ယေရှု ၏အံ့ဖွယ်အမှုများ—သင်အဘယ်အရာ သင်ယူနိုင်သနည်း
ယေရှု ၏အံ့ဖွယ်အမှုများ—သင်အဘယ်အရာ သင်ယူနိုင်သနည်း
ယေရှု၏မြေကြီးအသက်တာဆိုင်ရာ ကျမ်းစာမှတ်တမ်းများတွင် မူရင်းဂရိဘာသာစကားဖြင့် “အံ့ဖွယ်အမှု” ဟူသောစကားလုံးကို တစ်ခါမျှအသုံးမပြုခဲ့ကြောင်း သိရှိရလျှင် သင်အံ့အားသင့်ပေမည်။ “အံ့ဖွယ်အမှု” ဟု တစ်ခါတစ်ရံ ဘာသာပြန်ဆိုထားသော ဂရိစကားလုံး (ဒိုင်နာမစ္စ) သည် စာသားအရ “တန်ခိုး” ဟုအဓိပ္ပာယ်ရှိသည်။ (လုကာ ၈:၄၆) ထိုစကားလုံးကို “အစွမ်းသတ္တိ” သို့မဟုတ် ‘တန်ခိုးပါသောလုပ်ရပ်များ’ ဟူ၍လည်း ပြန်ဆိုနိုင်သည်။ (မဿဲ ၁၁:၂၀; ၂၅:၁၄၊ ၁၅) ပညာရှင်တစ်ဦးအရ ဤဂရိဝေါဟာရသည် “ပြီးမြောက်ခဲ့သော ကြီးမားသည့်လုပ်ရပ်နှင့် ယင်းကို ပြီးမြောက်အောင်မြင်စေသည့်တန်ခိုးကို အထူးအလေးပေးသည်။ အဖြစ်အပျက်ကို ဘုရားသခင့်တန်ခိုးတော် ထင်ရှားပြခြင်းအဖြစ် ဖော်ပြထားသည်။”
အခြားဂရိစကားလုံး (ထဲရက်စ်) ကိုမူ ‘နိမိတ်လက္ခဏာ’ သို့မဟုတ် “အံ့ဖွယ်သောအမှု” ဟုပြန်ဆိုလေ့ရှိသည်။ (ယောဟန် ၄:၄၈; တမန်တော် ၂:၁၉) ဤအသုံးအနှုန်းက တွေ့မြင်သူတို့အပေါ် အကျိုးသက်ရောက်ကြောင်း အလေးပေးဖော်ပြသည်။ မကြာခဏဆိုသလို လူအုပ်နှင့် တပည့်များသည် ယေရှု၏တန်ခိုးပါသောလုပ်ရပ်များကြောင့် အံ့သြမိန်းမောခဲ့ကြသည်။—မာကု ၂:၁၂; ၄:၄၁; ၆:၅၁; လုကာ ၉:၄၃။
ယေရှု၏အံ့ဖွယ်အမှုများကို ရည်ညွှန်းသော တတိယဂရိစကားလုံး (စီမီအောန်) မှာမူ “နိမိတ်” ဟုအဓိပ္ပာယ်ရသည်။ ပညာရှင် ရောဘတ် ဒက်ဖင်ဘာ့ခ်က ယင်းသည် “အံ့ဖွယ်အမှု၏ လေးနက်သောအဓိပ္ပာယ်ကို အာရုံစိုက်စေသည်” ဟုဆို၏။ “နိမိတ်လက္ခဏာဟူသည် အံ့ဖွယ်အမှုဖြစ်ပြီး ကျွန်ုပ်တို့၏သခင်ယေရှုအကြောင်း သိအပ်သောအမှန်တရားကို သိစေသည်” ဟုသူထပ်မံဆိုသည်။
လှည့်စားမှုလော၊ ဘုရားသခင်ပေးသောတန်ခိုးလော
ယေရှု၏အံ့ဖွယ်အမှုများသည် လူတို့ကိုဖျော်ဖြေဖို့ လှည့်ကွက်များ သို့မဟုတ် လှည့်စားမှုများဖြစ်သည်ဟု သမ္မာကျမ်းစာက မဖော်ပြပါ။ ၎င်းတို့သည် လူငယ်လေးတစ်ဦးထံမှ နတ်ဆိုးကို ယေရှုနှင်ထုတ်ပေးခဲ့သောအဖြစ်မှာကဲ့သို့ “ဘုရားသခင်၏မဟာတန်ခိုးတော်” ထင်ရှားပြသမှုများဖြစ်သည်။ (လုကာ ၉:၃၇-၄၃) ဤတန်ခိုးပါသောလုပ်ရပ်များသည် “ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသော” အရှင်၊ အတိုင်းအဆမဲ့တန်ခိုးရှင်အတွက် မတတ်နိုင်ရာဖြစ်ပါမည်လော။ (ဟေရှာယ ၄၀:၂၆) ဝေးလေစွ!
ယေရှုပြုတော်မူခဲ့သော အံ့ဖွယ်အမှု ၃၅ ခုကို ခရစ်ဝင်ကျမ်းမှတ်တမ်းများက ဖော်ပြသည်။ သို့သော် ကိုယ်တော်၏အံ့ဖွယ်အမှု အရေအတွက်အားလုံးကိုကား ဖော်ပြမထားချေ။ သာဓကအနေနှင့် မဿဲ ၁၄:၁၄ က “ယေရှုသည်ထွက်ကြွ၍ လူအစုအဝေးတို့ကိုမြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကို ချမ်းသာပေးတော်မူ၏” ဟုဖော်ပြသည်။ ထိုအချိန်အခါတွင် လူနာ မည်၍မည်မျှကို ကုသပေးခဲ့ကြောင်း ကျွန်ုပ်တို့မသိရပါ။
တန်ခိုးပါသော ထိုလုပ်ရပ်များက ယေရှုသည် ဘုရားသခင့်သားတော်၊ ကတိထားရာမေရှိယဖြစ်သည်ဟူသော ကိုယ်တော်၏အဆိုကို ထောက်ခံရာ၌ အဓိကကျသည်။ ယေရှုသည် ဘုရားသခင်ပေးသောတန်ခိုးတော်ကြောင့် အံ့ဖွယ်အမှုများပြုလုပ်နိုင်ခဲ့ကြောင်း သမ္မာကျမ်းစာက အမှန်အတည်ပြုဖော်ပြသည်။ တမန်တော်ပေတရုက “သင်တို့သိကြသည်အတိုင်း . . . ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ်” ၏ဟူ၍ဆိုခဲ့သည်။ (တမန်တော် ၂:၂၂) နောက်တစ်ကြိမ်တွင် ပေတရုက ဤသို့ဖော်ပြခဲ့သည်– “ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း . . . ယေရှုကို ဘိသိက်ပေးတော်မူ၍ ထိုသူနှင့်အတူရှိတော်မူသဖြင့် ထိုသူသည် ကျေးဇူးပြုလျက်၊ [စာတန်] ညှဉ်းဆဲသောသူအပေါင်းတို့အား ချမ်းသာကိုပေးလျက် လှည့်လည်တော်မူ၏။”—တမန်တော် ၁၀:၃၇၊ ၃၈၊ သမ္မာ။
ယေရှုပြုတော်မူခဲ့သော အံ့ဖွယ်အမှုများသည် ကိုယ်တော်၏သတင်းတရားနှင့် ပတ်သက်ဆက်နွှယ်သည်။ ယေရှု၏သွန်သင်ချက်နှင့် ကိုယ်တော်၏အံ့ဖွယ်အမှုတစ်ခုကို လူတို့တုံ့ပြန်ပုံအကြောင်း မာကု ၁:၂၁-၂၇ ကဖော်ပြသည်။ မာကု ၁:၂၂ က ပရိသတ်တို့သည် ‘ကိုယ်တော်၏သွန်သင်နည်းကို အလွန်အံ့သြကြ၏’ ဟုဆိုပြီး နတ်ဆိုးကို ကိုယ်တော်နှင်ထုတ်ပေးသောအခါ လူတို့ “မိန်းမောတွေဝေ” ခဲ့ကြကြောင်း အခန်းငယ် ၂၇ ကဖော်ပြသည်။ ယေရှု၏တန်ခိုးပါသောလုပ်ရပ်များရော ကိုယ်တော်၏သတင်းတရားကပါ ကိုယ်တော်သည် ကတိထားရာမေရှိယဖြစ်ကြောင်း သိရှိစေပါသည်။
ယေရှုက မိမိသည် မေရှိယဖြစ်သည်ဟု ဆိုရုံမျှမပြုခဲ့ပါ; ကိုယ်တော်မိန့်ဆိုခဲ့သောစကားများ၊ လုပ်ရပ်များနှင့်အတူ အံ့ဖွယ်အမှုများပြုရာတွင် ထင်ရှားသည့် ဘုရားသခင့်တန်ခိုးတော်က ကိုယ်တော်၏မေရှိယအဖြစ်ကို သက်သေထူခဲ့သည်။ ကိုယ်တော်၏အခန်းကဏ္ဍ၊ အခွင့်အာဏာကို မေးမြန်းလာကြသောအခါ ရဲရင့်စွာဖြင့် ယေရှုဤသို့ဖြေဆိုခဲ့သည်– “[နှစ်ခြင်းဆရာ] ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့အပ်ပေးတော်မူ၍၊ ငါပြုသောထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။”—ယောဟန် ၅:၃၆။
ခိုင်လုံသောအထောက်အထားများ
ယေရှု၏အံ့ဖွယ်အမှုများသည် လိမ်လည်မှုမဟုတ်၊ အမှန်ဖြစ်ပျက်ခဲ့သည်ဟု အဘယ်ကြောင့်စိတ်ချနိုင်သနည်း။ ခိုင်လုံသောအထောက်အထားအချို့ကို သုံးသပ်ကြည့်ပါ။
ယေရှုသည် တန်ခိုးပါသောလုပ်ရပ်များကို ပြုလုပ်သည့်အခါ မိမိကိုအာရုံစိုက်စေဖို့ တစ်ခါမျှမပြုလုပ်ခဲ့ပါ။ မည်သည့်အံ့ဖွယ်အမှုမဆိုသည် ဘုရားသခင်အား ဂုဏ်တင်ချီးမွမ်းစရာဖြစ်စေရန် ကိုယ်တော်အလိုရှိတော်မူခဲ့သည်။ ဥပမာ၊ မျက်မမြင်တစ်ဦးကို မကုသမီ ယေရှုက “ဘုရားသခင်၏အမှုတော်ကို သူ၌ထင်ရှားစေ” ဖို့ကုသပေးခြင်းဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။—ယောဟန် ၉:၁-၃; ၁၁:၁-၄။
ယေရှုသည် မျက်လှည့်ဆရာများ၊ မှော်ဆရာများ၊ ယုံကြည်ခြင်းကုထုံးဖြင့် ကုသပေးသူများနှင့်မတူချေ၊ စိတ်ညှို့ခြင်း၊ လိမ်လည်လှည့်စားခြင်း၊ ကြီးကျယ်ခမ်းနားသောပြပွဲများ၊ မန်းမှုတ်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားစေသော ဘာသာရေးအခမ်းအနားများကို တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ခဲ့ချေ။ ကိုယ်တော်သည် အယူသီးမှုကို အသုံးမချ . . . ခဲ့ပါ။ မျက်မမြင်နှစ်ဦးအား ယေရှုကုသပေးခဲ့ပုံ ရိုးရိုးလေးကို သတိပြုပါ။ “ယေရှုသည် သနားစိတ်ရှိ၍ သူတို့၏မျက်စိကို လက်နှင့်တို့တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူတို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏” ဟုမှတ်တမ်းကဆိုသည်။ (မဿဲ ၂၀:၂၉-၃၄) ဘာသာရေးထုံးတမ်း၊ အခမ်းအနား သို့မဟုတ် ဟန်ရေးပြပွဲများ လုံးဝမပါခဲ့ချေ။ ယေရှုသည် ကိုယ်တော်၏အံ့ဖွယ်လုပ်ရပ်များကို လူသိရှင်ကြား မျက်မြင်သက်သေအများရှေ့တွင် ပြုလုပ်လေ့ရှိသည်။ အထူးစီမံထားသည့်မီး၊ ဇာတ်စင် သို့မဟုတ် ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်များကို ကိုယ်တော်အသုံးမပြုခဲ့ချေ။ ယခုခေတ်အံ့ဖွယ်ရာတို့မှာမူ ယင်းနှင့်မတူ အများအားဖြင့် သက်သေအထောက်အထားမပြနိုင်ကြချေ။—မာကု ၅:၂၄-၂၉; လုကာ ၇:၁၁-၁၅။
အံ့ဖွယ်အမှု၏အကျိုး ခံစားခဲ့ရသူတို့၏ ယုံကြည်ခြင်းကို ယေရှု တစ်ခါတစ်ရံ အသိအမှတ်ပြုခဲ့သည်။ သို့သော် လူတစ်ဦးတွင် ယုံကြည်ခြင်းမရှိသောကြောင့် ယေရှုသည် အံ့ဖွယ်အမှုကိုမပြုဘဲ မနေခဲ့ချေ။ ကိုယ်တော်သည် ဂါလိလဲနယ်၊ ကပေရနောင်မြို့၌ရှိစဉ် “နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကိုနှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။”—မဿဲ ၈:၁၆။
ယေရှုသည် စပ်စုသူများ စိတ်ကျေနပ်သွားစေရန် မဟုတ်ဘဲ ကာယရေးဘက် အကူအညီ အမှန်လိုအပ်နေသူများကို ကူညီပေးလို၍ အံ့ဖွယ်အမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (မာကု ၁၀:၄၆-၅၂; လုကာ ၂၃:၈) ထို့အပြင် ကိုယ်တော်သည် တစ်နည်းနည်းဖြင့် အကျိုးရရှိဖို့ အံ့ဖွယ်အမှုများကို တစ်ခါမျှ မပြုလုပ်ခဲ့ချေ။—မဿဲ ၄:၂-၄; ၁၀:၈။
ခရစ်ဝင်ကျမ်းမှတ်တမ်းများကော အသို့နည်း
ယေရှု၏အံ့ဖွယ်အမှုများနှင့်ဆိုင်သော ဖြစ်ရပ်မှန်များအကြောင်းကို ခရစ်ဝင်ကျမ်းလေးကျမ်းမှတစ်ဆင့် ကျွန်ုပ်တို့သိရှိကြရပြီ။ ယေရှုပြုလုပ်ခဲ့သည်ဟု အသိအမှတ်ပြုထားသော အံ့ဖွယ်အမှုများ၏ စစ်မှန်မှုကို ဆန်းစစ်ကြည့်ရာတွင် ဤခရစ်ဝင်ကျမ်းများကို ယုံကြည်စိတ်ချစရာအကြောင်း ရှိပါသလော။ အမှန်ရှိပါသည်။
သတိပြုခဲ့ပြီးဖြစ်သည့်အတိုင်း ယေရှု၏အံ့ဖွယ်အမှုများကို လူသိရှင်ကြား မျက်မြင်သက်သေများစွာရှေ့ ပြုလုပ်ခဲ့ပါသည်။ ရှေးအကျဆုံးခရစ်ဝင်ကျမ်းများကို ထိုမျက်မြင်သက်သေအများစုတို့ အသက်ရှင်နေဆဲအချိန်တွင် ရေးသားခဲ့သည်။ ခရစ်ဝင်ကျမ်းရေးသူများ၏ ရိုးဖြောင့်မှုနှင့်ပတ်သက်၍ အံ့ဖွယ်အမှုများနှင့် ရှင်ပြန်ထမြောက်ခြင်းစာအုပ်က ဤသို့ဖော်ပြသည်– “ဘာသာရေးဝါဒဖြန့်ရန် ရည်ရွယ်ချက်ဖြင့် အံ့ဖွယ်အမှုဟုဆိုသော အဖြစ်အပျက်တစ်ပုံတစ်ခေါင်းကြားတွင် သမိုင်းဝင်ဖြစ်ရပ်မှန်များကို တမင်ဖုံးကွယ်ထားသည်ဟု ခရစ်ဝင်ကျမ်းရေးသူများအား စွပ်စွဲခြင်းသည် လုံးဝတရားမည်မဟုတ်။ . . . ထိုသူတို့သည် ယုံကြည်စိတ်ချရသော ကျမ်းရေးသူများဖြစ်လိုသော ဆန္ဒရှိခဲ့ကြသည်။”
ခရစ်ယာန်ဘာသာကို အတိုက်အခံပြုသော ဂျူးတို့သည် ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ဖော်ပြထားသော တန်ခိုးပါလုပ်ရပ် များကို တစ်ခါမျှမငြင်းပယ်ခဲ့ကြချေ။ ယင်းတို့ကို ပြုလုပ်နိုင်သည့်တန်ခိုးကိုသာ သူတို့စောဒကတက်ခဲ့ကြသည်။ (မာကု ၃:၂၂-၂၆) နောက်ပိုင်း၌ ပြစ်တင်ဝေဖန်ခဲ့ကြသူများလည်း ယေရှု၏အံ့ဖွယ်အမှုများကို မငြင်းပယ်နိုင်ခဲ့ကြချေ။ ယင်းအစား ယေရှုပြုလုပ်ခဲ့သော အံ့ဖွယ်လုပ်ရပ်များအကြောင်း စီ.အီး. ပထမနှင့် ဒုတိယရာစုအတွင်း သမိုင်းကိုးကားချက်များရှိခဲ့သည်။ ထို့ကြောင့် ခရစ်ဝင်ကျမ်းမှတ်တမ်းများပါ ကိုယ်တော်၏အံ့ဖွယ်အမှုများသည် ဖြစ်ရပ်မှန်များဖြစ်ကြောင်း ယူမှတ်ရန် အကြောင်းအချက် များစွာရှိသည်။
အံ့ဖွယ်အမှုများပြုလုပ်သူ
ယေရှု၏အံ့ဖွယ်အမှုများကို ဆန်းစစ်ကြည့်ရာတွင် ၎င်းတို့၏စစ်မှန်မှုနှင့်ပတ်သက်၍ ယုတ္တိတန်သောအကြောင်းပြချက်များကိုသာ ဆန်းစစ်ကြည့်ရုံနှင့် လုံလောက်မည်မဟုတ်။ ယေရှု၏အံ့ဖွယ်လုပ်ရပ်များကိုဖော်ပြရာတွင် ခရစ်ဝင်ကျမ်းများက ခံစားချက်အပြည့်ရှိပြီး သနားကြင်နာတတ်သူ၊ လူလူချင်း၏ကောင်းကျိုးကို အလွန်စိတ်ဝင်စားသူတစ်ဦးအကြောင်း ဖော်ပြသည်။
ယေရှုထံချဉ်းကပ်ပြီး “ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကိုသန့်ရှင်းစေနိုင်တော်မူသည်” ဟု အရဲစွန့်ပြီးအသနားခံသော နူနာစွဲသူ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ယေရှုသည် “သနားသောစိတ်ရှိသဖြင့်” လက်တော်ကိုဆန့်၍ ထိုသူကို တို့လျက် “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုမိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ရောဂါ ပျောက်ကင်းလေ၏။ (မာကု ၁:၄၀-၄၂) သို့ဖြင့် ယေရှုသည် အံ့ဖွယ်အမှုများပြုလုပ်ရန် ဘုရားသခင်ပေးသောတန်ခိုးကို အသုံးပြုစေသည့် စာနာစိတ်ကို တင်ပြခဲ့သည်။
နာဣနမြို့မှထွက်လာသော ဈာပနအခမ်းအနားနှင့် ယေရှုကြုံကြိုက်သောအခါ မည်သို့ဖြစ်ပျက်ခဲ့သနည်း။ ကွယ်လွန်သူလူရွယ်မှာ မုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်သည်။ ယေရှုသည် ထိုမိန်းမကို “သနားခြင်းစိတ်တော်ရှိ၍” သူ့အနီးသို့ကြွ၍ “မငိုနှင့်” ဟုမိန့်တော်မူ၏။ ထို့နောက် သူ၏သားကို အသက်ပြန်ရှင်စေခဲ့သည်။—လုကာ ၇:၁၁-၁၅။
ယေရှု၏အံ့ဖွယ်အမှုများမှ ကျွန်ုပ်တို့ရရှိနိုင်သော နှစ်သိမ့်မှုပေးသည့်သင်ခန်းစာတစ်ခုမှာ ကိုယ်တော်သည် “သနားခြင်းစိတ်တော်ရှိ” ပြီး လူတို့ကိုကူညီပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသို့သောအံ့ဖွယ်အမှုများသည် သမိုင်းဖြစ်ရပ်မျှမဟုတ်ပါ။ “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏” ဟုဟေဗြဲ ၁၃:၈ ကဆိုသည်။ ယခု ကိုယ်တော်သည် ကောင်းကင်ဘုရင်အဖြစ် အုပ်ချုပ်နေပြီ၊ လူသားအဖြစ် မြေကြီးပေါ်ရှိစဉ်က အသုံးပြုခဲ့သည့် ဘုရားသခင်ပေးသော အံ့ဖွယ်တန်ခိုးများကို သာ၍ကြီးမားသောအတိုင်းအတာအထိ အသုံးပြုရန် အသင့်ရှိနေပြီ။ မကြာမီ ယေရှုသည် ထိုတန်ခိုးများကိုအသုံးပြုပြီး နာခံမှုရှိသူတို့၏ အနာရောဂါကို ငြိမ်းစေပါလိမ့်မည်။ ဤတောက်ပသော အနာဂတ်အလားအလာအကြောင်း သင်ပိုမိုသိရှိနိုင်ရန် ယေဟောဝါသက်သေများက အားရဝမ်းသာ ကူညီပေးပါလိမ့်မည်။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ယေရှု၏အံ့ဖွယ်အမှုများသည် “ဘုရားသခင်၏မဟာတန်ခိုးတော်” ထင်ရှားပြသမှုဖြစ်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှုသည် ခံစားချက် အပြည့်ရှိသူဖြစ်