မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

တပည့်​နောက်လိုက်​များ​အား ယေရှု​က “စာတန်​သည် လျှပ်စစ်​ကဲ့သို့ ကောင်းကင်​မှ​ကျ​သည်ကို ငါ​မြင်ပြီ” ဟု​မိန့်ဆို​သောအခါ အဘယ်အရာကို​ဆိုလို​သနည်း။

ယေရှုသည် တပည့်​နောက်လိုက် ၇၀ ကို ရွေးချယ်​ပြီး​ခါ​စ​ဖြစ်၍ သူတို့ကို “ကိုယ်တိုင်​ကြွ​လေ​အံ့​သော မြို့ရွာ​အရပ်ရပ်​သို့ ရှေ့တော်၌ နှစ်ယောက်​စီ​နှစ်ယောက်​စီ စေလွှတ်” လိုက်​လေ​သည်။ အဆိုပါ တပည့်​နောက်လိုက် ၇၀ ပြန်ရောက်​လာ​ကြသောအခါ သူတို့၏​အောင်မြင်မှု​အတွက် ဝမ်းမြောက်​ဝမ်းသာ​ဖြစ်နေ​ကြသည်။ သူတို့က “သခင်၊ ကိုယ်တော်​၏​နာမ​အားဖြင့် အကျွန်ုပ်​တို့သည် နတ်ဆိုး​ကို​ပင်​နိုင်​ပါ​သည်” ဟု​လျှောက်​ကြ​၏။ ထို​အခါ ယေရှု​က “စာတန်​သည် လျှပ်စစ်​ကဲ့သို့ ကောင်းကင်​မှ​ကျ​သည်ကို ငါ​မြင်ပြီ” ဟု မိန့်ဆိုခဲ့သည်။—လုကာ ၁၀:၁၊ ၁၇၊ ၁၈

ဤသို့​ဆို​သည့်​အတွက် ယေရှုသည် ဖြစ်​ပြီး​နှင့်​သော ဖြစ်ရပ်​တစ်ခု​ကို ရည်ညွှန်း​နေခြင်း​ဖြစ်​ဟန်​တူ​သည်။ သို့​တိုင်၊ အထက်ပါ​စကား​များ​ကို ယေရှု​မိန့်ဆို​ပြီး​နောက် နှစ်ပေါင်း ၆၀ အကြာတွင် အသက်အရွယ်​ကြီးရင့်​သူ တမန်​တော်​ယောဟန်​က အလားတူ​စကား​များ​ကို ဤသို့​ရေးသား​ဖော်ပြ​ခဲ့​သည်– “တစ်လောက​လုံး​ကို​လှည့်ဖြား​၍ . . .၊ စာတန်​အမည်​ရှိသော ရှေး​မြွေ​ဟောင်း​တည်း​ဟူသော နဂါး​ကြီး​ကိုလည်း​ကောင်း၊ သူနှင့်​အတူ သူ၏​တမန်​တို့ကို​လည်းကောင်း မြေကြီး​သို့​ချ​လိုက်​လေ​၏။”—ဗျာ. ၁၂:၉သမ္မာ။

အဆိုပါ​စကား​များ​ကို ယောဟန်​ရေးသားခဲ့​ချိန်​က စာတန်​သည် ကောင်းကင်​၌ တည်ရှိ​နေဆဲ​ဖြစ်သည်။ မည်သို့​သိရ​သနည်း။ အကြောင်း​မှာ ဗျာဒိတ်ကျမ်း​သည် သမိုင်း​စာအုပ်​မဟုတ်ဘဲ ပရောဖက်ပြုချက်​စာအုပ်​ဖြစ်​ခြင်း​ကြောင့်​ပင်။ (ဗျာ. ၁:၁) ထို့​ကြောင့် ယောဟန်​အသက်ရှင်စဉ်​က စာတန်​သည် မြေကြီးပေါ်​သို့ ချပစ်​ခြင်း​မခံရ​သေး​ချေ။ အမှန်​ဆို​ရ​လျှင်၊ ၁၉၁၄ ခုနှစ်​တွင် ဘုရားသခင့်​နိုင်ငံတော် ဘုရင်​အဖြစ် ယေရှု​နန်းတင်​ခံရ​ပြီး​နောက်​မှ​သာ ထို​အမှု​ဖြစ်ပျက်​ခဲ့​ကြောင်း အထောက်အထား​ရှိသည်။ *ဗျာ. ၁၂:၁-၁၀

သို့​ဆိုလျှင် စာတန်​ကောင်းကင်​မှ​ကျ​လာ​ခြင်း​ကို ဖြစ်ပျက်​ခဲ့​ပြီး​သည့်​အလား ယေရှု​အဘယ်ကြောင့် ပြောဆို​ရသနည်း။ ကျမ်း​ပညာရှင်​တချို့က ယေရှုသည် တလွဲ​မာန်​တက်​နေကြ​သည့် မိမိ၏​တပည့်​နောက်လိုက်​များ​ကို ပြစ်တင်​ပြောဆို​နေခြင်း​ဖြစ်၏​ဟု အကြံပြု​ကြသည်။ အမှန်​မှာ ကိုယ်တော်​က ‘နတ်ဆိုး​တို့ကို သင်တို့​အနိုင်​ရသော​ကြောင့် မ​ဝါကြွား​ကြ​နှင့်။ စာတန်​သည် မာန်​တက်​ခဲ့​သဖြင့် အလျင်အမြန်​ကျဆုံး​ခဲ့​သည်’ ဟု ပြောဆို​နေခြင်း​ဖြစ်​ကြောင်း သူတို့​ယူဆကြ​သည်။

အဆိုပါ​ကိစ္စ​ကို ကျွန်ုပ်​တို့ တရားသေ​စွဲကိုင်​၍​မရနိုင်​ပါ။ သို့ရာတွင်၊ ယေရှုသည် မိမိ၏​တပည့်​နောက်လိုက်​များ​နည်းတူ ဝမ်းမြောက်​ပြီး စာတန်​၏​အနာဂတ် ကျဆုံး​မှု​ကို ရည်ညွှန်း​နေခြင်း ဖြစ်​နိုင်​သည်။ စာတန်​၏ ဆိုးညစ်​၍ ရန်လို​မုန်း​ထားမှု​ကို တပည့်​နောက်လိုက်​များ သိ​သည်ထက် ယေရှု​ပို​၍​သိရှိ​သည်။ တန်ခိုး​စွမ်းအား​ရှိ နတ်ဆိုး​များသည် မစုံလင်​သည့်​လူသား​မျှ​ဖြစ်သော မိမိ၏​တပည့်​နောက်လိုက်​များ​ကို လက်အောက်ခံ​ခဲ့​ရ​ကြောင်း ယေရှု​ကြားသိ​သောအခါ ကိုယ်တော်​ခံစား​ခဲ့​ရမည့် ရွှင်လန်း​ဝမ်းမြောက်မှု​ကို စဉ်းစား​ကြည့်​ပါ! နတ်ဆိုး​များ ဤသို့​လက်အောက်ခံ​ဘဝ​ရောက်သွား​ခြင်း​သည် ကောင်းကင်တမန်မင်း မိက္ခေလ​ဖြစ်သော ယေရှုသည် စာတန်​နှင့် စစ်​ဆင်နွှဲ​သောအခါ ၎င်း​အား ကောင်းကင်​မှ မြေကြီးပေါ်​သို့ နှင်ချ​တော့​မည့် အနာဂတ်​နေ့ရက်​ကို ကြိုမြင်​စေခြင်း​သာ​ဖြစ်​ခဲ့​သည်။

ယေရှု​က စာတန် “ကျ​သည်” ကို မြင်​သည်​ဟု မိန့်ဆို​ရာ​တွင် စာတန်​၏​ကျဆုံး​မှု​သည် အမှန်တကယ်​ဖြစ်လာ​မည်​ကို ကိုယ်တော်​အလေးပေး​နေခြင်း​ဖြစ်သည်​မှာ ထင်ရှား​၏။ ယင်းသည် အနာဂတ်​ဖြစ်ရပ်​များ​ကို အတိတ်​ကာလ​သဏ္ဌာန်​ဖြင့် ပြောဆို​သော အခြား​ကျမ်းစာ ပရောဖက်ပြုချက်​များနှင့် ဆင်တူ​ပါ​သည်။ ဥပမာ၊ ဟေရှာယ ၅၂:၁၃–၅၃:၁၂ ပါ မေရှိယ​နှင့်​စပ်​လျ​ဉ်း​သည့် ပရောဖက်ပြုချက်​တွင် အတိတ်​နှင့် အနာဂတ်​ကာလ​သဏ္ဌာန်​များ ရောနှော​ဖော်ပြ​ထား​ပုံ​ကို သတိပြုပါ။ ကောင်းကင်​မှ စာတန်​ဖြုတ်ချ​ခံရ​ခြင်း​သည် ခမည်းတော်​၏​ရည်ရွယ်ချက်​နှင့်​အညီ ဖြစ်ပျက်​လာ​မည်​ကို ယေရှု​ယုံကြည်​စိတ်ချကြောင်း ဖော်ပြ​နေခြင်း​ဖြစ်​ပေမည်။ ထို့​အပြင် ဘုရားသခင်​သတ်မှတ်​ထားသော​အချိန်တွင် စာတန်​နှင့် သူ၏​နတ်ဆိုး​များသည် တွင်း​နက်​ကြီး​ထဲ​ချပစ်​ခံရ​ပြီး ၎င်းနောက် တစ်ကြိမ်​တည်း​နှင့်​အပြီးအပိုင် ဖျက်ဆီး​ခံရ​မည်​ကိုလည်း ယေရှု​တပ်အပ်​သိရှိ​ထား​ဟန်​တူ​သည်။—ရောမ ၁၆:၂၀; ဟေဗြဲ ၂:၁၄; ဗျာ. ၂၀:၁-၃၊ ၇-၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ထာဝရ​အသက်​ရစေသော အသိပညာ၊ အခန်း ၁၀ နှင့် ဗျာဒိတ်ကျမ်း—ယင်း​၏​မဟာ​အထွတ်အထိပ်​နီးပြီ! အခန်း ၂၇ တို့ကို​ရှု။