မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေနှင့်ရေ ထွင်းထုထားရာ အိမ်များတွင် နေထိုင်ကြသော ကပ္ပဒေါကိပြည်

လေနှင့်ရေ ထွင်းထုထားရာ အိမ်များတွင် နေထိုင်ကြသော ကပ္ပဒေါကိပြည်

လေ​နှင့်​ရေ ထွင်းထု​ထား​ရာ အိမ်များတွင် နေထိုင်ကြ​သော ကပ္ပဒေါကိ​ပြည်

ကပ္ပဒေါကိ​ပြည်​အကြောင်း တမန်​တော် ပေတရု ပြော​ခဲ့​ဖူး​သည်။ သူ၏​မှုတ်သွင်းခံ​ပထမ​စာစောင်​၏ တစ်စိတ်​တစ်ပိုင်း​ကို “ကပ္ပဒေါကိ​ပြည် . . . အရပ်ရပ်​တို့​၌​ကွဲပြား​သော ဧည့်သည် . . . တို့” ထံ လိပ်မူ​ခဲ့​သည်။ (၁ ပေတရု ၁:၁-၂) ကပ္ပဒေါကိ​ပြည်​သည် မည်​ကဲ့သို့​သော​ဒေသ​မျိုး​ဖြစ်သနည်း။ ထို​ပြည်သား​များသည် ကျောက်ဆစ်​အိမ်များ​၌ အဘယ်ကြောင့် နေထိုင်ခဲ့​ကြ​သနည်း။ သူတို့သည် ခရစ်ယာန်​ဘာသာ​တရား​နှင့် မည်သို့ ထိတွေ့​ခဲ့​ကြ​သနည်း။

“ကျွန်ုပ်​တို့သည် က​တော့​ပုံ​ကျောက်ဆောင်​များ၊ ကျောက်တိုင်​စု​ကြီး​များ​ထဲ​တွင် ရုတ်တရက်​လမ်းပျောက်​သွားခဲ့​ကြသည်” ဟု ၁၈၄၀ ပြည့်လွန်​နှစ်များ​အတွင်း ကပ္ပဒေါကိ​ပြည် (က​က်​ပ​ဒိုး​စီး​ယား) သို့ အလည်​ရောက်သွား​ခဲ့​သူ၊ ဗြိတိသျှ​ခရီးသည် ဒဗလျူ. အက်ဖ်. အိန့်စ်ဝေါ့သ်​က​ဆို​ခဲ့​သည်။ တစ်မူထူး​သော ထို​ရှုခင်း​သည် တူရကီ​နိုင်ငံ​ရှိ ၎င်း​ဒေသ​သို့ ယနေ့​အလည်သွား​သူတို့အား ရင်သပ်​ရှုမော​အံ့အားသင့်​စေ​ဆဲ​ဖြစ်သည်။ ထူးဆန်းသော “ကျောက်ဆစ်​ရုပ်​များ” သည် က​က်​ပ​ဒိုး​ရှန်း​ချိုင့်ဝှမ်း​များ​တွင် တုတ်​တုတ်​မျှ​မ​လှုပ်​သော စစ်​ကင်းစောင့်​များ​ကဲ့သို့ ပြွတ်သိပ်​လျက်​ရှိသည်။ အချို့​မှာ ပေ ၁၀၀ သို့​မဟုတ် ထို့​ထက်​ကျော်​၍ မိုး​ထိုး​နေသော ဧရာမ​မီးခိုး​ခေါင်းတိုင်​များနှင့်​တူ​၏။ အခြား​ကျောက်ဆောင်​များ​မူ ရေခဲမုန့်​က​တော့​ကြီး​များ၊ လေးမျက်နှာ​ကျောက်တိုင်​မြင့်​များ သို့​မဟုတ် မှို​ပွင့်​များနှင့် ဆင်တူ​ကြသည်။

တစ်နေ့တာ​အတွင်း နေ​ရောင်ခြည်​က​လည်း ဤ​ကျောက်ဆောင်​များ​ကို အလွန်​တင့်တယ်လှ​ပ​စွာ အရောင်​ဆင်​ပေး​သည်! မိုး​သောက်​ချိန်​တွင် ၎င်းတို့သည် ပန်း​နု​ရော​င်​ထွက်​နေသည်။ မွန်းတည့်​ချိန်​ရောက်​သော် ဆင်​စွယ်​ရော​င်​ဖျော့​ဖျော့​ဖြစ်လာ​ပြီး နေဝင်ချိန်​တွင်​မူ ရွှေဝါရောင်​သို့​ပြောင်း​သွား​သည်။ ဤ “က​တော့​ပုံ​ကျောက်ဆောင်​များ၊ ကျောက်တိုင်​စု​ကြီး​များ” မည်သို့​ဖြစ်ပေါ်​လာ​သနည်း။ ထို​ဒေသ​ရှိ​လူများ​သည် ၎င်း​ကျောက်ဆောင်​များ​ထဲ​တွင် အဘယ်ကြောင့်​အိမ်လုပ်​ပြီး​နေကြ​သနည်း။

လေ​နှင့်​ရေ တိုက်စားမှု​ကြောင့် ပုံ​သွန်း​ခံရ

ကပ္ပဒေါကိ​ပြည်​သည် အာရှ​နှင့် ဥရောပ​ကို ဆက်သွယ်​ပေး​သော အယ်နာ​ထိုး​လီယန်​ကျွန်းဆွယ် အလယ်ဗဟို​တွင် တည်ရှိ​သည်။ မီးတောင်​နှစ်လုံး​သာ​မရှိခဲ့​လျှင် ထို​ဒေသ​သည် ကုန်းပြင်မြင့်​ဖြစ်​ပေမည်။ လွန်ခဲ့သော​အနှစ်​ထောင်ပေါင်း​များစွာက အင်အားကြီး​သော​မီးတောင်​ပေါက်ကွဲ​မှုများ​ကြောင့် ၎င်း​ဒေသ​တွင် ကျောက်​နှစ်မျိုး ဖုံးလွှမ်း​လျက်​ရှိသည်၊ မီးတောင်​ချော်ကျောက်​မာ​နှင့် မီးတောင်​ပြာ​ရည်​မှ ဖြစ်ပေါ်​လာသော ဖြူဖျော့ဖျော့ ကျောက်ဆောင်​ပွ​တို့ ဖြစ်သည်။

၎င်း​ကျောက်ဆောင်​ပွ​ကို မြစ်ရေ​များ၊ မိုး​နှင့် လေ​တို့​က တိုက်စား​စ​ပြု​ရာ ချောက်​နက်​ကြီး​များ ဖြစ်ပေါ်​လာ​သည်။ နောက်ဆုံး​တွင် ဤ​တိုက်စားမှု​ကြောင့် ချောက်​ကမ်းပါး​အချို့​မှာ တဖြည်းဖြည်း​အက်ကွဲ​လာပြီး က​တော့​ပုံ​ကျောက်ဆောင်​များ၊ ကျောက်တိုင်​အမြောက်အမြား ဖြစ်ပေါ်​လာ​စေ​ရာ ကမ္ဘာ​တစ်​လွှား မည်သည့်​နေရာ၌​မျှ မ​တွေ့ရ​သော ကျောက်ဆစ်​ရုပ်​များနှင့် အလှဆင်​ခံရ​လေ​သည်။ အခေါင်းပေါက်​များ​ရှိသော က​တော့​ပုံ​ကျောက်ဆောင်​အချို့​မှာ ပျားအုံ​နှင့်​တူ​သည်။ ဒေသခံ​များသည် ၎င်း​ကျောက်ဆောင်​ပွ​တွင် အခန်း​များ​ထွင်း​၍​နေထိုင်ကြ​ပြီး မိသားစုကြီး​လာ​သည်​နှင့်​အမျှ အခန်း​ပို​များ​လာ​သည်။ ဤ​နေအိမ်များ​သည် နွေ​ရာသီ​တွင် အေးမြ​ပြီး ဆောင်း​ရာသီ​တွင် နွေး​နွေးထွေး​ထွေး​ရှိကြောင်း သူတို့​တွေ့ရှိ​လာ​ကြ​၏။

ယဉ်ကျေးမှု​လမ်းဆုံ​၌ နေထိုင်ခြင်း

ကပ္ပဒေါကိ​ပြည်​မှ ဂူ​တွင်း​နေထိုင်သူ​တို့သည် အရေးပါသော ယဉ်ကျေးမှု​လမ်းဆုံ​၌ မနေထိုင်​ခဲ့​ပါ​မူ လူ​တို့​နှင့် အဆက်ပြတ်​နေနိုင်​ဖွယ်​ရှိသည်။ ကျော်ကြား​သော ပိုး​လမ်းမကြီး​ဖြစ်သည့်၊ ရောမ​အင်ပါယာ​နှင့် တရုတ်​ပြည်​ကို ဆက်သွယ်​ထားသော မိုင်​ပေါင်း ၄,၀၀၀ ရှည်​သည့် ကုန်သွယ်​ရေး​လမ်းကြောင်း​သည် ကပ္ပဒေါကိ​ပြည်​ကို ဖြတ်သွား​ရ၏။ ကုန်သည်​များ​အပြင် ပါရှန်း၊ ဂရိ​နှင့် ရောမ​စစ်တပ်​များလည်း ဤ​လမ်းကြောင်း​ပေါ် သွားလာ​ခဲ့​ကြသည်။ ဤ​ခရီးသည်​များ​က ဘာသာရေး​အယူအဆ​သစ်​များ​ကို သယ်ဆောင်​လာ​ခဲ့​ကြသည်။

ဘီ.စီ.အီး. ဒုတိယ​ရာစု​တိုင်​လေ​သော် ကပ္ပဒေါကိ​ပြည်​၌ အခြေချ​နေထိုင်ကြ​သော ဂျူး​များ​ရှိလာ​သည်။ ၎င်း​ဒေသ​မှ​ဂျူး​များသည်​စီ.အီး. ၃၃ ခုနှစ်​တွင် ယေရုရှလင်​မြို့၌​ရှိခဲ့​ကြသည်။ ပင်တေကုတ္တေပွဲ ကျင်းပ​ရန် သူတို့​ရောက်ရှိ​နေကြ​ခြင်း​ဖြစ်သည်။ သို့ဖြင့် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ခံရ​ပြီး​နောက် တမန်​တော်​ပေတရု​သည် ကပ္ပဒေါကိ​ပြည်သား ဂျူး​များ​ကို ဟောပြောခဲ့​၏။ (တမန်​တော် ၂:၁-၉) အချို့​က သူ​ဟောပြော​သည့် သတင်းတရားကို လက်ခံ​ပြီး မိမိတို့ တွေ့ရှိ​ထား​ခါ​စ ယုံကြည်ချက်များ​ကို အိမ်သို့ပြန်​ယူဆောင်​သွားခဲ့​ပုံ​ရသည်။ ထို့​ကြောင့် ပေတရု​သည် သူ၏​ပထမ​စာစောင်​ကို ကပ္ပဒေါကိ​ပြည်​ရှိ ခရစ်ယာန်​များ​ထံ လိပ်မူ​ခဲ့​ရခြင်း​ဖြစ်သည်။

သို့သော် နှစ်များ​ကုန်လွန်​လာ​လေ​သော် ကပ္ပဒေါကိ​ပြည်​ရှိ ခရစ်ယာန်​များ​ကို အယူမှား​သူတို့၏ အတွေးအခေါ်​များ​က စတင်​လွှမ်းမိုး​လာ​၏။ လေး​ရာစု​တွင် ဩဇာ​စူးသော ကပ္ပဒေါကိ​ပြည်သား ချာ့ခ်ျ​ခေါင်းဆောင်​သုံးဦး​တို့သည် ကျမ်းစာ​နှင့်​မညီသော သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒ​ကို အကြီးအကျယ် ခုခံ​ကာကွယ်​ပြောဆို​ခဲ့​သည့်​အထိ​ပင်။ ထို​သူတို့မှာ နေ​ဇီ​ရန်း​ဇ​ပ်စ် ဂရယ်ဂရီ၊ မဟာ​ဗယ်စဲလ်​နှင့် သူ၏​ညီ နစ်​စာ ဂရယ်ဂရီ​တို့ ဖြစ်​ကြသည်။

မဟာ​ဗယ်စဲလ်​သည် သူတော်စင်​ဆိုင်ရာ​ဘဝ​ပုံစံ​ကိုလည်း အားပေးခဲ့​သည်။ သူ​အကြံပြု​သော အလွန်​ခြိုးခြံ​သည့်​ဘဝ​ပုံစံ​မျိုး​သည် ကျောက်ဆစ်​အိမ်များ​ထဲ​တွင် ခပ်​လျှို​လျှို​နေတတ်​သော ကပ္ပဒေါကိ​ပြည်သား​များနှင့် အပ်စပ်​ခဲ့​သည်။ သူတော်စင်​ဆိုင်ရာ​အသိုင်းအဝိုင်း ကြီးထွား​လာ​သည်​နှင့်​အမျှ ပို​ကြီးမားသော က​တော့​ပုံ​ကျောက်ဆောင်​များ​ထဲ​တွင်​ချာ့ခ်ျ​များ​ကို ဆောက်လုပ်​ခဲ့​ကြသည်။ ၁၃ ရာစု​တိုင်​လေ​သော် ၎င်း​ကျောက်ဆောင်​များ​တွင် ချာ့ခ်ျအ​လုံး​သုံး​ရာ​ခန့် ထွင်းထု​ပြီး​သား​ဖြစ်သည်။ ယနေ့​ထိ​တိုင် ထို​ချာ့ခ်ျ​အတော်များများ ရှိသေး​သည်။

ချာ့ခ်ျ​များနှင့် ခရစ်ယာန်​ဘုန်းကြီး​ကျောင်း​များ​ကို အသုံးမပြု​တော့​သော်လည်း​ဒေသခံ​လူတို့၏​ဘဝ​ပုံစံ​မှာ ရာစုနှစ်များ​တစ်လျှောက် အပြောင်းအလဲ​သိပ်​မရှိ​ချေ။ လိုဏ်ခေါင်း​များစွာ​တို့​တွင် လူ​တို့​နေထိုင်ကြ​ဆဲ​ရှိသည်။ ကပ္ပဒေါကိ​ပြည်​သို့ အလည်​ရောက်သွား​ကြ​သူများ​သည် သဘာဝ​ကျောက်ဆောင်​စု​များ​ကို အသုံးဝင်​သော​နေအိမ်များ​အဖြစ် ပြောင်းလဲ​ထား​နိုင်​ကြ​သည့် ထို​ပြည်သား​များ​၏ ကြံရည်ဖန်ရည်​ကို မအံ့သြ​မ​ချီးမွမ်း​ဘဲ မနေနိုင်​ကြ​ပါ။

[စာမျက်နှာ ၂၄ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ကပ္ပဒေါကိ​ပြည်

တရုတ်​ပြည်(က​သေး)