“‘ဖြည့်ဆည်းပေးခဲ့တာပေါ့!’ လို့ ဖြေဆိုချင်တယ်”
“‘ဖြည့်ဆည်းပေးခဲ့တာပေါ့!’ လို့ ဖြေဆိုချင်တယ်”
နိုင်ဂျီးရီးယားနိုင်ငံ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသည် အောက်ပါအတိုင်းရေးထားသည့် စာတစ်စောင် လက်ခံရရှိခဲ့သည်–
“ကျွန်တော်တို့ရဲ့သား အဲန်ဒါဆင်ဟာ အသက် ၁၄ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူမဆုံးခင်မှာ ကြက်နှစ်ကောင် မွေးထားတယ်။ သူဟာ အဲဒီကြက်နှစ်ကောင်ကို ရောင်းပြီး ရတဲ့ငွေနဲ့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် အလှူငွေအဖြစ် ဌာနခွဲရုံးကို ပို့ချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေကို ရောင်းလို့မရသေးခင်မှာဘဲ သူဆုံးသွားရှာတယ်။
“သူရဲ့ဆန္ဒအရ မိဘဖြစ်တဲ့ ကျွန်တော်တို့ဟာ ကြက်တွေကို ဆက်မွေးမြူပြီး ရောင်းလိုက်တယ်။ ရောင်းလို့ရတဲ့ငွေကို အဲန်ဒါဆင်ရဲ့အလှူငွေအဖြစ် သင်တို့ထံ ကျွန်တော်တို့ပို့လိုက်ပါတယ်။ ယေဟောဝါရဲ့ကတိတော်ရှိထားတဲ့အတွက် အဲန်ဒါဆင်ကို မကြာခင် ပြန်တွေ့ရလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်စိတ်ချတယ်။ သူ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရဲ့လားလို့ သူမေးရင် ‘ဖြည့်ဆည်းပေးခဲ့တာပေါ့!’ လို့ ဖြေဆိုချင်တယ်။ တကယ်တော့ အဲန်ဒါဆင်ကိုသာမက ထမြောက်လာကြမယ့် ‘တိမ်တိုက်ကြီးပမာ သက်သေ’ တွေကိုပါတွေ့ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။”—ဟေဗြဲ ၁၂:၁; ယောဟန် ၅:၂၈၊ ၂၉။
အထက်ပါစာတွင် ထင်ရှားစွာဖော်ပြထားသည့်အတိုင်း ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းသည် စစ်မှန်သောခရစ်ယာန်များအတွက် တကယ်ခွန်အားရှိစေသည့် မျှော်လင့်ချက်ဖြစ်သည်။ အဲန်ဒါဆင်၏မိသားစုကဲ့သို့ပင် သန်းပေါင်းများစွာသော မိသားစုတို့သည် ရန်သူသေခြင်းလက်ထဲ ဆုံးရှုံးလိုက်ရသည့် မိမိတို့၏ ချစ်မြတ်နိုးရသူများကို ကြိုဆိုကြသောအခါ အလွန်ရွှင်လန်းဝမ်းမြောက်ကြပေလိမ့်မည်!—၁ ကောရိန္သု ၁၅:၂၄-၂၆။
စိတ်သက်သာမှုပေးသော ဤထမြောက်ခြင်းမျှော်လင့်ချက်သည် ဘုရားသခင့်နိုင်ငံတော်အောက်ရှိ ဖြောင့်မတ်သောကမ္ဘာသစ်တွင် မကြာမီ ဖြစ်ပျက်တော့မည့် မြောက်မြားစွာသော အံ့ဖွယ်ရာများအနက် တစ်ခုအဖြစ် သမ္မာကျမ်းစာက ဖော်ပြပေးသည်။ (၂ ပေတရု ၃:၁၃) ထိုအခါ လူသားများအတွက် ဘုရားသခင် ပြုလုပ်ပေးမည့်အရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “[ကိုယ်တော်]သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာ. ၂၁:၄။