မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြီးမြတ်မှုအပေါ် ခရစ်တော်အမြင်မျိုး ပျိုးထောင်ခြင်း

ကြီးမြတ်မှုအပေါ် ခရစ်တော်အမြင်မျိုး ပျိုးထောင်ခြင်း

ကြီးမြတ်မှု​အပေါ် ခရစ်တော်​အမြင်မျိုး ပျိုးထောင်​ခြင်း

“သင်တို့တွင် အကဲအမှူး​ပြု​လို​သော​သူကို သင်တို့​အစေခံ​ဖြစ်စေ။”—မဿဲ ၂၀:၂၈

၁။ ကြီးမြတ်မှု​အပေါ် လောက​အမြင်​ကား အဘယ်နည်း။

ကိုင်​ရို​မြို့​တောင်ဘက်​မိုင် ၃၀၀ ခန့်​ရှိ ရှေး​အီဂျစ်​မြို့တော် သီး​ဘ်စ်​မြို့ (မျက်မှောက်ခေတ် ကာ​နက်​မြို့) အနား​တွင် ပေ ၆၀ အမြင့်​ရှိ ဖာရော​အ​မဲ​န်​ဟို​တက်​ပ် ၃ ၏​ရုပ်တု​တစ်ခု​ရှိသည်။ ထို​ဧရာမ​ရုပ်တုကြီး​နှင့် မိမိကိုယ်ကို နှိုင်းယှဉ်​ကြည့်​သော် အလွန်​သေးငယ်​သည်​ဟု ထင်မြင်​ရစေ၏။ ရှင်ဘုရင်​ကို ကြည်ညို​ထိတ်လန့်​စေလို၍ ပုံဖော်​ထားသော ဤ​ကျောက်ရုပ်​တု​ကြီး​သည် မိမိကိုယ်ကို​အရေးပါ​အရာရောက်​သူ​ဖြစ်စေ​ပြီး အခြား​သူများကို​ကား လူ​ရာ​မဝင်​သူများ​အဖြစ် ထင်မြင်​စေသည့် ကြီးမြတ်မှု​အပေါ် လောက​အမြင်​၏ သင်္ကေတ​တစ်ခု​ဖြစ်သည်။

၂။ ယေရှုသည် မိမိ၏​နောက်လိုက်​များ​အတွက် အဘယ်​ပုံသက်သေ ချမှတ်​ခဲ့​သနည်း၊ ကျွန်ုပ်​တို့​ကိုယ်ကို အဘယ်​မေးခွန်းများ မေး​ဖို့​လို​သနည်း။

ကြီးမြတ်မှု​အပေါ် ဤ​အမြင်မျိုး​နှင့် ယေရှု​ခရစ်​သင်ပေးခဲ့​သည့်​အမြင်ကို နှိုင်းယှဉ်​ကြည့်​ပါ။ ယေရှုသည် မိမိ​နောက်လိုက်​များ​၏ ‘သခင်​ဘုရား​ဖြစ်​လျက်၊ ဆရာ​ဖြစ်​လျက်’ နှင့်​သူတစ်ပါး​၏​အစေ​ကို​ခံ​ခြင်း​က ကြီးမြတ်​သည်​ဟု သင်ပေးခဲ့​သည်။ ယေရှု၏​မြေကြီး​အသက်တာ နောက်ဆုံး​နေ့ရက်​တွင် တပည့်​များ​၏​ခြေ​ကို ဆေး​ပေးခြင်း​အားဖြင့် ကိုယ်တော်​သင်ပေးခဲ့​သည့် ကြီးမြတ်မှု​အဓိပ္ပာယ်​ကို ဖော်ပြ​ခဲ့​သည်။ တကယ်​ကို နှိမ့်ချသော​လုပ်ရပ်​ပါ​တကား! (ယောဟန် ၁၃:၄၊ ၅၊ ၁၄သ​မ) သင်သည် သူတစ်ပါး​၏​အစေ​ကို​ခံ​ခြင်း သို့​မဟုတ် သူတစ်ပါးကို​စေ​စားခြင်း၊ အဘယ်အရာကို ပို​နှစ်သက်​သနည်း။ ခရစ်တော်​၏​ပုံသက်သေ​က သင့်ကို ကိုယ်တော်​ကဲ့သို့​ပင် စိတ်​နှိမ့်ချ​လို​သော​သဘော ရှိစေ​သလော။ သို့​ဖြစ်​လျှင် ကြီးမြတ်မှု​အပေါ် လောက​အမြင်​နှင့် ခရစ်တော်​၏​အမြင်ကို နှိုင်းယှဉ်​ကြည့်​ကြ​စို့။

ကြီးမြတ်မှု​အပေါ် လောက​၏​အမြင်ကို ရှောင်​လော့

၃။ အလွန်​ဂုဏ်တင်​ခံ​လို​ကြ​သူများ​၏ ဝမ်းနည်းဖွယ်​အကျိုးဆက်ကို အဘယ်​ကျမ်းစာ​ပုံ​နမူနာ​များ​က ဖော်ပြ​သနည်း။

ကြီးမြတ်မှု​အပေါ် လောက​၏​အမြင်​ထား​ရှိ​ခြင်း​သည် ပျက်စီးခြင်း​သို့​ရောက်​စေ​ကြောင်း ကျမ်းစာ​ပုံ​နမူနာ​များစွာက ဖော်ပြ​၏။ ဧသတာ​နှင့်​မော်ဒကဲ​တို့​ခေတ်​က ပါးရှား​နန်းတော်​တွင် ထင်ပေါ်​ခဲ့​သော ဩဇာ​အာဏာ​ရှိသူ ဟာမန်​အကြောင်းကို စဉ်းစား​ကြည့်​ပါ။ ဟာမန်​၏​ကျော်ကြား​လို​စိတ် ပြင်းပြ​မှု​ကြောင့် နှိမ့်ချ​ခံရ​ပြီး သေပွဲဝင်​ခဲ့​ရ၏။ (ဧသတာ ၃:၅; ၆:၁၀-၁၂; ၇:၉၊ ၁၀) ဩဇာ​အာဏာ အထွတ်အထိပ်​ရောက်ချိန်​တွင် ရူးသွပ်​သွား​သည့် မောက်မာ​သော​နေဗုခဒ်နေဇာ​ကော အသို့နည်း။ ကြီးမြတ်မှု​အပေါ် သူ၏​လွဲမှား​နေသော​အမြင်ကို ဤ​စကား​များ​ဖြင့် ဖော်ပြ​ခဲ့​သည်– “ဤ​မြို့​ကား ငါ့​နိုင်ငံ​တည်ရာ၊ ငါ့​ရွှေ​ဘုန်းတော်​ကို ချီးမြှောက်​ရာ​ဖို့ ငါ့​တန်ခိုး​အာနုဘော်​အားဖြင့် ငါ​တည်လုပ်​သော ဗာဗုလုန်​မြို့ကြီး​မဟုတ်လော။” (ဒံယေလ ၄:၃၀) ထို့​ပြင် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​မည့်​အစား မထိုက်တန်​သည့်​ဂုဏ်​အသရေ​ကို လက်ခံ​ယူ​ခဲ့​သည့် မာန​ကြီးသော​ဟေရုဒ်အဂြိပ္ပ ၁ လည်း​ရှိသေး​သည်။ ယင်းကြောင့် သူသည် “ကိုယ်​တွင်း​၌ ပိုး​များ​ကိုက်​သဖြင့် [သေဆုံး]လေ​၏။” (တမန်​တော် ၁၂:၂၁-၂၃) ကြီးမြတ်မှု​အပေါ် ယေဟောဝါ​၏​အမြင်ကို သဘောမပေါက်​သောကြောင့် သူတို့​အားလုံး မာန်​ဆွယ်​ကျိုး ကျဆုံး​ခဲ့​ကြ​ရသည်။

၄။ ဤ​လောက​၏​မာန်​မာန​စိတ်ထား​၏ နောက်ကွယ်​တွင် မည်သူ​ရှိ​သနည်း။

ကျွန်ုပ်​တို့သည် ဂုဏ်​အသရေ​ရှိပြီး လေးစား​ခံရ​သည့် ဘဝမျိုး​ဖြင့် အသက်ရှင်​လို​ခြင်း​သည် လျော်​ကန်​၏။ သို့သော် စာတန်​သည် အဆိုပါ​စိတ်ဆန္ဒ​ကို အခွင့်ကောင်း​ယူပြီး သူ၏​ကြီးပွား​လို​စိတ်​ကို ထင်ဟပ်​စေသည့် မာန်​မာန​စိတ်ထား​ကို ကြီးထွား​လာ​စေ​၏။ (မဿဲ ၄:၈၊ ၉) သူသည် “ဤ​လောကကို အစိုးရ​သော​ဘုရား” ဖြစ်​ကြောင်း​နှင့် ဤ​ကမ္ဘာ​မြေ​တွင် သူ၏​စဉ်းစား​တွေးခေါ်မှု​ကို မြှင့်တင်​ပေး​ရန် သန္နိ​ဋ္ဌာန်​ချထား​ကြောင်း ဘယ်တော့​မျှ​မမေ့​ပါ​နှင့်။ (၂ ကောရိန္သု ၄:၄; ဧဖက် ၂:၂; ဗျာ. ၁၂:၉) ထို​စဉ်းစား​တွေးခေါ်မှု​၏​ရင်းမြစ်ကို ခရစ်ယာန်​များ သိထား​သောကြောင့် ကြီးမြတ်မှု​အပေါ်​ထား​ရှိသည့် လောက​အမြင်ကို ရှောင်ရှား​ကြသည်။

၅။ အောင်မြင်မှု၊ ကျော်ကြား​မှု​နှင့် ချမ်းသာ​ကြွယ်ဝမှု​တို့​က တည်တံ့​မြဲမြံ​သော စိတ်​ကျေနပ်မှု​ကို အာမခံ​သလော။ ရှင်းပြပါ။

စာတန်​မြှောက်ပင့်​ပေး​သော စဉ်းစား​တွေးခေါ်မှု​တစ်ခု​မှာ လောကတွင် နာမည်ကြီး​ခြင်း၊ ချီးမွမ်း​ခံရ​ခြင်း​နှင့် ချမ်းသာ​ကြွယ်ဝခြင်း​တို့သည် အလိုအလျောက် ပျော်ရွှင်မှု​ရစေသည်​ဟူသော တွေးခေါ်မှု​ပင်​ဖြစ်၏။ ၎င်း​သည် မှန်ကန်​သလော။ အောင်မြင်မှု၊ ကျော်ကြား​မှု​နှင့် ချမ်းသာ​ကြွယ်ဝမှု​တို့သည် ဘဝကို ကျေနပ်​ရောင့်ရဲမှု​ရှိစေ​မည်​ဟု အာမခံ​သလော။ ဤသို့​သော​တွေးခေါ်မှု​ဖြင့် ကျွန်ုပ်​တို့ လှည့်ဖြား​မခံရ​စေရန် သမ္မာကျမ်းစာ​က သတိပေး​ထား​၏။ ပညာရှိ​ရှင်ဘုရင်​ရှောလမုန်က ဤသို့​ရေးသားခဲ့​သည်– “ကြိုးစား​အားထုတ်ခြင်း​အမှု​နှင့် ကောင်းမွန်​စွာ​ပြီးစီး​သော အမှု​အလုံးစုံ​တို့ကို​လည်းကောင်း၊ ထိုသို့​သော​အမှုတို့​ကြောင့် သူတစ်ပါး​ငြူစူ​ကြောင်းကို​လည်းကောင်း ငါ​ဆင်ခြင်​၏။ ထို​အမှုအရာ​သည် အ[ချည်းနှီး]အမှု၊ လေကို​ကျက်စား​သော​အမှု​ဖြစ်၏။” (ဒေ. ၄:၄) ဤ​လောကတွင် အောင်မြင်​ကျော်ကြား​ရန် ဘဝကို​မြှုပ်နှံ​ပြီး ကြိုးစား​ခဲ့​သူများ​သည် ဤ​မှုတ်သွင်းခံကျမ်း​စာ​ဆုံးမ​စကား မှန်ကန်ကြောင်း ထောက်ခံကြ​၏။ သာဓက​တစ်ခု​မှာ လ​ကမ္ဘာ​သို့​သွား​သည့် အာကာသယာဉ်​ကို ဒီဇိုင်းဆွဲ​၍ ဆောက်လုပ်​ပြီး​နောက် စမ်းသပ်​ရာ​တွင် ပါဝင်​ကူညီ​ပေး​ခဲ့​ရသူ​၏​သာဓက​ဖြစ်သည်။ သူက ဤသို့​ပြန်​ပြောပြ​၏– “ကျွန်တော် ကြိုးစား​လုပ်ဆောင်ခဲ့တဲ့​အတွက် အလုပ်မှာ ကျွမ်းကျင်​လာတယ်။ ဒါပေမဲ့ အဲ့ဒီ​အတွက် ကျွန်တော့်​မှာ တည်တံ့​မြဲမြံ​တဲ့​ပျော်ရွှင်မှု​နဲ့ စိတ်​ငြိမ်သက်မှု​မရှိပါဘူး။” * စီးပွားရေး၊ အားကစား သို့​မဟုတ် ဖျော်ဖြေရေး​လောက​တို့​တွင်​ဖြစ်စေ ကြီးမြတ်မှု​နှင့်​ပတ်သက်​သည့် လောက​၏​အမြင်​သည် တည်တံ့​မြဲမြံ​သော စိတ်​ကျေနပ်မှု​ကို အာမ,မခံ​ချေ။

မေတ္တာဖြင့် သူတစ်ပါး​၏​အစေ​ကို​ခံ​ခြင်း​မှ​ရရှိသော ကြီးမြတ်မှု

၆။ ယာကုပ်နှင့်​ယောဟန်တို့သည် ကြီးမြတ်မှု​အပေါ် အမြင်မှား​နေကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

ယေရှု၏​အသက်တာ​မှ အဖြစ်အပျက်​တစ်ခု​က ကြီးမြတ်မှု​အစစ်အမှန်​တွင် အဘယ်အရာ​ပါဝင်​ကြောင်း ဖော်ပြ​၏။ ယေရှု​နှင့် ကိုယ်တော်​၏​တပည့်​များသည် စီ.အီး. ၃၃ ခုနှစ်​တွင် ပသခါပွဲ တက်ရောက်​ရန် ယေရုရှလင်​မြို့​သို့ ခရီးနှင်​ခဲ့​ကြသည်။ လမ်းခရီးတွင် ယေရှု၏​ဝမ်းကွဲ​ညီ ယာကုပ်နှင့် ယောဟန်တို့သည် ကြီးမြတ်မှု​အပေါ် အမြင်မှား​နေကြောင်း ဖော်ပြ​ခဲ့​သည်။ သူတို့၏​မိခင်​မှ​တစ်ဆင့် ယေရှုကို ဤသို့​တောင်းလျှောက်​ခဲ့​ကြသည်– ‘ကိုယ်တော်​၏​နိုင်ငံတော်​တွင် ကျွန်ုပ်​တို့ကို လက်ယာတော်​ဘက်၌​တစ်ယောက်၊ လက်ဝဲ​တော်​ဘက်၌​တစ်ယောက် ထိုင်​ရသော​အခွင့် ပေး​တော်​မူ​ပါ။’ (မဿဲ ၂၀:၂၁) လက်ယာဘက်​တွင် သို့​မဟုတ် လက်ဝဲဘက်​တွင် ထိုင်​ရခြင်း​သည် ဂုဏ်​အသရေ​ရှိ၏​ဟု ဂျူး​တို့ ထင်မှတ်​ခဲ့​ကြသည်။ (၃ ဓမ္မ​ရာဇဝင် ၂:၁၉) ယာကုပ်နှင့် ယောဟန်တို့သည် အထင်ပေါ်ဆုံး​နေရာများ​ကို ရည်မှန်းချက်​ကြီးစွာ ရယူလို​ခဲ့​ကြ​၏။ အဆိုပါ အခွင့်အာဏာ​ရှိရာ​ထူး​တို့ကို သူတို့​ရရှိရန် အဆို​တင်သွင်း​ထား​လို​ကြ​၏။ ယေရှုသည် သူတို့၏​စဉ်းစား​တွေးခေါ်ပုံ​ကို သိရှိပြီး ကြီးမြတ်မှု​အပေါ် သူတို့၏​အမြင်မှား​ကို တည့်မတ်​ပေး​ရန် အခွင့်ကောင်း​ယူ​ခဲ့​သည်။

၇။ စစ်မှန်သော​ခရစ်ယာန်​ကြီးမြတ်မှု​ကို ယေရှု မည်သို့​ဖော်ပြ​သနည်း။

မာန​ထောင်လွှား​သော ဤ​လောကတွင် ကြီးမြတ်သူ​ဟု ယူဆ​ခံရ​သူသည် အခြား​သူများကို ချုပ်ကိုင်​ပြီး အာဏာ​နှင့် စေခိုင်း​တတ်​သည်၊ ထို​သူသည် လက်​ဖျောက်​တစ်ချက်​တီး​ရုံ​ဖြင့် လိုအင်ဆန္ဒ​အားလုံး ပြည့်​နိုင်​ကြောင်း ယေရှု​သိတော်မူ၏။ ယေရှု၏​နောက်လိုက်​တို့​မူ နှိမ့်ချစွာ သူတစ်ပါး​၏​အစေ​ကို​ခံ​ခြင်း​အားဖြင့် ကြီးမြတ်မှု​ကို တိုင်းတာ​ကြ​ရသည်။ ယေရှု​က “သင်တို့တွင် အကဲအမှူး​ပြု​လို​သော​သူကို သင်တို့​အစေခံ​ဖြစ်စေ။ သင်တို့တွင် အထွတ်အမြတ်​လုပ်ချင်​သော​သူကိုလည်း သင်တို့​ကျွန်​ဖြစ်စေ” ဟု​မိန့်ဆိုခဲ့သည်။—မဿဲ ၂၀:၂၆-၂၈

၈။ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​ဖြစ်​ခြင်း​ဟူသည် အဘယ်နည်း။ မိမိကိုယ်ကို အဘယ်​မေးခွန်းများ မေး​နိုင်​သနည်း။

သမ္မာကျမ်းစာ​တွင် ခရစ်ယာန် “ဓမ္မ​အမှုဆောင်” ဟူ၍ ပြန်ဆို​ထားသော ဂရိ​စကားလုံး​သည် လုံ့လ​ဝီရိယ​ရှိ​ရှိ ကြိုးစား​အားထုတ်​၍ သူတစ်ပါး​၏​အစေခံ​သူကို ရည်ညွှန်း၏။ ယေရှု​က အမိန့်​ဖြင့်​စေခိုင်း​သူများ​မဟုတ်ဘဲ မေတ္တာဖြင့် သူတစ်ပါး​၏​အစေ​ကို​ခံ​မှ​သာ​လျှင် ကြီးမြတ်သူ​ဖြစ်၏​ဟု တပည့်​များ​ကို အရေးကြီး​သင်ခန်းစာ​တစ်ခု သင်ပေးခဲ့​သည်။ သင့်ကိုယ်ကို ဤသို့​မေးမြန်း​စစ်ဆေး​ပါ– ‘ကျွန်ုပ်​သာ ယာကုပ် သို့​မဟုတ် ယောဟန်​ဖြစ်​လျှင် မည်သို့ တုံ့ပြန်​မည်​နည်း။ မေတ္တာ​၏​လှုံ့ဆော်မှု​ဖြင့် သူတစ်ပါး​၏​အစေ​ကို​ခံ​ခြင်း​သည် စစ်မှန်သော​ကြီးမြတ်မှု​ဖြစ်သည်​ကို သဘောပေါက်​ပါသလော။’—၁ ကောရိန္သု ၁၃:၃

၉။ ယေရှုသည် အခြား​သူများ​နှင့်​ဆက်ဆံ​ရာ​တွင် အဘယ်​ပုံသက်သေ​ပြ​ခဲ့​သနည်း။

လောက​၏​ကြီးမြတ်မှု​စံနှုန်း​သည် ခရစ်တော်​၏​ကြီးမြတ်မှု​စံနှုန်း​နှင့် မတူ​ကြောင်း တပည့်​များ​အား ယေရှု​ပြသ​ခဲ့​၏။ ကိုယ်တော်​ကူညီ​ပေး​ခဲ့​သူများ​အပေါ် အထင်သေး​သည့်​သဘောထား တစ်ခါမျှ​မပြ​ဖူး​ချေ၊ လူ​ရာ​မဝင်​သူများ​ဖြစ်သည်​ဟူ၍ သူတို့အား တစ်ခါမျှ​မခံစား​စေ​ခဲ့​ပါ။ လူအမျိုးမျိုး​ဖြစ်​ကြသော ယောက်ျား၊ မိန်းမ​နှင့်​ကလေး၊ ဆင်းရဲ​ချမ်းသာ​နှင့် ဩဇာ​အာဏာ​ရှိ​သူများ​သာမက နာမည်ကြီး​အပြစ်​ကျူးလွန်​သူများ​ပင် ကိုယ်တော်​နှင့် သက်သောင့်သက်သာ ပေါင်းသင်း​ဆက်ဆံ​နိုင်​ကြ​၏။ (မာကု ၁၀:၁၃-၁၆; လုကာ ၇:၃၇-၅၀) လူတို့သည် ချို့တဲ့​အားနည်းချက်​ရှိသူ​များ​ကို စိတ်ရှည်​လေ့​မရှိကြ​ချေ။ ယေရှု​မူ​ကား ထိုသို့​မဟုတ်ပေ။ ကိုယ်တော်​၏​တပည့်​များသည် တစ်ခါတစ်ရံ အဆင်​အ​ခြင်​မဲ့ပြီး ငြင်းခုံ​တတ်ကြ​သော်လည်း ကိုယ်တော်​သည် သူတို့ကို စိတ်ရှည်​စွာ သွန်သင်ပေး​ပြီး မိမိသည် အမှန်တကယ်​ပင် စိတ်​နှိမ့်ချသော နူးညံ့​သိမ်မွေ့​သူ​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။—ဇာခရိ ၉:၉; မဿဲ ၁၁:၂၉; လုကာ ၂၂:၂၄-၂၇

၁၀။ သူတစ်ပါး​အကျိုးကို ကိုယ်ကျိုး​စွန့် သယ်ပိုး​ပေး​ကြောင်း ယေရှု၏​အသက်တာ တစ်ခုလုံး​က မည်သို့​ပေါ်လွင်​စေ​သနည်း။

၁၀ ဘုရားသခင်​၏​ထင်ပေါ်​သည့် ဤ​သားတော် ချမှတ်​ခဲ့​သော ကိုယ်ကျိုး​စွန့် ပုံသက်သေ​က ကြီးမြတ်မှု​အဓိပ္ပာယ်မှန်​ကို ဖော်ပြ​၏။ ယေရှုသည် သူတစ်ပါးကို​စေ​စားဖို့ ဤ​ကမ္ဘာ​မြေပေါ် ကြွလာခြင်း​မဟုတ်ဘဲ သူတစ်ပါး​အစေခံ​ရန်ဖြစ်​သည်၊ ကိုယ်တော်​သည် “အထူး ထူး​အပြားပြား​သော အနာ​စွဲ​သော​သူများ​တို့ကို” ကုသ​ပေး​ပြီး နတ်ဆိုး​များ​ကို နှင်​ထုတ်ပေး​ခဲ့​၏။ ကိုယ်တော်​သည် မောပန်း​ပြီး အနားယူ​ဖို့​လို​သော်လည်း ကိုယ့်​အကျိုး​ထက် သူတစ်ပါး​အကျိုးကို အမြဲ​ရှေး​ရှု​ကာ တကူးတက​သွား​၍ နှစ်သိမ့်​ပေး​တတ်​သည်။ (မာကု ၁:၃၂-၃၄; ၆:၃၀-၃၄; ယောဟန် ၁၁:၁၁၊ ၁၇၊ ၃၃) ယေရှု၏​မေတ္တာက လူ​တို့ကို ဝိညာဉ်​ရေး​အရ ကူညီ​ပေး​ရန် ကိုယ်တော်​အား လှုံ့ဆော်​တိုက်တွန်း​ခဲ့​ရာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဟောပြောဖို့ ဖုန်​ထူ​သော​လမ်းများ​ပေါ် မိုင်​ပေါင်း​ရာ​နှင့်​ချီ ခရီးနှင်​ခဲ့​၏။ (မာကု ၁:၃၈၊ ၃၉) ယေရှုသည် သူတစ်ပါး​၏​အစေခံခြင်း​ကို အမှန်ပင် အလေးအနက်​ထား​၏။

ခရစ်တော်​၏​စိတ်​နှိမ့်ချမှုကို တုပ​လော့

၁၁။ အသင်းတော်တွင် ကြီးကြပ်မှူး​များ​အဖြစ် အမှုဆောင်ရန် ခန့်အပ်​ခံရ​သည့် ညီအစ်ကို​များ​တွင် အဘယ်​အရည်အချင်းများ​ရှိဖို့လို​သနည်း။

၁၁ ၁၈၀၀ ပြည့်လွန်​နှစ်များ​နှောင်း​ပိုင်​တွင် ခရစ်ယာန်​ကြီးကြပ်မှူး​များ ပြုစု​ပျိုးထောင်​သင့်​သည့် စိတ်ထား​အမှန်​ကို အလေးအနက်​ဖော်ပြ​ခဲ့​သည်၊ ထို​စဉ်​က ဘုရားသခင့်​လူမျိုးတော်​၏ အကျိုးကို သယ်ပိုး​ရန် နယ်လှည့်​ကိုယ်စားလှယ်​များ​ကို ရွေးချယ်​ခဲ့​သည်။ ထို​သူတို့သည် “မိမိ၏​အသိပညာကို​မဟုတ်ဘဲ ခရစ်တော်​၏​တရားတော်​ကို ရိုးရိုး​နှင့် အားမာန်ပါပါ​ဟောပြော​သည့် မာန်​မာန​မရှိ . . . စိတ်​နှိမ့်ချ​သူများ” ဖြစ်​ဖို့​လို​ကြောင်း ၁၈၉၄၊ စက်တင်ဘာ ၁ ရက် ဇိအုန်​ကင်းမျှော်စင်​က ဖော်ပြ​၏။ ခရစ်ယာန်စစ်​များသည် ကိုယ်ပိုင်​ရည်မှန်းချက်​များ ဖြစ်မြောက်​ဖို့၊ ကျော်ကြား​ဖို့၊ ဩဇာ​အာဏာ​ရှိဖို့၊ သူတစ်ပါးကို ချုပ်ကိုင်​နိုင်​ဖို့​အ​လို့​ငှာ တာဝန်​ကို ဘယ်တော့​မျှ လက်မခံ​သင့်​ချေ။ စိတ်​နှိမ့်ချသော​ကြီးကြပ်မှူး​တစ်ဦး​က မိမိ၏​တာဝန်​များသည် မိမိကို​ဂုဏ်​အသရေ​ရှိစေ​သည့် ရာထူး​ကြီး​တစ်ခု​မဟုတ်ဘဲ ‘အလုပ်​မွန်’ တစ်ခု​ဖြစ်​ကြောင်း အမြဲ​စိတ်​စွဲမှတ်​ထား​ရမည်။ (၁ တိမောသေ ၃:၁၊ ၂) အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်း​အားလုံး​တို့သည် စိတ်​နှိမ့်ချစွာ သူတစ်ပါး​အစေခံ​ရန်​နှင့် မြင့်မြတ်​သော​လုပ်ငန်းတော်တွင် ဦးစီး​ရန် အခြားသူများ​တုပထိုက်​သည့် ပုံသက်သေ​ကောင်း​ကို အစွမ်းကုန်​ကြိုးစား ချမှတ်​ပေး​သင့်​သည်။—၁ ကောရိန္သု ၉:၁၉; ဂလာတိ ၅:၁၃; ၂ တိမောသေ ၄:၅

၁၂။ အသင်းတော်တွင် အခွင့်အရေး​များ​ကို လှမ်းယူ​နေ​သူများ​သည် မိမိတို့​ကိုယ်ကို အဘယ်​မေးခွန်းများ မေး​မည်​နည်း။

၁၂ အခွင့်အရေး​များ​ကို လက်လှမ်း​ယူ​နေသော မည်သည့်​ညီအစ်ကို​မဆို မိမိကိုယ်ကို ဤသို့​မေး​ဖို့​လို​ပေမည်– ‘ကျွန်ုပ်​သည် သူတစ်ပါး​၏​အစေ​ကို​ခံရန် အခွင့်အရေးရှာ​ယူ​သလော သို့​မဟုတ် သူတစ်ပါးကို​စေ​စား​လို​သလော။ သူတစ်ပါး တွေ့ချင်​မှ​တွေ့​မည့် အကျိုးပြု​လုပ်ငန်းများ​ကို ထမ်းဆောင်​လို​သလော။’ ဥပမာ၊ လူငယ်​တစ်ဦး​သည် ခရစ်ယာန်​အသင်းတော်တွင် ဟောပြောချက်​များ​ပေး​ရန် အသင့်ရှိ​သော်လည်း သက်ကြီးရွယ်အို​များ​ကို မကူညီ​လို​ဘဲ​နေ​ပေမည်။ အသင်းတော်တွင် တာဝန်​ရှိသူ​များနှင့် ပေါင်းသင်း​ရခြင်း​ကို ပျော်မွေ့​သော်လည်း ဟောပြောခြင်း​လုပ်ငန်း​တွင် မပါဝင်​လို​ဘဲ​နေ​ပေမည်။ ထိုသို့​သော​လူငယ်​သည် မိမိကိုယ်ကို ဤသို့​မေးသင့်​၏– ‘လူအများ အသိအမှတ်ပြု ချီးမွမ်း​မည့် ဘုရားသခင့်​လုပ်ငန်းတော် ကဏ္ဍ​များ​ကို အဓိက​ထား​အာရုံစိုက်​သလော။ သူတစ်ပါး​ရှေ့ ပေါ်လွင်​ထင်ရှား​ရန် ကြိုးစား​နေ​သလော။’ မိမိကိုယ်ကို​ဂုဏ်တင်​ခြင်း​သည် ခရစ်တော်​နှင့် လုံးဝ​တူ​မည်​မဟုတ်ပါ။—ယောဟန် ၅:၄၁

၁၃။ (က) ကြီးကြပ်မှူး​တစ်ဦး၏ စိတ်​နှိမ့်ချသော​ပုံသက်သေ​သည် သူတစ်ပါးကို မည်သို့​အကျိုး​သက်ရောက်​နိုင်​သနည်း။ (ခ) ခရစ်ယာန်​တစ်ဦး​သည် စိတ်​နှိမ့်ချ​ခြင်း​ကို မဖြစ်​မနေ​မွေးမြူ​ရမည်ဟု အဘယ်ကြောင့် ဆိုနိုင်​သနည်း။

၁၃ ကျွန်ုပ်​တို့သည် ခရစ်တော်​၏​စိတ်​နှိမ့်ချမှုကို ကြိုးစား​တုပ​သောအခါ သူတစ်ပါး​၏​အစေ​ကို​ခံရန် လှုံ့ဆော်​ခံရ​၏။ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​တစ်​ရုံး​၏​လုပ်ငန်း​စဉ်​များ​ကို ကြည့်ရှု​စစ်ဆေး​နေသော ဇုန်​ကြီးကြပ်မှူး​တစ်ဦး၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။ ထို​ကြီးကြပ်မှူး​သည် အလွန်​အလုပ်များ​ပြီး ကြီး​လေး​သည့်​တာဝန် ထမ်းဆောင်​နေရ​သည့်​ကြား​မှ စာအုပ်​ချုပ်စက်​ကို ချိန်ညှိ​ရန် ကြိုးစား​နေသော ညီအစ်ကို​ငယ်​တစ်ဦး​ကို ခေတ္တ​ကူညီ​ပေး​ခဲ့​၏။ ထို​ညီအစ်ကို​ငယ်​က ဤသို့​ပြန်​ပြောပြ​၏– “ကျွန်တော် မယုံနိုင်​လောက်​အောင် ဖြစ်​ခဲ့​ရတယ်! သူငယ်​စဉ်​က ဗေသလမှာ ဒီလို​စက်​မျိုးကို ကိုင်​ခဲ့​ရလို့ အတိအကျ​ချိန်ညှိ​ဖို့ ဘယ်လောက်​ခက်တယ်​ဆိုတာ မှတ်မိ​သေး​တယ်လို့​ပြော​တယ်။ တခြား​အရေးကြီးတဲ့​အလုပ်တွေ အများကြီး​ရှိတဲ့​ကြား​ကနေ ကျွန်တော့်​ကို အတော်ကြာကြာ ဝိုင်းကူ​ပေး​ခဲ့​တယ်။ ကျွန်တော့်​အတွက် အမှတ်တရ​ပဲ။” ယခု ယေဟောဝါသက်သေ​များ​၏ ဌာနခွဲ​တစ်ခု​တွင် ကြီးကြပ်မှူး​ဖြစ်နေ​သော ၎င်း​ညီအစ်ကို​သည် ထို​နှိမ့်ချမှု​လုပ်ရပ်​ကို အမှတ်ရနေ​ဆဲ​ရှိသည်။ နိမ့်ကျ​သည်​ဟု​ထင်​ရသော အလုပ်များ​ကို လုပ်ကိုင်​ရန် ကျွန်ုပ်​တို့သည် မြင့်မြတ်​လွန်း​သည် သို့​မဟုတ် အောက်ခြေသိမ်း အလုပ်များ​ကို မပြု​လုပ်နိုင်​သည့်​အထိ မိမိကိုယ်ကို အရေးပါ​လွန်း​သည်​ဟု ဘယ်တော့​မျှ မယူဆ​ပါ​နှင့်။ ယင်းအစား၊ “နှိမ့်ချ” ခြင်း​ကို အစဉ်​မွေးမြူ​သင့်​သည်။ မဖြစ်​မနေ​မွေးမြူ​ရမည်။ ခရစ်ယာန်​တစ်ဦး ဝတ်ဆင်​ထား​ရမည့် ‘ဥပဓိရုပ်​သစ်’ တွင် ယင်းသည် တစ်စိတ်​တစ်ပိုင်း​ပါဝင်​၏။—ဖိလိပ္ပိ ၂:၃; ကောလောသဲ ၃:၁၀၊ ၁၂; ရောမ ၁၂:၁၆

ကြီးမြတ်မှု​အပေါ် ခရစ်တော်​၏​အမြင်မျိုး ထား​ရှိ​ပုံ

၁၄။ ဘုရားသခင်​နှင့်​လည်းကောင်း၊ လူ​လူ​ချင်း​နှင့်​လည်းကောင်း ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ဆင်ခြင်​တွေးတောခြင်း​ဖြင့် ကြီးမြတ်မှု​အပေါ် လျောက်ပတ်​သော​အမြင်ကို မည်သို့​ပျိုးထောင်​စေနိုင်​သနည်း။

၁၄ ကြီးမြတ်မှု​အပေါ် လျောက်ပတ်​သော​အမြင် မည်သို့​ထား​ရှိ​နိုင်​သနည်း။ တစ်နည်း​မှာ ယေဟောဝါ​ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ဆင်ခြင်​တွေးတောခြင်း​အားဖြင့်​ဖြစ်သည်။ ကိုယ်တော်​၏ ဘုန်း၊ တန်ခိုး​နှင့် ဉာဏ်ပညာ​တို့သည် သေးနုပ်​သော​လူသား​တို့ လက်လှမ်းမမီ​နိုင်​လောက်​အောင် မြင့်မား​လှ​ပေ​သည်။ (ဟေရှာယ ၄၀:၂၂) လူ​လူ​ချင်း​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ဆင်ခြင်​တွေးတောခြင်း​ဖြင့်​လည်း စိတ်​နှိမ့်ချမှုကို ပျိုးထောင်​နိုင်​စေ​၏။ ဥပမာ၊ ကျွန်ုပ်​တို့သည် ကဏ္ဍ​အချို့​တွင် အခြားသူများ​ထက် သာ​ကောင်း​သာ​မည်​ဖြစ်သော်လည်း သူတို့သည် ထို​ထက်​ပို​၍​အရေးကြီး​သည့် အခြား​ကဏ္ဍ​များ​တွင် ကျွန်ုပ်​တို့​ထက်သာ​နေ​ပေမည်၊ သို့​မဟုတ် ကျွန်ုပ်​တို့​တွင်​မရှိသည့် အရည်အချင်း​အချို့ ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​တွင် ရှိ​ပေမည်။ အမှန်​ဆို​သော် ဘုရားသခင်​တန်ဖိုး​ထား​သူများစွာ​သည် သူတို့၏​နူးညံ့​သိမ်မွေ့​မှု​နှင့် နှိမ့်ချသော​သဘော​တို့​ကြောင့် မထင်မရှား​နေတတ်​ကြသည်။—သု. ၃:၃၄; ယာကုပ် ၄:၆

၁၅။ မိမိသည် အခြားသူများ​ထက် သာလွန်​သည်​ဟု မည်သူမျှ ယူမှတ်​စ​ရာ​အကြောင်း​မရှိ​ဟု ဘုရားသခင့်​လူမျိုးတော်​၏​သမာဓိက မည်သို့​ဖော်ပြ​သနည်း။

၁၅ ယုံကြည်ခြင်း​ကြောင့် စမ်းသပ်ခံ​ရသော ယေဟောဝါသက်သေ​များ​၏​တွေ့ကြုံမှု​များ​က အဆိုပါ​အချက်​ကို အတော်အသင့်​ဖော်ပြ​၏။ ဤ​လောက,က အ​ည​တရ​ဟု ယူမှတ်​ထား​သူများ​သည် စမ်းသပ်မှု​အပြင်းအထန်​ခံရ​ချိန်​တွင် ဘုရားသခင်​အပေါ် ဆက်၍​တည်ကြည်​သွား​ကြသည်​မှာ အကြိမ်ကြိမ်​အခါခါ​ပင်။ ဤသို့​သော​ပုံ​နမူနာ​များ​ကို ဆင်ခြင်​တွေးတောခြင်း​သည် ကျွန်ုပ်​တို့အား အစဉ်​စိတ်​နှိမ့်ချမှု​ရှိ​စေနိုင်​ပြီး “ကိုယ်ကို​ထင်​သင့်​သည်​အတိုင်း​ထက် လွန်​၍​မထင်” ရန်​သင်ပေး​၏။—ရောမ ၁၂:၃ *

၁၆။ အသင်းတော်​ရှိသူ​အားလုံး​သည် ယေရှု​ချမှတ်​ပေး​ခဲ့​သော စံနမူနာ​ကို တုပ​သည့်​အနေ​ဖြင့် ကြီးမြတ်မှု​ကို မည်သို့​ပျိုးထောင်​နိုင်​သနည်း။

၁၆ လူကြီးလူငယ်​မရွေး ခရစ်ယာန်​အားလုံး​သည် ကြီးမြတ်မှု​အပေါ် ခရစ်တော်​၏​အမြင်မျိုး ကြိုးစား​ပျိုးထောင်​သင့်​သည်။ အသင်းတော်တွင် တာဝန်​အမျိုးမျိုး လုပ်ဆောင်​ရ၏။ နိမ့်ကျပုံ​ရသည့်​အမှု​များ​ကို​လုပ်ဆောင်ရန် တောင်းဆို​ခံရ​လျှင် ဘယ်တော့​မျှ မကျေမနပ်​မဖြစ်​ပါ​နှင့်။ (၁ ဓမ္မ​ရာဇဝင် ၂၅:၄၁; ၄ ဓမ္မ​ရာဇဝင် ၃:၁၁) အသင်​မိဘတို့၊ သင်တို့၏​သားသမီး​များနှင့် ဆယ်ကျော်သက်​များ​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင်​ဖြစ်စေ၊ စည်းဝေးပွဲ​တွင်​ဖြစ်စေ၊ စည်းဝေးကြီး​ကျင်းပ​မည့်​နေရာတွင်​ဖြစ်စေ ပေးအပ်​ထားသော မည်သည့်​တာဝန်​ကို​မဆို ဝမ်းမြောက်​ဝမ်းသာ​လုပ်ဆောင်ရန် အားပေး​သလော။ နိမ့်ကျသော​အလုပ်များ သင်,လုပ်ဆောင်ခြင်း​ကို သူတို့​တွေ့​သလော။ ယခု ယေဟောဝါသက်သေ​များ​၏ ကမ္ဘာ့​ဌာနချုပ်​တွင် အမှုဆောင်​နေသော ညီအစ်ကို​တစ်ဦး​သည် သူ့​မိဘများ​၏​ပုံသက်သေ​ကို အထင်းသား ပြန်မြင်​ယောင်​နေ​သေး​၏။ သူက ဤသို့​ပြောပြ​သည်– “ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာပဲ​ဖြစ်ဖြစ်၊ စည်းဝေးကြီး​ကျင်းပ​မယ့်​နေရာမှာပဲ​ဖြစ်ဖြစ် သန့်ရှင်းရေး​အလုပ်ကို ကျွန်တော့်​မိဘတွေရဲ့​လုပ်ဆောင်ပုံ​က သန့်ရှင်းရေး​လုပ်တာကို သူတို့ ဘယ်လောက်​အရေးထား​တယ်​ဆိုတာ ကျွန်တော်​သိခဲ့ရတယ်။ အဲ့ဒီ​အလုပ်တွေ​က ဘယ်လောက်​ပဲ​နိမ့်ကျတဲ့​ပုံ​ပေါက်​ပါစေ အသင်းတော် ဒါမှ​မဟုတ် ညီအစ်ကို​အသင်းအပင်း​အတွက် အကျိုး​ရှိစေ​မယ့်​အလုပ်တွေကို စေတနာ​အပြည့်​နဲ့ လုပ်ဆောင်ခဲ့​ကြတယ်။ အဲ့ဒီ​စိတ်ထား​ကြောင့် ဗေသလမှာ ဘာ​အလုပ်ကို​မဆို စိတ်ပါလက်ပါ​လုပ်ဆောင်ဖို့ ကျွန်တော်​အသင့်ရှိနေ​တာ။”

၁၇။ စိတ်​နှိမ့်ချသော​အမျိုးသမီးများ​သည် အသင်းတော်​အတွက် အဘယ်​နည်းများဖြင့် ကောင်းချီး​ဖြစ်စေ​နိုင်​သနည်း။

၁၇ ကိုယ့်​အကျိုး​ထက် သူတစ်ပါး​အကျိုးကို ရှေးဦး​ထားခြင်း​နှင့်​စပ်လျဉ်း၍ ဘီ.စီ.အီး. ပ​ဉ္စ​မ​ရာစု​တွင် ပါးရှား​အင်ပါယာ​၏ ဘုရင်မ​ဖြစ်လာ​သူ ဧသတာ​၏​စံနမူနာ​ကောင်း​ရှိပါ​သည်။ သူသည် နန်းတော်​တွင် နေထိုင်သူ​ဖြစ်သော်လည်း ဘုရားသခင်​၏​အလိုတော်နှင့်​အညီ လုပ်ဆောင်​၍​ကိုယ်တော်​၏​လူမျိုးတော်​အတွက် အသက်စွန့်​ရန် အသင့်​ရှိခဲ့​သည်။ (ဧသတာ ၁:၅၊ ၆; ၄:၁၄-၁၆) ယနေ့ ခရစ်ယာန် အမျိုးသမီးများ​သည် သူတို့၏​စီးပွားရေး​အခြေအနေ မည်သို့​ပင်​ဖြစ်ပါစေ၊ စိတ်ဓာတ်ကျ​နေ​သူများကို အားပေးခြင်း၊ ဖျားနာသူ​များ​ထံ လည်ပတ်ခြင်း၊ ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်ခြင်း၊ အကြီးအကဲ​များနှင့် ပူးပေါင်း​ဆောင်ရွက်ခြင်း​တို့​ဖြင့် ဧသတာ​ကဲ့သို့​သော​စိတ်ထား​ရှိကြောင်း ဖော်ပြ​နိုင်၏။ ဤ​စိတ်​နှိမ့်ချသော​ညီအစ်မ​များသည် အသင်းတော်​အတွက် တကယ်​ကောင်းချီး​တစ်ရပ်​ပါ​တကား!

ခရစ်တော်​ကဲ့သို့​သော​ကြီးမြတ်မှု​ရှိ​ခြင်း​၏​ကောင်းချီး​များ

၁၈။ ခရစ်တော်​ကဲ့သို့​သော ကြီးမြတ်မှု​ကို တင်ပြ​လျှင် အဘယ်​အကျိုးကျေးဇူးများ ရရှိ​သနည်း။

၁၈ သင်သည် ကြီးမြတ်မှု​အပေါ် ခရစ်တော်​၏​အမြင်မျိုး​ကို ဆက်​ထိန်းထား​လျှင် အကျိုးကျေးဇူး​များစွာ ရရှိ​မည်။ ကိုယ်ကျိုး​စွန့်​၍ သူတစ်ပါး​အစေခံခြင်း​မှ သူတို့ရော၊ ကိုယ်တိုင်​ပါ အားရ​ရွှင်လန်း​နိုင်​မည်။ (တမန်​တော် ၂၀:၃၅) သင့်​ညီအစ်ကို​များ​၏​အကျိုးကို စိတ်လို​ကိုယ်​လျောက်၊ ထက်သန်​စွာ ဆောင်ရွက်​လျှင် သူတို့သည် သင့်ကို ပို​ချစ်ခင်​မြတ်နိုး​လိမ့်​မည်။ (တမန်​တော် ၂၀:၃၇) ထို​ထက်​ကား ယေဟောဝါ​သည် ခရစ်ယာန်​ချင်း​များ​၏​အကျိုးအတွက် သင်​လုပ်ဆောင်​ရာ​ကို ကိုယ်တော်​နှစ်သက်​သည့် ချီးမွမ်း​ရာ​ယဇ်​အဖြစ် တွေ့မြင်​၏။—ဖိလိပ္ပိ ၂:၁၇

၁၉။ ကြီးမြတ်မှု​အပေါ် ခရစ်တော်​၏​အမြင်မျိုး​နှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​သည် မည်သို့​ဖြစ်​သင့်​သနည်း။

၁၉ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် မိမိ၏​နှလုံးကို ဆန်းစစ်​ပြီး ဤသို့​မေး​ဖို့​လို​သည်– ‘ကြီးမြတ်မှု​အပေါ် ခရစ်တော်​၏​အမြင်ကို အပြော​ဖြင့်​သာ ပျိုးထောင်​မည်​လော သို့​မဟုတ် ဝီရိယ​ရှိ​ရှိ လက်တွေ့​ကျင့်သုံး​မည်​လော။ မာနကြီး​သူများ​အပေါ် ယေဟောဝါ​၏​သဘောထား​သည် ရှင်းလင်း​ပြတ်သား​၏။ (သု. ၁၆:၅; ၁ ပေတရု ၅:၅) ခရစ်ယာန်​အသင်းတော်တွင်​ဖြစ်စေ၊ ကျွန်ုပ်​တို့၏​မိသားစုတွင်​ဖြစ်စေ၊ နေ့စဉ် လူ​လူ​ချင်း​နှင့် ဆက်ဆံ​ရာ​တွင်​ဖြစ်စေ ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကိုပြု​ရာ​တွင် ကြီးမြတ်မှု​အပေါ် ခရစ်တော်​၏​အမြင်မျိုး​ပြသခြင်း​ကို နှစ်သက်​မြတ်နိုး​ကြောင်း တင်ပြ​နိုင်​ပါ​လေ​စေ။—၁ ကောရိန္သု ၁၀:၃၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ၁၉၈၂၊ မေ ၁ ကင်းမျှော်စင် စာမျက်နှာ ၃-၆ [လိပ်] မှ “အောင်မြင်မှု​ကို ရှာဖွေခြင်း” ကို​ရှု။

^ အပိုဒ်၊ 15 သာဓက​အနေ​နှင့် ၁၉၉၂၊ ယေဟောဝါသက်သေ​များ​၏ နှစ်ချုပ်​စာအုပ် စာမျက်နှာ ၁၈၁-၂ [လိပ်] နှင့် ၁၉၉၃၊ စက်တင်ဘာ ၁ ရက် ကင်းမျှော်စင် စာမျက်နှာ ၂၇-၃၁ တို့ကို​ရှု။

သင်​ရှင်းပြ​နိုင်​သလော

ကြီးမြတ်မှု​အပေါ် လောက​၏​အမြင်ကို အဘယ်ကြောင့် ရှောင်သင့်​သနည်း။

ယေရှုသည် ကြီးမြတ်မှု​ကို မည်သို့​တိုင်းတာ​ခဲ့​သနည်း။

ကြီးကြပ်မှူး​များသည် ခရစ်တော်​၏​စိတ်​နှိမ့်ချမှုကို မည်သို့​တုပ​နိုင်​သနည်း။

အဘယ်အရာက ခရစ်တော်​ကဲ့သို့​သော ကြီးမြတ်မှု​ကို​ပျိုးထောင်​စေနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

ခရစ်တော်​ကဲ့သို့​သော​ကြီးမြတ်မှု အဘယ်သူ​တွင်​ရှိ​သနည်း

စေ​စား​လို​သူ​လော၊ အစေခံ​ရန် အသင့်ရှိ​သူ​လော။

ထင်ပေါ်​ကျော်ကြား​မှု​ကို နှစ်သက်သူ​လော၊ နိမ့်ကျသော​အလုပ်​တာဝန်​များ​ကို လက်ခံ​ယူ​သူ​လော။

မိမိကိုယ်ကို​ချီးမြှောက်​သူ​လော၊ သူတစ်ပါးကို ချီးမြှောက်​သူ​လော။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဖာရော​အ​မဲ​န်​ဟို​တက်​ပ် ၃ ၏​ဧရာမ​ရုပ်တုကြီး

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဟာမန်​ကို ကျဆုံး​စေ​ခဲ့​သည့်​အရာ​ကို သင်​သိ​သလော

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သူတစ်ပါး​အစေခံ​ရန် အခွင့်အရေး​များ ရှာယူ​နေ​သလော