မောပန်းသော်လည်း ပန်းလျနွမ်းနယ်ခြင်းမရှိ
မောပန်းသော်လည်း ပန်းလျနွမ်းနယ်ခြင်းမရှိ
“[ယေဟောဝါ]သည် . . . မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင်ဖြစ်[တော်မူပြီး] . . . မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။”—ဟေရှာယ ၄၀:၂၈၊ ၂၉။
၁၊ ၂။ (က) စင်ကြယ်သောဝတ်ပြုရေးတွင် ပါဝင်လိုသူအားလုံးကို အဘယ်နှစ်လိုဖွယ် ဖိတ်ခေါ်ချက် ကမ်းလှမ်းထားသနည်း။ (ခ) အဘယ်အရာက ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အလွန်အန္တရာယ်ရှိစေနိုင်သနည်း။
ယေရှု၏တပည့်များအနေနှင့် ကျွန်ုပ်တို့သည် နှစ်လိုဖွယ် ဤဖိတ်ခေါ်ချက်နှင့် ရင်းနှီးကျွမ်းဝင်ကြ၏– “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ . . . ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။” (မဿဲ ၁၁:၂၈-၃၀၊ ကဘ) ခရစ်ယာန်များအား ‘ထာဝရဘုရားသခင်ထံတော်မှ ချမ်းအေးသောအချိန်ကာလ’ ကိုလည်း ကမ်းလှမ်းထားသည်။ (တမန်တော် ၃:၁၉) သင်သည် သမ္မာကျမ်းစာအမှန်တရားကို သိရှိလာခြင်းဖြင့် လန်းဆန်းသည့်အကျိုးများ ခံစားရခြင်း၊ တောက်ပသောအနာဂတ်မျှော်လင့်ချက် ရှိလာခြင်းနှင့် မိမိဘဝအသက်တာတွင် ယေဟောဝါ၏မူများကို လက်တွေ့ကျင့်သုံးခြင်းတို့ကိုလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့မည်မှာ သေချာပါသည်။
၂ သို့တိုင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူတချို့သည် စိတ်ပိုင်းဆိုင်ရာမောပန်းမှု အခိုက်အတန့် ခံစားကြရသည်။ တစ်ခါတစ်ရံ ထိုသို့သောစိတ်ဓာတ်ကျဆင်းမှုသည် ခေတ္တခဏသာဖြစ်နိုင်၏၊ အခြားအချိန်များတွင်မူ အတန်ကြာ စိတ်ပင်ပန်းနေနိုင်သည်။ အချိန်ကုန်လာသည်နှင့်အမျှ အချို့သူတို့က ယေရှုကတိပြုခဲ့သကဲ့သို့ ခရစ်ယာန်တာဝန်များကို လန်းဆန်းမှုအဖြစ်မမြင်ဘဲ ဝန်ထုပ်တစ်ခုအဖြစ် မြင်လာပေမည်။ ထိုသို့သောအပျက်သဘောထားများသည် ခရစ်ယာန်တစ်ဦး၏ ယေဟောဝါနှင့်ဆက်ဆံရေးကို အလွန်အန္တရာယ်ရှိစေနိုင်သည်။
၃။ ယောဟန် ၁၄:၁ ပါဆုံးမစကားကို ယေရှု အဘယ်ကြောင့်မိန့်တော်မူခဲ့ရသနည်း။
၃ ယေရှု ကွပ်မျက်ခံရဖို့ အဖမ်းမခံရမီလေးတွင် တပည့်များအား ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။” (ယောဟန် ၁၄:၁) တမန်တော်များသည် မကြာမီ ဝမ်းနည်းဖွယ်အဖြစ်အပျက်များ ကြုံတွေ့ရတော့မည်ဖြစ်ရာ ထိုစကားများကို ယေရှုမိန့်မြွက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် နှိပ်စက်ညှဉ်းပန်းမှုများ ဆက်တိုက်ကြုံရမည်ဖြစ်သည်။ တမန်တော်များသည် လုံးလုံးစိတ်ဓာတ်ကျပြီး ထိမိလဲသွားနိုင်ကြောင်းကို ယေရှုသိတော်မူခဲ့သည်။ (ယောဟန် ၁၆:၁) ယင်းကိုမထိန်းချုပ်ပါက ဝမ်းနည်းသည့်ခံစားချက်တို့ကြောင့် ဝိညာဉ်ရေးအားလျော့လာပြီး ယေဟောဝါအား ယုံကြည်ကိုးစားမှု ပျောက်ဆုံးသွားနိုင်၏။ ယနေ့ ခရစ်ယာန်များလည်း ထိုသို့ဖြစ်နိုင်သည်။ ကြာရှည်စိတ်ဓာတ်ကျနေပါက အကြီးအကျယ်ဝေဒနာခံစားရပြီး စိတ်နှလုံးပင်ပန်းလာနိုင်သည်။ (ယေရမိ ၈:၁၈) ထိုအခါ ကျွန်ုပ်တို့၏အတွင်းလူသည် အားလျော့သွားမည်။ ထိုသို့သောဖိစီးမှုကြောင့် စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းတွင် မလှုပ်မရှားဖြစ်လာပြီး ယေဟောဝါအား ဝတ်ပြုကိုးကွယ်လိုစိတ်ပင် ပျောက်ဆုံးသွားနိုင်သည်။
၄။ ကျွန်ုပ်တို့၏ပုံဆောင်နှလုံးများ ပန်းလျနွမ်းနယ်မှုမဖြစ်စေရန် အဘယ်အရာက အကူအညီပေးသနည်း။
၄ “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့” ဟူသော သမ္မာကျမ်းစာအကြံပေးချက်သည် တကယ်သင့်လျော်ပေသည်။ (သု. ၄:၂၃) ကျွန်ုပ်တို့၏ပုံဆောင်နှလုံးတွင် စိတ်ဓာတ်ကျခြင်း၊ ဝိညာဉ်ရေးမောပန်းခြင်းတို့ မဖြစ်စေရန် လက်တွေ့ကျအကြံဉာဏ်ကို သမ္မာကျမ်းစာက ကမ်းလှမ်းထားသည်။ သို့ရာတွင် ဦးဆုံး၊ ကျွန်ုပ်တို့အား မောပန်းစေသည့်အရာကို ရှင်းရှင်းလင်းလင်း သိမြင်ရန်လိုသည်။
ခရစ်ယာန်ဘာသာသည် ဖိနှိပ်ချုပ်ချယ်မှုမရှိ
၅။ ခရစ်ယာန်တပည့်ဖြစ်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာက ဆန့်ကျင်နေပုံရသနည်း။
၅ ခရစ်ယာန်တစ်ဦးဖြစ်ရန် ကြိုးစားအားထုတ်မှု လိုသည်မှာမှန်သည်။ (လုကာ ၁၃:၂၄) ယေရှု ဤသို့ပင်မိန့်တော်မူခဲ့၏– “အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” (လုကာ ၁၄:၂၇) အပေါ်ယံကြည့်မည်ဆိုလျှင် ယင်းစကားများက ယေရှုမိန့်ဆိုခဲ့သော မိမိ၏ဝန်သည်ပေါ့ပြီး လန်းဆန်းမှုဖြစ်စေသည်ဟူသည့်စကားနှင့် ဆန့်ကျင်နေပုံရသည်၊ အမှန်မှာ လုံးဝမဆန့်ကျင်ပါ။
၆၊ ၇။ ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ပုံသည် မောပန်းမှုမဖြစ်စေဟု အဘယ်ကြောင့်ပြောနိုင်သနည်း။
၆ ကြိုးစားအားထုတ်လုပ်ဆောင်ရသည့်အခါ ကာယရေးအရ ပင်ပန်းနွမ်းလျနိုင်သော်လည်း အကြောင်းကောင်းရှိ၍ လုပ်ဆောင်ခြင်းဖြစ်လျှင် ကျေနပ်အားရစရာဖြစ်နိုင်သည်။ (ဒေ. ၃:၁၃၊ ၂၂) ကိုယ်နှင့်စပ်ဆိုင်သူတို့အား သမ္မာကျမ်းစာမှအမှန်တရားအကြောင်း ပြောပြခြင်းထက် ပို၍ကောင်းသောအလုပ် ရှိနိုင်ပါမည်လော။ ထို့ပြင်၊ ဘုရားသခင်၏ မြင့်မားသောကျင့်ဝတ်စံနှုန်းများနှင့်အညီ နေထိုင်ရန် ကြိုးစားအားထုတ်ရမှုကို ၎င်းမှ ကျွန်ုပ်တို့ရရှိသော အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်သည့်အခါ ယင်းကြိုးစားအားထုတ်ရမှုသည် ဘာမျှမဟုတ်တော့ပါ။ (သု. ၂:၁၀-၂၀) နှိပ်စက်ညှဉ်းပန်းခံရခြင်းသည်ပင် ဘုရားသခင့်နိုင်ငံတော်အတွက် ခံရခြင်းဖြစ်သောကြောင့် ဂုဏ်ယူစရာဖြစ်သည်။—၁ ပေတရု ၄:၁၄။
၇ အထူးသဖြင့် အယူမှားဘာသာ၏ ထမ်းပိုးကိုထမ်းနေရသော ဝိညာဉ်ရေးအမှောင်တွင်ရှိသူတို့နှင့် နှိုင်းယှဉ်သည့်အခါ ကျွန်ုပ်တို့ထမ်းထားသော ယေရှု၏ဝန်သည် အမှန်ပင် လန်းဆန်းမှုပေးသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ကြင်ကြင်နာနာချစ်တော်မူပြီး ကျွန်ုပ်တို့ထံမှ တရားလွန် မတောင်းဆိုပါ။ ယေဟောဝါ၏ ‘ပညတ်တော်တို့သည် စောင့်ခဲသည်မဟုတ်ပါ။’ (၁ ယောဟန် ၅:၃) ကျမ်းစာတွင် ဖော်ပြထားသည့် စစ်မှန်သောခရစ်ယာန်ဘာသာသည် ဖိနှိပ်ချုပ်ချယ်မှုမရှိပါ။ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ပုံသည် မောပန်းမှု၊ စိတ်ပျက်အားလျော့မှုတို့ကို မဖြစ်စေပါ။
‘ခပ်သိမ်းသောဝန်တို့ကို ပယ်ရှားကြလော့’
၈။ အဘယ်အရာက ဝိညာဉ်ရေးမောပန်းမှုကို ဖြစ်စေလေ့ရှိသနည်း။
၈ ကျွန်ုပ်တို့ကြုံတွေ့ရသည့် ဝိညာဉ်ရေးမောပန်းမှုမှန်သမျှသည် ယိုယွင်းသောဤအစီအစဉ်စနစ်၏ အပိုဝန်ထုပ်များကြောင့် ဖြစ်လေ့ရှိသည်။ ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြ’ သည်ဖြစ်ရာ ကျွန်ုပ်တို့ကို မောပန်းစေပြီး ခရစ်ယာန်ဟန်ချက်ပျက်စေနိုင်သည့် ဆန့်ကျင်ဘက်အင်အားစုများ ကျွန်ုပ်တို့ကို ဝိုင်းရံနေသည်။ (၁ ယောဟန် ၅:၁၉) အရေးမပါသည့်အရာများသည် ကျွန်ုပ်တို့၏ခရစ်ယာန်လုပ်ရိုးလုပ်စဉ်များကို ခက်ခဲရှုပ်ထွေးစေနိုင်၏။ ထိုအပိုဝန်ထုပ်များသည် ကျွန်ုပ်တို့ကို ဝန်ပိစေနိုင်ပြီး စိတ်ဓာတ်ကိုပင် ကြေမွသွားစေနိုင်သည်။ ယင်းကြောင့် သမ္မာကျမ်းစာက ‘ခပ်သိမ်းသောဝန်တို့ကို ပယ်ရှား’ ကြလော့ဟု သင့်လျော်စွာ သတိပေးဆုံးမထားသည်။—ဟေဗြဲ ၁၂:၁-၃။
၉။ စည်းစိမ်ရှာခြင်းသည် မည်သို့ဝန်လေးစေနိုင်သနည်း။
၉ ဥပမာ၊ တစ်လောကလုံးတွင် ကျော်ကြားဖို့၊ ငွေရှာဖို့၊ အပန်းဖြေဖို့၊ အပျော်ခရီးထွက်ဖို့နှင့် စည်းစိမ်ခံဖို့အရေးသာ စိုးမိုးနေရာ ယင်းသည် ကျွန်ုပ်တို့၏စိတ်ကို လွှမ်းမိုးလာနိုင်သည်။ (၁ ယောဟန် ၂:၁၅-၁၇) ကြီးပွားချမ်းသာရန် ကြိုးစားခဲ့သော ပထမရာစုခရစ်ယာန်အချို့သည် သူတို့၏အသက်တာကို အကြီးအကျယ်ရှုပ်ထွေးစေခဲ့ကြသည်။ တမန်တော်ပေါလု ဤသို့ရှင်းပြ၏– “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသူတို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင်ထိုးကြပြီ။”—၁ တိမောသေ ၆:၉၊ ၁၀။
၁၀။ ယေရှု၏ မျိုးစေ့ကြဲသူပုံပမာမှ စည်းစိမ်ဥစ္စာအကြောင်း အဘယ်အရာသင်ယူနိုင်သနည်း။
၁၀ ဘုရားသခင့်အမှုဆောင်ရာတွင် မောပန်း၍ စိတ်ဓာတ်ကျလာခြင်းမှာ စည်းစိမ်ရှာခြင်းက ကျွန်ုပ်တို့၏ ဝိညာဉ်ရေးကို လွှမ်းမိုးနေခြင်းကြောင့် ဖြစ်နိုင်သလော။ ယေရှု၏ မျိုးစေ့ကြဲသူပုံပမာအရ ထိုသို့ဖြစ်နိုင်ခြေရှိသည်။ ယေရှုက “လော[က]အမှု၌စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း၊ ကြွင်းသောအရာကိုတပ်မက်ခြင်း” တို့ကို ကျွန်ုပ်တို့နှလုံးထဲရှိ ဘုရားသခင့်နှုတ်မြွက်စကားတော်မျိုးစေ့ကို “လွှမ်းမိုးညှဉ်းဆဲ” သည့်ဆူးပင်တို့နှင့် နှိုင်းယှဉ်ခဲ့သည်။ (မာကု ၄:၁၈၊ ၁၉) ထို့ကြောင့် သမ္မာကျမ်းစာက ဤသို့ဆုံးမထား၏– “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်၍ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား ‘ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား’ ဟု ကတိတော်ရှိ၏။”—ဟေဗြဲ ၁၃:၅။
၁၁။ ကျွန်ုပ်တို့ကို ဝန်ပိစေနိုင်ရာများကို မည်သို့ဖယ်ရှားနိုင်သနည်း။
၁၁ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏အသက်တာကို ရှုပ်ထွေးခက်ခဲစေသည်ကား စည်းစိမ်ထပ်ရှာခြင်းမဟုတ်ဘဲ မိမိပိုင်ဆိုင်ထားရာများကို အသုံးပြုပုံဖြစ်သည်။ နှစ်ချီ ခရစ်ယာန်သာသနာပြုခဲ့သူ အိမ်ထောင်သည်စုံတွဲ ထရူဗိုနှင့် အဲန်းတို့သည် ကျန်းမာရေးပြဿနာများနှင့် ချစ်မြတ်နိုးရသူများ ကွယ်လွန်သွားခြင်းတို့ကြောင့် စိတ်မောလာခဲ့ကြသည်။ သူတို့သည် အခါအားလျော်စွာ ပြုပြင်ပြောင်းလဲဖို့လိုကြောင်း တွေ့ရှိခဲ့၏။ ဥပမာ၊ အဲန်းက ဤသို့ပြောပြ၏– “မကြာသေးခင်က ကျွန်မတို့ဝါသနာပါတဲ့အရာတချို့နဲ့ အရေးမကြီးတဲ့ ကိုယ်ရေးကိုယ်တာအစီအစဉ်တွေကို ဖျက်သိမ်းခဲ့ကြတယ်။ ကျွန်မတို့ပစ္စည်းတွေကို အသေအချာရှင်းလင်းပစ်ပြီး မမြင်နိုင်တဲ့နေရာမှာ အဲ့ဒါတွေအားလုံးကို ထုပ်ပိုးသိမ်းဆည်းထားလိုက်တယ်။” ကျွန်ုပ်တို့အားလုံးသည် အခါအားလျော်စွာ ကျွန်ုပ်တို့အကျင့်များ၊ ကျွန်ုပ်တို့ပိုင်ဆိုင်ရာများကို စစ်ဆေးပြီး စိတ်မော၍ အားလျော့ခြင်းမရှိစေရန် မလိုအပ်သောဝန်ထုပ်အားလုံးကို ဖယ်ပစ်လျှင် အကျိုးရှိနိုင်သည်။
အကျိုးသင့်အကြောင်းသင့်ရှိခြင်းသဘောနှင့် ကျိုးနွံမှု မရှိမဖြစ်လိုအပ်
၁၂။ ကျွန်ုပ်တို့ကိုယ်တိုင်၏အမှားများနှင့်ပတ်သက်၍ အဘယ်အရာကို အသိအမှတ်ပြုသင့်သနည်း။
၁၂ အသေးအမွှားကိစ္စလေးများတွင် အမှားပြုမိလျှင် ဤအမှားများက တစ်စတစ်စ ကျွန်ုပ်တို့၏အသက်တာကို ရှုပ်ထွေးလာစေနိုင်သည်။ ဒါဝိဒ်၏ဤစကားများ အလွန်မှန်ကန်သည်– “အကျွန်ုပ်ပြုမိသော[အမှားများ]သည် အကျွန်ုပ်ခေါင်းကိုလွှမ်းမိုး၍ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏။” (ဆာလံ ၃၈:၄) များသောအားဖြင့် လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုအနည်းငယ်က ကျွန်ုပ်တို့၏လေးလံသောဝန်များကို ပေါ့ပါးသွားစေနိုင်သည်။
၁၃။ ဓမ္မအမှုအပေါ် မျှတသောအမြင်ရှိဖို့ အကျိုးသင့်အကြောင်းသင့်သဘောက မည်သို့ကူညီပေးနိုင်သနည်း။
၁၃ သမ္မာကျမ်းစာက “လက်တွေ့ကျဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း” တိုးပွားစေရန် အားပေးထားသည်။ (သု. ၃:၂၁၊ ၂၂၊ ကဘ) “အထက်မှသက်ရောက်သောဉာဏ်ပညာသည် . . . အကျိုးသင့်အကြောင်းသင့်သဘောရှိ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (ယာကုပ် ၃:၁၇၊ ကဘ) အချို့သူတို့က ခရစ်ယာန်ဓမ္မအမှုတွင် အခြားသူများလုပ်ဆောင်သည့်ပမာဏအတိုင်း လိုက်လုပ်ကိုင်ရမည်ဟုယူမှတ်ပြီး ဖိစီးမှုခံနေကြရသည်။ သို့ရာတွင် သမ္မာကျမ်းစာက ဤသို့အကြံပေး၏– “လူတိုင်းကိုယ်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွားဝမ်းမြောက်စရာအကြောင်း ရှိလိမ့်မည်။ အဘယ်ကြောင့်နည်းဟူမူကား လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။” (ဂလာတိ ၆:၄၊ ၅) မှန်ပါသည်၊ ခရစ်ယာန်ချင်းတို့၏ ကောင်းသောပုံသက်သေသည် နှလုံးအကြွင်းမဲ့ဖြင့် ယေဟောဝါအမှုတော်ဆောင်ရန် အားပေးမှုဖြစ်နိုင်သော်လည်း လက်တွေ့ကျဉာဏ်ပညာနှင့် အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သောသဘောရှိခြင်းတို့က ကျွန်ုပ်တို့၏အခြေအနေအလိုက် လက်တွေ့ကျပန်းတိုင်များထားစေသည်။
၁၄၊ ၁၅။ ကျွန်ုပ်တို့၏ ကာယနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ လိုအပ်ရာများကို ဂရုစိုက်ရာတွင် လက်တွေ့ကျဉာဏ်ပညာကို မည်သို့တင်ပြနိုင်သနည်း။
၁၄ အရေးမကြီးသည့် ကိစ္စရပ်များတွင်ပင် ကျွန်ုပ်တို့သည် အကျိုးသင့်အကြောင်းသင့်သဘောရှိပါက မောပန်းသည်ဟု မခံစားရပါ။ ဥပမာ၊ ကျန်းမာရေးနှင့်ညီညွတ်သော မျှတမှုရှိသည့်အကျင့်များရှိရန် ကြိုးစားပါသလော။ တီမိုနှင့် တီနာတို့သည် ယေဟောဝါသက်သေတို့၏ ဌာနခွဲရုံးတစ်ခုတွင် အမှုဆောင်ကြသည်။ မောပန်းမှုမရှိရန် လက်တွေ့ကျဉာဏ်ပညာ အသုံးပြုခြင်းတန်ဖိုးကို သူတို့သိနားလည်လာကြသည်။ တီနာ ဤသို့ပြောပြ၏– “ကျွန်မတို့ ဘယ်လောက်ပဲအလုပ်များများ၊ ညတိုင်း အချိန်မှန်အိပ်ရာဝင်ဖို့ ကြိုးစားတယ်။ အများအားဖြင့် ည ၁၀ နာရီမှာ မီးပိတ်လိုက်တယ်။ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်တယ်။ အဲ့ဒါက ကျွန်မတို့ကို တကယ်အကူအညီပေးတယ်။ ကျွန်မတို့ ဘယ်လောက်လုပ်ကိုင်နိုင်တယ်ဆိုတာကိုသိထားပြီး အဲ့ဒီအတိုင်း လုပ်ကိုင်ကြတယ်။ တစ်ချိန်လုံး အရှိန်မြှင့်ပြီး လုပ်ကိုင်နေဖို့မကောင်းဘူး။ ဒါကြောင့် အားကုန်ပုံမရတဲ့သူတွေလို လိုက်လုပ်ကိုင်ဖို့ ကျွန်မတို့မကြိုးစားဘူး။” စားသောက်ခြင်း၊ အိပ်စက်ခြင်း အလေ့အထကောင်းများ ရှိပါသလော။ ကျွန်ုပ်တို့၏ကျန်းမာရေးကို တော်ရုံသင့်ရုံ ဂရုစိုက်ခြင်းက စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းအရ မောပန်းမှုကို လျော့ပါးစေနိုင်သည်။
၁၅ ကျွန်ုပ်တို့၏လိုအပ်ရာများသည် တစ်ဦးနှင့်တစ်ဦး မတူပါ။ ဥပမာ၊ ဆိုလီသည် ခက်ခဲသောနေရာမြောက်မြားစွာတွင် အချိန်ပြည့်ဓမ္မအမှုဆောင်ရွက်ခဲ့သည်။ သူ့တွင် ကင်ဆာရောဂါအပါအဝင် အခြားစိုးရိမ်စရာရောဂါများခံစားနေရသည်။ စိတ်အနှောင့်အယှက်ဖြစ်သော အခြေအနေများကို သူမည်သို့ဖြေရှင်းနိုင်ခဲ့သနည်း။ သူဤသို့ပြောပြ၏– “တစ်ယောက်ထဲ ငြိမ်ငြိမ်သက်သက် အနားယူနိုင်တဲ့အချိန်ရှိဖို့ ကျွန်မအတွက်အရေးကြီးတယ်။ ဖိစီးမှုတွေများလာပြီး မောပန်းနေပြီဆိုရင် စာဖတ် အနားယူနိုင်ဖို့ တစ်ယောက်ထဲ အေးအေးဆေးဆေး နေနိုင်တဲ့အခြေအနေမျိုးရှိဖို့ အရမ်းအရေးကြီးတယ်။” ဝိညာဉ်ရေးမောပန်းမှုမရှိစေရန် ကျွန်ုပ်တို့တစ်ဦးစီ၏ လိုအပ်ရာများကို အသိအမှတ်ပြုပြီး ဖြည့်စွက်ပေးဖို့ လက်တွေ့ကျဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းတို့က အကူအညီပေးသည်။
ယေဟောဝါဘုရားသခင် ကျွန်ုပ်တို့ကို အင်အားနှင့်ပြည့်စုံစေ
၁၆၊ ၁၇။ (က) ဝိညာဉ်ရေးကျန်းမာမှုကို ဂရုစိုက်ခြင်းသည် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။ (ခ) ကျွန်ုပ်တို့၏ နေ့စဉ်လုပ်ငန်းဆောင်တာတွင် အဘယ်အရာ ပါဝင်သင့်သနည်း။
၁၆ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကျန်းမာမှုကို ဂရုစိုက်ခြင်းသည် အမှန်ပင် အလွန်အရေးကြီးသည်။ ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့်အခါ ကာယရေးအရ မောပန်းသည့်တိုင် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ရ၍ ဘယ်တော့မျှ မောပန်းမည်မဟုတ်ပါ။ ယေဟောဝါသည် “မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။” (ဟေရှာယ ၄၀:၂၈၊ ၂၉) ထိုစကားများမှန်ကန်ကြောင်း ကိုယ်တွေ့ခံစားခဲ့ရသူ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏။”—၂ ကောရိန္သု ၄:၁၆။
၁၇ “တစ်နေ့ထက်တစ်နေ့” ဟူသော အသုံးအနှုန်းကို သတိပြုပါ။ ယင်းက ယေဟောဝါ၏ ပြင်ဆင်ပေးချက်များကို နေ့စဉ်နေ့တိုင်း အသုံးပြုခြင်းကို ဆိုလိုသည်။ ၄၃ နှစ်တိုင် ခရစ်ယာန်သာသနာပြုအဖြစ် တည်ကြည်စွာအမှုဆောင်ခဲ့သူ ဆူဇီသည် ကာယရေးအရမောပန်းပြီး စိတ်ဓာတ်ကျသည့် အချိန်အခါများရှိခဲ့သည်။ သို့သော် သူသည် အားအင်ကုန်ခန်းသည့်အထိ မဖြစ်ခဲ့ပါ။ သူဤသို့ပြောပြ၏– “တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေမလုပ်ကိုင်ခင် ယေဟောဝါထံဆုတောင်းဖို့နဲ့ ကျမ်းစာဖတ်နိုင်ဖို့ မနက်စောစောထတဲ့အကျင့် လုပ်ခဲ့တယ်။ နေ့တိုင်းဒီလိုလုပ်ခဲ့တဲ့အတွက် ဒီနေ့အထိ ကျွန်မခံရပ်နိုင်ခဲ့တာ။” ကျွန်ုပ်တို့သည် ကိုယ်တော့်ထံ မှန်မှန်၊ ‘နေ့စဉ်နေ့တိုင်း’ ဆုတောင်းပြီး ကိုယ်တော်၏ မြင့်မားသောအရည်အသွေးများ၊ ကတိတော်များကို တွေးတောဆင်ခြင်မည်ဆိုလျှင် ယေဟောဝါ၏ ထောက်မကူညီမှုရမည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။
၁၈။ အသက်အရွယ်အိုမင်းသော၊ ကျန်းမာရေးမကောင်းသော တည်ကြည်သူများကို သမ္မာကျမ်းစာက မည်သို့နှစ်သိမ့်ပေးသနည်း။
၁၈ အသက်အရွယ်အိုမင်းခြင်း၊ ကျန်းမာရေးမကောင်းခြင်းတို့ကြောင့် စိတ်ဓာတ်ကျသူများအဖို့ ယင်းသည် အထူးအထောက်အကူပြုသည်။ ထိုသို့သောသူတို့သည် မိမိတို့ကိုယ်ကို အခြားသူတို့နှင့် နှိုင်းယှဉ်ခြင်းကြောင့်မဟုတ်ဘဲ ယခင်လုပ်ဆောင်နိုင်ခဲ့ရာတို့နှင့် ပြန်လည်နှိုင်းယှဉ်ခြင်းဖြင့် စိတ်ဓာတ်ကျနိုင်သည်။ ယေဟောဝါသည် အသက်ကြီးသူတို့ကို ဂုဏ်တင်တော်မူကြောင်း သိရှိရခြင်းက အလွန်နှစ်သိမ့်မှုဖြစ်စေသည်! “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (သု. ၁၆:၃၁) ယေဟောဝါသည် ကျွန်ုပ်တို့ တတ်နိုင်ရာများကို သိရှိတော်မူပြီး ကျွန်ုပ်တို့တွင် မစွမ်းဆောင်နိုင်ရာများရှိသော်လည်း နှလုံးအကြွင်းမဲ့ဖြင့် ဝတ်ပြုကိုးကွယ်ခြင်းကို အလွန်တန်ဖိုးထားတော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့် ကောင်းမှုတို့ကို ကိုယ်တော်၏မှတ်ဉာဏ်ထဲတွင် မပျောက်မပျက် မှတ်တမ်းတင်ထားသည်။ ကျမ်းစာက ဤသို့စိတ်ချစေသည်– “သင်တို့သည် သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက ယခုပင်လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။” (ဟေဗြဲ ၆:၁၀) ဆယ်စုနှစ်များစွာ ယေဟောဝါအပေါ် တည်ကြည်ခဲ့ကြသူများ ကျွန်ုပ်တို့နှင့်အတူရှိခြင်းက အလွန်ဝမ်းမြောက်စရာပင်!
လက်မလျှော့နှင့်
၁၉။ ကောင်းမှုပြုခြင်းတွင် အလုပ်များနေခြင်းမှ မည်သို့အကျိုးကျေးဇူးရရှိသနည်း။
၁၉ အားမာန်ပါပါ မှန်မှန်လှုပ်ရှားနေခြင်းက မောပန်းမှုကိုသက်သာစေသည်ဟု လူအများပြောကြသည်။ အလားတူပင် ဝိညာဉ်ရေးလုပ်ဆောင်မှုများကို ပုံမှန်ပြုလုပ်နေလျှင် စိတ်ပိုင်း သို့မဟုတ် ဝိညာဉ်ရေးပိုင်း မောပန်းမှု မှန်သမျှကို လျော့နည်းစေနိုင်သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည်။ ထိုကြောင့် ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ဂလာတိ ၆:၉၊ ၁၀) “ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့” နှင့် “ကျေးဇူးပြုကြကုန်အံ့” ဟူသောအသုံးအနှုန်းတို့ကို သတိပြုပါ။ ကျွန်ုပ်တို့ဘက်မှ လုပ်ဆောင်မှုရှိရမည်ကို ဆိုလိုသည်။ အခြားသူများအတွက် ကောင်းမှုပြုခြင်းသည် ယေဟောဝါ၏အမှုတော်ဆောင်ခြင်းတွင် ပန်းလျနွမ်းနယ်ခြင်းမရှိစေရန် ကူညီပေးနိုင်သည်။
၂၀။ စိတ်ဓာတ်ကျခြင်းကို တိုက်ထုတ်ပစ်ရာတွင် မည်သူတို့နှင့် ပေါင်းသင်းခြင်းကို ရှောင်သင့်သနည်း။
၂၀ အခြားတစ်ဖက်၌မူ ဘုရားသခင့်ပညတ်ကို မလေးမြတ်သူတို့နှင့် ပေါင်းသင်းခြင်း၊ အတူလုပ်ဆောင်ရခြင်းသည် မောပန်းနွမ်းလျစေနိုင်သည်။ သမ္မာကျမ်းစာက ဤသို့သတိပေး၏– “ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။” (သု. ၂၇:၃) စိတ်ဓာတ်ကျခြင်း၊ မောပန်းခြင်းအစရှိသည့်ခံစားချက်များကို တိုက်ထုတ်ပစ်ရန် အပျက်သဘောရှိသူများ၊ အခြားသူတို့ကို အပြစ်ရှာဝေဖန်တတ်သူများနှင့် ပေါင်းသင်းခြင်းကို ရှောင်သင့်သည်။
၂၁။ ခရစ်ယာန်အစည်းအဝေးများတွင် အခြားသူများကို မည်သို့အားပေးနိုင်သနည်း။
၂၁ ခရစ်ယာန်အစည်းအဝေးများသည် ဝိညာဉ်ရေးခွန်အားရှိစေသည့် ယေဟောဝါ၏ ပြင်ဆင်ပေးချက်ဖြစ်သည်။ ထိုတွင် တစ်ဦးကိုတစ်ဦး လန်းဆန်းမှုဖြစ်စေသော သွန်သင်မှုနှင့် ပေါင်းသင်းမှုတို့ဖြင့် အားပေးခွင့်ရရှိသည်။ (ဟေဗြဲ ၁၀:၂၅) အသင်းတော်ရှိသူအားလုံးသည် အစည်းအဝေးများတွင် ပါဝင်ဖြေဆိုသည့်အခါ သို့မဟုတ် စင်မြင့်ပေါ်မှ အစီအစဉ်တွင်ပါဝင်ခွင့်ရသည့်အခါ အားပေးတည်ဆောက်ရန် ကြိုးစားသင့်သည်။ အထူးသဖြင့် သွန်သင်သူများအဖြစ်ဦးဆောင်သူတို့သည် အခြားသူတို့ကို အားပေးရန် တာဝန်ရှိသည်။ (ဟေရှာယ ၃၂:၁၊ ၂) အားပေးတိုက်တွန်းရန် သို့မဟုတ် ဆုံးမရန် လိုအပ်သည့်အချိန်တွင်ပင် သွန်သင်ပေးပုံသည် လန်းဆန်းမှုဖြစ်စေသင့်သည်။ (ဂလာတိ ၆:၁၊ ၂) အခြားသူများကိုချစ်သည့်မေတ္တာက မောပန်းခြင်းမရှိဘဲ ယေဟောဝါ၏အမှုတော် ဆောင်ရွက်စေမည်။—ဆာလံ ၁၃၃:၁; ယောဟန် ၁၃:၃၅။
၂၂။ မစုံလင်သည့် လူ့သဘောသဘာဝရှိသော်လည်း အဘယ်ကြောင့် ရဲရင့်သောစိတ်ရှိနိုင်သနည်း။
၂၂ ဤနောက်ဆုံးကာလ၌ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် ကြိုးစားလုပ်ဆောင်ဖို့လိုသည်။ ခရစ်ယာန်များသည် စိတ်ပင်ပန်းခြင်း၊ နှလုံးနာခြင်းအပြင် ဖိစီးမှုများသော အခြေအနေတို့မှ မလွတ်ကင်းကြပါ။ ကျွန်ုပ်တို့၏ မစုံလင်သောလူ့သဘောသဘာဝသည် မြေထည်များကဲ့သို့ ထိခိုက်ကျိုးပဲ့လွယ်သည်။ “သို့သော်လည်း” သမ္မာကျမ်းစာက ဤသို့ဆို၏– “တန်ခိုးတော်၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း ထိုဘဏ္ဍာသည် မြေအိုးထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏။” (၂ ကောရိန္သု ၄:၇) မှန်ပါသည်၊ ကျွန်ုပ်တို့ မောပန်းကြမည်ဖြစ်သော်လည်း ပန်းလျနွမ်းနယ်ခြင်းရှိမည်မဟုတ်ပါ၊ လက်မြှောက်အရှုံးပေးမည်မဟုတ်ပါ။ ယင်းအစား ‘ယေဟောဝါသည် ငါ့ကိုမစတော်မူသည်’ ဟု “ရဲရင့်သောစိတ်နှင့် ပြောဆို” ကြပါစို့။—ဟေဗြဲ ၁၃:၆။
အကျဉ်းချုပ် ပြန်လည်သုံးသပ်ချက်
• ကျွန်ုပ်တို့ ဖယ်ရှားနိုင်သည့် ဝန်ထုပ်တချို့ကား အဘယ်နည်း။
• ခရစ်ယာန်ချင်းတို့ကို မည်သို့ ‘ကောင်းမှုပြု’ နိုင်သနည်း။
• ကျွန်ုပ်တို့ စိတ်ဓာတ်ကျ၊ မောပန်းချိန်တွင် ယေဟောဝါသည် မည်သို့ ထောက်မကူညီတော်မူသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အတန်ကြာ စိတ်ဓာတ်ကျခြင်းက တမန်တော်များကို အခက်အခဲတွေ့စေနိုင်ကြောင်း ယေရှုသိတော်မူ၏
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အချို့သူတို့သည် ဝါသနာတချို့နှင့် အရေးမကြီးသော ကိုယ်ရေးကိုယ်တာ အစီအစဉ်များကို ဖျက်ခဲ့ကြ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့တွင် ကန့်သတ်ချက်များရှိသော်လည်း ကျွန်ုပ်တို့၏ နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ အလွန်တန်ဖိုးထား