မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တောလည်ရာကျမ်းမှ ပေါ်လွင်ချက်များ

တောလည်ရာကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

တောလည်ရာကျမ်း​မှ ပေါ်လွင်​ချက်​များ

အီဂျစ်​ပြည်​မှ ထွက်ခွာ​လာပြီး​နောက် ဣသရေလလူ​တို့သည် လူမျိုးတစ်မျိုး​အဖြစ် ဖွဲ့စည်း​ခံ​ခဲ့​ရသည်။ သူတို့သည် ကတိထားရာ​ပြည်တော်​ထဲ မကြာမီ ဝင်ရောက်​ဖို့​ဖြစ်သော်လည်း မဝင်​ရောက်​နိုင်​ခဲ့​ကြ​ချေ။ သို့​အစား သူတို့သည် ‘ကြောက်မက်​ဖွယ် တော​ကြီး’ တွင် အနှစ်​လေးဆယ်​ခန့် လှည့်လည်​သွားလာ​ခဲ့​ရ၏။ (တရားဟောရာ ၈:၁၅) အဘယ်ကြောင့်​နည်း။ တောလည်ရာကျမ်း​၌​ပါ​သော သမိုင်းဝင်​မှတ်တမ်းက အဘယ်အရာ​ဖြစ်ပျက်​ခဲ့​ကြောင်း ကျွန်ုပ်​တို့ကို ပြောပြ​သည်။ ယင်းက ယေဟောဝါ​ဘုရားသခင်​အား နာခံ​ဖို့​နှင့် ကိုယ်တော်​၏​ကိုယ်စားလှယ်​များ​ကို ရိုသေ​လေးစားဖို့​လို​ကြောင်း ကျွန်ုပ်​တို့အား စွဲမှတ်စေ​သင့်​သည်။

တောကန္တာရ​နှင့် မောဘ​လွင်ပြင်​တို့​တွင် မောရှေ​ရေးသားခဲ့​သော တောလည်ရာကျမ်း (“စာရင်းတော်ဝင်ကျမ်း၊” သ​မ) သည် ၃၈ နှစ်​နှင့် ၉ လ—ဘီ.စီ.အီး. ၁၅၁၂ မှ ဘီ.စီ.အီး. ၁၄၇၃ အထိ—ကြာ​ကာလ​ကို ငုံ​မိ​သည်။ (တောလည်ရာ ၁:၁; တရားဟောရာ ၁:၃) အဆိုပါ​မှတ်တမ်း​ကို အပိုင်း​သုံး​ပိုင်း ခွဲခြား​ထား​ပါ​သည်။ ပထမ​အပိုင်း​သည် သိနာ​တောင်​၌ ဖြစ်ပျက်​ခဲ့​သည့်​အရာများ​ကို ပြန်​ပြောပြ​သည်။ ဒုတိယ​အပိုင်း​သည် တောကန္တာရ​၌ ဣသရေလ​လူမျိုး လှည့်လည်​နေစဉ်​အတွင်း ဖြစ်ပျက်​ခဲ့​ရာ​နှင့်​သက်ဆိုင်​သည်။ နောက်ဆုံး​အပိုင်း​တွင်​မူ မောဘ​လွင်ပြင်​မှ အဖြစ်အပျက်​များ​ကို သုံးသပ်​ထား​သည်။ ဤ​မှတ်တမ်း​ကို သင်​ဖတ်ရှု​သည့်​အခါ ‘ဤ​အဖြစ်အပျက်​များ​က ကျွန်ုပ်​ကို အဘယ်အရာ​သင်ပေး​သနည်း။ ယနေ့ ကျွန်ုပ်​အတွက် အကျိုးရှိ​စေနိုင်​သည့် မူများ ဤ​ကျမ်းစာ​စောင်​တွင် ရှိသလော’ ဟူ​သည့် မေးခွန်းများကို သင်​မေး​လို​ပေမည်။

သိနာ​တောင်​၌

(တောလည်ရာ ၁:၁–၁၀:၁၀)

သန်း​ခေါင်​စာရင်း​ယူ​ခဲ့​ချိန် နှစ်ကြိမ်​အနက် ပထမ​အကြိမ်​သည် သိနာ​တောင်​ခြေ​၌ ဣသရေလလူ​တို့ ရှိနေသေး​ချိန်​တွင် ဖြစ်ပျက်​ခဲ့​၏။ လေဝိ​အမျိုး​မှတစ်ပါး အသက်​နှစ်​ဆယ်​အရွယ်​နှင့်​အထက်​ရှိ အမျိုးသားများ​အရေအတွက်​မှာ စုစုပေါင်း ၆၀၃,၅၅၀ ဖြစ်သည်။ အဆိုပါ​သန်း​ခေါင်​စာရင်း​ယူခြင်း​သည် စစ်ရေး​အတွက်​ဖြစ်​ကြောင်း ထင်ရှား​သည်။ အမျိုးသမီး၊ ကလေး​သူငယ်​နှင့် လေဝိ​သားများ အပါအဝင် တပ်​စခန်း​တစ်ခုလုံး​၏ စုစုပေါင်း​အရေအတွက်​သည် သုံး​သန်း​ကျော်​ရှိ​ပေမည်။

သန်း​ခေါင်​စာရင်း​ယူပြီး​နောက် ဣသရေလလူ​တို့သည် ချီတက်ခြင်း​အစီအစဉ်၊ တဲ​တော်​လုပ်ငန်း​နှင့် လေဝိ​သားတို့​၏​တာဝန်​နှင့်​စပ်​လျ​ဉ်း​သည့် အသေးစိတ်​အချက်အလက်​များ၊ ကူးစက်​ရောဂါ​တားဆီး​ရန် သီးသန့်​ထားခြင်း မိန့်မှာချက်​များ၊ မနာလိုမှု​များနှင့်​ဆက်နွှယ်​သည့် ပညတ်ချက်​များနှင့် နာဇရိ​ကတိကဝတ်​များနှင့်​စပ်​လျ​ဉ်း​သည့် ညွှန်ကြားချက်​များ​ကို ရရှိ​ကြသည်။ အခန်းကြီး ၇ တွင် မျိုးနွယ်စု​အကဲအမှူး​များ ယဇ်ပလ္လင်ကို စတင်​အသုံးပြု၍ ပူဇော်​ရသည့် ယဇ်များ​နှင့်​စပ်​လျ​ဉ်း​သည့် အချက်အလက်​များ​ပါဝင်​ပြီး အခန်းကြီး ၉ တွင် ပသခါပွဲ​အကြောင်း ဆွေးနွေး​တင်ပြ​ထား​သည်။ ထို့​အပြင် ဣသရေလ​ပရိသတ်​အား တပ်​စခန်းချ​ခြင်း၊ ပြောင်းရွှေ့ခြင်း ညွှန်ကြားချက်​များ​ကိုလည်း ပေး​ထား​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၂:၁၊ ၂—တောကန္တာရ​၌ အနွယ်​သုံး​နွယ်​စီ တပ်​ချ​ရမည့်​နေရာကို ပိုင်းခြား​ပေး​သည့် “အလံ[“အမှတ်​သင်္ကေတ၊” က​ဘ]များ” ကား အဘယ်နည်း။ အဆိုပါ​အလံများ​သည် အဘယ်အရာ​များ​ဖြစ်​ကြောင်း ကျမ်းစာ​က ကွဲကွဲပြားပြား မဖော်ပြပါ။ သို့ရာတွင်၊ ယင်း​တို့ကို အထွတ်အမြတ်​ထား​သည့် အမှတ်လက္ခဏာ​များ​အဖြစ်၊ ဘာသာရေးပွဲ​တော်​နှင့်​ဆိုင်သော အမှတ်လက္ခဏာ​များ​အဖြစ် မယူမှတ်​ကြ​ပါ။ အဆိုပါ​အမှတ်​သင်္ကေတ​များ​ကို တပ်​စခန်း​အတွင်း မိမိ​နေရာကို ရှာတွေ့​ရန်​ဟူသော လက်တွေ့ကျ​ရည်ရွယ်ချက်​တစ်ခု​အတွက် အသုံးပြု​ခဲ့​ကြသည်။

၅:၂၇—သူ့​သား​အိမ်ရာ​ပြစ်မှား​သည့် အပြစ်ရှိ ဇနီး​တစ်ဦး​အား ‘ပေါင်ပိန်ခြင်း​သို့​ရောက်​စေခြင်း’ က အဘယ်အရာကို ဆိုလို​သနည်း။ ဤ​တွင် “ပေါင်” ဟူသော​အသုံးအနှုန်း​သည် ကလေး​မွေးဖွား​နိုင်စွမ်း​ရှိသော အင်္ဂါများ​ကို​ဆိုလို​သည်။ (ကမ္ဘာဦး ၄၆:၂၆) ပေါင် ‘ပိန်​သွားခြင်း’ ဟူသည် အဆိုပါ​အင်္ဂါများ ပျက်စီး​ယိုယွင်း​သွား​သဖြင့် ပဋိသန္ဓေ​စွဲကပ်​ရန် မဖြစ်​နိုင်​တော့​သည်ကို ဆိုလို​ပေ​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၆:၁-၇နာဇရိ​လူတို့သည် စပျစ်​ရည်​နှင့် ယစ်​မူး​စေသည့် ယမကာ​မှန်သမျှကို ရှောင်ကြဉ်​ကြ​ရသည်၊ သို့ဖြင့် ကိုယ့်​အလိုကို ငြင်းပယ်​ကြ​ရ၏။ သူတို့​ဆံပင်​ကို အရှည်​ထား​ရ၏၊ ယင်းက အမျိုးသမီးများ​သည် မိမိတို့၏​လင်သား သို့​မဟုတ် ဖခင်​ကို လက်အောက်ခံ​ကြ​ရသကဲ့သို့ ယေဟောဝါ​အား လက်အောက်ခံခြင်း​၏ လက္ခဏာ​ဖြစ်သည်။ နာဇရိ​လူတို့သည် မည်သည့်​လူသေကောင်​ကို​မဆို၊ ဆွေမျိုးရင်းချာ​တစ်ဦး၏​အသေကောင်​ပင်​ဖြစ်ပါစေ ဝေးဝေးရှောင်​ခြင်း​အားဖြင့် စင်ကြယ်​ကြ​ရ၏။ ယနေ့ အချိန်ပြည့်​ကျေးကျွန်​များသည် ကိုယ့်​ကိုယ်ကို​ငြင်းပယ်​၍ ယေဟောဝါ​နှင့် ကိုယ်တော်​၏​အစီအစဉ်ကို လက်အောက်ခံခြင်း​အားဖြင့် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ် တင်ပြ​ကြ​၏။ တိုင်းတစ်ပါး​သို့ သွားရောက်​အမှုဆောင်​ရသည့် တာဝန်​အချို့​ရှိရာ မိသားစု​အရင်း​အ​ချာ​၏ ဈာပန​ကိစ္စ​အတွက် အိမ်​သို့ ပြန်၍​မဖြစ်​နိုင် သို့​မဟုတ် ပြန်​ရ​ခက်​သည့်​အဖြစ်မျိုး​ပင် ရှိ​ပေမည်။

၈:၂၅၊ ၂၆လေဝိ​လုပ်ငန်းများ​ကို သင့်တော်​လျောက်ပတ်​စွာ ဖြည့်ဆည်း​ဆောင်ရွက်​နိုင်​ရန်​နှင့် အသက်အရွယ်ကို ထောက်ထား​စာနာမှု​ပြ​ရန် အသက်ကြီးသူ​အမျိုးသားများ​အား မဖြစ်​မနေ အမှုဆောင်ခြင်း​မှ အနားယူ​ဖို့ မိန့်မှာ​ထား​သည်။ သို့ရာတွင်၊ အခြား​လေဝိ​သားများ​ကို စေတနာအလျောက် သူတို့​ကူညီ​ပေး​နိုင်​ကြ​ပါ​သည်။ ယနေ့ ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး​အတွက် အနားယူခြင်း​မရှိ​သော်လည်း ဤ​ပညတ်တရား​၏​မူ​က အဖိုးတန်​သင်ခန်းစာ​တစ်ရပ် သွန်သင်ပေး​သည်။ ခရစ်ယာန်​တစ်ဦး​သည် အသက်အရွယ်​ကြီးရင့်​လာ​မှု​ကြောင့် တစ်စုံတစ်ရာ​သော​တာဝန်​များ​ကို အပြည့်အဝ​မ​ထမ်းဆောင်​နိုင်​သော်လည်း တတ်နိုင်​သော​အမှုတော်ကို ထမ်းဆောင်​နိုင်​ပါ​သည်။

တောကန္တာရ​အတွင်း တစ်​နေရာ​မှ​တစ်​နေရာသို့

(တောလည်ရာ ၁၀:၁၁–၂၁:၃၅)

ဝတ်ပြုရာ​တဲ​တော်​အထက်​ရှိ မိုးတိမ်​သည် နောက်ဆုံး အထက်​သို့​တက်ကြွ​သွားသော​အခါ ဣသရေလလူ​တို့သည် စတင်​ချီတက်​ကြ​ကာ နောက် ၃၈ နှစ်​နှင့် တစ်လ​နှစ်လ​အကြာတွင် မောဘ​လွင်ပြင်​သဲကန္တာရ​သို့ ရောက်ရှိ​ကြ​မည်​ဖြစ်သည်။ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် “ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့” ဘရိုရှာ​၏ စာမျက်နှာ ၉ ရှိ မြေပုံ​တွင် သူတို့၏​ခရီးလမ်း​ကြောင်းကို လိုက်ကြည့်​ခြင်း​က အကျိုးရှိ​ပေမည်။

ပါ​ရန်​တောကန္တာရ​ရှိ ကာဒေရှ​အရပ်သို့​အသွား​တွင် မကျေမနပ်​ညည်းညူ​ခဲ့​သည့်​အကြိမ်ပေါင်း အနည်းဆုံး​သုံးကြိမ်​ရှိသည်။ ပထမ​တစ်ကြိမ်​တွင် ယေဟောဝါ​သည် လူတချို့​အပေါ် မီး​ကျရောက်​စေသည့်​အခါ ငြိမ်​သွား​၏။ ထို့နောက် ဣသရေလလူ​တို့သည် အသား​တောင်းစား​ကြ​ပြန်​ရာ ယေဟောဝါ​က ငုံး​ငှက်​များ​ကို ချ​ပေး​လေ​သည်။ မောရှေ​ကို မိရိအံ​နှင့်​အာရုန်​တို့ မကျေမနပ်​ဖြစ်၍ ပြစ်တင်​ပြောဆို​ကြ​သဖြင့် မိရိအံ​သည် တစ်ခဏ​နူနာ​စွဲ​သွား​၏။

ကာဒေရှ​အရပ်၌ စခန်းချ​ရပ်နား​နေစဉ် မောရှေ​သည် ကတိထားရာ​ပြည်တော်​ကို ထောက်လှမ်း​ရန် အမျိုးသား ၁၂ ယောက်​ကို စေလွှတ်ခဲ့​သည်။ ရက်ပေါင်း ၄၀ ကြာပြီးနောက် သူတို့​ပြန်ရောက်​လာ​ကြသည်။ သူလျှို​ဆယ်ယောက်​၏ မကောင်း​သတင်းကို နား​ယောင်​လျက် လူတို့သည် မောရှေ၊ အာရုန်​နှင့် တည်ကြည်သော​သူလျှို ယောရှု​နှင့်​ကာလက်​တို့ကို ခဲ​ဖြင့်​ပေါက်သတ်​လို​ကြသည်။ ထို​အခါ ယေဟောဝါ​သည် ထို​သူတို့ကို ကပ်ဘေး​ဖြင့် ဒဏ်ခတ်​လို​သော်လည်း မောရှေ​က ကြားဝင်​တောင်းပန်​သဖြင့် ဘုရားသခင်​က ရေတွက်​ထား​သူတို့ သေဆုံး​သွား​သည်​အထိ နှစ်ပေါင်း​လေးဆယ်​တိုင် တောကန္တာရ​တွင် လှည့်လည်​သွားလာ​နေကြ​ရ​လိမ့်​မည်​ဟု ကြေညာ​တော်​မူ​၏။

ထို့နောက် ယေဟောဝါ​သည် စည်းမျဉ်း​ဥပဒေ​များ ထပ်မံ​ပေး​တော်​မူ​၏။ ကောရ​နှင့် အခြားသူ​တို့သည် မောရှေ​နှင့်​အာရုန်​ကို ပုန်ကန်​ကြ​ရာ အဆိုပါ​ပုန်ကန်​သူတို့သည် မီး​ဖြင့်၊ သို့​မဟုတ် မြေ​မျို​ခြင်း​ဖြင့် အဆုံးစီရင်​ခံရ​သည်။ နောက်​တစ်နေ့​တွင် ဣသရေလ​ပရိသတ်​တစ်ခုလုံး​သည် မောရှေ​နှင့်​အာရုန်​တို့ကို ညည်းတွား​မြည်တမ်း​ကြ​ပြန်​သည်။ ယင်းကြောင့် ယေဟောဝါ​ဒဏ်ခတ်​လိုက်​ရာ လူပေါင်း ၁၄,၇၀၀ သေဆုံး​သွား​၏။ ကိုယ်တော်​ရွေးချယ်​ထား​တော်​မူ​သော ယဇ်ပုရောဟိတ်​မင်းကြီး​ကို လူ​တို့​သိစေ​ရန် ဘုရားသခင်​သည် အာရုန်​၏​လှံတံ​ကို အ​ဖူး​ထွက်​စေ​သည်။ ၎င်းနောက် လေဝိ​တာဝန်​ဝတ္တရား​များနှင့် လူ​တို့ကို​သန့်ရှင်း​စင်ကြယ်​စေခြင်း ပညတ်ချက်​များ​ကို ယေဟောဝါ ထပ်၍​ပေး​တော်​မူ​သည်။ အနီရောင်​နွား​မ​၏​ပြာ​ကို အသုံးပြုခြင်းက ယေရှု၏​ပူဇော်ရာ​ယဇ်​အားဖြင့် သန့်ရှင်း​စင်ကြယ်​စေခြင်း​ကို တင်ကူး​ဖော်ပြ​သည်။—ဟေဗြဲ ၉:၁၃၊ ၁၄

ဣသရေလလူ​တို့သည် ကာဒေရှ​အရပ်သို့​ပြန်ရောက်​လာ​ရာ ထို​တွင် မိရိအံ​ကွယ်လွန်​သည်။ ဣသရေလ​ပရိသတ်​တို့သည် မောရှေ​နှင့်​အာရုန်​ကို မကျေမနပ်​ဖြစ်​ကြ​ပြန်​သည်။ သူတို့၏​အကြောင်းပြချက်​ကား အဘယ်နည်း။ ရေ​မ​ရှိ၍​တည်း။ ထို​အချိန်တွင် မောရှေ​နှင့်​အာရုန်​သည် အံ့ဖွယ်​နည်းဖြင့် ရေ​ရရှိစေ​သောအခါ ယေဟောဝါ​၏​နာမတော် သန့်ရှင်း​မြင့်မြတ်မှု​ကို မထုတ်ဖော်​ခဲ့​ကြသော​ကြောင့် ကတိထားရာ​ပြည်တော်​ထဲ သူတို့​ဝင်ခွင့်​မရ​ကြ​ချေ။ ဣသရေလလူ​တို့သည် ကာဒေရှ​အရပ်မှ ထွက်ခွာ​သွား​ကြ​ပြီး​နောက် ဟော​ရ​တောင်​၌ အာရုန်​သေဆုံး​လေ​သည်။ ဧဒုံ​ပြည်​အနား​လျှောက်​သွားစဉ် ဣသရေလလူ​တို့သည် မောပန်း​လာ​ကြ​ရာ ဘုရားသခင်​နှင့်​မောရှေ​ကို အပြစ်တင်​ကြ​၏။ ထို​အခါ ယေဟောဝါ​သည် သူတို့ကို အဆိပ်​ပြင်း​သော​မြွေ​များ​စေလွှတ်​၍ ဒဏ်ခတ်​လေ​သည်။ ဤ​တစ်ကြိမ်​၌​လည်း မောရှေ ကြားဝင်​တောင်းပန်​ပြန်​သည်၊ ထို​အခါ ဘုရားသခင်​က ကြေးဝါ​မြွေ​ရုပ်​ပြုလုပ်​စေ​၍ ထို​မြွေ​ရုပ်​ကို တိုင်​ပေါ်​စိုက်​ထား​စေ​၏၊ မြွေ​ကိုက်​ခံရ​သူတို့၏​မြွေ​ဆိပ် ပြ​ယ်​သွားစေရန် ယင်းကို​ကြည့်​ကြဖို့ ညွှန်ကြား​သည်။ အဆိုပါ​မြွေ​ရုပ်​သည် ကျွန်ုပ်​တို့၏​ထာဝရ​ကောင်းကျိုး​အတွက် ယေရှု​ခရစ်​နှက်တိုင်​တင် အသတ်ခံရ​ခြင်း​ကို အရိပ်အယောင်​ပြ​၏။ (ယောဟန် ၃:၁၄၊ ၁၅) ဣသရေလလူ​တို့သည် အမ္မုန်​မင်းကြီး ရှိ​ဟု​န်​နှင့် ဩ​ဃ​တို့ကို အနိုင်​ရ​ကာ သူတို့၏​တိုင်းပြည်​များ​ကို သိမ်းပိုက်​လိုက်​လေ​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁၂:၁—မိရိအံ​နှင့်​အာရုန်​တို့သည် မောရှေ​ကို အဘယ်ကြောင့်​မကျေမနပ် ပြစ်တင်​ပြောဆို​ခဲ့​ကြ​သနည်း။ သူတို့​မကျေမနပ်​ဖြစ်​ရသည့် အကြောင်းရင်း​မှာ မိရိအံ​၏ ဩဇာ​ပို​ရ​လို​စိတ် ဖြစ်​ဟန်​တူ​သည်။ မောရှေ၏​ဇနီး ဇိပေါရ​သည် တောကန္တာရ​တွင် သူနှင့်​အတူ ပြန်လာ​နေထိုင်​သောအခါ တပ်​စခန်း​တွင် ဦးဆောင်​နေသော​အမျိုးသမီး​အဖြစ် မိမိ​အား ရှုမြင်ကြ​တော့​မည်​မဟုတ်​ဟု မိရိအံ စိုးရိမ်​ခဲ့​ပုံ​ရှိ၏။—ထွက်မြောက်ရာ ၁၈:၁-၅

၁၂:၉-၁၁—မိရိအံ​တစ်ဦးတည်း​သာ အဘယ်ကြောင့်​နူနာ​စွဲ​ရသနည်း။ ဖြစ်​နိုင်​ဖွယ်​ရှိသည်​မှာ၊ သူသည် အာရုန်​ကို သွေးဆောင်​ပြီး မိမိ​နှင့်အတူ မကျေမနပ်​ပြောဆို​ရန် ဆွပေး​ခဲ့​ပုံ​ပေါ်​သည်။ အာရုန်​သည် မိမိ​အမှား​ကို​ဝန်ခံခြင်း​အားဖြင့် စိတ်ထားမှန်​ရှိကြောင်း ပြသ​ခဲ့​၏။

၂၁:၁၄၊ ၁၅—ဤ​တွင်​ဖော်ပြ​ထား​သည့်​စာ[အုပ်]ကား အဘယ်နည်း။ ပင်ရင်း​အကြောင်းအရာ​အဖြစ် ကျမ်း​ရေးသူ​များ အသုံးပြု​ခဲ့​ကြ​သည့် စာ[အုပ်]အမျိုးမျိုးကို သမ္မာကျမ်းစာ​က ရည်ညွှန်း​သည်။ (ယောရှု ၁၀:၁၂၊ ၁၃; ၃ ဓမ္မ​ရာဇဝင် ၁၁:၄၁; ၁၄:၁၉၊ ၂၉) ‘ယေဟောဝါ​၏​စစ်တိုက်​စာ’ သည် ထိုသို့​သော​စာအုပ်​တစ်အုပ်​ဖြစ်၏။ ၎င်း​တွင် ယေဟောဝါ​လူမျိုးတော်​၏ သမိုင်းဝင်​စစ်​မှတ်တမ်း ပါဝင်​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁၁:၂၇-၂၉ယေဟောဝါ​၏​အမှုတော်တွင် အခြားသူ​တို့ အခွင့်ထူး​များ​ရရှိကြ​သောအခါ ကျွန်ုပ်​တို့​တုံ့ပြန်​သင့်​ပုံ​နှင့်​စပ်လျဉ်း၍ အလွန်​ကောင်းသော​ပုံ​နမူနာ​တစ်ခု​ကို မောရှေ​ပေး​သည်။ မိမိ​ကျော်စော​ထင်ရှား​ဖို့ စိုးရိမ်​ကြောင့်ကြ​နေ​မည့်​အစား ပရောဖက်​များ​အဖြစ် ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့ စတင်​လုပ်ဆောင်ကြ​သည်ကို မောရှေ​ဝမ်းသာ​ခဲ့​သည်။

၁၂:၂၊ ၉၊ ၁၀; ၁၆:၁-၃၊ ၁၂-၁၄၊ ၃၁-၃၅၊ ၄၁၊ ၄၆-၅၀ယေဟောဝါ​သည် မိမိ၏​ဝတ်ပြုသူ​များ​အား ဘုရားသခင်​ပေး​အခွင့်အာဏာကို လေးစား​စေ​လို​သည်။

၁၄:၂၄ [သမ္မာ]။ အမှား​ပြု​စေသည့် လောက​ဖိအားပေး​မှုများ​ကို တွန်းလှန်​စေသော အရေးကြီး​သော့ချက်​မှာ “ခြားနား​သော​သဘော” ကို မွေးမြူခြင်း​ဖြစ်သည်။ ယင်းသည် လောက​နှင့်​မတူ​သည့် စိတ်သဘောထား​ဖြစ်​ရမည်။

၁၅:၃၇-၄၁ဣသရေလ​လူမျိုး​တို့၏ ထူးခြားသော​ဝတ်ရုံ​ပန်း​ဖွား​က သူတို့သည် ဘုရားသခင်​အား​ဝတ်ပြု​ကိုးကွယ်​ရန်​နှင့် ကိုယ်တော်​၏​မိန့်မှာချက်​များ​ကို လိုက်နာ​ရန် သီးသန့်​ခွဲခြား​ထားသော လူမျိုးတစ်မျိုး​ဖြစ်​ကြောင်း သတိပေး​ဖို့​ဖြစ်သည်။ ကျွန်ုပ်​တို့​လည်း ဘုရားသခင်​၏​စံနှုန်းတော်​များနှင့်​အညီ အသက်ရှင်​နေထိုင်​ကာ လောက​နှင့်​ကွဲပြား​ခြားနား​ကြောင်း ပေါ်လွင်​ထင်ရှား​သင့်​သည်မဟုတ်​လော။

မောဘ​လွင်ပြင်​၌

(တောလည်ရာ ၂၂:၁–၃၆:၁၃)

မောဘ​လွင်ပြင်​သဲကန္တာရ​တွင် ဣသရေလလူ​တို့ တပ်​စခန်းချ​သောအခါ သူတို့​ကြောင့် မောဘ​လူမျိုး​သည် ကြောက်ရွံ့​တုန်လှုပ်​လာ​ကြ​၏။ ထို့​ကြောင့် မောဘ​ရှင်ဘုရင် ဗာလက်​သည် ဣသရေလလူ​တို့ကို ကျိန်ဆဲ​ရန် ဗာလမ်​အား​ငှား​လိုက်​သည်။ သို့သော် သူတို့အား ကောင်းချီး​ပေး​ဖို့ ဗာလမ်​ကို ယေဟောဝါ အကျပ်ကိုင်​သည်။ ထို့နောက် မောဘ​နှင့် မိဒျန်​အမျိုးသမီးများ​အား ဣသရေလ​အမျိုးသားများ​ကို လိင်​အကျင့်​ယိုယွင်း​ရန်​နှင့် ရုပ်ပုံ​ကိုးကွယ်​ရန် သွေးဆောင်​စေ​ခဲ့​၏။ ထို့​ကြောင့် ယေဟောဝါ​သည် အမှား​ပြုသူ ၂၄,၀၀၀ ကို ဖျက်ဆီး​လိုက်​လေ​သည်။ နောက်ဆုံး​တွင် ယေဟောဝါ​ဘက်၌​စိတ်အားကြီး​မှု​ကို ဖိ​န​ဟပ်​တင်ပြ​လိုက်​သောအခါ ဘေးဒဏ် ရပ်စဲ​လေ​သည်။

ဒုတိယ​အကြိမ် သန်း​ခေါင်​စာရင်း​ကောက်ယူ​ချိန်​တွင် ပထမ​စာရင်း​ယူ​ချိန်​က ပါဝင်​ခဲ့​သည့် အမျိုးသားများ​အနက် ယောရှု​နှင့်​ကာလက်​တို့​သာ ကျန်ရှိ​ကြောင်း ဖော်ပြ​သည်။ ယောရှု​သည် မောရှေ၏​အရာ​ကို​ဆက်ခံ​ရန် တာဝန်ရ​ခဲ့​၏။ ဣသရေလလူ​တို့သည် ယဇ်​ပူဇော်မှု​အမျိုးမျိုး​အတွက် လုပ်ထုံး​လုပ်​နည်း​များနှင့် ကတိကဝတ်​ပြုခြင်း​ဆိုင်ရာ လမ်းညွှန်ချက်များ​ကို ရရှိခဲ့​ကြသည်။ ဣသရေလလူ​တို့သည် မိဒျန်​လူမျိုး​ကိုလည်း သွေးကြွေး​ဆပ်​လိုက်​ကြ​၏။ ရုဗင်၊ ဂဒ်​နှင့် မနာရှေ​၏​အမျိုး​မှ ထက်ဝက်​တို့သည် ယော်ဒန်​မြစ်​အရှေ့ဘက်တွင် အတည်တကျ​နေထိုင်ကြ​၏။ ဣသရေလ​လူမျိုး​သည် ယော်ဒန်​မြစ်ကို​ဖြတ်ကူး​ပြီး နယ်မြေ​ဒေသ​ကို​သိမ်းပိုက်​ဖို့ လမ်းညွှန်ချက်များ​ရ၏။ နယ်မြေ​အပိုင်းအခြား​ကို သတ်မှတ်​လိုက်​ကြသည်။ မဲ​စနစ်​ဖြင့် အမွေခံ​ကြ​ရမည်ဟု ဆုံးဖြတ်​ခဲ့​ကြသည်။ လေဝိ​သားများ​ကို မြို့ ၄၈ မြို့​အပ်ပေး​ထားပြီး ၎င်း​မြို့များ​အနက် ၆ မြို့မှာ ခိုလှုံရာ​မြို့များ​ဖြစ်​ကြသည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၂၂:၂၀-၂၂—ဗာလမ်​ကို ယေဟောဝါ အဘယ်ကြောင့် အမျက်ထွက်​ရသနည်း။ ဣသရေလလူ​မျိုး​များ​ကို မ​ကျိန်ဆဲ​ရ​ဟု ပရောဖက်​ဗာလမ်​ကို ယေဟောဝါ​မိန့်တော်မူ​ခဲ့​ပြီး​ဖြစ်သည်။ (တောလည်ရာ ၂၂:၁၂) သို့သော် အဆိုပါ​ပရောဖက်​သည် ဣသရေလ​လူမျိုး​ကို ကျိန်ဆဲ​မည် ရည်ရွယ်ချက်​အပြည့်​ဖြင့် ဗာလက်​၏​လူများ​နှင့်အတူ ထွက်သွား​လေ​သည်။ ဗာလမ်​သည် မောဘ​ရှင်ဘုရင်​၏​စိတ်တော်နှင့်​တွေ့​လို​ပြီး သူ့​ထံ​မှ ဆုလာဘ်​ရ​လို​သည်။ (၂ ပေတရု ၂:၁၅၊ ၁၆; ယုဒ ၁၁) ဗာလမ်​သည် ဣသရေလ​လူမျိုး​ကို ကျိန်ဆဲ​မည့်​အစား မဖြစ်​မနေ​ကောင်းချီး​ပေး​ရသည့်​အခါ​၌​ပင် ဗာလ​ဝတ်ပြုသူ အမျိုးသမီးများ​ကို အသုံးပြုပြီး ဣသရေလ​အမျိုးသားများ​ကို လှည့်ပတ်​ဖြားယောင်း​ပါ​ဟု အကြံပြု​ခြင်း​ဖြင့် ရှင်ဘုရင်​၏​မျက်နှာသာ​ကို​ရ​ရန် ကြိုးစား​ခဲ့​သည်။ (တောလည်ရာ ၃၁:၁၅၊ ၁၆) သို့​နှင့် ဗာလမ်​အား ဘုရားသခင်​အမျက်ထွက်​ရခြင်း​မှာ အဆိုပါ​ပရောဖက်​၏ မ​သ​မာ​သော​လောဘ​ကြောင့်​ဖြစ်​ပေ​သည်။

၃၀:၆-၈—ခရစ်ယာန်​အမျိုးသား​တစ်ဦး​သည် မိမိ​ဇနီးသည်​ပြု​ထား​သည့် သစ္စာ​ကတိ​များ​ကို ပယ်​နိုင်​ပါသလော။ သစ္စာ​ကတိပြု​မှုများ​နှင့်​စပ်လျဉ်း၍ ယေဟောဝါ​သည် မိမိ​အား​ဝတ်ပြုသူ​များ​ကို တစ်ဦးချင်း​စီ​နှင့် ရှင်း​တော်​မူ​သည်။ ဥပမာ၊ ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံခြင်း​သည် ကိုယ်တိုင်​ပြု​ရသည့် သစ္စာ​ကတိ​ဖြစ်၏။ (ဂလာတိ ၆:၅) ခင်ပွန်း​သည်​ဖြစ်သူ​သည် ထိုသို့​သော​သစ္စာ​ကတိ​မျိုးကို ပယ်ဖျက်​ပိုင်ခွင့်​မရှိ​ချေ။ သို့သော် ဇနီးသည်,သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့်​ဆန့်ကျင်​သော သို့​မဟုတ် မယား​ဝတ်များ​နှင့်​ဆန့်ကျင်​သော သစ္စာ​ကတိ​မျိုးကို​မူ မပြု​သင့်​ပေ။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၂၅:၁၁ယေဟောဝါ​၏​ဝတ်ပြုရေး​အတွက် ဖိ​န​ဟပ်​၏ ဇွဲ​ထက်သန်မှု​သည် ကျွန်ုပ်​တို့အတွက် အလွန်​ကောင်းသော​ပုံ​နမူနာ​ဖြစ်သည်! အသင်းတော်​၏ သန့်ရှင်း​စင်ကြယ်မှု​ကို ဆက်​ထိန်းသိမ်း​လို​သည့် ဆန္ဒ​ကြောင့် အလွန်​ဆိုးရွား​သော မည်သည့်​အကျင့်​ယိုယွင်းမှု​ကို​မဆို သိရှိ​ရ​ပါ​က ခရစ်ယာန်​အကြီးအကဲ​များ​အား အသိပေး​လို​စိတ် ရှိ​သင့်​သည်မဟုတ်​လော။

၃၅:၉-၂၉မရည်ရွယ်​ဘဲ လူသတ်​မိ​သူ​တစ်ဦး​သည် မိမိ၏​နေအိမ်​မှ​ထွက်၍ ခိုလှုံရာ​မြို့​တစ်မြို့​တွင် အခိုက်အတန့် ထွက်ပြေး​နေထိုင်​ရခြင်း​က အသက်သည် မြင့်မြတ်​ကြောင်း​နှင့် ယင်းကို ကျွန်ုပ်​တို့​လေးမြတ်​ရ​ကြောင်း သင်ခန်းစာပေး​သည်။

၃၅:၃၃အပြစ်မဲ့​သူ​သွန်း​သော​အသွေး​ဖြင့် ညစ်ညမ်း​သွားသော​မြေကြီးကို အသွေး​သွန်း​သူတို့၏ အသွေး​ဖြင့်​သာ ကျေအေးစေ​နိုင်​သည်။ ယေဟောဝါ​သည် ကမ္ဘာ​မြေကြီးကို ပရဒိသု​အဖြစ် အသွင်​မပြောင်းလဲ​မီ လူဆိုးများ​ကို ဖျက်ဆီး​ပစ်​မည်​မှာ တကယ်​သင့်လျော်​လှ​သည်​တကား!—သု. ၂:၂၁၊ ၂၂; ဒံယေလ ၂:၄၄၊ ၄၅

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​သည် တန်ခိုး​နှင့်​ပြုပြင်

ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​လူမျိုးတော်​အလယ် တာဝန်ရ​ရှိ​ထား​ကြ​သူတို့ကို လေးစား​ကြ​ရမည်။ ဤ​အမှန်တရားကို တောလည်ရာကျမ်း​က အမှန်ပင် အလေးပေး​ဖော်ပြ​သည်။ ယနေ့ အသင်းတော်တွင် စည်းလုံးမှု​နှင့် ငြိမ်သက်မှု​ကို ထိန်းသိမ်း​ထား​ရန် အလွန်​အရေးပါသည့် သင်ခန်းစာ​ဖြစ်သည်!

မိမိတို့၏ ဝိညာဉ်​ရေး​ကို လျစ်လျူရှု​သူတို့သည် ညည်းညူ​ခြင်း၊ အကျင့်​ယိုယွင်းခြင်း​နှင့် ရုပ်ပုံ​ကိုးကွယ်​ခြင်း​အစ​ရှိသည့် မှားယွင်းမှု​များ​ကို အလွယ်တကူ​ပြုလုပ်​နိုင်​ကြောင်း တောလည်ရာကျမ်း​ပါ အဖြစ်အပျက်​များ​က ဖော်ပြ​သည်။ ဤ​ကျမ်းစာ​စောင်​မှ သင်ခန်းစာများ​နှင့် ပုံ​နမူနာ​အချို့​ကို ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ​၌ လုပ်ငန်းတော်​အစည်းအဝေး​၏ ဒေသ​လိုအပ်ရာ​အပိုင်း​တွင် အသုံးပြု​ဖို့ အခြေခံ​ဖြစ်​နိုင်​ပါ​သည်။ ‘ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်’ သည် အမှန်ပင် ‘အသက်ရှင်’ ၍ ကျွန်ုပ်​တို့၏​ဘဝကို ‘တန်ခိုး​နှင့်​ပြုပြင်’ ပေး​နိုင်​သည်​တကား။—ဟေဗြဲ ၄:၁၂

[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]

ဝတ်ပြုရာ​တဲ​တော်​ပေါ် တည်ရှိ​သည့် အံ့ဖွယ်​မိုးတိမ်​အားဖြင့် ဣသရေလလူ​တို့ကို တပ်​စခန်းချ​ရန်၊ ပြောင်းရွှေ့​ရန် ယေဟောဝါ​ညွှန်ကြား​ခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​နာခံမှု​ကို ရထိုက်​ပြီး ကိုယ်တော်​၏​ကိုယ်စားလှယ်​များ​အား ရိုသေ​လေးစားဖို့ မျှော်လင့်