မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု—မျက်မှောက်ခေတ် အမှန်တရား

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု—မျက်မှောက်ခေတ် အမှန်တရား

ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု—မျက်မှောက်ခေတ် အမှန်တရား

“ဖွံ့ဖြိုးမှု​အဆင့်အတန်း အမျိုးမျိုး၊ ယဉ်ကျေးမှု​အဖုံဖုံ ဤမျှ​ကွဲပြား​ခြားနား​နေသည့် နိုင်ငံ​များစွာတို့သည် မည်သို့​တသဘောတည်း​ဖြစ်​နိုင်​ပါ​မည်​နည်း။ အခြား​ဂြိုဟ်​တစ်ခု​က ချင်းနင်းဝင်ရောက်​တိုက်ခိုက်​မှ​သာ​လျှင် လူသား​မျိုးနွယ်​သည် တစည်းတလုံး​ရှိလာ​ပါ​လိမ့်​မည်​ဟု​ဆို​၏။”—သည်​အေ့ဂျ်၊ ဩစတြေးလျ​သတင်းစာ။

အခြား​ဂြိုဟ်​တစ်ခု​က ချင်းနင်းဝင်ရောက်​တိုက်ခိုက်​မည် ဟုတ်​စ။ ယင်းက ကမ္ဘာ့​တိုင်းနိုင်ငံ​ရှိရှိသမျှကို စည်းလုံးစေ​မည်၊ မ​စည်းလုံးစေ​မည်​ကို ကျွန်ုပ်​တို့​မသိနိုင်​ကြသော်လည်း ကျမ်းစာ​ပရောဖက်ပြုချက်​က ကမ္ဘာ့​တိုင်းနိုင်ငံ​များ​ကို စည်းလုံးစေ​မည့် ရောက်​အံ့​ဆဲ​ဆဲ အရေးအကြောင်း​တစ်ခု​ကို ဖော်ပြ​သည်။ အဆိုပါ​အရေးကိစ္စ​ကြီး​ကို အခြား​ကမ္ဘာ​မှ​အင်အားစု​များ​က ဖြစ်ပေါ်​စေမည်​ဖြစ်သည်။

ရှေး​ဣသရေလ​ဘုရင်​ဒါဝိဒ်​သည် ဤ​ကမ္ဘာ့​အခြေအနေ​အကြောင်း ပရောဖက်ပြု​ခဲ့​သည်။ ဘုရားသခင့်​မှုတ်သွင်းခြင်း​ခံရ​၍ သူ​ဤသို့​ရေးသားခဲ့​၏– ‘မြေကြီး​ဘုရင်​တို့သည် ထကြ​၍ မင်း​အရာရှိ​တို့​လည်း ယေဟောဝါ​နှင့် ကိုယ်တော်​၏​ဝိညာဉ်​တော်​ဖွား တစ်ဖက်၌ တိုင်ပင်​လျက် “သူတို့​အစည်း​အ​နှောင်​များ​ကို​ဖြတ်၍ ချည်နှောင်​သော​ကြိုး​များ​ကို ပယ်​ပစ်​ကြ​ကုန်​အံ့!” ဟု​ဆို​ကြ’ လေ​သည်။ (ဆာလံ ၂:၂၊ ၃သမ္မာ; တမန်​တော် ၄:၂၅၊ ၂၆) လောက​အုပ်စိုးရှင်​များသည် စကြဝဠာ​ဖန်ဆင်း​ရှင်၊ ယေဟောဝါ​နှင့် ကိုယ်တော်​ခန့်အပ်​ထား​သည့်​ဘုရင်၊ ယေရှု​ခရစ်​ဖြစ်သော ကိုယ်တော်​၏​ဝိညာဉ်​တော်​ဖွား​ကို တိုက်ခိုက်​ဖို့ တ​စု​တ​ဝေး စုရုံး​ကြ​မည်​ဖြစ်​ကြောင်း သတိပြု​မှတ်သားပါ​လေ။ ထိုသို့ အဘယ်​နည်းဖြင့် ဖြစ်ပျက်​လာ​မည်​နည်း။

ကျမ်းစာ​ဖြစ်ပျက်​မှု​ခုနှစ်​နှင့် ပြည့်စုံ​ပြီး​သော​ပရောဖက်ပြုချက်​များ​အရ ၁၉၁၄ ခုနှစ်​တွင် ဘုရားသခင့်​နိုင်ငံတော်​ကို ဘုရင်​ဖြစ်သော​ယေရှု​ခရစ်​နှင့်အတူ ကောင်းကင်​၌ တည်ထောင်​ခဲ့​သည်။ * ထို​အချိန်​က ကမ္ဘာ့​တိုင်းနိုင်ငံ​များသည် တစ်ကျိတ်တည်း​တစ်​ဉာဏ်​တည်း​ဖြစ်​ခဲ့​ကြသည်။ ဘုရားသခင့်​မွေးကင်းစ​နိုင်ငံတော်​၏ ပိုင်သ​အုပ်စိုးမှု​ကို လက်အောက်ခံ​မည့်​အစား ၎င်းတို့သည် ပထမ​ကမ္ဘာ​စစ်​ကြီး​တွင် အားကုန်လောင်း တိုက်ခိုက်​ခဲ့​ကြ​၏။

လူ့​အုပ်စိုးရှင်​များ​ဘက်​မှ ဤသို့​တုံ့ပြန်​ကြသည်​ကို ယေဟောဝါ​ဘုရားသခင်​မည်သို့​ယူဆ​သနည်း။ “ကောင်းကင်ဘုံ​၌ ထိုင်​တော်​မူ​သော​သူသည် ပြုံးရယ်​၍ ထာဝရ​ဘုရား[သခင်]သည် သူတို့ကို ကဲ့ရဲ့​တော်​မူ​၏။ ထို​အခါ အမျက်တော်​ထွက်၍ သူတို့ကို မိန့်တော်မူ​မည်။ ပြင်းစွာ​သော​အမျက်တော်​နှင့် သူတို့ကို ပူပန်​စေတော်မူ​မည်။” ထို့နောက်၊ ယေဟောဝါ​သည် မိမိ၏​သားတော် ဘုရားသခင့်​နိုင်ငံတော်​၏ ခန့်အပ်​ခံ​ဘုရင်​အား ဤသို့​မိန့်ဆို​တော်​မူ​လိမ့်​မည်– “ငါ့ကို​တောင်း​လော့။ လူအမျိုးမျိုး​တို့ကို သင်၏​အမွေဥစ္စာ​ဖို့ ငါ​ပေး​မည်။ မြေကြီးစွန်း​တိုင်အောင် ပိုင်ထိုက်​သော​အခွင့်​ကိုလည်း ငါ​ပေး​မည်။ သင်သည် သူတို့ကို သံ​လှံတံ​နှင့်​အုပ်စိုး​၍ မြေအိုး​ကို​ခွဲ​ဖျက်​သကဲ့သို့ ခွဲ​ဖျက်​လိမ့်​မည်။”—ဆာလံ ၂:၄၊ ၅၊ ၈၊ ၉

သံ​လှံတံ​ဖြင့် ည​က်​ည​က်​ကြေ​အောင် ချေမှုန်း​ခံရ​မည့် ဆန့်ကျင်​သည့်​တိုင်းနိုင်ငံ​များ​၏ ဤ​နောက်ဆုံး​အရေးနိမ့်​မှု​သည် ဟာ​မဂေဒုန် သို့​မဟုတ် အာမဂေဒုန်​တွင် ဖြစ်ပျက်​လာ​ပါ​လိမ့်​မည်။ သမ္မာကျမ်းစာ​၏ နောက်ဆုံး​စာစောင်​ဖြစ်သော ဗျာ.ကျမ်း​က ဤ​အထွတ်အထိပ်​ဖြစ်ရပ်​ကို “တစ်လောက​လုံး​တွင်ရှိသော ဘုရင်​တို့” ကို စုရုံး​စေ​မည့် ‘အတိုင်းအဆမဲ့​တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​၏​နေ့ကြီး​စစ်ပွဲ’ ဟု​ဖော်ပြ​သည်။ (ဗျာ. ၁၆:၁၄၊ ၁၆) အဆုံး​၌ နတ်ဆိုး​သြဇာလွှမ်း​မိုး​မှု​အောက်တွင် တိုင်းနိုင်ငံ​တို့သည် အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင်​နှင့် စစ်​ဆင်နွှဲ​ရန် ရည်ရွယ်ချက်​တစ်ခု​တည်း​အတွက် စည်းလုံး​လာ​ကြ​ပေမည်။

ဘုရားသခင်​၏​ပိုင်သ​အုပ်စိုးမှု​ကို လူသား​တို့ ဆန့်ကျင်​တိုက်ခိုက်​ရန် စုဝေး​လာ​ကြ​မည့်​အချိန်​သည် အလွန်​နီးကပ်​နေပြီ။ ထူးဆန်း​သည်​မှာ၊ ၎င်းတို့၏ “စည်းလုံးမှု” သည် သူတို့​အတွက် အကျိုးရှိ​မည်​မဟုတ်​ချေ။ သို့​အစား၊ ၎င်းတို့၏​လုပ်ရပ်က လူသားထု​တစ်ရပ်လုံး ကြာမြင့်စွာ​စောင့်မျှော်​ခဲ့​ရသည့် ငြိမ်းချမ်းရေး​အတွက် လမ်းခင်း​ပေး​လိုက်​သလို​ဖြစ်သွား​ပေမည်။ မည်သို့​အားဖြင့်​နည်း။ ထို​နောက်ဆုံး​စစ်ပွဲ​တွင် ဘုရားသခင့်​နိုင်ငံတော်​သည် “[လောက​၏] နိုင်ငံ​ရှိသမျှ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။” (ဒံယေလ ၂:၄၅) မည်သည့်​လူသား​အဖွဲ့အစည်း​မျှ​မဟုတ်ဘဲ ဘုရားသခင့်​နိုင်ငံတော်​သည်​သာ ကမ္ဘာ့​ငြိမ်းချမ်းရေး​လိုလား​သည့် လူသား​တို့၏​စိတ်ဆန္ဒ​ကို ဖြည့်ဆည်း​ပေး​မည့်​အစိုးရ ဖြစ်ပါ​လိမ့်​မည်။

ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​၏ အဓိက​အုပ်ချုပ်ရေးမှူး

ထို​နိုင်ငံတော်​အတွက် စိတ်​ရိုး​မှန်​သူ​အမြောက်အမြား ဤသို့​ဆုတောင်း​ခဲ့​ကြပြီ– “[ဘုရားသခင့်] နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ​သော။” (မဿဲ ၆:၁၀) ဘုရားသခင်​၏​နိုင်ငံတော်​သည် အကောင်အထည်​မရှိသော နှလုံး​အခြေအနေ​ဖြစ်​မည့်​အစား တကယ့်​အုပ်ချုပ်မှု​တစ်ခု​ဖြစ်​ရာ ၁၉၁၄ ခုနှစ်​တွင် ကောင်းကင်​၌ စတင်​တည်ထောင်​ကတည်းက အလွန်​ကောင်းသော​အမှု​များစွာကို အောင်မြင်စွာ ဆောင်ရွက်​ခဲ့ပြီ​ဖြစ်သည်။ ဘုရားသခင့်​နိုင်ငံတော်​သည် ယနေ့ အပြည့်အဝ​လှုပ်ရှား​နေသည့် အမှန်တကယ်​ရှိသော​အစိုးရ​ဖြစ်​ကြောင်း ဖော်ပြ​သည့် အဓိက​အချက်​တချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

ဦးဆုံး​အနေ​နှင့်၊ ဘုရားသခင့်​နိုင်ငံတော်​တွင် နန်းထိုင်​ဘုရင် ယေရှု​ခရစ်​ဦးစီး​သော တန်ခိုး​ကြီးမား​ပြီး စွမ်းဆောင်​နိုင်​သည့် စီမံခန့်ခွဲရေး​အဖွဲ့​ရှိသည်။ စီ.အီး. ၃၃ ခုနှစ်​တွင် ယေဟောဝါ​ဘုရားသခင်​သည် ယေရှု​ခရစ်​အား အသင်းတော်​၏​ဦးစီး​ဖြစ်စေ​ခဲ့​သည်။ (ဧဖက် ၁:၂၂) ထို​အချိန်​ကတည်းက ယေရှု​ဦးစီး​ခဲ့​ရာ ကိုယ်တော်​၏​စီမံ​အုပ်ချုပ်နိုင်စွမ်း​ကို အထင်အရှား​ဖော်ပြ​ခဲ့​သည်။ ဥပမာ၊ ပထမ​ရာစု​တွင် ယုဒ​နယ်​၌ အကြီးအကျယ်​အစာ​ခေါင်းပါး​သောအခါ ခရစ်ယာန်​အသင်းတော်သည် မိမိ၏​အသင်းသားများ​ကို ချက်ချင်း​ကူညီ​ပေး​ခဲ့​သည်။ ကယ်ဆယ်​ရေး​လုပ်ငန်း​ကို စီစဉ်​ဖွဲ့စည်း​ပြီး ဗာနဗ​နှင့် ရှောလု​တို့ကို ကယ်ဆယ်​ရေး​ပစ္စည်း​များနှင့် အန္တိအုတ်မြို့​မှ စေလွှတ်​လိုက်​ကြသည်။—တမန်​တော် ၁၁:၂၇-၃၀

ယခု ဘုရားသခင့်​နိုင်ငံတော်​အစိုးရ အုပ်ချုပ်​နေပြီ​ဖြစ်​ရာ ထို​အတိုင်း​ပင် ယေရှု​ခရစ်​ပြုမူ​ဆောင်ရွက်​တော်​မူ​မည်​ဟု မျှော်လင့်​နိုင်​ပေ​သည်။ မြေငလျင်၊ အစာ​ငတ်မွတ်​ခြင်း၊ ရေလွှမ်းမိုးခြင်း၊ ဟာရီကိန်း၊ မုန်တိုင်း သို့​မဟုတ် မီးတောင်​ပေါက်ကွဲခြင်း​အစ​ရှိသော မည်သည့်​ဘေးဆိုးများ​ပင် ကျရောက်​ပါစေ ယေဟောဝါသက်သေ​များ​၏ ခရစ်ယာန်​အသင်းတော်သည် ယုံကြည်သူချင်းများနှင့် ဘေးသင့်​ရာ​အရပ်​များ​ရှိ အခြား​သူများကို​ပါ ကူညီ​ပေး​ရန် အလျင်အမြန် တုံ့ပြန်​ကြသည်။ ဥပမာ၊ ၂၀၀၁၊ ဇန်နဝါရီ​နှင့် ဖေဖော်ဝါရီ​လ​တို့​တွင် အယ်​လ်​ဆာ​ဗေး​ဒေါ​နိုင်ငံ​၌ မြေငလျင် အကြီးအကျယ်​လှုပ်​သွားသော​အခါ နိုင်ငံတစ်ဝန်း ကယ်ဆယ်​ရေး​လုပ်ငန်းများ စီစဉ်​ဖွဲ့စည်း​လိုက်ကြပြီး ကနေဒါ၊ ဂွာ​တီ​မာ​လာ​နှင့် အမေရိကန်​ပြည်ထောင်စု​မှ ယေဟောဝါသက်သေ​များ​က အကူအညီ​ပေး​ခဲ့​ကြသည်။ ဝတ်ပြုရာ​နေရာ သုံး​နေရာ​အပြင် အိမ်ခြေ ၅၀၀ ကျော်​ကို​ပါ တစ်ခဏချင်း​တွင် ပြန်​ဆောက်​ပေး​ခဲ့​ကြ​၏။

ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​၏ လက်အောက်ခံ​များ

၁၉၁၄ ခုနှစ်​တွင် ဘုရားသခင့် ကောင်းကင်​နိုင်ငံတော် တည်ထောင်​လာ​ကတည်းက ကမ္ဘာ​တစ်ဝန်း​မှ ၎င်း​၏​လက်အောက်ခံ​များ​ကို စနစ်တကျ စုသိမ်း​ဖွဲ့စည်း​ခဲ့​သည်။ ယင်းသည် ဟေရှာယ​မှတ်တမ်းတင်​ခဲ့​သည့် ထူးခြား​မှတ်သားဖွယ်​ကောင်းသော ဤ​ပရောဖက်ပြုချက်​၏ ပြည့်စုံချက်​အတိုင်း​ပင်​ဖြစ်၏– ‘နောင်​ကာလ​၌ ယေဟောဝါ​၏​အိမ်တော်​တည်ရာ​တောင် [ကိုယ်တော်​ချီးမြှောက်​ခဲ့​သော စစ်မှန်​သည့်​ဝတ်ပြုရေး] သည် ကုန်း​တို့​ထက်​ချီးမြှင့်​ခံ​၍ တောင်​များ​တို့၏​ထိပ်​ပေါ်​တွင် တည်​လိမ့်​မည်။ ခပ်သိမ်း​သော​လူမျိုး​တို့သည်​လည်း စီ​တန်း​တက်လာ​ကြလိမ့်မည်။’ “ခပ်သိမ်း​သော​လူမျိုး​တို့” သည် ထို​တောင်ပေါ်​သို့ တက်​သွား​ကြ​ပြီး ယေဟောဝါ​၏​လမ်းညွှန်ချက်များ​နှင့် ပညတ်​ဥပဒေ​များ​ကို ခံယူ​ကြ​မည်​ဟု အဆိုပါ​ပရောဖက်ပြုချက်​က ဖော်ပြ​သည်။—ဟေရှာယ ၂:၂၊ ၃သမ္မာ။

ယင်းကြောင့် နိုင်ငံ​ပေါင်း ၂၃၀ ကျော်​တွင် အပြည်ပြည်ဆိုင်ရာ ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း ၆,၀၀၀,၀၀၀ ကျော်​တို့သည် မျက်မှောက်ခေတ်​၏ အထူးခြားဆုံး လှုပ်ရှားမှု​တွင် တက်ကြွ​စွာ​ပါဝင်​နေကြ​သည်။ ယေဟောဝါသက်သေ​များ​၏ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​များ​တွင် နိုင်ငံသား၊ ယဉ်ကျေးမှု​နှင့် ဘာသာ​စကား အတားအဆီး​များ​မရှိသော ကြီးမား​လှ​သည့် လူအုပ်ကြီး​တွင် မေတ္တာ၊ ငြိမ်းချမ်းမှု​နှင့် စည်းလုံးမှု​ကို တွေ့မြင်​ကြ​ရ​၍ အကဲခတ်​လေ့လာသူ​များ​က တအံ့တသြ​ဖြစ်လေ့​ရှိ၏။ (တမန်​တော် ၁၀:၃၄၊ ၃၅) ရာ​နှင့်​ချီ​သော လူမျိုးစု​များ​ကို သွေး​စည်း​ညီညွတ် ငြိမ်းချမ်း​စေနိုင်​သည့် အုပ်ချုပ်မှု​တစ်ခု​ဖြစ်​ဖို့ ယင်း​အစိုးရ​သည် ထိရောက်​မှု​ရှိ၍ တည်မြဲ​ရုံ​မ​က အမှန်တကယ်​ရှိသော​အစိုးရ ဖြစ်​ရမည်​မဟုတ်ပေ​လော။

ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပညာရေး

အစိုးရ​အသီးသီး​တွင် တိုင်းသူပြည်သား​များ လိုက်မီ​ရမည့် စံနှုန်း​များ​ရှိကြသည်၊ ထို​အစိုးရ​လက်အောက် နေထိုင်​လို​သူ​တိုင်း​သည် ယင်း​တို့ကို လိုက်မီ​ရ​ပေမည်။ အလားတူ၊ ဘုရားသခင့်​နိုင်ငံတော်​တွင်​လည်း စံနှုန်း​များ​ရှိ၏၊ ၎င်း​၏​လက်အောက်ခံ​များ​အဖြစ် အရည်အချင်း​ပြည့်မီ​သူ​တိုင်း ထို​စံနှုန်း​များ​ကို လိုက်မီ​ကြ​ရမည်​ဖြစ်သည်။ သို့ရာတွင်၊ နောက်ခံ​အမျိုးမျိုး​ရှိ လူများစွာ​တို့အတွက် စံနှုန်း​တစ်မျိုးတည်း​ရှိ၍ ၎င်းတို့ကို​လက်ခံ​ပြီး ထို​အတိုင်း​နေထိုင်​နိုင်​ဖို့​ဟူသည် ဧရာမ​တာဝန်​ကြီး​တစ်ရပ်​ဖြစ်သည်။ ဤ​တွင် ဘုရားသခင့်​နိုင်ငံတော် အမှန်တကယ်​တည်ရှိ​ကြောင်း သက်သေထူ​သည့် သာဓက​နောက်တစ်ခု တွေ့ရှိ​ရသည်၊ ယင်းသည် ဘုရားသခင့်​နိုင်ငံတော်​၏ ထိရောက်​သော ပညာရေး အစီအစဉ်​ကြောင့် လူ​တို့ စိတ်နှလုံး​ထိမိ​ပြီး ပြောင်းလဲ​လာ​ခြင်း​ဖြစ်သည်။

ဘုရားသခင့်​နိုင်ငံတော်​အစိုးရ​သည် ဤ​ခက်ခဲ​သော​လုပ်ငန်း​ကို မည်သို့​ဖြစ်မြောက်​စေ​သနည်း။ တမန်​တော်​များ​နည်းတူ ‘တစ်အိမ်​မှ​တစ်အိမ်’ ဟောပြောခြင်း​နှင့် သမ္မာကျမ်းစာ​ကို တစ်ဦးချင်း​စီ သွန်သင်​ပေးခြင်း​အားဖြင့်​ဖြစ်သည်။ (တမန်​တော် ၅:၄၂; ၂၀:၂၀) ဤ​ပညာရေး​စနစ်​သည် မည်မျှ​ထိရောက်​သနည်း။ ကက်သလစ်​ဘုန်းကြီး​တစ်ဦး​ဖြစ်သူ ယာ့ခ်စ် ဂျွန်​ဆင်​သည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​မ​လေ့လာ​ဖြစ်အောင် အမျိုးသမီး​တစ်ဦး​အား ကြိုးစား​နားချ​ခဲ့​ခြင်း​အကြောင်း ကနေဒါ​ပတ်စဉ်​သတင်းစာ​တစ်စောင်​တွင် ရေးသားခဲ့​သည်။ “ကျွန်တော် အတော်လေး ဦးနှောက်​ခြောက်​ခဲ့​တာ၊ သူ့ကို ဘယ်လို​ဖျောင်းဖျ​ရ​မှန်း​မသိ​ဘူး၊ ပြော​လို့​ရမှာ​မဟုတ်ဘူးဆိုတာ သေချာတယ်” ဟု သူ​ဆို​ခဲ့​၏။ “အဲ့ဒီ ဂျေ​ဒဗလျူ (ယေဟောဝါသက်သေ) အမျိုးသမီးတွေဟာ ဒီ​ငယ်ရွယ်​တဲ့ အိမ်တွင်းပုန်း​မိခင်နဲ့ လပေါင်း​များစွာ အဓိပ္ပာယ်ရှိရှိ ရင်းနှီး​ကျွမ်းဝင်​လာ​ကြ​မှန်း ကျွန်တော်​သိလိုက်​ရတယ်။ သူတို့ဟာ သူ့ကို ကူညီ​ပေး​ကြတယ်၊ မိတ်ဖွဲ့​တယ်၊ သံယောဇဉ်​တွယ်​လာအောင် အဓိပ္ပာယ်ရှိရှိ ပေါင်းဖော်​ခဲ့​ကြတယ်။ မကြာ​ပါ​ဘူး သူလည်း သူတို့​ဘာသာ​မှာ တက်ကြွ​တဲ့ အဖွဲ့ဝင်​တစ်ယောက်​ဖြစ်လာ​တယ်၊ သူ့ကို ဘယ်လိုမှ ဟန့်တား​လို့​မရဘူး။” ယခင်​က ကက်သလစ်​ဘာသာဝင်​ဖြစ်​ခဲ့​သူ၏​နှလုံးသားကို ယေဟောဝါသက်သေ​များ သွန်သင်ပေး​သည့် ကျမ်းစာ​သတင်းတရား​နှင့် သူတို့၏​ခရစ်ယာန်​အမူအကျင့်​တို့​က လှုံ့ဆော်ပေး​ခဲ့​သကဲ့သို့ ကမ္ဘာ​တစ်ဝန်း​မှ သန်းပေါင်း​များစွာသော​သူတို့၏ နှလုံးသားကို​လည်း လှုံ့ဆော်ပေး​လျက်​ရှိပါ​သည်။

ဘုရားသခင့်​နိုင်ငံတော်​ပညာရေး​အစီအစဉ်သည် သမ္မာကျမ်းစာ​အပေါ် အခြေပြု​သည်၊ ၎င်း​၏​စံ​များနှင့် ကျင့်ဝတ်​စံနှုန်း​များ​ကို ထောက်ခံ​သည်။ မည်သည့်​နောက်ခံ​မှ​ပင်​ဖြစ်ပါစေ လူ​လူ​ချင်း ဂုဏ်တင်​ရန်​နှင့် ချစ်​ကြ​ရန် အားလုံး​ကို သွန်သင်ပေး​သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) ထို့​ပြင် ဤ​တိုက်တွန်းချက်​ကို တုံ့ပြန်​ရန် လူ​တို့ကို ကူညီ​ပေး​သည်– “သင်တို့သည် လော[က]ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​နိုင်​မည်​အကြောင်း စိတ်နှလုံး​ကို​အသစ်​ပြင်ဆင်​၍ ပုံသဏ္ဌာန်​ပြောင်းလဲခြင်း​သို့​ရောက်​ကြလော့။” (ရောမ ၁၂:၂) ယခင်​ဘဝ​လမ်းစဉ်​ကို စွန့်လွှတ်​ကြ​ပြီး ဘုရားသခင့်​နိုင်ငံတော်​အစိုးရ​၏ ပညတ်​ဥပဒေ​နှင့် မူများ​ကို ပျော်ရွှင်စွာ​လိုက်နာ​ခဲ့​ခြင်း​ဖြင့် သန်းပေါင်း​များစွာသော​သူတို့သည် ယခု​ပင် ပျော်ရွှင်​ချမ်းမြေ့မှု​နှင့် ငြိမ်းချမ်းမှု​ကို တွေ့ရှိ​ထား​ကြသည်​သာမက အနာဂတ်​အတွက်​လည်း အားရ​ဝမ်းသာစရာ​မျှော်လင့်ချက်များ တွေ့ရှိ​ရ​ပေ​ဦး​မည်။—ကောလောသဲ ၃:၉-၁၁

ဤ​ကမ္ဘာချီ​စည်းလုံးမှု​ရရှိ​ရေး​ကို ထူးခြား​စွာ ကူညီ​ပေး​သည့်​အရာတစ်ခု​မှာ ဤ​ကင်းမျှော်စင်​မဂ္ဂဇင်း​ဖြစ်သည်။ ညှိနှိုင်း​ဖွဲ့စည်းထား​သည့် ဘာသာပြန်​နည်း​စနစ်​များနှင့် ဘာသာ​စကား​ပေါင်း​စုံ​ထုတ်ဝေရေး​ကိရိယာ​တို့​ဖြင့် ကင်းမျှော်စင်​တွင်​ပါ​သော အဓိက​ဆောင်းပါး​များ​ကို ၁၃၅ ဘာသာ​စကား​ဖြင့် တစ်ပြိုင်တည်း​ထုတ်ဝေ​ထား​၏၊ ယင်းကြောင့် ကမ္ဘာ​တစ်ဝန်း​မှ စာရှုသူ ၉၅ ရာခိုင်နှုန်း​ကျော်​တို့သည် ထို​ဆောင်းပါး​များ​ကို မိမိတို့၏​ကိုယ်ပိုင်​ဘာသာ​စကား​ဖြင့် တစ်ပြိုင်တည်း လေ့လာ​နိုင်​ကြသည်။

မော်မန်​စာရေး​ဆရာ​တစ်ဦး​သည် မိမိ၏​ချာ့ခ်ျ​ပြင်ပ​ရှိ ခရစ်ယာန်​သာသနာပြု​ဆိုင်ရာ အထူးခြားဆုံး အောင်မြင်မှု​များ​ကို စာရင်းပြု​စု​ခဲ့​၏။ သူသည် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ကင်းမျှော်စင်​နှင့် နိုးလော့!တို့ကို ဝမ်းမြောက်​ဖွယ်​သတင်း​ကြေညာ​သည့် အကောင်းဆုံး မဂ္ဂဇင်း​များ​အဖြစ် ဤသို့​ဖော်ပြ​ပြောဆို​ခဲ့​သည်– “ကင်းမျှော်စင် သို့​မဟုတ် နိုးလော့! မဂ္ဂဇင်း​တို့သည် မိမိ​ဘာသာ​အားရ​ကျေနပ်​နေ​စေရန် အားပေး​အား​မြှောက်​ပြု​သည်​ဟု မည်သူကမျှ မစွပ်စွဲ​နိုင်​ပါ၊ သို့​အစား၊ အခြား​အဘယ်​ဘာသာရေး​စာပေ​များ​၌​မျှ မ​တွေ့ရှိ​ရသည့် နိုးကြား​မှု​သဘောထားကို ယင်း​တို့​က ဖြစ်ပေါ်​စေ​သည်။ ကင်းမျှော်စင်​နှင့် နိုးလော့! တို့သည် ဖြစ်ရပ်မှန်များ​ကို အခြေပြု​၍ အသေအချာ​လေ့လာရေး​သား​ထား​ကာ ကမ္ဘာ့​တကယ့်​အဖြစ်အပျက်​များနှင့်​ဆက်စပ်​ပြီး အားသစ်လောင်း​ပေး​သည်။”

ဘုရားသခင့်​နိုင်ငံတော်​သည် အပြည့်အဝ​လှုပ်ရှား​ဆောင်ရွက်​နေသည့် တကယ်​တည်ရှိ​သော​အစိုးရ​ဖြစ်​ကြောင်း သက်သေ​အထောက်အထား ဒုနှင့်ဒေး​ရှိပါ​သည်။ ယေဟောဝါသက်သေ​များသည် “[ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော ဤ​ဝမ်းမြောက်​ဖွယ်​သတင်းတရား​တော်​ကို” သူတို့၏​အိမ်နီးချင်း​များ​အား ဝမ်းသာ​အားရ​နှင့် စိတ်​ထက်သန်​စွာ ဟောပြောနေကြ​ပြီး နိုင်ငံတော်​လက်အောက်ခံ​များ​ဖြစ်လာ​ကြ​ရန် လူတကာ​ကို ဖိတ်ခေါ်​လျက်​ရှိ၏။ (မဿဲ ၂၄:၁၄သမ္မာ) ယင်း​မျှော်လင့်ချက်​သည် သင့်အတွက် နှစ်သက်စရာ​ဖြစ်ပါ​သလော။ ဘုရားသခင့်​နိုင်ငံတော်​၏ စံနှုန်း​များနှင့်​အညီ ကြိုးစား​အသက်ရှင်​နေထိုင်​ကာ အသိပညာ​ဆည်းပူး​နေကြ​သူတို့နှင့် ပေါင်းဖော်ခြင်း​မှ ရရှိ​သည့် ကောင်းချီး​များ​ကို အသင်​ခံစား​နိုင်​ပါ​သည်။ ထို့​ထက်​ကား၊ သင်သည် “ဖြောင့်မတ်ခြင်း​တရား​တည်နေရာ” ကတိထားရာ​ကမ္ဘာသစ်​တွင် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက် အသက်ရှင်​နေထိုင်​ရသည့် မျှော်လင့်ချက် ရှိလာနိုင်​ပါ​သည်။—၂ ပေတရု ၃:၁၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အသေးစိတ်​အချက်အလက်​ကို​သိ​လို​ပါ​က၊ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ်​ရှိ “ဘုရားသခင့်​နိုင်ငံတော်​အုပ်စိုး​ပြီ” ဟူသော အခန်း ၁၀၊ စာမျက်နှာ ၉၀-၇ ကို​ရှု​ပါ။

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]

၁၉၁၄ ခုနှစ်​တွင် တိုင်းနိုင်ငံ​တို့သည်​ကမ္ဘာ​စစ်ပွဲ​တွင် ပါဝင်​လာ​ခဲ့​ကြ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

စေတနာအလျောက်​လုပ်​ဆောင်သော​ကယ်ဆယ်​ရေး​လုပ်ငန်း​သည် ခရစ်ယာန်​မေတ္တာ​၏​ထင်ရှားသော​အထောက်အထား​ဖြစ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကမ္ဘာ​တစ်ဝန်း​မှ ယေဟောဝါသက်သေ​များသည် ပညာရေး​အစီအစဉ် တစ်မျိုးတည်း​မှ အကျိုးကျေးဇူး​ရရှိ​နေကြ