အုပ်ချုပ်မှုကောင်း ရှာပုံတော်
အုပ်ချုပ်မှုကောင်း ရှာပုံတော်
“ကမ္ဘာလောက၏ အပြန်အလှန်အမှီသဟဲပြုမှု ကြီးထွားလာခြင်းသည် တိုင်းနိုင်ငံများ မိမိတို့ဘာသာ ဖြေရှင်း၍မရနိုင်တော့သော ကမ္ဘာချီပြဿနာ တသီတတန်းကြီးကို ပေါ်ပေါက်လာစေပြီ။ ကမ္ဘာချီပူးပေါင်းဆောင်ရွက်မှုအားဖြင့်သာ လူသားတို့ရင်ဆိုင်နေကြရသော များသည်ထက်များလာနေသည့် အန္တရာယ်များနှင့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။”—ဂူလမ် အူမာ၊ ပါကစ္စတန်လူမျိုး နိုင်ငံရေးစိစစ်သူ။
မျက်မှောက်လောကတွင် ဆန့်ကျင်မှု များစွာရှိ၏။ ပစ္စည်းဥစ္စာပေါများကြွယ်ဝမှုကြားတွင် ခြစ်ခြစ်ခြုတ်ခြုတ် အသက်ဆက်ရှင်နေရသူ အမြောက်အမြားရှိ၏။ ဤအီလက်ထရွန်နစ်မျိုးဆက်သည် ယနေ့အထိ ပညာအတတ်ဆုံး၊ အသိပညာအကြွယ်ဆုံးဖြစ်ပေလိမ့်မည်၊ သို့တိုင် အလုပ်မြဲဖို့ အခက်တွေ့နေကြသူ များသည်ထက်များလာနေပေပြီ။ ယခင်ကထက် လွတ်လပ်မှု ပိုရှိလာဟန်တူသော်လည်း သန်းပေါင်းများစွာတို့မှာ ကြောက်ရွံ့မှု၊ မလုံခြုံမှုနှင့် မသေချာမရေရာမှုတို့ကြား နေထိုင်ကြရ၏။ စွဲမက်စရာ အခွင့်အရေးကောင်းများ ဝန်းရံနေလျက်ပင် အလွှာအသီးသီးရှိ အကျင့်ပျက်ပြားမှုနှင့် မတရားမှုတို့က လူများစွာတို့ကို မျှော်လင့်ချက်မဲ့သည့်ဘဝ ရောက်စေသည်။
လူတို့ရင်ဆိုင်နေကြရသော ပြဿနာအတိုင်းအတာသည် အလွန်ကြီးမားကျယ်ပြန့်သဖြင့် မည်သည့်နိုင်ငံတစ်ခုခုကမျှ သို့မဟုတ် နိုင်ငံများပူးပေါင်း၍ပင် ဖြေရှင်းပေးနိုင်မည်မဟုတ်။ သို့ဖြစ်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အမှန်တကယ်ရှိလာစေရန် တိုင်းနိုင်ငံအားလုံးသည် တစ်ခုတည်းသောအုပ်ချုပ်မှုအောက် စည်းလုံးနေကြရမည်ဟု အကဲခတ်လေ့လာသူများစွာက ကောက်ချက်ချခဲ့ကြသည်။ ဥပမာ၊ အဲလ်ဘတ် အိုင်းစတိုင်းသည် ထိုသို့သောအယူအဆကို ကြာမြင့်စွာကတည်းက ထောက်ခံပြောဆိုခဲ့၏။ ၁၉၄၆ ခုနှစ်က သူ ဤသို့အခိုင်အမာပြောဆိုခဲ့၏– “ကမ္ဘာ့လူအများစုသည် ငြိမ်းချမ်းလုံခြုံစွာ နေထိုင်လိုကြမည်ဟု ကျွန်တော် အခိုင်အမာယုံကြည်သည်။ . . . ငြိမ်းချမ်းလိုသည့် လူ့ဆန္ဒကို ကမ္ဘာ့အစိုးရတစ်ခုက ဖန်တီးပေးမှသာလျှင် ပြည့်ဝစေနိုင်မည်ဖြစ်သည်။”
အနှစ်ငါးဆယ်ကြာပြီဖြစ်သော်လည်း အရေးတကြီးလိုအပ်သည့် ဤငြိမ်းချမ်းရေးကို မရကြသေးချေ။ ၂၁ ရာစု၏ အခက်အခဲများကို စာရင်းပြုစုလျက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ လ မော်န်ဒ်သတင်းစာတွင် ဤသို့ရှင်းလင်းဖော်ပြထားသည်– “ကမ္ဘာ့နေရာအသီးသီးတွင် လူမျိုးစုသိမ်းရုံးသတ်ဖြတ်မှုများကို ချက်ချင်း ကြားဝင်ဆောင်ရွက်ပေးနိုင်စွမ်းရှိသည့် နိုင်ငံတကာအစိုးရတစ်ခုအတွက် တရားစီရင်မှုဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ အခြေခံဥပဒေဆိုင်ရာ အုတ်မြစ်များကို မဖြစ်မနေ ဖွဲ့စည်းတည်ဆောက်ပေးဖို့လိုပေသည်။ ယခုမှစ၍ ကမ္ဘာမြေကြီးသည် နိုင်ငံတစ်နိုင်ငံတည်းဖြစ်သည်ဟူသော အယူအဆကို လက်ခံဖို့လိုအပ်သည်။” ငြိမ်းချမ်းသောအနာဂတ် လူသားတို့ရရှိရေးကို သေချာစေရန် ယင်းကို ဆောင်ကြဉ်းပေးနိုင်သည့် ဩဇာစွမ်းပကား မည်သူ့တွင်၊ မည်သည့်အဖွဲ့တွင်ရှိသနည်း။
ယူအဲန် ဖြေရှင်းပေးနိုင်မည်လော
လူများစွာတို့သည် ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ ယူအဲန်ကို မျှော်ကိုးကြသည်။ ယူအဲန်သည် ကမ္ဘာလောကကို စစ်မှန်သောငြိမ်းချမ်းရေးနှင့် လုံခြုံမှုပေးနိုင်သည့် အစိုးရတစ်ခုဖြစ်ပါသလော။ စိတ်လှုပ်ရှားစရာကောင်းပြီး တကယ်ဖြစ်မည့်ပုံပေါက်နေသော နိုင်ငံရေး အာဝဇ္ဇန်းများက ဒုနှင့်ဒေးပင်။ ဥပမာ၊ ၂၀၀၀ ပြည့်နှစ်၏ “ထောင်စုနှစ် ကြေညာချက်” တွင် ယူအဲန် အထွေထွေညီလာခံက ဤလေးနက်သောဆုံးဖြတ်ချက်ကို ချမှတ်ခဲ့လေသည်– “လွန်ခဲ့သောဆယ်စုနှစ်က စစ်ဘေးကြောင့် လူ ၅ သန်းကျော် အသက်သေဆုံးခဲ့သဖြင့် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံများအကြားတွင်ဖြစ်စေ ကျွန်ုပ်တို့၏ပြည်သူများ စစ်ဘေးမှ လွတ်မြောက်ရန် အစွမ်းကုန်ကြိုးစားသွားကြပါမည်။” ထိုကဲ့သို့သော ကြွေးကြော်ချက်များကြောင့် နိုင်ငံအတော်များများက ယူအဲန်ကို ချီးမွမ်းထောမနာပြုကာ အထင်ကြီးလာကြသည့်အပြင် ၂၀၀၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ချီးမြှင့်လိုက်ကြလေသည်။ ယူအဲန်ကို ဤသို့ဂုဏ်ပြုလျက် နော်ဝေးနိုဘဲလ်ကော်မတီက “ကမ္ဘာချီငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် တစ်ခုတည်းသော ဖျန်ဖြေစေ့စပ်ရေးလမ်းကြောင်းမှာ ယူအဲန်သာဖြစ်ပေသည်” ဟုဆို၏။
ဤသို့ချီးမြှင့်ခဲ့ကြသော်လည်း ၁၉၄၅ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော ယူအဲန်အဖွဲ့အစည်းသည် စစ်မှန်၍ တည်မြဲသော ကမ္ဘာချီငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်သည့် အုပ်ချုပ်မှုတစ်ခုဖြစ်ကြောင်း သက်သေထူခဲ့ပြီလော။ သက်သေမထူခဲ့ပေ၊ ၎င်းအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်ကျိုးငဲ့ကွက်ခြင်းနှင့် အမျိုးသားရေးရည်မှန်းချက်များကြောင့် ၎င်း၏ကြိုးပမ်းဆောင်ရွက်မှုများစွာမှာ အချည်းနှီးဖြစ်ခဲ့ရသည်။ သတင်းစာအယ်ဒီတာတစ်ဦး၏ စကားများအရ ယူအဲန်သည် “တစ်ကမ္ဘာလုံး၏ ထင်မြင်ယူဆချက်ကို ညွှန်ပြသည့်လက္ခဏာတစ်ခုမျှ” ဖြစ်ကြောင်း၊ “၎င်း၏အစီအစဉ်သည် နှစ်ချီအငြင်းပွားခဲ့ကြသည့် ပြဿနာများနှင့်သာ ပြည့်နှက်နေကာ ယင်းတို့ကို ဖြေရှင်း၍မရ၊ ဖြေရှင်းနိုင်လျှင်ပင် တိုးတက်မှု အနည်းငယ်မျှသာရှိ” ကြောင်း လူထု၏ရင်ဝယ်စွဲမှတ်နေသည်။ ထို့ကြောင့် မေးမြန်းစရာမှာ ကမ္ဘာ့တိုင်းနိုင်ငံများသည် တစ်ချိန်ချိန်တွင် အမှန်တကယ်ပင် စည်းလုံးလာပါမည်လော။
ယင်းသို့သောစည်းလုံးမှုသည် မကြာမီ အကောင်အထည်ပေါ်လာတော့မည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။ ယင်းက မည်သို့ဖြစ်ပျက်လာမည်နည်း။ မည်သည့်အစိုးရက ဆောင်ကြဉ်းပေးမည်နည်း။ အဖြေများအတွက် ကျေးဇူးပြု၍ နောက်ဆောင်းပါးကို ဖတ်ရှုပါလေ။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကမ္ဘာ့အုပ်ချုပ်မှုတစ်ခုလိုအပ်ကြောင်း အိုင်းစတိုင်း ထောက်ခံပြောဆိုခဲ့
[Credit Line]
Einstein: U.S. National Archives photo