ယေဟောဝါ၏ခွန်အားဖြင့် ကျွန်မတို့ အသက်ရှင်ခဲ့ကြ
ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါ၏ခွန်အားဖြင့် ကျွန်မတို့ အသက်ရှင်ခဲ့ကြ
အဲရ်ဇာဘတ် ဟာဖ်နာပြောပြသည်
ချက်ကိုစလိုဗက်ကီးယားနိုင်ငံကနေ ကျွန်မကို ထွက်သွားခိုင်းတာ တီဘောရ် ဟာဖ်နာကြားတဲ့အခါ သူက “ညီအစ်မကို ပြည်နှင်ဖို့ ကျွန်တော် ခွင့်မပြုနိုင်ဘူး။ လက်ခံမယ်ဆိုရင် ညီအစ်မကို ကျွန်တော်လက်ထပ်မယ်၊ ကျွန်တော်နဲ့ အမြဲနေရမယ်” လို့ပြောတယ်။
မမျှော်လင့်ဘဲ လက်ထပ်ခွင့်တောင်းခံရပြီး အပတ်အနည်းငယ်အကြာ ၁၉၃၈၊ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကျွန်မမိသားစုကို ဦးဆုံးသက်သေခံခဲ့တဲ့ ဒီခရစ်ယာန်ညီအစ်ကို တီဘောရ်ကို ကျွန်မလက်ထပ်လိုက်တယ်။ ဒီလိုဆုံးဖြတ်ရတာ မလွယ်ပါဘူး။ ကျွန်မအသက် ၁၈ နှစ်ပဲရှိသေးတယ်၊ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်အနေနဲ့ ကျွန်မရဲ့ငယ်ရွယ်ချိန်ကို ဘုရားသခင့်လုပ်ငန်းတော်မှာ နှစ်မြှုပ်ထားချင်တာ။ ဒါကြောင့် ကျွန်မ ငိုပြီး ဆုတောင်းခဲ့တယ်။ စိတ်ငြိမ်သွားမှပဲ တီဘောရ် လက်ထပ်ခွင့်တောင်းတာဟာ သနားကြင်နာရုံလောက်ပဲ မဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်၊ ဒါနဲ့ ကျွန်မကို မေတ္တာစစ်နဲ့ချစ်မြတ်နိုးတဲ့ ဒီညီအစ်ကိုနဲ့ အတူနေချင်စိတ် ဖြစ်ပေါ်လာမိတယ်။
ဒါပေမဲ့ ကျွန်မ ဘာဖြစ်လို့ ပြည်နှင်ဒဏ်ပေးခံရတာလဲ။ တကယ်တော့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဘာသာရေးလွတ်လပ်မှုရှိတဲ့ နိုင်ငံမှာ ကျွန်မနေတာပဲ။ ဒါကိုသိဖို့ ကျွန်မရဲ့နောက်ခံကို နည်းနည်းပြောပြဖို့ လိုမယ်ထင်တယ်။
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့အရှေ့မိုင် ၁၀၀ လောက်ဝေးတဲ့ ရှာယောဆာန်ပီတာရွာမှာ ဂရိကက်သလစ်ဘာသာဝင် မိဘတွေက ၁၉၁၉၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကျွန်မကို မွေးဖွားခဲ့တယ်။ အဖေဆိုပြီးမသိတတ်ခင်မှာပဲ အဖေဆုံးသွားတယ်။ မကြာခင်မှာ ကလေး,လေးယောက်ရှိတဲ့ မုဆိုးဖိုကို အမေလက်ထပ်လိုက်ပြီး အဲ့ဒီတုန်းက ချက်ကိုစလိုဗက်ကီးယားလို့ခေါ်တဲ့နိုင်ငံက သာယာလှပတဲ့ လူချီနရက်ဇ်မြို့ကို ကျွန်မတို့ပြောင်းသွားကြတယ်။ အဲ့ဒီတုန်းက မိထွေးပထွေးမိသားစုမှာ နေရတာ မလွယ်ဘူး။ ကလေးငါးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်မဟာ ဘက်ပဲ့သလို ခံစားရတယ်။ ဆင်းရဲတဲ့အတွက် လိုအပ်တာတွေမရှိတဲ့အပြင် မိဘမေတ္တာငတ်ပြီး ဂရုစိုက်ယုယမှုမခံခဲ့ရဘူး။
အဖြေကို တစ်ဦးတစ်ယောက် သိသလော
ကျွန်မအသက် ၁၆ နှစ်အရွယ်မှာ လေးလေးနက်နက်စဉ်းစားလာတယ်။ ပထမကမ္ဘာစစ်အကြောင်း စိတ်ဝင်စားလို့ ဖတ်ကြည့်တော့ ခရစ်ယာန်အမည်ခံ ယဉ်ကျေးတဲ့နိုင်ငံတွေအချင်းချင်း သတ်ဖြတ်ခဲ့ကြတာကို တကယ်အံ့သြမိတယ်။ ဒါ့ပြင် နေရာတကာမှာ စစ်ဝါဒကျင့်သုံးနေကြတယ်။ ချာ့ခ်ျမှာကြားရတဲ့ အိမ်နီးချင်းမေတ္တာနဲ့ တခြားစီပဲ။
ဒါနဲ့ “စစ်ထဲဝင်ပြီး အိမ်နီးချင်းတွေကို သတ်ရမလား၊ သူတို့ကိုချစ်ရမလား၊ ဘယ်ပညတ်ကို ကျွန်မတို့ ခရစ်ယာန်တွေ လိုက်လျှောက်သင့်သလဲ” လို့ ချာ့ခ်ျဓမ္မဆရာကို မေးကြည့်တယ်။ ကျွန်မရဲ့မေးခွန်းကြောင့် သူဒေါသထွက်သွားပြီး အထက်လူကြီးတွေပြောတာကို သင်ပေးတာလို့ ပြန်ဖြေတယ်။ ကယ်လ်ဗင်နစ်ဓမ္မအမှုဆောင်ဆီ၊ ပြီးတော့ ဂျူးဘာသာရေးဆရာတစ်ယောက်ဆီ သွားတော့လည်း အဲ့ဒီအတိုင်းပဲ။ ကျွန်မရဲ့ထူးဆန်းတဲ့မေးခွန်းကို သူတို့ အံ့အားသင့်တာကလွဲလို့ ဘာအဖြေမှမရခဲ့ဘူး။ နောက်ဆုံး လူသာရဲန်ဓမ္မအမှုဆောင်တစ်ယောက်ကို သွားမေးတော့ သူလည်း စိတ်အနှောင့်အယှက်ဖြစ်သွားတယ်၊ ဒါပေမဲ့ ကျွန်မ,ထွက်မသွားခင်မှာ သူက “မင်း,တကယ်သိချင်ရင် ယေဟောဝါသက်သေတွေကို သွားမေး” တဲ့။
ဒါနဲ့ သက်သေခံတွေကို ကြိုးစားရှာသေးတယ်၊ မတွေ့ခဲ့ဘူး။ ရက်အနည်းငယ်အကြာ အလုပ်ကနေ ကျွန်မအိမ်ပြန်လာတဲ့အခါ တံခါးတစ်ခြမ်းပွင့်နေတယ်။ ရုပ်ဖြောင့်တဲ့လူငယ်တစ်ယောက်က အမေ့ကို ကျမ်းစာဖတ်ပြနေတာတွေ့လိုက်ရတယ်။ ‘ယေဟောဝါသက်သေပဲဖြစ်ရမယ်!’ လို့ချက်ချင်းတွေးမိတယ်။ အဲ့ဒီလူငယ် တီဘောရ် ဟာဖ်နာကို အိမ်ထဲဝင်ထိုင်ခိုင်းပြီး ကျွန်မသိချင်တဲ့ မေးခွန်းတွေကို မေးလိုက်ရော။ သူ့ရဲ့ကိုယ်ပိုင်အမြင်နဲ့ မဖြေဘဲ ခရစ်ယာန်စစ်တွေရဲ့အမှတ်အသားရော၊ ကျွန်မတို့အသက်ရှင်နေရတဲ့ အချိန်ကာလအကြောင်းကိုပါ သမ္မာကျမ်းစာနဲ့ ရှင်းပြခဲ့တယ်။—ယောဟန် ၁၃:၃၄၊ ၃၅; ၂ တိမောသေ ၃:၁-၅။
အသက် ၁၇ နှစ်မပြည့်ခင် လအနည်းငယ်မှာပဲ ကျွန်မ နှစ်ခြင်းခံလိုက်တယ်။ ကျွန်မ ခက်ခက်ခဲခဲရှာတွေ့ခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ ဒီအမှန်တရားကို လူတိုင်းကြားဖို့လိုတယ်လို့ ခံစားမိတယ်။ ဒါနဲ့ အချိန်ပြည့် ဟောပြောတော့တယ်၊ ၁၉၃၀ ပြည့်လွန်နှစ်များနှောင်းပိုင်းက ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ အဲ့ဒီလိုလုပ်ဖို့ မလွယ်ဘူး။ ကျွန်မတို့လုပ်ငန်းကို တရားဝင်မှတ်ပုံတင်ထားပေမဲ့ ခရစ်ယာန်ဓမ္မဆရာတွေရဲ့ သွေးထိုးမှုကြောင့် အကြီးအကျယ်အတိုက်အခံတွေ့ခဲ့ရတယ်။
ညှဉ်းပန်းနှိပ်စက်မှုကို ပထမဆုံးကြုံတွေ့ရခြင်း
၁၉၃၇ ခုနှစ်နှောင်းပိုင်းမှာ တစ်နေ့ လူချီနရက်ဇ်မြို့အနီးက ရွာတစ်ရွာမှာ ခရစ်ယာန်ညီအစ်မတစ်ယောက်နဲ့ ကျွန်မ,အမှုဆောင်ထွက်နေတုန်း အဖမ်းခံရပြီး ကျွန်မတို့ကို ထောင်ချလိုက်တယ်။ အစောင့်က အကျဉ်းခန်းတံခါးကို ဆောင့်ပိတ်ရင်း “နင်တို့ ဒီထဲမှာပဲ သေကြ” တဲ့။
ညနေပိုင်းမှာ အကျဉ်းခန်းအဖော်လေးယောက် ထပ်ရောက်လာတယ်။ သူတို့ကို နှစ်သိမ့်အားပေးပြီး သက်သေခံခဲ့ကြတယ်။ သူတို့စိတ်အေးသွားတာနဲ့ ကျမ်းစာအမှန်တရားကို တစ်ညလုံး ဆွေးနွေးခဲ့ကြတယ်။
မနက်ခြောက်နာရီမှာ အစောင့်က ကျွန်မကို အကျဉ်းခန်းထဲက ခေါ်ထုတ်သွားတယ်။ ဒါနဲ့ ကျွန်မအဖော်ကို “ဘုရားသခင့်နိုင်ငံတော်မှာ ပြန်တွေ့မယ်” လို့ နှုတ်ဆက်ခဲ့တယ်။ တကယ်လို့ သူအသက်ဆက်ရှင်ရင် ဖြစ်ပျက်ခဲ့သမျှ ကျွန်မမိသားစုကို ပြောပြပေးဖို့ မှာလိုက်တယ်။ အသံတိတ်ဆုတောင်းပြီး အစောင့်နဲ့လိုက်သွားတယ်။ အကျဉ်းထောင်တံတိုင်းအတွင်းမှာရှိတဲ့ သူ့ရဲ့အခန်းကို ခေါ်သွားပြီး သူက “မိန်းကလေး၊ မင်းကို မေးစရာတွေရှိတယ်။ မနေ့ညက ဘုရားသခင်ရဲ့နာမဟာ ယေဟောဝါလို့ မင်းပြောခဲ့တယ်။ ကျမ်းစာထဲကနေ ပြနိုင်မလား” တဲ့။ ကျွန်မ အံ့ဩသွားပြီး စိတ်သက်သာရာရခဲ့တယ်! သူ့ရဲ့ကျမ်းစာအုပ်ကိုယူလာတော့ သူနဲ့ သူ့ဇနီးကို ယေဟောဝါနာမတော် ပြလိုက်တယ်။ ညက အမျိုးသမီးလေးယောက်နဲ့ ကျွန်မတို့ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး နောက်ထပ်မေးခွန်းတွေ သူမေးခဲ့တယ်။ ကျွန်မဖြေဆိုပေးတာတွေကို သူကျေနပ်သွားပြီး ကျွန်မနဲ့ ကျွန်မရဲ့အဖော်ကို မနက်စာကျွေးဖို့ သူ့ဇနီးကိုမှာလိုက်တယ်။
တစ်ရက်နှစ်ရက်ကြာတော့ ကျွန်မတို့ကို ထောင်ကလွှတ်လိုက်တယ်၊ ဒါပေမဲ့ ကျွန်မက ဟန်ဂေရီနိုင်ငံသားဖြစ်တဲ့အတွက် ချက်ကိုစလိုဗက်ကီးယားနိုင်ငံကနေ ထွက်သွားရမယ်လို့ တရားသူကြီးက စီရင်ချက်ချလိုက်တယ်။ အဲ့ဒီနောက်ပိုင်းမှာ တီဘောရ် ဟာဖ်နာက ကျွန်မကို လက်ထပ်ခွင့်တောင်းတာ။ ဒါနဲ့ ကျွန်မတို့လက်ထပ်လိုက်တယ်၊ သူ့မိဘအိမ်မှာ ကျွန်မလိုက်နေခဲ့တယ်။
ညှဉ်းပန်းနှိပ်စက်မှု ပြင်းထန်လာ
တီဘောရ်က အဖွဲ့အစည်းလုပ်ငန်းကို လုပ်ဆောင်ရင်း ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်မတို့ဇနီးမောင်နှံ ဆက်ပါဝင်ခဲ့ကြတယ်။ ဟန်ဂေရီစစ်သားတွေ ကျွန်မတို့ရဲ့မြို့ကို ချီတက်မလာခင် ရက်အနည်းငယ်အလို ၁၉၃၈၊ နိုဝင်ဘာလမှာ သားလေး တီဘောရ်အငယ် မွေးတယ်။ ဥရောပမှာ ဒုတိယကမ္ဘာစစ် ဖြစ်တော့မယ်။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံရဲ့ ဒေသအတော်များများကို ဟန်ဂေရီက သိမ်းပိုက်လိုက်ပြီးတဲ့နောက်၊ အဲ့ဒီနယ်မြေတွေမှာ နေထိုင်ကြတဲ့ ယေဟောဝါသက်သေတွေကို တဖြည်းဖြည်း နှိပ်စက်ပါလေရော။
၁၉၄၂၊ အောက်တိုဘာ ၁၀ ရက်နေ့မှာ ညီအစ်ကိုအချို့နဲ့ တီဘောရ် တွေ့ဆုံဖို့ ဒေဘ်ရတ်ဆင်န်မြို့ကို ထွက်သွားတယ်။ ဒါပေမဲ့ အဲ့ဒီအခေါက်မှာ သူပြန်မလာဘူး။ အဖြစ်အပျက်ကို နောက်မှ ပြောပြတယ်။ ညီအစ်ကိုတွေကိုမတွေ့ဘဲ ချိန်းထားတဲ့တံတားပေါ်မှာ အလုပ်သမားဝတ်စုံနဲ့ ရဲအချို့ရှိနေကြတယ်။ နောက်ဆုံးမှရောက်လာတဲ့ ကျွန်မခင်ပွန်းနဲ့ ပဲလ် နာခ်ျပဲလ်ကို သူတို့စောင့်နေကြတာ။ သူတို့ကို ရဲစခန်းခေါ်သွားပြီး သတိလစ်သွားတဲ့အထိ လက်ကိုင်တုတ်နဲ့ ခြေဖဝါးကိုရိုက်တော့တာပဲ။
နောက်တော့ သူတို့ကို ဖိနပ်ပြန်စီးခိုင်းပြီး မတ်တတ်ရပ် ခိုင်းတယ်။ ခြေထောက်တွေ အရမ်းနာနေပေမဲ့ ဘူတာရုံကို လမ်းလျှောက်သွားခိုင်းတယ်။ ရဲတွေခေါ်လာတဲ့ နောက်လူတစ်ယောက်ဆိုရင် မမြင်နိုင်လောက်အောင် ခေါင်းကို ပတ်တီးစီးထားတယ်။ အဲ့ဒီလူက ညီအစ်ကိုတွေနဲ့တွေ့ဖို့လာတဲ့ ညီအစ်ကိုအန်ဒရပ်စ် ပီလင်ခ်ပဲ။ ကျွန်မရဲ့ခင်ပွန်းကို ဘူဒါပက်စ်မြို့အနီး အာလာခ်ျရွာက အကျဉ်းထောင်ကို ရထားနဲ့ခေါ်သွားတယ်။ ရိုက်ထားတဲ့ တီဘောရ်ရဲ့ခြေထောက်တွေကို တွေ့သွားတဲ့ အစောင့်တစ်ယောက်က ခနဲ့တဲ့တဲ့နဲ့ “တချို့လူတွေ တော်တော်ရက်စက်တယ်နော်။ မပူနဲ့၊ ငါတို့ကုပေးမယ်” လို့ပြောတယ်။ နောက်အစောင့်နှစ်ယောက်က တီဘောရ်ရဲ့ခြေထောက်ကို သွေးထွက်တဲ့အထိ ရိုက်ပါလေရော။ မိနစ်အနည်းငယ်မှာ သူ သတိလစ်သွားတယ်။
နောက်တစ်လမှာ တီဘောရ်နဲ့ ညီအစ်ကို၊ ညီအစ်မ ၆၀ ကျော် ရုံးတင်စစ်ဆေးခံခဲ့ရတယ်။ ညီအစ်ကိုအန်ဒရပ်စ် ဘာတာ၊ ဒဲနက်ရှ် ဖာလူဗီဂီနဲ့ ယာနို့ရှ် ကောန်ရာဒ်တို့ကို ကြိုးပေးသတ်လိုက်ကြတယ်။ ညီအစ်ကိုအန်ဒရပ်စ် ပီလင်ခ်က တစ်သက်တစ်ကျွန်းကျပြီး ကျွန်မခင်ပွန်းကျတော့ ထောင်ဒဏ် ၁၂ နှစ်ချခံရတယ်။ သူတို့ရဲ့ပြစ်မှုကကော။ နိုင်ငံတော်ကိုသစ္စာဖောက်မှု၊ စစ်မှုမထမ်းမှု၊ သူလျှိုမှု၊ သန့်ရှင်းတဲ့ချာ့ခ်ျကို ပုတ်ခတ်ပြောဆိုမှုတို့နဲ့ တရားလိုရှေ့နေက စွဲချက်တင်ခဲ့တယ်။ နောက်ပိုင်းမှာ သေဒဏ်အစား တစ်သက်တစ်ကျွန်းစီရင်ချက်ဆိုပြီး ပြောင်းလိုက်တယ်။
ခင်ပွန်းနောက် ကျွန်မလိုက်သွားခြင်း
ဒေဘ်ရတ်ဆင်န်မြို့မှာ စည်းဝေးဖို့ တီဘောရ်ထွက်သွားပြီး နှစ်ရက်မှာ မနက်ခြောက်နာရီမထိုးခင် ကျွန်မ အိပ်ရာထ၊ မီးပူတိုက်နေတုန်း ရုတ်တရက် ခပ်ကြမ်းကြမ်းတံခါးခေါက်သံကြားတော့ ‘သူတို့ ရောက်လာပြီ’ လို့ထင်မိတယ်။ ရဲသားခြောက်ယောက် အိမ်ထဲဝင်လာပြီး ရှာဖွေခွင့်အမိန့်ရထားတယ်လို့ပြောတယ်။ အိမ်ထဲကလူအားလုံးကို ဖမ်းပြီး ရဲစခန်းခေါ်သွားတယ်၊ အဲ့ဒီထဲမှာ ကျွန်မတို့ရဲ့ သုံးနှစ်သားလေးလည်းပါတယ်။ အဲ့ဒီနေ့မှာပဲ ကျွန်မတို့ကို ဟန်ဂေရီနိုင်ငံ၊ ပဲတာဗဲရှာရာထောင်ကို ပို့လိုက်တယ်။
အဲ့ဒီကိုလည်းရောက်ရော ကျွန်မ အဖျားကြီးလို့ တခြားအကျဉ်းသားတွေနဲ့ ကျွန်မကို ခွဲထားတယ်။ ကျွန်မ နေကောင်းလာတဲ့အခါ စစ်သားနှစ်ယောက် အခန်းထဲဝင်လာပြီး ကျွန်မနဲ့ပတ်သက်လို့ ရန်ဖြစ်ကြပါလေရော။ တစ်ယောက်က “သူ့ကို ပစ်သတ်လိုက်ရမယ်! ငါပစ်သတ်မယ်!” တဲ့။ ဒါပေမဲ့ နောက်တစ်ယောက်က မပစ်သတ်ခင် ကျွန်မရဲ့ကျန်းမာရေးအခြေအနေကို စစ်ဆေးချင်တယ်တဲ့။ အသက်ဆက်ရှင်ခွင့်ပြုပါလို့ ကျွန်မအသနားခံခဲ့တယ်။ နောက်ဆုံး သူတို့ထွက်သွားကြတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လိုက်တာ။
အဲ့ဒီအစောင့်တွေရဲ့ စစ်ဆေးမေးမြန်းပုံက ထူးခြားတယ်။ ကျွန်မကို ကြမ်းပြင်ပေါ် လှဲခိုင်းပြီး ပါးစပ်ထဲ ခြေစွပ်တွေထိုးထည့်၊ ကျွန်မရဲ့လက်တွေ၊ ခြေတွေကို ကြိုးနဲ့တုတ်ပြီး သွေးမထွက်မချင်း ကျာပွတ်နဲ့ရိုက်တော့တာပဲ။ စစ်သားတစ်ယောက်က မောလာပြီလို့ပြောတော့မှပဲ ဆက်မရိုက်ဘဲရပ်လိုက်တာ။ ကျွန်မခင်ပွန်းအဖမ်းခံရတဲ့နေ့က ဘယ်သူနဲ့သွားတွေ့တာလဲလို့ ကျွန်မကိုမေးတယ်။ ကျွန်မ,မပြောလို့ သုံးရက်ဆက်တိုက် အရိုက်ခံရတယ်။ လေးရက်မြောက်နေ့မှာ ကျွန်မသားလေးကို အမေ့ဆီ ပို့ပေးခွင့်ရခဲ့တယ်။ ချမ်းစိမ့်နေတဲ့ရာသီဥတုမှာ ဒဏ်ရာရထားတဲ့ကျောကုန်းပေါ် ကလေးကိုပိုးပြီး ဘူတာရုံကို ရှစ်မိုင်လောက် လမ်းလျှောက်သွားခဲ့ရတယ်။ အဲ့ဒီကနေ ရထားနဲ့ အိမ်ကိုဆက်သွားရတယ်၊ ဒါပေမဲ့ အဲ့ဒီနေ့မှာပဲ စစ်စခန်းကို ပြန်ရောက်ရမှာ။
ဘူဒါပက်စ်မြို့ အကျဉ်းထောင်မှာ ခြောက်နှစ် အကျဉ်းချခံခဲ့ရတယ်။ အဲ့ဒီကိုကျွန်မရောက်သွားတဲ့အခါ အဲ့ဒီထောင်မှာ တီဘောရ် ရှိတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မတို့နှစ်ယောက် သံစည်းရိုးကြားထဲကနေ မိနစ်အနည်းငယ်ပဲ စကားပြောခွင့်ရခဲ့ပေမဲ့ ပျော်လိုက်တာ! ကျွန်မတို့နှစ်ယောက်စလုံး ယေဟောဝါရဲ့မေတ္တာခံစားရမှန်းသိကြပြီး တစ်ခဏလေးပဲ စကားပြောလိုက်ရလို့ ခွန်အားရခဲ့ကြတယ်။ နောက်တစ်ခေါက် ပြန်မတွေ့ခင် ကျွန်မတို့နှစ်ယောက်စလုံး ကြမ်းတမ်းရက်စက်တဲ့ စမ်းသပ်မှုတွေ ခံခဲ့ကြရပြီး အကြိမ်ကြိမ် သေဖို့ပဲ၊ သီသီကလေးလွတ်ခဲ့ကြတာ။
အကျဉ်းထောင်တစ်ခုမှ တစ်ခုသို့
ကျွန်မတို့ညီအစ်မ ၈၀ လောက်ကို တစ်ခန်းထဲမှာ ပြွတ်သိပ်ထည့်ထားတာ။ ကျွန်မတို့အားလုံးကလည်း ဝိညာဉ်အစာ ငတ်နေကြတာ၊ ဒါပေမဲ့ ထောင်ထဲကို ဝိညာဉ်အစာ ရောက်လာနိုင်မယ့်ပုံ မပေါ်ဘူး။ ဒါနဲ့ အကျဉ်းထောင်ထဲကနေပဲ ဝိညာဉ်အစာတစ်မျိုးမျိုးရနိုင်မလားလို့ စဉ်းစားမိကြတယ်။ ကျွန်မတို့ ဘာလုပ်ခဲ့ကြတယ်ဆိုတာကို ပြောပြပါရစေ။ အကျဉ်းထောင်စာရေးတွေရဲ့ ခြေစွပ်တွေကို ဖာထေးပေးဖို့ ကျွန်မ စေတနာ့ဝန်ထမ်းခဲ့တယ်။ နောက်ပြီး ပြန်ပို့တဲ့အခါ ခြေစွပ်တစ်ခုထဲမှာ အကျဉ်းထောင်စာကြည့်တိုက်က ကျမ်းစာအုပ်ရဲ့စာရင်းနံပါတ်ကို ရေးထည့်ပေးဖို့ တောင်းခံလိုက်တယ်။ ကျွန်မတို့ကို သံသယမဝင်အောင် နောက်ထပ်စာအုပ်နှစ်အုပ်ရဲ့ နာမည်ကိုပါ ပေါင်းရေးပေးလိုက်တယ်။
နောက်နေ့မှာ အကျဉ်းထောင်စာရေးတွေဆီက ခြေစွပ်တစ်ပုံ ပြန်ရောက်လာတယ်။ ခြေစွပ်တစ်ခုထဲမှာ အဖြေရတယ်။ ဒါနဲ့ အစောင့်တစ်ယောက်ကို အဲ့ဒီစာရင်းနံပါတ်တွေပြပြီး စာအုပ်တွေ ယူခိုင်းလိုက်တယ်။ သမ္မာကျမ်းစာအပါအဝင် တခြားစာအုပ်တွေကို ကျွန်မတို့ရတဲ့အခါ ဝမ်းသာလိုက်ကြတာ! ကျန်တဲ့စာအုပ်တွေကို အပတ်တိုင်း လဲဖတ်ခဲ့ပေမဲ့ ကျမ်းစာကိုတော့ ပြန်မပို့ဘူး။ အစောင့်က ကျမ်းစာကို တောင်းတဲ့အခါ ကျွန်မတို့က “အဲ့ဒီစာအုပ်က အရမ်းထူတယ်၊ လူတိုင်းကလည်း ဖတ်ချင်ကြတယ်” လို့ဖြေခဲ့လို့ ကျွန်မတို့ ကျမ်းစာဖတ်နိုင်ခဲ့ကြတယ်။
တစ်နေ့ကျတော့ အကျဉ်းထောင်အရာရှိတစ်ယောက်က ကျွန်မကို သူ့ရုံးခန်းထဲ ခေါ်လိုက်တယ်။ သူ့ရဲ့ယဉ်ကျေးပုံက ထူးခြားနေတယ်။
သူက “မစ္စက်ဟာဖ်နာ၊ ခင်ဗျားအတွက် သတင်းကောင်းပဲ။ ခင်ဗျားအိမ်ပြန်နိုင်ပြီ။ မနက်ဖြန် ပြန်ချင်ရင် ပြန်နိုင်တယ်။ ရထားသာရှိရင် ဒီနေ့တောင် ပြန်နိုင်တယ်” တဲ့။
“သိပ်ကောင်းတာပေါ့” လို့ ကျွန်မ ပြန်ဖြေမိတယ်။
သူက “ဟုတ်တာပေါ့။ ခင်ဗျားမှာ ကလေးရှိတယ်ဆိုတော့ ကလေးကို ပြုစုစောင့်ရှောက်ချင်မှာပဲ။ ဒီစာမှာ လက်မှတ်ကလေး ထိုးလိုက်ပါ” တဲ့။
ကျွန်မက “ဒါဘာစာလဲ” လို့မေးလိုက်တယ်။
“စိတ်မပူပါနဲ့။ လက်မှတ်ပဲ ထိုးလိုက်ပါ၊ ပြီးရင် အိမ်ပြန်နိုင်ပြီ” လို့ သူဇွတ်အတင်းပြောတယ်။ “အိမ်ပြန်ရောက်တာနဲ့ ခင်ဗျားလုပ်ချင်တာ လုပ်နိုင်ပြီ။ ဒါပေမဲ့ ခင်ဗျားဟာ ယေဟောဝါသက်သေတစ်ယောက်အဖြစ်ကနေ ရပ်စဲလိုက်ပြီလို့ လက်မှတ်ထိုးရမယ်” တဲ့။
ကျွန်မ နောက်ကို ချက်ချင်းဆုတ်လိုက်ပြီး အခိုင်အမာပဲငြင်းပယ်လိုက်တယ်။
“အဲ့ဒီလိုဆိုရင် ခင်ဗျား ဒီမှာပဲ သေရမယ်!” လို့ဒေါသတကြီးနဲ့ အော်ပြောပြီး ကျွန်မကို ထွက်သွားခိုင်းတယ်။
၁၉၄၃၊ မေလမှာ ကျွန်မကို ဘူဒါပက်စ်မြို့က တခြားအကျဉ်းထောင်တစ်ခုကို ပို့လိုက်တယ်၊ အဲ့ဒီနောက် မဲရီအာနော့စ်တရာ ရွာမှာ ခရစ်ယာန်သီလရှင် အပါး ၇၀ နဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ကျွန်မတို့ နေခဲ့ကြရတယ်။ ကျွန်မတို့ ဆာလောင်နေကြပြီး အခက်အခဲတွေ ရင်ဆိုင်နေကြရပေမဲ့ သူတို့ကို ကျွန်မတို့ရဲ့မျှော်လင့်ချက်အကြောင်း စိတ်အားထက်သန်စွာ ပြောပြခဲ့ကြတယ်။ ခရစ်ယာန်သီလရှင်တစ်ပါးက ကျွန်မတို့ရဲ့သတင်းတရားကို တကယ်စိတ်ဝင်စားပြီး “သိပ်ကောင်းတဲ့သွန်သင်ချက်တွေပဲ။ တစ်ခါမှ မကြားဖူးဘူး။ ကျေးဇူးပြုပြီး ထပ်ပြောပြပါဦး” တဲ့။ ကမ္ဘာသစ်နဲ့ အဲ့ဒီမှာရရှိမယ့် ပျော်ရွှင်စရာအသက်တာအကြောင်း သူ့ကို ပြောပြတယ်။ ကျွန်မတို့ စကားပြောနေတုန်း မားသားကြီး ရောက်လာတယ်။ စိတ်ဝင်တစားနားထောင်နေတဲ့ ခရစ်ယာန်သီလရှင်ကို ချက်ချင်းခေါ်ထုတ်သွားပြီး သူ့ရဲ့အဝတ်တွေချွတ်၊ ကျာပွတ်နဲ့ မညှာမတာရိုက်ပါလေရော။ သူ့ကို နောက်တစ်ခေါက် ပြန်တွေ့တဲ့အခါ သူက “ကျွန်မကို ဒီနေရာကနေ ကယ်ထုတ်ပေးဖို့ ယေဟောဝါဆီ ကျေးဇူးပြု၍ ဆုတောင်းပေးကြပါ။ ရှင်တို့လို ဖြစ်ချင်တယ်” လို့ပြောတယ်။
ကျွန်မတို့ရောက်သွားတဲ့ နောက်တစ်နေရာက ဘူဒါပက်စ်မြို့အနောက်ဘက်မိုင် ၅၀ လောက်ဝေးတဲ့ ဒန်းညုမြစ်ပေါ်က ကိုမာရိုမ်မြို့ အကျဉ်းထောင်ဟောင်းဖြစ်တယ်။ အဲ့ဒီမှာ အခြေအနေအတော်ဆိုးတယ်။ တခြားညီအစ်မတွေလိုပဲ ကျွန်မလည်း ငန်းဖျားရောဂါရပြီး သွေးတွေအန်တယ်၊ တဖြည်းဖြည်းနဲ့ အားနည်းလာတယ်။ ဆေးလည်းမရှိဘူး၊ ကျွန်မသေရတော့မယ်လို့ ထင်မိတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ရုံးအလုပ်,လုပ်နိုင်မယ့်သူကို အရာရှိတွေက လိုက်ရှာနေကြတာနဲ့ ညီအစ်မတွေက ကျွန်မ ရုံးအလုပ်,လုပ်တတ်တယ်လို့ပြောလိုက်တော့ ကျွန်မကို သူတို့ဆေးတိုက်တယ်၊ ဒါနဲ့ တဖြည်းဖြည်း ထူထူထောင်ထောင်ပြန်ဖြစ်လာရော။
ကျွန်မမိသားစုနှင့် ပြန်လည်ပေါင်းစည်းခဲ့ရ
ဆိုဗီယက်စစ်တပ်က အရှေ့ဘက်ကနေ ချီတက်လာတဲ့အခါ ကျွန်မတို့ကို အနောက်ဘက် ရွှေ့လိုက်ကြတယ်။ ကျွန်မတို့ခံခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုအားလုံးကို ပြောပြရရင် ဆုံးတော့မှာမဟုတ်ဘူး။ သေမလို ခဏခဏဖြစ်ခဲ့ရပေမဲ့ ယေဟောဝါရဲ့ကာကွယ်ပေးမှုကြောင့် ကျွန်မဆက်အသက်ရှင်နေတယ်။ စစ်ပြီးသွားတဲ့အချိန်မှာ ပရားဂ်မြို့ကနေ မိုင် ၅၀ လောက်ဝေးတဲ့ ချက်ခ်နိုင်ငံ၊ တာဘော့မြို့ကို ကျွန်မတို့ ရောက်နေကြတယ်။ ကျွန်မယောင်းမ မာဂ်ဒါလေနာနဲ့အတူ ၁၉၄၅၊ မေ ၃၀ ရက်နေ့မှာ လူချီနရက်ဇ်မြို့ အိမ်ကို ပြန်မရောက်ခင် လမ်းမှာ သုံးပတ်ကြာခဲ့တယ်။
ခြံဝင်းထဲမှာရှိတဲ့ ကျွန်မယောက္ခမနဲ့ သားလေးကို အဝေးကြီးကနေ ကျွန်မမြင်နေရတယ်။ မျက်ရည်တွေကျလာပြီး “တီဘက်ခ်!” လို့အော်ခေါ်လိုက်တော့ သားလေးက ကျွန်မပေါ် ပြေးတက်ပြီး “ပြန်မသွားတော့နဲ့နော်အမေ” လို့ပြောလိုက်တဲ့ စကားဟာ ကျွန်မအတွက် သားလေးရဲ့ပထမဦးဆုံး စကားတွေပဲ၊ အဲ့ဒါကို ကျွန်မ ဘယ်တော့မှမေ့မှာမဟုတ်ဘူး။
ကျွန်မခင်ပွန်း တီဘောရ်ကိုလည်း ယေဟောဝါ ကရုဏာပြခဲ့တယ်။ ဘူဒါပက်စ်မြို့ အကျဉ်းထောင်ကနေ သူ့ကို တခြားညီအစ်ကို ၁၆၀ နဲ့အတူ ဘော့ရ်မြို့ အလုပ်ကြမ်းစခန်းကို ပို့လိုက်ကြတယ်။ သူတို့လည်း ခဏခဏ သေလုနီးပါးဖြစ်ခဲ့ရတယ်၊ ဒါပေမဲ့ သူတို့အုပ်စုလိုက် အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်။ ကျွန်မပြန်မလာခင် တစ်လအလို ၁၉၄၅၊ ဧပြီ ၈ ရက်နေ့မှာ တီဘောရ် အိမ်ပြန်ရောက်နေတယ်။
စစ်ပြီးသွားတဲ့နောက် ယေဟောဝါရဲ့ခွန်အားလိုအပ်နေတုန်းပဲ၊ ချက်ကိုစလိုဗက်ကီးယားကို ကွန်မြူနစ်အစိုးရအုပ်ချုပ်တဲ့ အနှစ် ၄၀ အတွင်း စမ်းသပ်မှုအမျိုးမျိုးခံခဲ့ရသေးတယ်။ တီဘောရ်က နောက်တစ်ခါ အတော်ကြာကြာ ထောင်ချခံရတဲ့အတွက် သားလေးကို ကျွန်မပဲ ပြုစုစောင့်ရှောက်ခဲ့ရတာ။ ထောင်ကနေ တီဘောရ် အိမ်ပြန်ရောက်လာပြီးနောက် နယ်လှည့်ကြီးကြပ်မှူးလုပ်ခဲ့ရတယ်။ ကွန်မြူနစ်အုပ်ချုပ်ရေးအနှစ် ၄၀ အတွင်းမှာ ကျွန်မတို့ရဲ့ယုံကြည်ခြင်းကို အခွင့်အရေးရရင်ရသလို ပြောပြခဲ့ကြတယ်။ လူအတော်များများကို အမှန်တရားသိအောင် ကျွန်မတို့ကူညီပေးနိုင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်မတို့ရဲ့ဝိညာဉ်ရေး သားသမီးတွေ ဖြစ်လာကြတာပေါ့။
၁၉၈၉ ခုနှစ်မှာ ဘာသာရေးလွတ်လပ်ခွင့်ရရှိကြတဲ့အခါ ကျွန်မတို့ပျော်လိုက်ကြတာ! နောက်တစ်နှစ်မှာ ကျွန်မတို့နိုင်ငံမှာ ပထမဆုံးကျင်းပတဲ့စည်းဝေးကြီးကို တက်ရောက်ခဲ့ကြတယ်၊ ဒီလိုမကျင်းပတာ အတော်ကြာပြီလေ။ ဆယ်စုနှစ်ချီ သမာဓိစောင့်ထိန်းခဲ့ကြတဲ့ ကျွန်မတို့ရဲ့ညီအစ်ကို၊ ညီအစ်မထောင်ချီကို တွေ့မြင်လိုက်ရတဲ့အခါ သူတို့အားလုံးအတွက်လည်း ယေဟောဝါဟာ အင်အားကြီးမားတဲ့ ခွန်အားပေးရှင်ဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရတယ်။
ကျွန်မချစ်ရတဲ့ခင်ပွန်း တီဘောရ်ဟာ ၁၉၉၃၊ အောက်တိုဘာ ၁၄ ရက်နေ့မှာ ဘုရားသခင်အပေါ် သစ္စာရှိရှိ ကွယ်လွန်သွားရှာတယ်၊ အခု ကျွန်မက စလိုဗေးကီးယား၊ ဇီလီနာမြို့မှာ သားနဲ့အတူနေတယ်။ ကာယခွန်အား နည်းနေပေမဲ့ ယေဟောဝါရဲ့တန်ခိုးတော်ကြောင့် ဝိညာဉ်ရေးမှာ သန်မာနေဆဲပါ။ ဒီစနစ်ဟောင်းမှာ ကိုယ်တော်ပေးတဲ့ ခွန်အားကြောင့် ဘယ်စမ်းသပ်မှုကိုမဆို ကျွန်မခံနိုင်မှာ သေချာတယ်။ ဒါ့ပြင် ယေဟောဝါရဲ့မခံစားထိုက်တဲ့ကရုဏာနဲ့ ထာဝစဉ်အသက်ရှင်နိုင်မယ့်အချိန်ကို ကျွန်မ စောင့်မျှော်နေပါတယ်။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကျွန်မထားရစ်ခဲ့ရသည့် သားလေးတီဘောရ်အငယ် (အသက် ၄ နှစ်)
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဘော့ရ်မြို့တွင် တခြားညီအစ်ကိုများနှင့်အတူ တီဘောရ်အကြီး
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
၁၉၄၇ ခုနှစ်၊ ဘာနိုမြို့တွင် တီဘောရ်၊ ယောင်းမ မာဂ်ဒါလေနာတို့နှင့်အတူ ကျွန်မ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ခဏခဏသေမလိုဖြစ်ခဲ့ရပေမဲ့ ယေဟောဝါရဲ့ကာကွယ်ပေးမှုကြောင့် ကျွန်မဆက်အသက်ရှင်နေတယ်