည်​ဆိုလျှင်​ကော။ သူ့​အပေါ် ဘေးဆိုး​ရောက်မည်​မဟုတ်လော။ ပရောဖက်​ဧလိရှဲ​၏​ကျွန် ဂေဟာဇိ​ကို​သတိရပါ၊ သူသည် ရှုရိ​စစ်ဗိုလ်ချုပ်​နေမန်​အား လောဘ​ကြောင့် သတင်း​မှား​ပေး​ခဲ့​၏။ ထို​အခါ ရောဂါ​ပျောက်ကင်း​သွားသော နေမန်​၏ နူနာ​ရောဂါ​ကို ဂေဟာဇိ​ရရှိခဲ့သည်။ (၄ ဓမ္မ​ရာဇဝင် ၅:၂၀-၂၇) စေတမန်​တစ်ဦး​သည် သစ္စာမဲ့​လာပြီး သတင်းတရားကို​လုံးလုံး မ​ကြေညာ​တော့​လျှင်​ကော။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ဆိုးသော​သူကို သူ၏​လမ်း​မှ​လွှဲ​စေခြင်း​ငှာ သင်သည်​သတိ​မပေး​လျှင် ထို​လူဆိုး​သည် မိမိ​အပြစ်​ကြောင့် အသက်ဆုံး​လိမ့်​မည်။ သို့ရာတွင် သူ၏​အသက်ကို သင်၌​ငါ [ယေဟောဝါ] တောင်း​မည်။”—ယေဇကျေလ ၃၃:၈

တစ်ဖက်​တွင်​မူ သစ္စာ​ရှိသော​စေတမန်​သည် သူကိုယ်တိုင်​နှင့် သူ့​စကား​ကို နားထောင်သူ​များ​အတွက် ကျန်းမာ​ခြင်း​အကြောင်း​ဖြစ်၏။ တိမောသေ​ကို ပေါလု​ဤသို့​တိုက်တွန်း​ခဲ့​သည်– “ကိုယ်ကို​လည်းကောင်း၊ ကိုယ်​ဆုံးမ[မှု]ကိုလည်း​ကောင်း သတိပြု​၍ အမြဲ​တည်​နေလော့။ ထို​သို့ပြုလျှင်၊ ကိုယ်ကို​လည်းကောင်း၊ နားထောင်​သော​သူတို့ကိုလည်း​ကောင်း ကယ်တင်​လိမ့်​မည်။” (၁ တိမောသေ ၄:၁၆) ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို သစ္စာရှိ​ရှိ​ကြေညာ​ခြင်း​ကြောင့် ဖြစ်မြောက်​လာသော ကုသမှု​အကြောင်း စဉ်းစား​ကြည့်​ပါ။ ထို​သတင်းတရားသည် စိတ်ရင်းမှန်​သူတို့ကို နှိုး​ဆွပေး​ပြီး သူတို့အား လွတ်မြောက်​စေသည့် အမှန်တရား​သို့ ပို့​ဆောင်ပေး​သည်။ (ယောဟန် ၈:၃၂) သတင်းတရားကို လူ​တို့​နားမထောင်​ကြ​လျှင်​ပင် သစ္စာ​ရှိသော​စေတမန်​သည် ‘မိမိ​အသက်ကို ကယ်တင်​လိမ့်​မည်။’ (ယေဇကျေလ ၃၃:၉) ကျွန်ုပ်​တို့၏​ဟောပြောခြင်း​တာဝန်​ကို ကျေပွန်​ရန် ဘယ်တော့​မျှ လျစ်လျူ​မ​ရှု​ကြ​စို့​နှင့်။ (၁ ကောရိန္သု ၉:၁၆) ‘နှုတ်မြွက်​စကားတော်​ကို ဟောပြော’ ရန် အစဉ်​သတိရှိ​ကြ​စို့၊ လျော့ပေါ့​ပြော​ခြင်း သို့​မဟုတ် သူတစ်ပါး​အကြိုက်​လိုက်​ပြော​ခြင်း​တို့ကို ဘယ်တော့​မျှ​မပြု​ကြ​စို့​နှင့်။—၂ တိမောသေ ၄:၂

‘ဆုံးမ​သော​စကား​ကို နားထောင်​သော​သူ ဂုဏ်​အသရေ​ကို​ရ’

အမြော်အမြင်​ရှိသူ​သည် အကျိုးပြု​အကြံဉာဏ်​ကို ရရှိသော​ကြောင့် မကျေမနပ်​ဖြစ်​သင့်​သလော။ နယပုံပြင် ၁၃:၁၈ က​ဤသို့​ဆို​၏– “သွန်သင်ခြင်း​ကို​ငြင်းပယ်​သော​သူသည် ဆင်းရဲခြင်း​နှင့် ရှက်ကြောက်ခြင်း​သို့​ရောက်​လိမ့်​မည်။ ဆုံးမ​သော​စကား​ကို နားထောင်​သော​သူ​မူ​ကား ဂုဏ်​အသရေ​ကို​ရ​လိမ့်​မည်။” မ​တောင်းခံ​ဘဲ​ရရှိ​သည့် ဆုံးမ​စကား​ကို​ပင် ကြိုဆို​လက်ခံခြင်း​သည် ပညာရှိရာ​ရောက်​၏။ ကျွန်ုပ်​တို့​လိုအပ်​နေသည်​ကို​မသိဘဲ ကောင်းသော​အကြံဉာဏ်​ရရှိ​ခြင်း​သည် များစွာ အထောက်အကူ​ဖြစ်​နိုင်​သည်။ ထိုသို့​သော​ဆုံးမ​စကား​ကို အလေးထား​လိုက်နာခြင်း​သည် နှလုံး​ကြေကွဲစရာ​များ မခံစား​စေ​ဘဲ ဘေးဆိုးများ​ကို​ရှောင်ရန် ထောက်ကူ​ပေး​နိုင်​ပါ​သည်။ ယင်းကို လျစ်လျူရှု​ခြင်း​က အရှက်တကွဲ​ဖြစ်စေ​မည်။

ကျွန်ုပ်​တို့သည် ချီးမွမ်း​ခံရ​သည့်​အခါ စိတ်​တက်ကြွ​လာပြီး အမှန်တကယ် အားရှိ​သည်။ သို့သော် ဆုံးမ​ခံရ​ခြင်း​ကိုလည်း အလိုရှိ​ပြီး လက်ခံရ​မည်။ တိမောသေ​ထံ တမန်​တော်​ပေါလု​ရေးခဲ့​သော စာ​နှစ်စောင်​ကို သုံးသပ်ကြည့်​ပါ။ တိမောသေ​၏​တည်ကြည်မှု​ကို ချီးမွမ်း​ထား​သည့်​အပြင် ဆုံးမ​စကား​များလည်း ပါဝင်​သည်။ ပေါလု​သည် ထို​လူရွယ်​အား ယုံကြည်​သော​သဘော​နှင့် ကြည်လင်​သော​သိစိတ် ဆက်​ရှိနေဖို့၊ အသင်းတော်​ရှိသူ​များနှင့် ဆက်ဆံ​ရေး​ကောင်း​ဖို့၊ ရောင့်ရဲသော​စိတ်​နှင့် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို မွေးမြူ​ပျိုးထောင်​ဖို့၊ သူတစ်ပါးကို​သွန်သင်​ပေး​ဖို့၊ အယူဖောက်ပြန်မှု​ကို တိုက်လှန်​ဖို့​နှင့် သူ၏​ဓမ္မ​အမှုကို ပြီးစီး​အောင်​ဆောင်ရွက်ဖို့ လွတ်လွတ်လပ်လပ် သွန်သင်​ပေး​ခဲ့​သည်။ အသင်းတော်​ရှိ ငယ်ရွယ်သူ​များသည် သာ၍​ရင့်ကျက်သော​သူများ​ထံ​မှ ဆုံးမမှု​ကို ခံယူ​လို​စိတ်​ရှိပြီး တလိုတလား​လက်ခံသင့်​သည်။

‘ပညာရှိ​တို့​နှင့်​ပေါင်းဖော်​လော့’

ပညာ​ရှိသော​ရှင်ဘုရင်​က ဤသို့​ဆို​သည်– “အလိုဆန္ဒ​ပြည့်စုံခြင်း​သည် ချိုမြိန်​၏။ မိုက်​သော​သူတို့မူကား အဆိုး​မှ​လွှဲရှောင်​ရန် ရွံရှာ​တတ်၏။” (သု. ၁၃:၁၉သမ္မာ) ဤ​ကျမ်း​စကား​၏​အဓိပ္ပာယ်​နှင့်​စပ်လျဉ်း၍ ကိုးကား​ဖော်ပြချက်​တစ်ခု​က ဤသို့​ဆို​သည်– “ပန်းတိုင်​ရောက်ချိန်၊ အလိုဆန္ဒ ပြည့်စုံ​လာချိန်​တွင် လူ့​သဘော​သည် အလွန်​ပီတိဖြာ​လာ​တတ်​သည်။ . . . ရည်မှန်းချက်​တစ်ခု ပြီးမြောက်​အောင်မြင်ခြင်း​သည် အလွန်​စိတ်​ကြည်နူး​ဖွယ်​ဖြစ်သော​ကြောင့် အဆိုး​မှ​လွှဲရှောင်​ခြင်း​သည် လူ​မိုက်​များ​အတွက် စက်ဆုပ်​ရွံရှာဖွယ်​ဖြစ်​ရ​ပေမည်။ ဆိုးသွမ်း​သော​နည်းများဖြင့်​သာ သူတို့၏​ဆန္ဒ​များ ပြည့်​နိုင်​မည်​ဖြစ်​ရာ အဆိုးကို သူတို့​စွန့်ပယ်​ကြ​မည်​ဆိုလျှင် သူတို့၏​လိုအင်ဆန္ဒ ပြည့်စုံခြင်း ပျော်ရွှင်မှု​ကို မရဘဲ​နေ​ပေမည်။” လျော်​ကန်​သော​လိုအင်ဆန္ဒ​များ​ရှိဖို့ ကြိုးစား​ခြင်း​သည် အမှန်တကယ်​အရေးကြီး​သည်!

ကျွန်ုပ်​တို့၏​အပေါင်းအသင်း​များသည် ကျွန်ုပ်​တို့၏​အတွေးအခေါ်၊ ကြိုက်​နှစ်သက်ရာ​နှင့် မကြိုက်​သော​အရာများ​အပေါ် များစွာ​သြဇာ​သက်ရောက်​နိုင်​ပါ​သည်! ရှောလမုန်က “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။ လူ​မိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏” ဟု​ဆို​ရာ​တွင် မပြောင်းလဲ​သော အမှန်တရား​တစ်ခု​ကို ဖော်ပြ​နေပါ​သည်။ (သု. ၁၃:၂၀) မှန်ပါသည်၊ ဖျော်ဖြေမှု​လောက၊ အင်တာနက်​နှင့် ဖတ်ရှု​ရာ​တို့​မှ​တစ်ဆင့်​ပင်​ဖြစ်စေ ကျွန်ုပ်​တို့၏​ပေါင်းဖော်မှု​က ကျွန်ုပ်​တို့​မည်သို့သော​သူ​ဖြစ်သည်၊ မည်သို့သော​သူ​ဖြစ်လာ​မည်​တို့​အပေါ် အကျိုး​သက်ရောက်​သည်။ အပေါင်းအသင်းများကို ပညာရှိ​စွာ​ရွေးချယ်​ဖို့ အမှန်တကယ်​အရေးကြီး​သည်!

“အမွေဥစ္စာ​ကို​ချန်​ထား”

“အပြစ်ရှိ​သော​သူတို့ကို ဘေး​လိုက်​တတ်၏။ ဖြောင့်မတ်​သော​သူတို့မူကား ကောင်းသော​အကျိုးကို​ခံရ​လိမ့်​မည်” ဟု​ဣသရေလ​ရှင်ဘုရင်​ကြေညာ​သည်။ (သု. ၁၃:၂၁) ယေဟောဝါ​သည် ဖြောင့်မတ်​သော​သူတို့ကို ဂရုစိုက်​တော်​မူ​သောကြောင့် ဖြောင့်မတ်​စွာ​ပြုကျင့်ခြင်း​သည် အကျိုးကျေးဇူး​ရှိပါ​သည်။ (ဆာလံ ၃၇:၂၅) သို့သော် ကျွန်ုပ်​တို့အားလုံး​အပေါ် “အချိန်​နှင့်​ကြိုတင်​မမြင်​ရသော​ဖြစ်ပျက်​မှု” တို့​ကျရောက်​တတ်​ကြောင်း အသိအမှတ်ပြု​ကြ​ရမည်။ (ဒေ. ၉:၁၁က​ဘ) အ​ခန့်​မသင့်​ဖြစ်တတ်သော အမှု​များ​အတွက် ကြိုတင်​ပြင်ဆင်​ထား​နိုင်​သလော။

“သူတော်ကောင်းသည် သားမြေး​တို့​အဖို့ အမွေဥစ္စာ​ကို​ချန်​ထား​တတ်၏” ဟု​ရှောလမုန်​ဆို​သည်။ (သု. ၁၃:၂၂က) ယေဟောဝါ​အား​သိကျွမ်းခြင်း​ပညာ​ကို သားသမီး​များ​အား ပေး၍ ကိုယ်တော်​နှင့်​ကောင်းသော​ဆက်ဆံ​ရေး​ရှိစေ​သော မိဘများသည် အလွန်​အဖိုးတန်​သော​အမွေအနှစ် ပေး​ထားရစ်​သည်! သို့သော် ဖြစ်​နိုင်​သည့်​အခါ၊ မိဘ​တစ်ဦး အ​ခန့်​မသင့် သေဆုံး​သွားခဲ့သော် မိသားစု​၏​ကာယရေး​အတွက် အစီအစဉ်များ ကြိုတင်​ပြုလုပ်​ထား​လျှင် အမြော်အမြင်​ရှိရာ​ရောက်မည်​မဟုတ်ပေ​လော။ နေရာ​ဒေသ​များစွာ​တွင် အိမ်ထောင်ဦးစီး​များသည် အသက်​အာမခံ​ထား​ရန်၊ တရားဝင်​သေတမ်းစာ ရေးဆွဲ​ထား​ရန်၊ ငွေစု​ဆောင်း​ထား​ရန် စီစဉ်​ထား​နိုင်​ပေမည်။

လူဆိုး​တို့၏​အမွေဥစ္စာ​နှင့်​ပတ်သက်​၍​ကော မည်သို့​ဆိုနိုင်​သနည်း။ “အပြစ်ရှိ​သော​သူ၏ စည်းစိမ်​မူ​ကား ဖြောင့်မတ်​သော​သူတို့​အဖို့ သိုထား​လျက်​ရှိ၏” ဟု​ရှောလမုန်​ဆက်​ပြော​သည်။ (သု. ၁၃:၂၂ခ) ယခု​ရရှိသော အကျိုးကျေးဇူးများ​အပြင် “ဖြောင့်မတ်ခြင်း​တရား​တည်” နေရာ “မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်” ကို ယေဟောဝါ​သည် ကတိတော်​နှင့်​အညီ ပြည့်စုံ​စေသော​အခါ ထိုသို့​အမှန်​ဖြစ်လာ​ပါ​လိမ့်​မည်။ (၂ ပေတရု ၃:၁၃) ထို​အခါ လူဆိုးများ လုံးလုံး​ရှိတော့မည်​မဟုတ်၊ “စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ” ကြ​ရ​ပါ​လိမ့်​မည်။—ဆာလံ ၃၇:၁၁

အမြော်အမြင်​ရှိသူ​သည် စည်းစိမ်ဥစ္စာ​အနည်းငယ်​သာ​ရှိလျှင်​ပင် အသိပညာနှင့်​ပြုမူ​တတ်​သည်။ “ဆင်းရဲသား​လယ်​လုပ်ခြင်း​အားဖြင့် စားစရာ​ပွား​များ​၏။ သို့ရာတွင် မတရားသော​အမှု​ကြောင့် ပျက်စီးခြင်း​သို့​ရောက်​တတ်၏” ဟု​နယပုံပြင် ၁၃:၂၃ က​ဆို​သည်။ ကြိုးစား​လုပ်ဆောင်မှု​နှင့် ဘုရားသခင့်​ကောင်းချီး​ဖြင့် ဆင်းရဲသော​သူသည် အကျိုးများစွာ​ခံစားရ​၏။ သို့သော် တရား​မျှတမှု​ကင်းမဲ့​သည့်​အခါ မတရားသော​ဆုံးဖြတ်ချက်​က စည်းစိမ်ဥစ္စာ​ကို ပျောက်ပျက်​သွား​စေနိုင်​၏။

“သားကို ဆုံးမ​တတ်၏”

မစုံလင်သူ လူသားများ​သည် ငယ်​သော​အရွယ်​မှ​စ၍ ဆုံးမမှု​လိုအပ်​ကြသည်။ “ကြိမ်လုံး​ကို​မ​သုံး​သော​သူသည် မိမိ​သားကို​မုန်း​ရာ​သို့​ရောက်​၏။ သားကို​ချစ်သော​သူ​မူ​ကား ငယ်​သော​အရွယ်​မှ​စ၍ ဆုံးမ​တတ်၏” ဟု ဣသရေလ​ရှင်ဘုရင်​က​ဆို​၏။—သု. ၁၃:၂၄

ကြိမ်လုံး​သည် အခွင့်အာဏာ​၏​အထိမ်းအမှတ်​ဖြစ်သည်။ နယပုံပြင် ၁၃:၂၄ ပါ​ကြိမ်လုံး​သည် မိဘ​၏​အခွင့်အာဏာကို ရည်ညွှန်း​သည်။ ဤ​စကားစပ်​အရ ဆုံးမခြင်း​ကြိမ်လုံး​ကို အသုံးပြုခြင်း​ဟူသည် ကလေး​အား ရိုက်နှက်ခြင်း​ကို​သာ ဆိုလို​သည်မဟုတ်။ ယင်းအစား ပုံစံ​အမျိုးမျိုး​ဖြစ်​နိုင်သော ဆုံးမ​ပဲ့ပြင်​ပေး​သည့်​နည်း​များ​ကို ဆိုလို​သည်။ ဥပမာ၊ မတော်မလျော်​ပြုမူ​သည့်​အတွက် ကလေး​တစ်ဦး​ကို ကြင်နာ​စွာ ပြစ်တင်​ဆုံးမ​လိုက်​ရုံ​ဖြင့် သူ့ကို​ပဲ့ပြင်​နိုင်​ပေမည်။ အခြား​ကလေး​တစ်ဦး​ကို​မူ ထို​ထက်​ပြင်းထန်​စွာ ဆို​ဆုံး​မပေးဖို့​လို​ပေမည်။ “ဒဏ်ချက်​တစ်​ရာ​သည် လူ​မိုက်​၌​ထိခိုက်​သည်ထက်၊ ဆုံးမ​စကား​တစ်ခွန်း​သည် ဉာဏ်​ကောင်း​သူ၌ သာ၍​ထိခိုက်​တတ်၏” ဟု​နယပုံပြင် ၁၇:၁၀ (သမ္မာ) က​ဆို​၏။

မိဘများသည် သားသမီး​များ​၏​အကျိုးကို​ရည်​မျှော်​ပြီး မေတ္တာ​နှင့် ဉာဏ်​ပညာရှိရှိ အမြဲ ဆုံးမ​ပဲ့ပြင်​ပေး​သင့်​သည်။ မေတ္တာ ရှိသော​မိဘ​တစ်ဦး​သည် ကလေး​၏​အမှား​ကို လျစ်လျူရှု​မည်​မဟုတ်။ ယင်းအစား ကလေး​၏​ဉာဉ်ဆိုး​များ အခိုင်အမာ​အမြစ်​မ​စွဲမီ ၎င်းတို့ကို ဖယ်ရှားပစ်​နိုင်​ဖို့ ဂရုစိုက်​ကြည့်​နေ​မည်။ မေတ္တာ​ရှိသော​မိဘ​တစ်ဦး​သည် ပေါလု​၏​ဤ​တိုက်တွန်းချက်​ကို အမှန်တကယ်​နှလုံး​သွင်း​ပါ​သည်– “အဘ​တို့၊ ကိုယ့်​သားသမီးကို စိတ်ဆိုး​စေခြင်း​ငှာ မပြု​ကြ​နှင့်။ ယေဟောဝါ​၏ ပဲ့ပြင်​ဆုံးမခြင်း​နှင့် စိတ်သဘော​တော်​ဆိုင်ရာ စည်းမျဉ်း​ဥပဒေ​အရ သူတို့ကို​မွေးမြူ​ကြလော့။”—ဧဖက် ၆:၄က​ဘ။

မိဘ​ဖြစ်သူ​သည် ကလေး​ကို အလိုလိုက်​ထားပြီး လိုအပ်​သလို​ပဲ့ပြင်​ဆုံးမ မပေး​လျှင်​ကော။ အလိုလိုက်​ခဲ့​သည့်​အတွက် ထိုသို့​ပြုသော​မိဘ​သည် နောက်ပိုင်း​တွင် ကျေးဇူး​တင်​ခံရ​ပါ​မည်​လော။ ဝေးလေစွ! (သု. ၂၉:၂၁) သမ္မာကျမ်းစာ​က “တတ်​တိုင်း​နေ​စေသော​သူငယ်​သည် အမိကို​အရှက်ခွဲ​တတ်၏” ဟု​ဆို​သည်။ (သု. ၂၉:၁၅) မိဘ​အခွင့်အာဏာကို မ​သုံး​ဘဲ​နေခြင်း​က လျစ်လျူ​သော​သဘော​ရှိကြောင်း၊ မေတ္တာ​ကင်းမဲ့​ကြောင်း ဖော်ပြ​သည်။ သို့သော် အခွင့်အာဏာကို ကြင်နာ​စွာ၊ ခိုင်မာ​ပြတ်သား​စွာ အသုံးပြုခြင်း​ဖြင့် သားသမီးကို​ဂရုစိုက်​ပြီး ချစ်​ကြောင်း ထင်ရှားစေ​သည်။

စစ်မှန်သော​အသိပညာနှင့်​အညီ အမြော်အမြင်​ရှိ​ရှိ ရိုး​ဖြောင့်​စွာ​ပြုမူ​သူသည် ကောင်းချီး​ခံစားရ​ပါ​လိမ့်​မည်။ ရှောလမုန်က “ဖြောင့်မတ်​သော​သူသည် ဝ​စွာ​စား​ရသော​အခွင့်​ရှိ၏။ ဆိုးသော​သူတို့မူကား ဝမ်း​ဟာ​လျက်​ရှိကြ​၏” ဟု​ယုံကြည်​စိတ်ချ​စေ​သည်။ (သု. ၁၃:၂၅သမ္မာ) ကျွန်ုပ်​တို့၏ မိသားစု​အရေးကိစ္စ၊ အခြား​သူများ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး၊ ကျွန်ုပ်​တို့၏​ဓမ္မ​အမှု၊ ဆုံးမ​ခံရ​ခြင်း အစ​ရှိသည့်​ဘဝ​ကဏ္ဍအသီးသီး​တွင် အဘယ်အရာ​သည် ကျွန်ုပ်​တို့ကို​အကျိုးပြု​မည်​ဖြစ်​ကြောင်း ယေဟောဝါ​သိတော်မူ၏။ ထို့​ပြင် သမ္မာကျမ်းစာ​တွင်​ပါ​သော ကိုယ်တော်​၏​ဆုံးမ​စကား​ကို ပညာရှိရှိ လိုက်နာ​ကျင့်သုံး​ခြင်း​အားဖြင့် အကောင်းဆုံး​ဘဝ​လမ်းစဉ်​ပေါ် ကျွန်ုပ်​တို့ မလွဲဧကန် လျှောက်လှမ်း​နေပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

လိမ္မာ​ပါးနပ်​သူ​တစ်ဦး​သည် မတရား​သဖြင့် ဝေဖန်ခံ​ရ လျှင်​ပင် သူ၏​နှုတ်​ကို ချုပ်တည်း​ထား

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ဘုရားသခင်​၏​နိုင်ငံတော်​သတင်းကို သစ္စာရှိ​ရှိ​ကြွေးကြော်​သူသည် ကောင်းမှု​များစွာ​ပြု

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ချီးမွမ်း​ခံရ​ခြင်း​သည် အားရှိစေ​သည်​မှန်​သော်လည်း ဆုံးမ​ပဲ့ပြင်​မှု​ကိုလည်း တလိုတလား​လက်ခံရ​မည်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မေတ္တာ​ရှိသော​မိဘ​တစ်ဦး​သည် ကလေး​၏ အမှား​များ​ကို လျစ်လျူ​မ​ရှု​ချေ