မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအသက်တာကို အဘယ်အရာက အမှန်အဓိပ္ပာယ်ရှိစေသနည်း

ဘဝအသက်တာကို အဘယ်အရာက အမှန်အဓိပ္ပာယ်ရှိစေသနည်း

ဘဝ​အသက်တာကို အဘယ်အရာက အမှန်​အဓိပ္ပာယ်​ရှိစေ​သနည်း

အသက် ၁၇ နှစ်အရွယ် အထက်တန်း​ကျောင်းသား ဂျက်​စီ​သည် ဘဝ၏​အဓိပ္ပာယ်​ဟူသည် အဘယ်နည်း​ဟု မေးမြန်း​ခံရသော​အခါ သူက “အသက်ရှင်​သ၍ ပျော်ပျော်​သာ​နေ” ဟု​ပြန်ဖြေ​လေ​သည်။ စူဇီ​၏​အမြင်​က​မူ မတူ။ “ဘဝရဲ့​အဓိပ္ပာယ်​ဆိုတာ ကိုယ်​ရွေးချယ်​ဖန်တီး​ရာ​ပဲ​လို့ ကျွန်မ ရိုးရိုးသားသား​ယုံကြည်တယ်” ဟု သူ​ပြော​သည်။

ဘဝ၏​အဓိပ္ပာယ်​ကို သင်​တွေးတော​မိ​သလော။ လူသား​အပေါင်း​အတွက် စကြဝဠာ​ဆိုင်ရာ​ရည်ရွယ်ချက် တစ်ခု​တည်း​သာ ရှိပါ​သလော။ သို့​မဟုတ် စူဇီ​ပြော​သည့်​အတိုင်း​ပင် ဘဝ​ဟူသည် အမှန်​အားဖြင့် ကျွန်ုပ်​တို့​တစ်ဦးစီ၏ ရွေးချယ်​ဖန်တီး​ရာ​လော။ ကျွန်ုပ်​တို့၏​လူ့​ဘောင်​အဖွဲ့အစည်း​သည် နည်း​ပညာ​ပိုင်း​အရ မည်မျှ​ပင် ခေတ်မီ​တိုးတက်​နေပါ​စေ ကျွန်ုပ်​တို့၏​အတွင်းစိတ်​သဘော​က ဘဝ​အဓိပ္ပာယ်​ကို တောင့်တ​ပုံ​ရသည်။ ကျွန်ုပ်​တို့၏​ဘဝ​အသက်တာ တစ်ချိန်ချိန်​တွင် ကျွန်ုပ်​တို့​အများစုက ‘ကျွန်ုပ်​တို့ အဘယ်ကြောင့် ဤ​လောကတွင် ရောက်ရှိ​နေရ​သနည်း’ ဟု တွေးဆ​ကြသည်။

ခေတ်​သစ်​သိပ္ပံ​ပညာ​သည် ထို​မေးခွန်း​ကို ကြိုးစား​ဖြေဆို​ခဲ့​၏။ ယင်း​အဖြေ​ကား အဘယ်နည်း။ “အသက်ရှင်ခြင်း​ကိုယ်နှိုက်​သည် ဆင့်ကဲဖြစ်စဉ်​တွင် မည်သည့်​အဓိပ္ပာယ်​မျှ​မရှိ​ချေ” ဟု စိတ်​ပညာ​နှင့် သတ္တဗေဒ​ပါမောက္ခ ဒေးဗစ် ပီ. ဘား​ရက်​ရှ်​က ဆို​သည်။ ဆင့်ကဲ​ဇီဝ​ဗေဒ​ပညာရှင်​များ​အဖို့ သက်ရှိ​သတ္တဝါများ​သည် ရည်ရွယ်ချက်​တစ်ခု​တည်း​သာ​ရှိ၍ ယင်း​ကား အသက်ရှင်​၍ မျိုးပွားခြင်း​သာ​ဖြစ်သည်​ဟူ​၏။ သို့​ဖြစ်၍ ပါမောက္ခ ဘား​ရက်​ရှ်​က ဤသို့​အကြံပြု​သည်– “ရည်ရွယ်ချက်​မရှိ၊ လူ​အချင်းချင်း ဂရုစိုက်​ခြင်း​မရှိသည့် စကြဝဠာကြီး​တွင် လွတ်လွတ်လပ်လပ်၊ အသိစိတ်​ရှိ​ရှိ၊ တမင်တကာ ရွေးချယ်​ပြုမူခြင်း​ဖြင့် မိမိတို့​ဘဝကို အဓိပ္ပာယ်​ရှိစေရန်​မှာ လူသား​တို့၏​တာဝန်​သာ​ဖြစ်သည်။”

ဘဝ​အဓိပ္ပာယ်​နှင့် ရည်ရွယ်ချက်​ရှိ​ခြင်း ရင်းမြစ်

သို့​ဆိုလျှင် ဘဝ​သည် ဤမျှ​သာ​လော၊ ကျွန်ုပ်​တို့​တစ်ဦးစီ မိမိ​အလိုရှိရာကို လုပ်ဆောင်ခြင်း​မျှ​လော။ ရည်ရွယ်ချက်​မရှိ၊ အဓိပ္ပာယ်​ကင်းမဲ့​သည့် စကြဝဠာ​တွင် ကျွန်ုပ်​တို့အား ခြေဦး​တည့်​ရာ သွားလာ​နေ​စေ​မည့်​အစား အကြောင်းရင်း​တစ်ခု​အတွက် ကျွန်ုပ်​တို့ ဤ​လောကတွင်​ရှိနေ​ရ​ကြောင်း သမ္မာကျမ်းစာ​က ကြာမြင့်စွာ​ကတည်းက ဖော်ပြ​ခဲ့ပြီ​ဖြစ်သည်။ ကျွန်ုပ်​တို့​တည်ရှိ​နေရ​ခြင်း​သည် အာကာသ​မှ မတော်တဆမှု​တစ်ခုခု​ကြောင့် ဖြစ်ပေါ်​လာ​ခြင်း​မဟုတ်​ချေ။ ဖန်ဆင်း​ရှင်​သည် ကမ္ဘာ​မြေကြီးကို လူနေ​ထိုင်​ဖို့ နှစ်ပေါင်း​များစွာ အချိန်​ယူ​ပြင်ဆင်​ခဲ့​ကြောင်း သိရှိ​ရသည်။ အဘယ်အရာကို​မျှ မတော်တဆ​ဖြစ်လာ​စေ​ခဲ့​သည် မဟုတ်ပါ။ အရာခပ်သိမ်း​ကို “အလွန်​ကောင်း” မွန်​စေရန် အသေအချာ​ပြုလုပ်​တော်​မူ​ခဲ့​၏။ (ကမ္ဘာဦး ၁:၃၁; ဟေရှာယ ၄၅:၁၈) အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ လူ​နှင့်​ပတ်သက်​၍ ဘုရားသခင်​၌ ရည်ရွယ်ချက်​ရှိတော်မူသော​ကြောင့်​ဖြစ်၏။

သို့​တိုင်၊ စိတ်ဝင်စားစရာ​မှာ ဘုရားသခင်​သည် လူတစ်ဦး​စီ​၏​အနာဂတ်​ကို ကြားဝင်​စီမံ​ပေးခြင်း​အားဖြင့်​ဖြစ်စေ၊ အချို့​သော​ဇီဝ​ဖြစ်​စဉ်​အားဖြင့်​ဖြစ်စေ တင်ကူး​ပြဋ္ဌာန်း​ခြင်း​မရှိ​ချေ။ ကျွန်ုပ်​တို့​အမွေ​ရထား​သော မျိုးရိုး​ဗီဇ​၏ လွှမ်းမိုးမှုကို ခံရ​ကြသော်လည်း အများအားဖြင့် ကျွန်ုပ်​တို့၏​လုပ်ရပ်​ကို ကျွန်ုပ်​တို့​ထိန်းချုပ်​နိုင်​ကြ​ပါ​သည်။ ကျွန်ုပ်​တို့အားလုံး​သည် မိမိတို့၏​ဘဝ​လမ်းစဉ်​ကို မိမိတို့​ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရွေးချယ်​နိုင်​ကြသည်။

မိမိတို့၏​ဘဝ​အသက်တာကို မိမိတို့ မည်သို့​အသုံးချ​မည်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​တစ်ဦးစီ ကိုယ်တိုင်​ကိုယ်​ကျ​ရွေးချယ်​ပြုလုပ်​နိုင်​သော်လည်း ဖန်ဆင်း​ရှင်​မပါဘဲ ပြုမူ​လုပ်ကိုင်​မည်​ဆိုလျှင် မှား​ပေ​လိမ့်​မည်။ အမှန်​မှာ၊ ဘဝတွင် အဓိပ္ပာယ်​အမှန်​ရှိ​ခြင်း​နှင့် ရည်ရွယ်ချက်​အမှန်​ရှိ​ခြင်း​သည် ဘုရားသခင်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​နှင့် ဆက်နွှယ်​နေကြောင်း လူအများ​သိရှိ​လာကြပြီ။ ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဘဝ​ရည်ရွယ်ချက်​စပ်ကြား အဓိက​ဆက်စပ်မှု​သည် “ကိုယ်တော်​ဖြစ်လာ​စေ​သည်” ဟူ၍ စာသား​အတိုင်း အဓိပ္ပာယ်​ရှိသည့် ဘုရားသခင့် ကိုယ်ပိုင်​နာမတော်၊ ယေဟောဝါ​တွင် ပေါ်လွင်​ထင်ရှား​သည်။ (ထွက်မြောက်ရာ ၆:၃; ဆာလံ ၈၃:၁၈) ဆိုလိုသည်မှာ၊ ကိုယ်တော်​သည် မိမိ​ကတိပြု​သမျှ​ကို အဆင့်ဆင့်​ပြည့်စုံ​စေတော်မူ​ပြီး ရည်ရွယ်တော်မူချက်​ကို အမြဲ​အထမြောက်​စေ​သည်။ (ထွက်မြောက်ရာ ၃:၁၄; ဟေရှာယ ၅၅:၁၀၊ ၁၁) ယင်းကို စဉ်းစား​ကြည့်​လိုက်ပါ။ ယေဟောဝါ​ဟူသော​နာမတော်​သည် ကျွန်ုပ်​တို့အားလုံး​အတွက် အာမခံချက်​ဖြစ်၏၊ ကိုယ်တော်​သည် မူလအစ​ဖြစ်​ကာ အဓိပ္ပာယ်​ပြည့်ဝသော ရည်ရွယ်ချက်​၏ တည်မြဲသော​ရင်းမြစ်​ဖြစ်​တော်​မူ​၏။

ဖန်ဆင်း​ရှင်​တည်ရှိ​ကြောင်းကို အသိအမှတ်ပြု​ရုံ​ပြုခြင်း​က လူတစ်ဦး​၏ အသက်တာ​နှင့်​ပတ်သက်​သည့် ရှုမြင်ချက်​အပေါ် အကျိုးများစွာ​သက်ရောက်​သည်။ အသက် ၁၉ နှစ်အရွယ် လီ​နက်​က ဤသို့​ပြောပြ​သည်– “ယေဟောဝါ​ဖန်ဆင်း​ထား​တဲ့ အံ့ဖွယ်ရာတွေ​နဲ့ အဲဒါတွေ​ရဲ့​ရည်ရွယ်ချက်ကို တွေ့မြင်​ရခြင်း​က ကျွန်မ​ကိုလည်း အကြောင်း​ရှိလို့ ဖန်ဆင်း​ထား​တယ်​ဆိုတာ ထင်ရှား​တယ်။” အဲ​မ်​ဘာက ဤသို့​ပြော​သည်– “လူတွေက ဘုရားသခင် ရှိမရှိ ‘မသိ’ လို့ ပြော​ကြ​တဲ့​အခါ ကျွန်မ​က​တော့ သိ​ကို​သိနေ​တယ်လို့ အတွေး​ပေါ်လာ​တယ်။ ယေဟောဝါ​တည်ရှိတယ်​ဆိုတာ​ကို ကိုယ်တော်​ဖန်ဆင်း​ထား​တဲ့​အရာ​တွေ​က သက်သေထူ​တယ်။” (ရောမ ၁:၂၀) ဖန်ဆင်း​ရှင်​တည်ရှိ​ကြောင်း အသိအမှတ်​ပြုခြင်း​က ကိစ္စ​တစ်ခု​ဖြစ်​ပြီး ကိုယ်တော်​နှင့် အဓိပ္ပာယ်ရှိရှိ တရင်းတနှီး​ဆက်ဆံခြင်း​ကို ပြုစု​ပျိုးထောင်​ခြင်း​က အခြား​ကိစ္စ​တစ်ခု​ဖြစ်သည်။

ဘုရားသခင်​နှင့် ရင်းနှီး​ကျွမ်းဝင်​ခြင်း

ဤ​တွင်​တစ်ဖန် သမ္မာကျမ်းစာ​က အကူအညီ​ပေး​ပါ​သည်။ ၎င်း​၏​အဖွင့်​အခန်းကြီး​များ​က ယေဟောဝါ​ဘုရားသခင်​သည် မေတ္တာ​ပြည့်ဝသော​ဖခင်​တစ်ပါး​ဖြစ်​ကြောင်း ဖော်ပြ​သည်။ ဥပမာ၊ ကိုယ်တော်​သည် အာဒံ​နှင့်​ဧဝ​ကို ဖန်ဆင်း​ပြီး​နောက် မိမိ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အသိ​မပေး​ဘဲ မနေခဲ့ချေ။ သို့​ပြု​မည့်​အစား၊ သူတို့နှင့် မှန်မှန် အဆက်အသွယ်​ပြု​တော်​မူ​ခဲ့​၏။ အခြား​အမှုကိစ္စ​များ​ကို ကိုယ်တော် ဆက်လုပ်​ဆောင်​နေစဉ် သူတို့အား မိမိတို့​ဘာသာ ရပ်တည်​ကြ​ရန် ဧဒင်ဥယျာဉ်​တွင် ပစ်မထား​ခဲ့​ချေ။ ယင်းအစား၊ ကိုယ်တော်​သည် အသက်ရှင်​နေထိုင်​ရမည့် အကောင်းဆုံး​နည်းကို သူတို့အား တိတိကျကျ ညွှန်ကြား​ခဲ့​သည်။ သူတို့အား ကျေနပ်ဖွယ်​အလုပ် လုပ်ကိုင်​စေပြီး မပြတ်​တမ်း လေ့ကျင့်​သင်ကြား​ပေး​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၆-၃၀; ၂:၇-၉) စွမ်းရည်​ရှိ မေတ္တာ​ပြည့်ဝသော မိဘ​တစ်ဦး​သည် ဤ​အတိုင်း​ပင် ပြုမူ​မည်​မဟုတ်ပေ​လော။ ယင်းက အဘယ်အရာကို​ဆိုလို​ကြောင်း စဉ်းစား​ကြည့်​ပါ။ “ကမ္ဘာ​မြေကြီးကို ယေဟောဝါ​ဖန်ဆင်း​ပြီး ဖန်ဆင်း​ရာတွေကို ပျော်မွေ့နိုင်​တဲ့​အစွမ်း ပေး​ထား​တာ​က ကျွန်မ​တို့ကို ကိုယ်တော်​ပျော်ရွှင်​စေချင်တယ်​ဆိုတာ ထင်ရှား​တယ်” ဟု ဒဲန်ယဲလ်​ပြော​သည်။

ထို့​ထက်​ကား၊ မေတ္တာရှင်​ဖခင်​တစ်ဦး​ကဲ့သို့​ပင် ယေဟောဝါ​သည် မိမိ၏​သားသမီး​အားလုံး​ကို မိမိ​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိစေ​လို​သည်။ ယင်းကြောင့် တမန်​တော် ၁၇:၂၇ အာမခံ​သည့်​အတိုင်း ‘ကိုယ်တော်​သည် ငါ​တို့​တွင် အဘယ်​သူနှင့်​မျှ​ဝေး​တော်​မူ​သည် မဟုတ်ပါ။’ ယင်းကို​သိထားခြင်းက မည်သို့​ထူးခြား​စေ​သနည်း။ အဲ​မ်​ဘာက ဤသို့​ပြော​သည်– “ယေဟောဝါ​ကို သိကျွမ်း​လာလို့ ကျွန်မ ဘယ်တော့မှ တစ်ယောက်တည်း​မဟုတ်ဘူးဆိုတာ ယုံကြည်​စိတ်ချ​တယ်။ ဘာပဲ​ဖြစ်ဖြစ် အားကိုး​ရတဲ့​သူ​တစ်ယောက် ကျွန်မ​နား​မှာ အမြဲ​ရှိတယ်။” ထို့​အပြင်၊ ယေဟောဝါ​အား သင်​သိကျွမ်း​လာ​သည်​နှင့်​အမျှ ကိုယ်တော်​သည် ကြင်နာ​၍ မျှတ​ပြီး ကောင်းမြတ်​တော်​မူ​ကြောင်း သိရှိ​ရ​ပေမည်။ ကိုယ်တော်​အား သင်​မှီခို​အားထား​နိုင်​ပါ​သည်။ “ယေဟောဝါ​ဟာ ကျွန်တော့်​ရဲ့ ရင်းနှီးတဲ့​မိတ်ဆွေ​ဖြစ်လာတဲ့​အခါ ကျွန်တော့်​ကို အရန်​သင့်​ကူညီ​ပေး​မယ့် ကိုယ်တော်​ထက် ကောင်း​တဲ့​သူ မရှိဘူး​ဆိုတာ​ကို သိလာတယ်” ဟု ဂျက်ဖ်​က​ဆို​သည်။

ဝမ်းနည်းစရာမှာ ယေဟောဝါ​နှင့်​ပတ်သက်​၍ မဟုတ်မမှန်​စကား များစွာ​ပြောဆို​ခဲ့​ကြပြီ။ လူတို့၏​ဆင်းရဲ​ဝေဒနာ​များ၊ ဘာသာရေး​အကျင့်ပျက်မှု​တို့သည် ကိုယ်တော်​ကြောင့်​ဟု ပြစ်တင်​ခဲ့​ကြပြီ။ လူ့​သမိုင်း​တွင် ပေါ်ပေါက်​ခဲ့​သော အဆိုး​ဝါး​ဆုံး ရက်စက်​ယုတ်မာ​မှု​တို့သည် ကိုယ်တော်​ကြောင့်​ဟု ယူဆ​ခဲ့​ကြ​၏။ သို့သော် တရားဟောရာ ၃၂:၄၊ ၅ [သမ္မာ] က ဤသို့​ရှင်းပြသည်– “နည်းလမ်းတော်​ရှိသမျှသည် တရား​နှင့်​ညီ . . . ၏။ သူတို့သည် ဖောက်ပြန်​ကြပြီ။ ဘုရားသခင်​၏​သား​မဟုတ်၊ အပြစ်​အနာ​ရှိသူ​သာ ဖြစ်​ကြ​၏။” ထို့​ကြောင့် ကျွန်ုပ်​တို့သည် အဖြစ်မှန်​ကို ကျွန်ုပ်​တို့​ကိုယ်တိုင် စူးစမ်း​စစ်ဆေး​ဖို့ တာဝန်​ရှိသည်။—တရားဟောရာ ၃၀:၁၉၊ ၂၀

ဘုရားသခင့်​ရည်ရွယ်ချက် ပြည့်စုံ​ခဲ့

သို့ရာတွင် ကျွန်ုပ်​တို့​အဘယ်အရာကို​ပင် ဆုံးဖြတ်​ပါစေ ဤ​ကမ္ဘာ​မြေကြီး​နှင့် လူသားတို့​အတွက် ကိုယ်တော့်​ရည်ရွယ်ချက် အပြည့်အဝ အထမြောက်​အောင်မြင်​စေ​ရေး​တွင် အဘယ်အရာကမျှ တားဆီး​မည်​မဟုတ်ပါ။ ကိုယ်တော်​သည် ဖန်ဆင်း​ရှင်​ဖြစ်​ကြောင်း သတိရပါ။ သို့​ဆိုလျှင် ကိုယ်တော်​၏​ရည်ရွယ်ချက်ကား အဘယ်နည်း။ တောင်ပေါ်​တရားတော်​တွင် ခရစ်တော်​ယေရှု ဤသို့​မိန့်ဆိုခဲ့​ချိန်​က ယင်းကို ရည်ညွှန်းခဲ့​သည်– ‘စိတ်​နူးညံ့​သိမ်မွေ့​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ အကြောင်း​မူ​ကား၊ မြေကြီးကို အမွေခံ​ရ​ကြ​လတ္တံ့။’ နောက်ပိုင်း​တွင် တမန်​တော်​ယောဟန်​အား ကိုယ်တော်​က ဘုရားသခင်​သည် “မြေကြီးကို​ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး” ပစ်​ဖို့ ဆုံးဖြတ်ထား​ကြောင်း ဖော်ပြ​ခဲ့​သည်။ (မဿဲ ၅:၅; ဗျာ. ၁၁:၁၈) ယေရှုသည် ဖန်ဆင်း​ရာ​ကာလ​အတွင်း ဘုရားသခင်​နှင့်အတူ​ရှိ​တော်​မူ​ခဲ့​ရာ စုံလင်သော လူ့​မိသားစုကို ပရဒိသု​မြေကြီးပေါ်​တွင် ထာဝစဉ်​နေထိုင်​စေ​လို​ခြင်း​သည် ဘုရားသခင့်​ရည်ရွယ်ချက်​ဖြစ်​ကြောင်း အစ​ကတည်းက ကိုယ်တော်​သိရှိ​ထား​၏။ (ကမ္ဘာဦး ၁:၂၆၊ ၂၇; ယောဟန် ၁:၁-၃) ဘုရားသခင်​သည် ပြောင်းလဲခြင်း​မရှိ​ချေ။ (မာလခိ ၃:၆) ဘုရားသခင်​က “ငါ​ကြံစည်​သည်​အတိုင်း​ဖြစ်၍ ငါ​စီရင်ချက်​လည်း တည်​ရ​လိမ့်​မည်” ဟု ကတိပြု​တော်​မူ​သည်။—ဟေရှာယ ၁၄:၂၄

ကျွန်ုပ်​တို့​ခေတ်တွင် ယေဟောဝါ​သည် ယခု​လောက​ကဲ့သို့ လောဘ​ကြီးခြင်း၊ ကိုယ်ကျိုးရှာ​ခြင်း​အပေါ်​မဟုတ်ဘဲ ဘုရားသခင်​နှင့် အိမ်နီးချင်း​ကို​ချစ်ခြင်း​အပေါ် အခြေပြု​သည့် စည်းလုံး​သော​လူမျိုးစု​တစ်စု​၏ အုတ်မြစ်ကို စတင်​ချမှတ်​ထား​တော်​မူ​ပြီ။ (ယောဟန် ၁၃:၃၅; ဧဖက် ၄:၁၅၊ ၁၆; ဖိလိပ္ပိ ၂:၁-၄) ယင်းသည် တိုးတက်​လို​စိတ်​ရှိပြီး ဤ​အစီအစဉ်​စနစ်​၏​အဆုံး​မတိုင်မီ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောရန်​တာဝန်​ကို ကျေပွန်​လို​စိတ် ပြင်းပြ​သူများ​နှင့် ဖွဲ့စည်းထား​သော စေတနာ့​ဝန်ထမ်း​အဖွဲ့​ဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) နိုင်ငံ​ပေါင်း ၂၃၀ ကျော်​တွင် ခြောက်​သန်း​ကျော်​သော ခရစ်ယာန်​များသည် မေတ္တာပါ​၍ စည်းလုံး​သော အပြည်ပြည်ဆိုင်ရာ ညီအစ်ကို​များ​အသင်းအပင်း​တွင် အတူတကွ ဝတ်ပြု​လျက်​ရှိကြသည်။

သင့်​ဘဝ​အသက်တာကို အဓိပ္ပာယ်​ရှိစေပါ

သင်သည် အဓိပ္ပာယ်​ပို​ပြည့်ဝသော ဘဝ​အသက်တာ​ရလိုလျှင် မိမိ၏ “ဖြောင့်မတ်​သော​လူမျိုး” နှင့် ယခု​ပင် ပေါင်းသင်း​ရန် ယေဟောဝါ​ဘုရားသခင် ဖိတ်ခေါ်​လျက်​ရှိသည်​ကို သိမြင်​သင့်​သည်။ (ဟေရှာယ ၂၆:၂) သို့သော် ‘ဒီ​ခရစ်ယာန်​အသိုင်းအဝိုင်းမှာ နေရ​တဲ့​ဘဝက ဘယ်လို​လဲ။ ငါ တကယ်ပဲ အဲဒီ​အထဲမှာ​ပါ​ချင်​သလား’ ဟု သင်​တွေးတော​နေ​ပေမည်။ လူငယ်​တချို့​၏​စကား​ကို ဂရုပြုပါ​လေ–

ကွဲ​န်​တင်– “ဒီ​လောကမှာ အသင်းတော်ဟာ ကျွန်တော့်​ရဲ့​အကာအကွယ်​ပဲ။ ယေဟောဝါ​ဟာ ကျွန်တော့်​ဘဝမှာ သက်ဝင်​လှုပ်ရှား​နေတာကို သိမြင်​ရခြင်း​က ကိုယ်တော်​တည်ရှိ​တယ်၊ ကျွန်တော့်​ကို ကိုယ်တော်​ပျော်ရွှင်​စေ​လိုတယ်​ဆိုတာ​ကို တွေ့မြင်​စေဖို့ ထောက်ကူ​ပေး​တယ်။”

ဂျက်ဖ်– “ကျွန်တော်​အားပေးမှု​ရဖို့​သွား​နိုင်​တဲ့ အကောင်းဆုံး​နေရာ​က အသင်းတော်​ပဲ။ အဲဒီမှာ ကျွန်တော့်​ကို ထောက်မ​ကူညီ​ပေး​မယ့်၊ ချီးမွမ်း​စကားပြော​ဆို​မယ့် ညီအစ်ကို​ညီအစ်မ​တွေ​ရှိတယ်။ သူတို့ဟာ တကယ်ပဲ ကျွန်တော့်​ရဲ့ ဆွေမျိုးရင်းချာ​မိသားစု​ပဲ။”

လီ​နက်– “ကျမ်းစာ​အမှန်တရားကို သက်ဝင်​ယုံကြည်​လာပြီး ယေဟောဝါ​အမှုတော်ထမ်း​ဆောင်​ဖို့ ဆုံးဖြတ်​လိုက်တဲ့​သူတစ်ယောက်ကို တွေ့မြင်​ရတာက​နေ ရရှိတဲ့​ရွှင်လန်း​ဝမ်းမြောက်မှု​ဟာ ဘာနဲ့မှ နှိုင်းယှဉ်​လို့​မရဘူး။ အဲဒါ​က ကျွန်မ​ဘဝမှာ အကြီးအကျယ် အားရစရာ​ဖြစ်တယ်။”

ကို​ဒီ– “ယေဟောဝါ​သာ​မရှိရင် ကျွန်တော့်​ဘဝဟာ အလကားပဲ။ သူများတွေ​လို ပျော်ရွှင်မှု​ကို ကြိုးစား​ရှာဖွေ​နေကြ​ပေမဲ့ ရှာမတွေ့​ဘဲ ဦးတည်ရာ​မဲ့ ဖြစ်နေ​မှာ။ အခုတော့ ယေဟောဝါ​ဟာ သူနဲ့ မယုံနိုင်​လောက်​အောင် ရင်းနှီး​ကျွမ်းဝင်​ခွင့် ပေး​ထား​လို့ ကျွန်တော့်​ဘဝဟာ အဓိပ္ပာယ်​ရှိနေတာ။”

အသင်​လည်း ကိုယ်တိုင်​စူးစမ်း​ကြည့်​ပါ​လေ။ သင်၏​ဖန်ဆင်း​ရှင်၊ ယေဟောဝါ​ဘုရားသခင်​ထံ ချဉ်းကပ်​ခြင်း​အားဖြင့် ဘဝ​အသက်တာသည် အမှန်​အဓိပ္ပာယ်​ရှိကြောင်း သင်​တွေ့ရှိ​ရ​ပါ​လိမ့်​မည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဘုရားသခင်​နှင့် ရင်းနှီးသော ဆက်ဆံ​ရေး​သည် ကျွန်ုပ်​တို့၏ ဘဝ​အသက်တာကို အဓိပ္ပာယ်​ရှိစေ

[Picture Credit Line on page 29]

NASA photo