အကျိုးအရှိဆုံးအကြံဉာဏ်ကို ရှာတွေ့ခြင်း
အကျိုးအရှိဆုံးအကြံဉာဏ်ကို ရှာတွေ့ခြင်း
အောင်မြင်သော အသက်တာသည် အမှန်ပင်နှစ်လိုဖွယ်ဖြစ်၏။ အကြံဉာဏ်ကောင်းရသည့်အပြင် ၎င်းနှင့်အညီ ကျင့်ကြံလိုသည့်သဘောထားရှိခြင်းသည် ဤရှုပ်ထွေးသည့်လောကကြီးတွင် အောင်မြင်သည့် အသက်တာရရှိရေးအတွက် သော့ချက်များဖြစ်သည်။ သို့ရာတွင် လူအများသည် အကျိုးပြုသောအကြံဉာဏ်ကို လက်ခံလိုစိတ် အမြဲမရှိကြပါ။ သူတို့ပြောတတ်ကြသည်မှာ လူသည် မိမိစိတ်ကြိုက် နေထိုင်ခွင့်ရသင့်သည်ဟူ၍ဖြစ်သည်။ အမှန်မှာ ဘုရားသခင့်ပိုင်သအုပ်စိုးမှုကို ဦးဆုံးရန်ဘက်ပြုသူ စာတန်သည် ကနဦးလူသားတို့အား လွတ်လပ်မှုကမ်းလှမ်းခဲ့ကြောင်း ကျမ်းစာမှတ်တမ်းကဖော်ပြသည်။ ကမ္ဘာဦး ၃:၅ တွင် ဧဝအား သူအခိုင်အမာပြောဆိုခဲ့သည့်စကားကို ဤသို့မှတ်တမ်းတင်ထား၏– ‘[ကောင်းမကောင်း သိကျွမ်းရာအပင်၏] အသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်။’
ထို့နောက် အာဒံနှင့်ဧဝတို့သည် မည်သည့်ဆိုးကျိုးမျှ မခံစားရဘဲ မိမိတို့ ကိုယ်ပိုင်ထင်မြင်ယူဆချက်များ၏ ညွှန်ကြားမှုအားဖြင့်သာ အောင်မြင်စွာ အသက်ရှင်နေထိုင်နိုင်ခဲ့ပါသလော။ ဝေးလေစွ။ သူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်သည်ဟု စိတ်ကြီးဝင်ခဲ့ခြင်း၏ဆိုးကျိုးများကို ခံစားခဲ့ရသောကြောင့် စိတ်ပျက်သွားကြသည်။ ဘုရားသခင့်မျက်နှာသာတော်ကို သူတို့ဆုံးရှုံးခဲ့ပြီး မစုံလင်မှုနှင့် နောက်ဆုံး သေခြင်းရလဒ်ဖြင့် ကြမ်းတမ်းသည့်ဘဝ စတင်ခဲ့ကြရသည်။ (ကမ္ဘာဦး ၃:၁၆-၁၉၊ ၂၃) ကျွန်ုပ်တို့အားလုံးလည်း သေမျိုးဖြစ်ခဲ့ကြရသည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။”—ရောမ ၅:၁၂။
အာဒံနှင့်ဧဝတို့ ရွေးချယ်ခဲ့သောလမ်းစဉ်၏ ဆိုးကျိုးများ ခံနေကြရလျက်ပင် လူများစွာသည် လူ့ဖန်ဆင်းရှင်၏ အကြံဉာဏ်ကို လက်တွေ့ကျင့်သုံးခြင်းသည် ပညာရှိသည်ဟု ယနေ့ထိတိုင် မယူမှတ်ကြသေးချေ။။ သို့ရာတွင် သမ္မာကျမ်းစာက ကိုယ်တော်၏အကြံဉာဏ်သည် ‘ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်၍ အကျိုးရှိ၏’ ဟုဖော်ပြထားပြီး ‘ကောင်းသောအလုပ် အမျိုးမျိုးအတွက် အပြည့်အဝ အသင့်ပြင်ဆင်လေ့ကျင့်ပြီးသား’ ဖြစ်နေရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇၊ ကဘ) သမ္မာကျမ်းစာမှ အကြံပြုချက်ကို ကျွန်ုပ်တို့လိုက်နာကြမည်ဆိုလျှင် အမှန်ပင် ပျော်ရွှင်နိုင်ကြပါလိမ့်မည်။ မိသားစုဘဝနှင့် အဓိကသက်ဆိုင်ပေသည်။
အိမ်ထောင်ရေးတွင် သစ္စာရှိခြင်း
သမ္မာကျမ်းစာအရ ဘုရားသခင်သည် အိမ်ထောင်ပြုခြင်းကို ရာသက်ပန်ဖြစ်စေလို၏။ (ကမ္ဘာဦး ၂:၂၂-၂၄; မဿဲ ၁၉:၆) ထို့အပြင် ကျမ်းစာက ‘မင်္ဂလာအိပ်ရာကို မညစ်ညူးစေ[သင့်]’ ဟုဆိုရာတွင် ဤပေါင်းဖက်မှု၌ အိမ်ထောင်ပြင်ပ လိင်ဆက်ဆံမှုများ မရှိသင့်ဟုဆိုလိုသည်။ (ဟေဗြဲ ၁၃:၄၊ ကဘ) သို့ရာတွင် သင်သိရှိထားသည့်အတိုင်း ယနေ့ အိမ်ထောင်အများအပြားသည် ဤစံနှုန်းကို မပြည့်မီကြချေ။ အချို့သူတို့သည် အလုပ်ခွင်တွင် မိမိအိမ်ထောင်ဖက်မဟုတ်သူတို့နှင့် ပရောပရည်လုပ်တတ်ကြသည်။ အခြားသူတို့မှာမူ အိမ်ထောင်ဖက်မဟုတ်သူနှင့် မေတ္တာသက်ဝင်မိပြီး အတူတူပျော်ပါးနိုင်ဖို့ မိသားစုကို လိမ်ညာလှည့်ဖြားကြသည်။ အချို့ဆိုလျှင် ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့် ဘရော်နီကာ၏အဖြစ်အပျက်မှာကဲ့သို့ ငယ်ရွယ်သည့်ကြင်ဖော်နှင့် ပေါင်းသင်းနေထိုင်ရန် မိမိတို့အိမ်ထောင်ဖက်ကိုပင် စွန့်ခွာ၏၊ ယင်းသို့ပြုခြင်းက သူတို့ကို ပိုနုပျိုစေပြီး ပိုပျော်ရွှင်စေသည်ဟု ဆင်ခြေပေးကြသည်။
မည်သို့ဆိုစေ အကျိုးဆက်ကိုမစဉ်းစားဘဲ မိမိစိတ်ကြိုက် ဆုံးဖြတ်ပြုလုပ်ခြင်းသည် ထာဝစဉ်ပျော်ရွှင်စေမည် မဟုတ်ပါ။ ယင်းကို ရော်နယ်လ်ဒ် ထောက်ပြနိုင်ပါသည်။ သူ့ဘဝ ပိုသာယာမည်အထင်နှင့် ဇနီးကိုပစ်ထားခဲ့ပြီး ခြောက်နှစ်တိုင် သူနှင့်တိတ်တဆိတ်ချစ်ကြိုက်ခဲ့ကာ ကလေးနှစ်ယောက်ပင် ရရှိထားသည့် အမျိုးသမီးနှင့်အတူ အိုးအိမ်သစ်ထူထောင်ခဲ့သည်။ သို့သော် သူအိမ်ထောင်ပျက်ပြီးနောက် များမကြာမီ သူ၏ချစ်သူက သူ့ကိုပစ်သွားခဲ့သည်! နောက်ဆုံး ရော်နယ်လ်ဒ်သည် မိဘနှင့် ပြန်နေထိုင်ခဲ့ရသည်။ သူ၏အခြေအနေမှာ “အောက်တန်းကျသည်” ဟု သူဆိုခဲ့သည်။ ယင်းသည် သာဓကတစ်ခုမျှသာဖြစ်၏။ တစ်ကိုယ်ကောင်းဆန်သောစိတ်ဆန္ဒက လှုံ့ဆော်ပေးသည့် အဆိုပါအမူအကျင့်သည် လူကြီးရော ကလေးများကိုပါ စိတ်ဆင်းရဲစေသည့် ကွာရှင်းခြင်းနှင့် မိသားစုပြိုကွဲခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ပြီ။
အခြားတစ်ဖက်တွင်မူ သမ္မာကျမ်းစာအကြံပြုချက်ကို လိုက်နာခြင်းသည် စစ်မှန်သည့်ပျော်ရွှင်မှု ရရှိစေသည်။ ဤသို့ပြောဆိုသော ရိုဘာတို၏အဖြစ်အပျက်မှာ ထိုအတိုင်းဖြစ်၏– “ကျမ်းစာအကြံပြုချက်ရဲ့ အကူအညီကြောင့် ကျွန်တော့်ဇနီးကို မဆုံးရှုံးခဲ့ရလို့ ကျေးဇူးတင်တယ်။ ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိသူဖြစ်ပါစေ၊ ကိုယ့်အိမ်ထောင်ဖက်မဟုတ်တဲ့သူရဲ့ ဖြားယောင်းသွေးဆောင်မှုကိုခံခြင်းက စစ်မှန်တဲ့ပျော်ရွှင်မှု မရနိုင်ပါဘူး။ ကျမ်းစာအသိပညာကြောင့် နှစ်ပေါင်းများစွာ ကျွန်တော်နဲ့တွဲဖက်ခဲ့တဲ့ ကျွန်တော့်ဇနီးကို တန်ဖိုးထားတတ်လာတယ်။” ရိုဘာတို၏အသက်တာတွင် “အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်” ဟူသည့်ကျမ်းစာအကြံပြုချက်သည် အရေးပါခဲ့သည်။ (မာလခိ ၂:၁၅) ဘုရားသခင်၏အကြံပြုချက်မှ အခြားအဘယ်အကျိုးကျေးဇူးများ ခံစားနိုင်သေးသနည်း။
ကျွန်ုပ်တို့ကလေးများ ကြီးပြင်းလာပုံ
လွန်ခဲ့သောဆယ်စုနှစ်များက မိဘတို့သည် ကလေးများကိုပြုစုပျိုးထောင်ရာတွင် စည်းမျဉ်းများစွာ မချမှတ်သင့်ဟူသည့်ယူဆချက်မှာ ရေပန်းစားလာခဲ့သည်။ ယင်းက သားသမီးတို့အား မည်သို့တွေးခေါ် ပြုမူရမည်နှင့်ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချစေသင့်သည်ဟုယူဆခဲ့ကြ၏။ ရည်ရွယ်ချက်မှာ သူတို့၏ဖွံ့ဖြိုးမှုကို မဖိနှိပ်ရန်ဖြစ်၏။ ဒေသအချို့တွင် အစီအစဉ်သိပ်မကျသော ပညာရေးစနစ်များကိုပင် ထူထောင်ခဲ့ရာ တပည့်များသည် ကျောင်းတက်လို၊ မတက်လို သူတို့ဘာသာ ဆုံးဖြတ်နိုင်ကြပြီး မည်မျှအပန်းဖြေမည်၊ သွန်သင်မှု မည်မျှယူမည်ကို သူတို့ကိုယ်တိုင်ကို ရွေးချယ်ခွင့်ပေးကြသည်။ ထိုသို့သော ကျောင်းတစ်ကျောင်း၏ မူတစ်ခုမှာ “လူကြီးတို့၏ဝေဖန်ခြင်းနှင့် ကြားဝင်စွက်ဖက်ခြင်းမရှိဘဲ ကလေးများအား သူတို့၏ခံစားချက်ကို အပြည့်အဝဖော်ပြစေရန်” ဖြစ်သည်။ မေတ္တာဖြင့် ဆုံးမပဲ့ပြင်ရန်လိုသည်ဟု မိဘများယူဆသည့်ကိစ္စများ၌ပင် ယနေ့ လူ့အမူအကျင့်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အချို့က တစ်စုံတစ်ရာသော ဆုံးမပဲ့ပြင်ခြင်းနည်း အမျိုးမျိုး၏ အကျိုးကျေးဇူးများကို သဘောမတူနိုင်ကြပဲဖြစ်နေသည်။
ရလဒ်ကား အဘယ်နည်း။ “သားသမီးများကို ပြုစုပျိုးထောင်ရာ၌ တတ်တိုင်းနေစေသည့် နည်းစနစ်များသည် သားသမီးတို့ကို အလွန်အကျွံ လွတ်လပ်စေပြီး ယင်းကြောင့် ရာဇဝတ်မှုနှင့် မူးယစ်ဆေးစွဲမှုများ တိုးများလာစေသည်” ဟုလူများစွာ ယူဆကြသည်။ ယူနိုက်တက်စတိတ်ရှိ လေ့လာဆန်းစစ်မှုတစ်ရပ်တွင် ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းနီးပါးက သားသမီးနှင့် လူငယ်တို့သည် ၎င်းတို့ လိုအပ်သလောက် မိဘတို့၏လမ်းညွှန်မှု မခံရကြဟု ယူဆကြောင်း ဖော်ပြသည်။ ဆယ်ကျော်သက်များကျူးလွန်သည့် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုများနှင့် အခြားကြောက်မက်ဖွယ် ရာဇဝတ်မှုများဖြစ်ရခြင်းကို စိစစ်ကြည့်ရာ လူများစွာက “မိဘတို့၏အုပ်ထိန်းမှု မရှိခြင်း” ကြောင့်ဟု ပြစ်တင်ပြောဆိုကြသည်။ အကျိုးဆက်များမှာ အလွန်ဆိုးဆိုးဝါးဝါးမဟုတ်သည့်တိုင် ကလေးများကို ပြုစုပျိုးထောင်ရာတွင် လွဲမှားခဲ့ခြင်းကြောင့် မိဘများနှင့် ကလေးတို့သည် ဝမ်းနည်းဖွယ်ဆိုးကျိုးများ ခံစားကြရသည်။
ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုထားသနည်း။ ကျမ်းစာအကြံပြုချက်မှာ မိဘတို့၏အခွင့်အာဏာကို မေတ္တာဖြင့် ခိုင်မာပြတ်သားစွာ ကျင့်သုံးရန်ဖြစ်၏။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသောကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။” (သု. ၂၂:၁၅) မိဘတို့၏ဆုံးမပဲ့ပြင်မှုသည် အခြေအနေတိုင်းတွင် သင့်တော်ရပေမည်။ ဆုံးမပဲ့ပြင်သည့်အခါတိုင်း နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းနှင့် ထောက်ထားစာနာခြင်း ရှိသင့်ပေသည်။ သို့ဖြင့် ယင်းသည် မေတ္တာတရား၏လက္ခဏာတစ်ခုဖြစ်သည်။ မိဘတို့၏အခွင့်အာဏာကို လူမဆန်သည့်လုပ်ရပ်ဖြင့် မဟုတ်ဘဲ မေတ္တာပါပါ ကျင့်သုံးခြင်းသည် အောင်မြင်မှုအများဆုံးရရှိစေသည်။
ဤအကြံပြုချက်ကိုလိုက်နာခြင်းက မြင်သာသည့်ရလဒ်ကောင်းများ ရရှိစေနိုင်သည်။ မကြာသေးမီက လက်ထပ်ခဲ့သူ အသက် ၃၀ အရွယ် မက္ကစီကိုနိုင်ငံသား အာတူရိုက ဤသို့ပြောပြ၏– “မိသားစုမှာ အဖေနဲ့ အမေဟာ အခွင့်အာဏာရှိတယ်လို့ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေကို အဖေက ကောင်းကောင်းသဘောပေါက်စေခဲ့တယ်။ ကျွန်တော်တို့ကို မဆုံးမဘဲနေတာ တစ်ခါမျှမရှိခဲ့ဘူး။ ဒါ့အပြင် ကျွန်တော်တို့ကို အမြဲတမ်းအချိန်ပေးပြီး စကားစမြည်ပြောဆိုတယ်။ အခု လူကြီးဖြစ်လာတော့ ကျွန်တော်ရရှိထားတဲ့ တည်ငြိမ်တဲ့အသက်တာကို တန်ဖိုးထားတယ်၊ အဲ့ဒါကလည်း ကျွန်တော်ရရှိခဲ့တဲ့ လမ်းပြညွှန်ကြားမှုကောင်းကြောင့်ပဲဆိုတာ သဘောပေါက်တယ်။”
အကျိုးအပြုဆုံးအကြံဉာဏ်ကို အကျိုးရှိရှိ လက်ခံခြင်း
ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင် လူသားတို့အတွက် အကျိုးအပြုဆုံးအကြံဉာဏ်ပါရှိသည်။ ၎င်း၏လမ်းညွှန်မှုသည် မိသားစုအသိုင်းအဝိုင်းအတွက်သာ မဟုတ်ပါ။ ယင်းသည် ကျွန်ုပ်တို့အား နည်းလမ်းများစွာတွင် အသင့်ပြင်ဆင်ပေးသည်၊ အကြောင်းမှာ မိမိတို့၏ကောင်းကျိုးအတွက် အသက်တာကို ဉာဏ်ပညာ၏သာလွန်ထူးကဲသော ရင်းမြစ်အား စိုးမိုးစေသင့်ကြောင်း လက်မခံလိုသူများသည့် ဤလောကတွင် မည်သို့ပြုမူကျင့်ဆောင်ရမည်ကို သင်ကြားပေးသောကြောင့်ဖြစ်သည်။
လူသားတို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ဆာလံဆရာဒါဝိဒ်မှတစ်ဆင့် ဤသို့အာမခံခဲ့သည်– “သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ . . . သင့်ကို ငါကြည့်ရှု၍ အကြံပေးမည်။” (ဆာလံ ၃၂:၈) ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ဘေးကင်းစေရန် ကြည့်ရှုစောင့်ရှောက်ပေးနေသည့်အတွက် မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်နိုင်သလော။ သို့သော် ကျွန်ုပ်တို့တစ်ဦးစီ မိမိကိုယ်ကိုမေးသင့်သည်ကား ‘ယေဟောဝါရဲ့ အကာအကွယ်ကို ငါနှိမ့်ချစွာလက်ခံမလား’ ဟူ၍ဖြစ်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား မေတ္တာပါစွာ ဤသို့မှာကြားသည်– ‘ထာဝရဘုရားသခင် ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင် ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’—သု. ၃:၅၊ ၆။
ယေဟောဝါအား သိကျွမ်းလာနိုင်ရန် စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့လိုသည်၊ သမ္မာကျမ်းစာ ရရှိထားသဖြင့် ကိုယ်တော်အား သိကျွမ်းလာနိုင်ပါသည်။ ကိုယ်တော်ထောက်ခံသည့် ဘဝလမ်းစဉ်သည် “ယခုဘဝ၊ နောင်ဘဝနှင့်စပ်ဆိုင်သော ကတိတော်ကိုရ” စေသည်။ ၎င်းဘဝလမ်းစဉ်မှရရှိမည့် အကျိုးများကိုထောက်ရှုလျှင် ယင်းတို့သည် ကြီးစွာသောအကျိုးစီးပွားမှန်၏။—၁ တိမောသေ ၄:၈; ၆:၆။
သင်သည် သမ္မာကျမ်းစာမှရမည့် ထိုးထွင်းသိမြင်မှုနှင့် ကျမ်းစာနှင့်အညီ အသက်ရှင်နေထိုင်ခြင်းဖြင့် ရရှိမည့်ကောင်းချီးများကို ကြိုက်နှစ်သက်မည်ဆိုလျှင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှုခြင်းနှင့် ဆင်ခြင်တွေးတောခြင်းကို သင့်ဘဝတွင် ဦးစားပေးပါ။ ထိုသို့ပြုလုပ်ခြင်းသည် ယခုနှင့် နောင်တွင်ကြုံတွေ့ရမည့် အခက်အခဲများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်စေမည်။ ထို့အပြင် ယေဟောဝါ၏သွန်သင်မှုကို လူအားလုံးခံယူကြပြီး များပြားသောငြိမ်သက်ခြင်းခံစားရသည့် ဘုရားသခင့်ကမ္ဘာသစ်တွင် နေထိုင်နိုင်မည့် မျှော်လင့်ချက်အကြောင်း သင်သိရှိရပါလိမ့်မည်။—ဟေရှာယ ၅၄:၁၃။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာ၏အကြံပြုချက်သည် အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေနိုင်
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာမှသွန်သင်ချက်သည် လမ်းညွှန်ချက်မွန်၏ အခြေခံဖြစ်၊ သို့တိုင် ပျော်ဖွယ်ရွှင်ဖွယ်ပြုရန် ခွင့်ပြု
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာမှအကြံပြုချက်ကို လိုက်နာကျင့်သုံးသူတို့သည် ဘက်စုံမျှတသည့်အသက်တာကို ပျော်မွေ့နိုင်ကြ