မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြောင်းမဲ့ မုန်းတီးခံရ

အကြောင်းမဲ့ မုန်းတီးခံရ

အကြောင်းမဲ့ မုန်းတီး​ခံရ

“အကြောင်း​မရှိဘဲ ငါ့ကို​မုန်း​ကြ​၏။”—ယောဟန် ၁၅:၂၅

၁၊ ၂။ (က) ခရစ်ယာန်​များ ကဲ့ရဲ့​ပြစ်တင်​ခံရ​သည့်​အခါ လူ​အချို့ အဘယ်ကြောင့် နားလည်​ရ​ခက်​ကြ​သနည်း၊ သို့သော် ထိုသို့​ကဲ့ရဲ့​ခံရ​ခြင်း​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့် မအံ့သြ​သင့်​သနည်း။ (ခ) ‘မုန်းသည်’ ဟူ​သည့်​စကားလုံး​၏ အဘယ်​အဓိပ္ပာယ်​ကို ဤ​ဆောင်းပါး​တွင် သုံးသပ်ကြ​မည်​နည်း။ (အောက်ခြေမှတ်ချက်ကို​ရှု။)

ယေဟောဝါသက်သေ​များသည် သမ္မာ​ကျမ်းစာ​ပါ မူများ​နှင့်​အညီ နေထိုင်ရန် ကြိုးစား​ကြသည်။ ယင်းကြောင့် ဒေသ​များစွာ​တွင် သူတို့​နာမည်​ကောင်း​ရရှိ​ကြသည်။ သို့သော် တစ်ခါတစ်ရံ သူတို့ကို အထင်လွဲ​မှား​ကြသည်။ ဥပမာ၊ လွန်ခဲ့သော​နှစ်​အနည်းငယ်​ခန့်​က ရုရှား​နိုင်ငံ၊ စိန့် ပီတာ​စ​ဘာ့ဂ်​မြို့မှ အစိုးရ​အရာရှိ​တစ်ဦး ဤသို့​ဖြစ်​ခဲ့​ကြောင်း​ပြောပြ​သည်– “ယေဟောဝါ​သက်သေခံတွေဟာ မြေအောက်​ဂိုဏ်း​တစ်ခု​ဖြစ်​ပြီး ကလေး​တွေ​ကို​သတ်၊ ကိုယ့်​ကိုယ်ကို​သတ်​သေနေ​ကြ​တဲ့​သူတွေ​ဖြစ်တယ်​လို့ ကျွန်တော်​တို့ကို လာ​ပြော​ကြတယ်။” သို့သော် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​တစ်ခု​တွင် ယေဟောဝါသက်သေ​များနှင့်​အတူ အလုပ်လုပ်​ကိုင်​ခဲ့​ရပြီး​နောက် ထို​အရာရှိ​က​ပင် ဤသို့​မှတ်ချက်ချ​ခဲ့​၏– “အခု​မှ သူတို့ဟာ တခြား​လူတွေ​လို​ပဲ ပြုံးရွှင်​တဲ့​သူတွေ​ဖြစ်​မှန်း သိလာ​ရတယ် . . .။ သူတို့ဟာ အေးဆေး​ငြိမ်သက်​တဲ့​သူတွေပါ၊ တစ်ယောက်ကို​တစ်ယောက်​လည်း အရမ်း​ချစ်​ကြတယ်။” သူ​ဤသို့​ထပ်ဆင့်​ပြောဆို​သေး​၏– “လူတွေက သူတို့​အကြောင်း ဘာကြောင့် ဒီလောက်​လိမ်ညာ​ပြော​ကြ​ရတာလဲ ဆိုတာ​ကို ကျွန်တော်​နားမလည်​နိုင်ဘူး။”—၁ ပေတရု ၃:၁၆

မကောင်းမှု​ပြုသူ​များ​အဖြစ် ဘုရားသခင့်​ကျေးကျွန်​များ အသရေ​ရှုတ်ချ​ခံရ​သည်ကို သူတို့​မနှစ်သက်​ကြ​ပါ၊ သို့သော်လည်း လူများ ထိုသို့​ပြောဆို​ကြသည်​ကို မအံ့သြ​ကြ​ပါ။ ယေရှု​က သူ၏​နောက်လိုက်​များ​အား ဤသို့​သတိပေး​ခဲ့​၏– “လော[က]သားတို့​သည် သင်တို့ကို​မုန်း​လျှင်၊ သင်တို့ကို​မမုန်း​မီ ငါ့ကို​မုန်း​ကြသည်​ကို သိမှတ်​ကြလော့။ . . . ‘အကြောင်း​မရှိဘဲ ငါ့ကို​မုန်း​ကြ​၏’ ဟု သူတို့၏​ပညတ္တိကျမ်း​စာ​၌ ရေးထား​သော​စကား​သည် ပြည့်စုံခြင်း​သို့​ရောက်​သတည်း။” * (ယောဟန် ၁၅:၁၈-၂၀၊ ၂၅; ဆာလံ ၃၅:၁၉; ၆၉:၄) အစောပိုင်း​၌ ကိုယ်တော် ဤသို့​မိန့်တော်မူ​ခဲ့​ပြီး​ဖြစ်သည်– “အိမ်ရှင်ကို ဗေလဇေဗုလ​ဟု​ခေါ်​ကြ​လျှင် အိမ်သူအိမ်သား​တို့ကို သာ၍​ခေါ်ဝေါ်​ကြလိမ့်မည်။” (မဿဲ ၁၀:၂၅) ယင်း​သို့​ကဲ့ရဲ့​ရှုတ်ချခြင်း​သည် ခရစ်တော်​နောက်လိုက်​ဖြစ်လာ​ချိန်​တွင် သူတို့​လက်ခံခဲ့​သော “ညှဉ်းဆဲ​ရာ​နှက်တိုင်” တွင်​အပါအဝင်​ဖြစ်​ကြောင်း ခရစ်ယာန်​များ သဘောပေါက်​ကြသည်။—မဿဲ ၁၆:၂၄က​ဘ။

၃။ စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​သူများ​သည် အဘယ်​အတိုင်းအတာ​အထိ နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ကြ​ရသနည်း။

စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​သူများကို နှိပ်စက်​ညှဉ်းပန်း​ခြင်း​သည် ရှေး​အချိန်၊ “ဖြောင့်မတ်​သော​အာဗေလ” ခေတ်​ကတည်းက ဖြစ်သည်။ (မဿဲ ၂၃:၃၄၊ ၃၅) ထိုသို့​နှိပ်စက်​ညှဉ်းပန်း​သည့် အဖြစ်အပျက် အနည်းငယ်​သာ​ရှိသည်​မဟုတ်ပါ။ ယေရှု​က “လူအပေါင်း​တို့သည်” ကိုယ်တော်​၏​နာမ​ကြောင့် နောက်တော်လိုက်​များ​ကို “မုန်း​ကြလိမ့်မည်” ဟု​မိန့်တော်မူ​ခဲ့​၏။ (မဿဲ ၁၀:၂၂) ထို့​ပြင် တမန်​တော်​ပေါလု​က ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​အပါအဝင် ဘုရားသခင့်​ကျေးကျွန်​အားလုံး​သည် နှိပ်စက်​ညှဉ်းပန်း​ခံရ​မည်​ကို မျှော်လင့်သင့်​သည်​ဟု ရေးသားခဲ့​၏။ (၂ တိမောသေ ၃:၁၂) အဘယ်​အတွက်​ကြောင့်​နည်း။

အကြောင်းမဲ့​မုန်းတီး​ခံရ​သည့် အကြောင်းရင်း

၄။ အကြောင်းမဲ့​မုန်းတီး​ခံရ​ခြင်း​၏ ရင်းမြစ်​အကြောင်း သမ္မာကျမ်းစာ​က မည်သို့​ဖော်ပြ​သနည်း။

ကမ္ဘာဦး​မှ​စ၍ မျက်မြင်မရ သွေးထိုး​လှုံ့ဆော်ပေး​သူ​ရှိခဲ့​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ ပထမဦးဆုံး ယုံကြည်ခြင်း​ရှိသူ အာဗေလ​အား ရက်ရက်စက်စက်​သတ်ခဲ့​သည့်​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ သူ၏​အစ်ကို လူသတ်သမား ကာဣန​ကို ‘စာတန်​နှင့်​ဆိုင်သော​သူ’ ဟု သမ္မာကျမ်းစာ​က ဖော်ပြ​၏။ (၁ ယောဟန် ၃:၁၂) ကာဣန​သည် စာတန်​၏​စိတ်ထား​ကို တင်ပြ​ခဲ့​၏၊ စာတန်​သည် မိမိ၏​ဆိုးညစ်သော အကြံအစည်​ကို​လုပ်ဆောင်ရန် သူ့ကို​အသုံးပြု​ခဲ့​သည်။ ယောဘ​နှင့် ယေရှု​ခရစ်​တို့ကို ရက်ရက်စက်စက် တိုက်ခိုက်​ခဲ့​သော စာတန်​၏​လုပ်ရပ်များ​ကိုလည်း သမ္မာကျမ်းစာ​က​ဖော်ပြ​ထား​၏။ (ယောဘ ၁:၁၂; ၂:၆၊ ၇; ယောဟန် ၈:၃၇; ၁၃:၂၇) ယေရှု၏​နောက်လိုက်​များ​အား အဓိက​နှိပ်စက်​ညှဉ်းပန်း​သူကို ဗျာ.ကျမ်း​က ဤသို့​ရှင်းလင်း​ပြတ်သား​စွာ ဖော်ပြ​၏– ‘သင်တို့သည် စုံစမ်းခြင်း​ကို​ခံရ​မည်​အကြောင်း စာတန်​သည် သင်တို့တွင် အချို့​ကို ထောင်​ထဲ​၌ လှောင်ထား​လိမ့်​မည်။’ (ဗျာ. ၂:၁၀) မှန်​ပါ​၏၊ စာတန်​သည် ဘုရားသခင့်​လူမျိုး​ကို အကြောင်းမဲ့​မုန်းတီး​ရခြင်း​၏ ရင်းမြစ်​ဖြစ်သည်။

၅။ စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​သူများကို စာတန် အဘယ်ကြောင့် မုန်းတီး​ရသနည်း။

စစ်မှန်သော ဝတ်ပြု​ကိုးကွယ်​သူများကို စာတန်​မုန်းတီး​ရသည့် အကြောင်းရင်း​ကား အဘယ်နည်း။ မိမိကိုယ်ကို အလွန်​အထင်ကြီး​ကြောင်း​ဖော်ပြ​သည့် လျှို့ဝှက်​အကြံအစည်​တစ်ခု​တွင် စာတန်​သည် “ထာဝရ​ဘုရင်” ယေဟောဝါ​ဘုရားသခင်​ကို ပြိုင်ဆိုင်​ခဲ့​သည်။ (၁ တိမောသေ ၁:၁၇က​ဘ; ၃:၆) ဘုရားသခင်​သည် ဖန်ဆင်း​ခံ​သတ္တဝါများ​ကို အလွန်အမင်း​ချုပ်ချယ်​ပြီး အုပ်ချုပ်​၏၊ လူတို့သည် ယေဟောဝါ​အား စိတ်ရင်းမှန်​ဖြင့် ကိုးကွယ်​သည်မဟုတ်၊ ကိုယ်ကျိုး​အတွက်သာ ဝတ်ပြု​ကြ​၏​ဟု သူ,အခိုင်အမာ​ဆို​သည်။ လူသားများ​ကို စမ်းသပ်​ခွင့်​ရမည်​ဆိုလျှင် ဘုရားသခင်​ထံ​မှ လူတိုင်းကို စွန့်ခွာ​အောင်​လုပ်နိုင်​သည်​ဟု စာတန်​ဆို​၏။ (ကမ္ဘာဦး ၃:၁-၆; ယောဘ ၁:၆-၁၂; ၂:၁-၇) စာတန်​က ယေဟောဝါ​သည် နိုင်ထက်စီးနင်း​ပြုသူ၊ မုသာ​သုံး​သူ၊ အစွမ်းအစ​မရှိသူ​ဟု ရှုတ်ချ​ပြောဆို​ရာ​တွင် မိမိကိုယ်ကို ပြိုင်ဘက် အုပ်စိုးရှင်​အဖြစ် နေရာ​ဝင်​ယူဖို့ ရှာကြံ​ပြုလုပ်​ခဲ့​၏။ သို့ဖြင့် သူသည် ဝတ်ပြု​ကိုးကွယ်​ခံ​လို​စိတ် ပြင်းပြ​လွန်း​သောကြောင့် ဘုရားသခင့်​ကျေးကျွန်​များ​ကို အမျက်ထွက်​ရခြင်း​ဖြစ်သည်။—မဿဲ ၄:၈၊ ၉

၆။ (က) ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု အရေးကိစ္စ​တွင် ကျွန်ုပ်​တို့​တစ်ဦးစီ မည်သို့​ပါဝင်​ပတ်သက်​နေသနည်း။ (ခ) ယင်း​အရေးကိစ္စကို နားလည်​သဘောပေါက်ခြင်းက ကျွန်ုပ်​တို့၏ သမာဓိကို မည်သို့​ဆက်​ထိန်းသိမ်း​စေ​ခဲ့ပြီ​နည်း။ (စာမျက်နှာ ၁၆ မှ​လေးထောင့်ကွက်​ကို​ရှု။)

ဤ​အရေးကိစ္စ​သည် သင်​နှင့် မည်သို့​ပတ်သက်​ကြောင်း တွေ့မြင်​သလော။ ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​အနေ​နှင့် သင်သည် ဘုရားသခင့်​အလိုတော်​ဆောင်​ရာ​တွင် ကြိုးစား​အားထုတ်မှု​ရှိဖို့လို​သော်လည်း ထိုသို့​ပြုခြင်း​၏ အကျိုးကျေးဇူး​သည် အလွန်​များ​ကြောင်း တွေ့ရှိ​ခဲ့​ရ​ပေမည်။ သို့သော် သင့်​ဘဝ​အခြေအနေ​ကြောင့် ယေဟောဝါ​၏​ပညတ်​နှင့် မူများ​ကို ဆက်​နာခံ​ရန် ခက်ခဲ​မည်၊ နာကျင်မှု​ပင် ခံစားရ​မည်​ဆိုလျှင်​ကော။ အဘယ်​အကျိုးကျေးဇူး​မျှ မခံစား​ရ​ပုံ​ရှိ​နေလျှင်​ကော အသို့နည်း။ ယေဟောဝါ​၏​အမှုဆောင်ခြင်း​သည် အကျိုးမရှိ​ဟု သင်​ကောက်ချက်​ချ​လိုက်​မည်​လော။ သို့​မဟုတ် ယေဟောဝါ​အား ချစ်​သည့်​မေတ္တာ​နှင့် ကိုယ်တော်​၏ အံ့ချီးဖွယ်​အရည်အချင်းများ​ကို နက်ရှိုင်း​စွာ လေးမြတ်​တန်ဖိုး​ထားခြင်း​ကြောင့် ကိုယ်တော့်​နည်းလမ်းတော်​အတိုင်း ဆက်လျှောက်​လှမ်း​မည်​လော။ (တရားဟောရာ ၁၀:၁၂၊ ၁၃) ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို စာတန်​ဖြစ်ပေါ်​စေသော အခက်အခဲ​အချို့ ခံစား​စေခြင်း​ဖြင့် ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​အနေ​နှင့် စာတန်​၏​စိန်ခေါ်ချက်​ကို ကိုယ်တိုင်​အဖြေပေး​နိုင်​ခွင့် ရရှိခဲ့ကြ​ပြီ။—သု. ၂၇:၁၁

‘လူတို့သည် သင်တို့ကို ကဲ့ရဲ့​ကြသောအခါ’

၇။ ကျွန်ုပ်​တို့ကို ယေဟောဝါ​ထံ​တော်​မှ ဝေးကွာ​သွားစေရန် စာတန်​ကြိုးစား​အသုံးပြုသည့် နည်း​တစ်နည်း​ကား အဘယ်နည်း။

မမှန်မကန် ကဲ့ရဲ့​ရှုတ်ချ​သည့်​စကား​ဖြင့် စာတန်​ပေါ်ပေါက်​စေ​ခဲ့​သော အရေးကိစ္စ​တွင် သူ၏​စွပ်စွဲချက်​ကို သက်သေထူ​ရန် သူ​အသုံးပြုသည့် စဉ်းလဲ​သည့်​လုပ်ရပ်များ​ထဲ​မှ​တစ်ခု​ကို ယခု ပို​၍​အသေးစိတ် သုံးသပ်ကြည့်​ကြ​စို့။ ယေရှု​က စာတန်​ကို “မုသာ​၏​အဘ” ဟု​ခေါ်ဆို​ခဲ့​သည်။ (ယောဟန် ၈:၄၄) မာရ်နတ်​ဟူသော​အမည်​သည် “ရှုတ်ချ​ပြောဆိုသူ” ဟု​အဓိပ္ပာယ်​ရှိရာ ဘုရားသခင်၊ ကိုယ်တော်​၏ အကျိုးပြုသော​နှုတ်မြွက်​စကားတော်​နှင့် သန့်ရှင်းသော​နာမတော်​တို့ကို အဓိက​ရှုတ်ချ​ပြောဆိုသူ​ဖြစ်​ကြောင်း ဖော်ပြ​သည်။ စာတန်​သည် ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို စိန်ခေါ်​ရာ​တွင် စောင်း​ချိတ်​ပြောဆို​သည့်​စကား​များ၊ မဟုတ်မမှန်​စွပ်စွဲချက်​များ၊ ဗြောင်​လိမ်လည်​သော​စကား​များ​ကို အသုံးပြု​သည်၊ ဘုရားသခင်​၏ တည်ကြည်သော ကျေးကျွန်​များ​ကို အပုပ်ချ​ပြောဆို​ရာ​တွင်​လည်း ထို​နည်းတူ​ပင်​ပြု​သည်။ ထို​သက်သေခံ​များ​ကို တစ်ခု​ပြီး​တစ်ခု ကဲ့ရဲ့​ရှုတ်ချခြင်း​အားဖြင့် ခံရ​အလွန်​ခက်​သည့် ပြင်းထန်သော​စုံစမ်း​နှောင့်ယှက်မှု​ကို ဖြစ်စေ​နိုင်​သည်။

၈။ စာတန်​သည် ယောဘ​ကို မည်သို့​ကဲ့ရဲ့​ရှုတ်ချခဲ့​သနည်း၊ အဘယ်​အကျိုး​သက်ရောက်မှု ဖြစ်ပေါ်​ခဲ့​သနည်း။

“ရန်လိုမှု​၏​သားကောင်” ဟု​အဓိပ္ပာယ်​ရှိသော ယောဘ​၏​အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ။ စာတန်​သည် ယောဘ​၏​အသက်မွေးဝမ်းကျောင်း၊ သားသမီး​များနှင့် ကျန်းမာ​ရေး​တို့ကို ဆုံးရှုံး​စေသည့်​အပြင် ယောဘ​အား ဘုရားသခင်​ဒဏ်ခတ်​သည်ကို​ခံရ​သည့် အပြစ်ပြု​လုပ်​သူ​တစ်ဦး ပုံ​ထွက်​စေရန် ဖန်တီး​ခဲ့​သည်။ ယောဘသည် အလွန်​လေးစား​ခံရ​သူ​တစ်ဦး ဖြစ်​ခဲ့​သော်လည်း ဆွေမျိုးသားချင်း​များနှင့် ရင်းနှီးသော​မိတ်ဆွေများ​၏ မထီမဲ့မြင်​ပြုခြင်း​ကို ခံ​လာ​ရသည်။ (ယောဘ ၁၉:၁၃-၁၉; ၂၉:၁၊ ၂၊ ၇-၁၁) ထို့​ပြင် နှစ်သိမ့်​ပေး​ဟန်ဆောင်​သူတို့အား​ဖြင့် ‘ယောဘ​ကို စကား​ဖြင့် ချိုးဖဲ့’ ရန် စာတန်​ရှာကြံ​ခဲ့​သည်၊ ထို​သူတို့သည် ယောဘ​အား ကြီး​လေး​သော​အပြစ်​များ ကျူးလွန်​ခဲ့​ရမည်ဟု ပထမ​ပိုင်း​တွင် စောင်း​ချိတ်​ပြောဆို​ကြ​၏၊ နောက်ပိုင်း​တွင်​မူ အပြစ်​ကျူးလွန်​သူ​ဟု သူ့ကို တိုက်ရိုက်​အပြစ်တင်​ပြောဆို​ခဲ့​ကြသည်။ (ယောဘ ၄:၆-၉; ၁၉:၂; ၂၂:၅-၁၀) ယောဘ အလွန်​စိတ်ပျက်​ခဲ့​ပေမည်!

၉။ ယေရှု​အား အပြစ်သား​တစ်ဦး​ပုံ မည်သို့​ထွက်​စေ​ခဲ့​သနည်း။

ယေဟောဝါ​၏ ပိုင်သ​အုပ်စိုးမှု​ကို အဓိက​ထောက်ခံသူ​ဖြစ်သော ဘုရားသခင့်​သားတော်​သည် စာတန့်​ရန်လိုမှု​၏ အဓိက​သားကောင်​ဖြစ်လာ​လေ​သည်။ ယေရှု​မြေကြီးပေါ်​သို့​ကြွလာ​သည့်​အခါ စာတန်​သည် ယောဘ​ကို​ပြုလုပ်​ခဲ့​သကဲ့သို့ ယေရှု​အား အပြစ်သား​တစ်ဦး​ပုံ​ထွက်​စေပြီး ဝိညာဉ်​ရေး​အရ ရုပ်ပျက်​သွားစေရန် ရှာကြံ​ပြုလုပ်​ခဲ့​သည်။ (ဟေရှာယ ၅၃:၂-၄; ယောဟန် ၉:၂၄) လူများ​က ကိုယ်တော်​အား သောက်ကြူး​သူ၊ စားကြူး​သူ၊ “နတ်ဆိုးစွဲ​သော​သူ” ဟု ခေါ်​ခဲ့​ကြသည်။ (မဿဲ ၁၁:၁၈၊ ၁၉; ယောဟန် ၇:၂၀; ၈:၄၈; ၁၀:၂၀) ဘုရားသခင်​ကို ပြစ်မှား​လွန်ကျူးသူ​ဟူ၍ ကိုယ်တော်​အား မဟုတ်မမှန် စွပ်စွဲ​ခဲ့​ကြသည်။ (မဿဲ ၉:၂၊ ၃; ၂၆:၆၃-၆၆; ယောဟန် ၁၀:၃၃-၃၆) ယင်းက ခမည်းတော်​အား ပြစ်တင်​ရှုတ်ချ​ရာ​ကျ​သောကြောင့် ယေရှုသည် အကြီးအကျယ်​စိတ်​အနှောင့်အယှက်​ဖြစ်​ခဲ့​သည်။ (လုကာ ၂၂:၄၁-၄၄) နောက်ဆုံး​တွင် ကျိန်ခြင်း​ခံရ​သော ရာဇဝတ်သား​တစ်ဦး​အဖြစ် ယေရှုကို နှက်တိုင်​တင်​သတ်ခဲ့​ကြသည်။ (မဿဲ ၂၇:၃၈-၄၄) ယေရှုသည် သမာဓိကို​ပြည့်ဝ​စုံလင်စွာ စောင့်ထိန်း​ရာ​တွင် ‘အပြစ်ရှိ​သော​သူတို့၏ ဆီးတား​နှောင့်ယှက်ခြင်း’ များစွာကို ခံရပ်​ခဲ့​ရသည်။—ဟေဗြဲ ၁၂:၂၊ ၃

၁၀။ မျက်မှောက်ခေတ် ဝိညာဉ်​တော်​ဖွား​အကြွင်းအကျန်​သည် စာတန်​၏​ပစ်မှတ် မည်သို့​ဖြစ်​ခဲ့​ကြ​သနည်း။

၁၀ မျက်မှောက်ခေတ်တွင် ခရစ်တော်​၏​နောက်လိုက် ဝိညာဉ်​တော်​ဖွား​အကြွင်းအကျန်​သည်လည်း စာတန့်​ရန်လိုမှု​၏ သားကောင်​များ ဖြစ်လာ​ကြသည်။ “[ခရစ်တော်​၏] ညီအစ်ကို​များ​ကို ငါ​တို့​ဘုရားသခင့်​ရှေ့တော်၌ နေ့​ည​မပြတ် အပြစ်တင်​သော​ရန်သူ” အဖြစ် စာတန်​ကို ပုံဖော်​ထား​၏! (ဗျာ. ၁၂:၉၊ ၁၀) စာတန်​သည် ကောင်းကင်​မှ​နှင်ချ​ခံ​ခဲ့​ရပြီး မြေကြီး​ဝန်းကျင်​တွင်​သာ ကျင်လည်​ရသည့်​အချိန်​မှ​စ၍ ခရစ်တော်​၏​ညီတော်​များ​အား ယုတ်ညံ့​သော​အပယ်ခံ​များ​ပုံ​ပေါ်​စေရန် ပိုမို​ကြိုးစား​လျက်​ရှိသည်။ (၁ ကောရိန္သု ၄:၁၃) ပထမ​ရာစု​မှ​ခရစ်ယာန်​များ​ကဲ့သို့​ပင် နိုင်ငံ​တချို့​တွင် သူတို့သည် အန္တရာယ်​ရှိ​ဂိုဏ်း​ဟု အသရေ​ရှုတ်ချ​အခေါ်​ခံရ​ကြသည်။ (တမန်​တော် ၂၄:၅၊ ၁၄; ၂၈:၂၂) အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သည့်​အတိုင်း မဟုတ်မမှန်​ဝါဒဖြန့်မှု​များ​အားဖြင့် အသရေ​ရှုတ်ချ​ခံ​ခဲ့​ကြ​ရသည်။ ဤသို့ “အသရေ​ထင်ရှား​ခြင်း​နှင့် ရှုတ်ချခြင်း၊ ချီးမွမ်း​ခြင်း​နှင့် ကဲ့ရဲ့​ခြင်း​ကို​ခံ” ရ​ကြသော်လည်း ခရစ်တော်​၏ ဝိညာဉ်​တော်​ဖွား​ညီတော်​များသည် သူတို့၏​အပေါင်းပါ “အခြားသိုး” ၏​ထောက်မမှု​ဖြင့် “ဘုရားသခင်​၏ ပညတ်တော်​တို့ကို​ကျင့်​၍ ယေရှု၏ သက်သေခံ​တော်​မူ​ချက်​ကို စွဲလမ်း” ရန် နှိမ့်ချစွာ ကြိုးစား​ခဲ့​ကြသည်။—၂ ကောရိန္သု ၆:၈; ယောဟန် ၁၀:၁၆; ဗျာ. ၁၂:၁၇

၁၁၊ ၁၂။ (က) ခရစ်ယာန်​များ​ကြုံတွေ့​ရသည့် ကဲ့ရဲ့​ရှုတ်ချမှု​တချို့​သည် အဘယ်​အကြောင်းကြောင့် ဖြစ်​နိုင်​သနည်း။ (ခ) ခရစ်ယာန်​တစ်ဦး​သည် သူ၏​ယုံကြည်ခြင်း​ကြောင့် အဘယ်​နည်းများဖြင့် မတရား​ပြုမူ​ခံရ​နိုင်​သနည်း။

၁၁ ဘုရားသခင့်​ကျေးကျွန်​များ ကြုံတွေ့​ရသည့် ပြစ်တင်​ရှုတ်ချမှု​အားလုံး​သည် “ဖြောင့်မတ်ခြင်း​တရား​ကြောင့်” မဟုတ်ပါ။ (မဿဲ ၅:၁၀) ပြဿနာ​အချို့​သည် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ မစုံလင်မှု​များ​ကြောင့် ဖြစ်​ပေမည်။ “ကိုယ်​အပြစ်​ကြောင့် ဒဏ်​ခံရသော​အခါ သည်းခံ​လျှင်” အထူး​ကျေးဇူး​မရှိပါ။ သို့သော် ခရစ်ယာန်​တစ်ဦး​သည် “ဘုရားသခင်​၏​မျက်နှာတော်​ကို​ထောက်၍ မတရားသော​ညှဉ်းဆဲခြင်း​ကို နာကျင်​စွာ​ခံရ​လျှင် . . . ဘုရားသခင့်​ရှေ့တော်၌ ကျေးဇူးရှိ​၏။” (၁ ပေတရု ၂:၁၉၊ ၂၀) အဘယ်​အခြေအနေ​များ​အောက်တွင် ထိုသို့​ကြုံ​ရနိုင်​သနည်း။

၁၂ ဘုရားသခင့်​လူမျိုး​သည် အုပ်စု​လိုက် အသရေ​ဖျက် တိုက်ခိုက်​ခံရ​သည့်​အပြင် ခရစ်ယာန်​တစ်ဦးချင်း​စီ​သည် ယုံကြည်ခြင်း​ကြောင့် ကဲ့ရဲ့​ပြစ်တင် ရှုတ်ချ​ခံရ​နိုင်​သည်။ အချို့​တို့သည် ကျမ်းစာ​နှင့်​မညီသော အသုဘ​ထုံးစံ​များ​တွင် မပါဝင်​ခဲ့​ကြသော​ကြောင့် မတော်မတရား ကြမ်းတမ်း​စွာ ဆက်ဆံ​ခံ​ခဲ့​ကြ​ရသည်။ (တရားဟောရာ ၁၄:၁) သက်သေခံ​လူငယ်လေး​များသည် ယေဟောဝါ​၏ ကျင့်ဝတ်​စံနှုန်း​များ​ကို စွဲကိုင်​ထား​ကြ​ခြင်း​ကြောင့် မခံ​ချင်​အောင် မညှာမတာ​ရှုတ်ချ​ပြောဆို​ခံ​ခဲ့​ကြ​ရသည်။ (၁ ပေတရု ၄:၄) ခရစ်ယာန်​မိဘ​အချို့​သည် မိမိတို့၏​ကလေး​များ​ကို သွေးမဲ့​ကုသ​နည်း ရှာဖွေခဲ့​ကြသော​ကြောင့် “တာဝန်​မ​ကျေပွန်သူ” သို့​မဟုတ် “ရက်စက်​သူ” ဟု မှားယွင်းစွာ စွပ်စွဲ​ခံ​ခဲ့​ကြ​ရသည်။ (တမန်​တော် ၁၅:၂၈၊ ၂၉) ခရစ်ယာန်​များသည် ယေဟောဝါ​၏​ကျေးကျွန်​များ ဖြစ်လာ​သည့်​အတွက် ဆွေမျိုး​များနှင့် အိမ်နီးချင်း​တို့၏ ဝိုင်း​ပယ်​မှု​ကို​ခံ​ခဲ့​ကြ​ရသည်။ (မဿဲ ၁၀:၃၄-၃၇) မတရား​သဖြင့်​ပြုမူ​ခံ​ကြ​ရာ​တွင် ထို​သူအား​လုံး​တို့သည် ပရောဖက်​များနှင့် ယေရှု​ကိုယ်တော်တိုင် ချမှတ်​ခဲ့​သည့်​လမ်းစဉ်​ကို လိုက်လျှောက်​နေကြ​ခြင်း​ဖြစ်သည်။—မဿဲ ၅:၁၁၊ ၁၂; ယာကုပ် ၅:၁၀; ၁ ပေတရု ၂:၂၁

ကဲ့ရဲ့​ရှုတ်ချမှု​ကို ခံရပ်​ခြင်း

၁၃။ အပြင်းအထန်​ကဲ့ရဲ့​ရှုတ်ချ​ခံရ​သည့်​အခါ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးဟန်​ချက်​ကို အဘယ်အရာက ဆက်​ထိန်းပေး​နိုင်​သနည်း။

၁၃ ယုံကြည်ခြင်း​ကြောင့် အပြင်းအထန် ကဲ့ရဲ့​ရှုတ်ချ​ခံရ​သည့်​အခါ ပရောဖက်​ယေရမိ​ကဲ့သို့​ပင် ကျွန်ုပ်​တို့သည် စိတ်ပျက်​လာနိုင်​ပြီး ဘုရားသခင့်​အမှုတော် မ​ဆောင်​ချင်​တော့​ဘဲ ဖြစ်လာ​နိုင်​သည်။ (ယေရမိ ၂၀:၇-၉) ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးဟန်​ချက်​ကို အဘယ် အရာ​က ဆက်​ထိန်းပေး​နိုင် သနည်း။ ကိစ္စရပ်​တို့ကို ယေဟောဝါ ရှုမြင်​သကဲ့သို့ ရှုမြင်​ရန် ကြိုးစား​ပါ။ ကိုယ်တော်​သည် စမ်းသပ်မှု​ကို တည်ကြည်​စွာ​ခံရပ်​သူများ​အား အခက်အခဲ​ကြုံနေ​ရသူ​များ​အဖြစ်​မဟုတ်ဘဲ အောင်မြင်သူ​များ​အဖြစ် ရှုမြင်​၏။ (ရောမ ၈:၃၇) စာတန်​၏ ပြင်းထန်သော သိက္ခာ​ချ​အရှက်ခွဲ​မှု​အမျိုးမျိုးကို ခံ​ခဲ့​ရ​သော်လည်း ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံ​ခဲ့​ကြသော ရှေး​အချိန်​မှ အာဗေလ၊ ယောဘ​နှင့် အခြား​တည်ကြည်သူ ယောက်ျား၊ မိန်းမ​များ​အပြင် မျက်မှောက်ခေတ် ဘုရားသခင့်​ကျေးကျွန်​ချင်း​များ​ကို ကြိုးစား​မြင်ယောင်​ကြည့်​ပါ။ (ဟေဗြဲ ၁၁:၃၅-၃၇; ၁၂:၁) သူတို့၏ သမာဓိ​ရှိ​လမ်းစဉ်​ကို တွေးတော​ဆင်ခြင်​ပါ။ ထို​တည်ကြည်သူ လူ​အစုအဝေး​ကြီး​သည် ယုံကြည်ခြင်း​အားဖြင့် ဤ​လောကကို​အောင်နိုင်သူ​များ​အတွက်​ဖြစ်သော အောင်ပွဲခံ​စင်မြင့်​ပေါ်​သို့ သူတို့နှင့်​အတူ​ပူးပေါင်း​တက်​ရန် ကျွန်ုပ်​တို့ကို ဖိတ်ခေါ်​နေပါ​သည်။—၁ ယောဟန် ၅:၄

၁၄။ ထက်သန်​စွာ​ဆုတောင်းခြင်း​သည် ဆက်​တည်ကြည်​ရန် မည်သို့ ခွန်အား​ဖြစ်စေ​နိုင်​သနည်း။

၁၄ ‘ကျွန်ုပ်​တို့၏​စိတ်ထဲ​တွင် စိုးရိမ်​ကြောင့်ကြ​ခြင်း များပြား​လာ’ လျှင် ယေဟောဝါ​ထံ စိတ်အား​ထက်သန်​စွာ ဆုတောင်း​နိုင်​သည်၊ ကိုယ်တော်​သည် နှစ်သိမ့်မှု​နှင့် ခွန်အား​ကို မုချ​ပေး​တော်​မူ​မည်။ (ဆာလံ ၅၀:၁၅; ၉၄:၁၉) စုံစမ်း​နှောင့်ယှက်ခြင်း​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်​ရန် လိုအပ်သော​ဉာဏ်ပညာ​ကို ကိုယ်တော်​ပေး​တော်​မူ​မည်​ဖြစ်သည်၊ ဘုရားသခင့်​ကျေးကျွန်​များ​ကို အကြောင်းမဲ့​မုန်းတီး​နေသည့် အကြောင်းရင်း​ဖြစ်သော ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ဆိုင်ရာ အရေးကိစ္စ​ကြီး​အပေါ် ဆက်​အာရုံစိုက်​နေစေပါ​မည်။ (ယာကုပ် ၁:၅) ထို့​ပြင် “အဘယ်သူမျှ ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏ ငြိမ်သက်ခြင်း” ကိုလည်း ကျွန်ုပ်​တို့အား ကိုယ်တော်​ပေး​နိုင်၏။ (ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင်​ပေး​သော ဤ​ငြိမ်သက်မှု​က ပြင်းထန်သော​ဖိအားများ ရင်ဆိုင်​ရချိန်တွင် သံသယစိတ်၊ ကြောက်စိတ်​တို့​ကြောင့် အားလျော့​မသွား​စေရန် စိတ်​ငြိမ်သက်​စွာ​ဖြင့် မားမားမတ်မတ်​ခံရပ်​သွား​စေနိုင်​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့​ရင်ဆိုင်​ရ​ရန် ကိုယ်တော်​ခွင့်ပြု​သမျှ​ကို ဝိညာဉ်​တော်​တန်ခိုး​အားဖြင့် ခံရပ်​စေနိုင်​သည်။—၁ ကောရိန္သု ၁၀:၁၃

၁၅။ အခက်အခဲ​ကြုံ​ရသည့်​အခါ နာကြည်း​စိတ်​မဖြစ်​ပေါ်​စေရန် အဘယ်အရာက ကူညီ​နိုင်​သနည်း။

၁၅ ကျွန်ုပ်​တို့ကို အကြောင်းမဲ့​မုန်းတီး​သူတို့​အပေါ် နာကြည်း​စိတ်​မရှိစေရန် အဘယ်အရာက ကူညီ​ပေး​နိုင်​သနည်း။ ကျွန်ုပ်​တို့၏​အဓိက​ရန်သူများ​မှာ စာတန်​နှင့် နတ်ဆိုး​များ​ဖြစ်​ကြောင်း သတိရပါ။ (ဧဖက် ၆:၁၂) လူတချို့​သည် ကျွန်ုပ်​တို့ကို တမင်တကာ၊ သိ​လျက်​နှင့် နှိပ်စက်​ညှဉ်းပန်း​ကြသော်လည်း ဘုရားသခင့်​လူမျိုး​ကို ဆန့်ကျင်သူ​အများစု​သည် မသိကြ​၍၊ သို့​မဟုတ် အခြားသူများ​၏ ကြိုး​ဆွဲ​မှု​ကို​ခံရ​ကြ​၍ ထိုသို့​ပြုလုပ်​ကြ​၏။ (ဒံယေလ ၆:၄-၁၆; ၁ တိမောသေ ၁:၁၂၊ ၁၃) ယေဟောဝါ​၏​အလိုတော်​မှာ “လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ [အမှန်]တရားကို​သိ” စေရန်​ဖြစ်သည်။ (၁ တိမောသေ ၂:၄) ယခင်​က အတိုက်အခံပြု​သူတချို့​သည် ကျွန်ုပ်​တို့၏ အပြစ်တင်စရာ​မရှိသော အမူအကျင့်များ​ကို တွေ့ရှိ​လာ​ခဲ့​ကြ​ပြီး​နောက် ယခု ကျွန်ုပ်​တို့၏ ညီအစ်ကို​များ ဖြစ်နေ​ကြပြီ။ (၁ ပေတရု ၂:၁၂) ထို့​ပြင် ယာကုပ်​၏​သား ယောသပ်​၏​ပုံ​နမူနာ​မှ သင်ခန်းစာယူ​နိုင်​ပါ​သည်။ ယောသပ်​သည် ဖတူမိကွဲ​အစ်ကို​များ​ကြောင့် အကြီးအကျယ် အခက်အခဲ​ကြုံ​ခဲ့​ရ​သော်လည်း သူတို့​အပေါ် ရန်လို​အငြိုး​ထား​စိတ် မရှိခဲ့​ပါ။ အဘယ်ကြောင့်​နည်း။ ယေဟောဝါ​သည် ရည်ရွယ်တော်မူချက် ပြီးမြောက်​စေရန် စနစ်တကျ စီစဉ်​ဆောင်ရွက်​ခဲ့​ခြင်း​ဖြစ်​ကြောင်း သူ​သဘောပေါက်​လာ​သည်။ (ကမ္ဘာဦး ၄၅:၄-၈) ထို​နည်း​အတိုင်း​ပင် ကျွန်ုပ်​တို့ မတရား​သဖြင့်​ခံ​ခဲ့​ရသော အဘယ်​အခက်အခဲ​မဆို​သည် ယေဟောဝါ​၏​နာမတော် ဘုန်းထင်ရှား​ရန် ဖြစ်သွား​စေနိုင်​၏။—၁ ပေတရု ၄:၁၆

၁၆၊ ၁၇။ ဟောပြောခြင်း​လုပ်ငန်း​ကို တားဆီး​ရန် အတိုက်အခံပြု​သူများ​၏ ကြိုးစား​အားထုတ်မှု​များ​ကို အဘယ်ကြောင့်​အလွန်အမင်း​မစိုးရိမ်သင့်​သနည်း။

၁၆ အတိုက်အခံပြု​သူများ​သည် သတင်းကောင်း​ဟောပြောခြင်းကို အတန်ကြာ တားဆီး​နိုင်​ပုံ​ရသည့်​အတွက် ကျွန်ုပ်​တို့ အလွန်အမင်း စိုးရိမ်​နေစရာ​မလိုပါ။ ကမ္ဘာချီ​သက်သေခံခြင်း​လုပ်ငန်း​အားဖြင့် လူမျိုး​တို့ကို ယေဟောဝါ လှုပ်​နေ​တော်​မူ​ပြီး ယင်း​မှ နှစ်သက်ဖွယ်ရာ​များ ထွက်ပေါ်​လာ​နေ​၏။ (ဟဂ္ဂဲ ၂:၇) ကောင်းသော​သိုးထိန်း ယေရှု​ခရစ်​က ဤသို့ မိန့်တော်မူ​ခဲ့​၏– “ငါ့​သိုး​တို့သည် ငါ့​စကားသံ​ကို​နားထောင်​၍ ငါ့​နောက်သို့​လိုက်​ကြ​၏။ ထို​သိုး​တို့ကို​ငါ​သိ​၏။ ထာဝရ​အသက်ကို​လည်း ငါ​ပေး​၏၊ . . . အဘယ်သူမျှ ထို​သိုး​တို့ကို ငါ့​လက်​မှ​မ​နုတ်​မယူ​ရာ။” (ယောဟန် ၁၀:၂၇-၂၉) သန့်ရှင်းသော​ကောင်းကင်တမန်​များသည်​လည်း ဝိညာဉ်​ရေး​ရိတ်သိမ်းခြင်း​လုပ်ငန်းကြီး​တွင် ပါဝင်​နေကြပါ​သည်။ (မဿဲ ၁၃:၃၉၊ ၄၁; ဗျာ. ၁၄:၆၊ ၇) ထို့​ကြောင့် အတိုက်အခံပြု​သူတို့​ပြော​သမျှ၊ လုပ်သမျှ​သည် ဘုရားသခင့်​ရည်ရွယ်ချက်ကို မ​ဆီးတား​နိုင်​ပါ။—ဟေရှာယ ၅၄:၁၇; တမန်​တော် ၅:၃၈၊ ၃၉

၁၇ တစ်ခါတစ်ရံ အတိုက်အခံပြု​သူတို့၏ ကြိုးစား​အားထုတ်မှု​များသည် ဆန့်ကျင်ဘက်​အကျိုး​သက်ရောက်မှု ဖြစ်လေ့​ရှိသည်။ အာဖရိက​နိုင်ငံ​တစ်ခု​တွင် ယေဟောဝါသက်သေ​များသည် စာတန်​ကို ကိုးကွယ်​သူများ​ဖြစ်သည်​ဟူ​သည့် သတင်း​အပါအဝင် လုံးလုံး​မမှန်​သည့် သတင်း​များ ပျံ့နှံ့​နေသည်။ ထို​သတင်း​များ​ကြောင့် သက်သေခံ​များ​ရောက်လာ​တိုင်း ဂရေ့စ်​သည် အိမ်နောက်​သို့​ပြေးပုန်း​ကာ သူတို့​ပြန်​မှ ထွက်​လာလေ့​ရှိသည်။ တစ်နေ့​သောအခါ သူ၏​ချာ့ခ်ျ​မှ တရားဟော​ဆရာ​က ကျွန်ုပ်​တို့၏​စာပေ​တစ်စောင်​ကို တက်ရောက်သူ​အားလုံး​အား​ပြပြီး ယုံကြည်ခြင်း​ပျောက်ကွယ်​သွား​စေနိုင်​သောကြောင့် ယင်း​စာပေ​ကို မဖတ်​ကြ​ရန် မှာကြား​လေ​သည်။ ယင်းက ဂရေ့စ်​၏ စူးစမ်း​လို​စိတ်​ကို နှိုးဆွ​လိုက်​သည်။ နောက်​တစ်ကြိမ် သက်သေခံ​များ လည်ပတ်​လာ​ကြသောအခါ ပုန်းရှောင်​နေ​မည့်​အစား သူတို့ကို လက်ခံ​စကားပြော​ပြီး စာပေ​တစ်စောင်​ကို လက်ခံ​ယူ​ထား​သည်။ သူနှင့်​ကျမ်းစာ​သင်အံမှု​စတင်​ခဲ့​ပြီး ၁၉၉၆ ခုနှစ်​တွင် သူ​နှစ်ခြင်း​ခံ​ခဲ့​သည်။ ယခု ဂရေ့စ်​သည် ယေဟောဝါသက်သေ​များ​အကြောင်း မဟုတ်မမှန်​သတင်း ကြား​ထား​သူများကို ရှာဖွေ​ရန် သူ၏​အချိန်ကို အသုံးပြု​နေပါ​သည်။

သင့်​ယုံကြည်ခြင်းကို ယခု​ခိုင်ခံ့​စေပါ

၁၈။ ပြင်းထန်သော စုံစမ်း​နှောင့်ယှက်မှု​များ မ​ရင်ဆိုင်​ရ​မီ ကျွန်ုပ်​တို့​ယုံကြည်ခြင်းကို ခိုင်မြဲ​နေ​အောင်​ပြုလုပ်​ရန် အဘယ်ကြောင့်​လိုအပ်​သနည်း၊ မည်သို့​ပြုလုပ်​နိုင်​သနည်း။

၁၈ စာတန်​သည် အကြောင်းမဲ့​မုန်းတီး​ပြီး ကျွန်ုပ်​တို့ကို ရုတ်တရက်​တိုက်ခိုက်​နိုင်သော​ကြောင့် ယခု​အချိန်တွင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို အရေးတကြီး ခိုင်ခံ့​နေ​စေ​သင့်​သည်။ မည်သို့​ခိုင်ခံ့​စေနိုင်​မည်​နည်း။ ယေဟောဝါ​၏​လူမျိုး​ကို နှိပ်စက်​ညှဉ်းပန်း​သော နိုင်ငံ​တစ်နိုင်ငံ​မှ​ရသော မှတ်တမ်းက ဤသို့​ဖော်ပြ​၏– “သိသာ​ထင်ရှား​သည့် အရာတစ်ခု​မှာ– ဝိညာဉ်​ရေး​အကျင့်ကောင်း​များ​ရှိပြီး အမှန်တရားကို အမှန်တကယ် လေးမြတ်​တန်ဖိုး​ထား​သူတို့သည် စမ်းသပ်ခံ​ရသောအခါ ခိုင်မြဲ​တည်ကြည်​ရန် ပြဿနာ​မရှိကြ​ချေ။ သို့သော် ‘အခွင့်သာ​ချိန်’ တွင် အစည်းအဝေး​များ​ကို​မ​တက်၊ လယ်ကွင်း​လုပ်ငန်း​၌ မှန်မှန်​မပါဝင်၊ သေးငယ်သော​အရေးကိစ္စ​များ​၌ အလျှော့ပေး​လိုက်လျော​တတ်​သူတို့သည် ‘ပြင်းထန်သော’ စမ်းသပ်မှု​ကို​ခံရ​သည့်​အခါ ကျရှုံး​ပြိုလဲ​သွားလေ့​ရှိ၏။” (၂ တိမောသေ ၄:၂) တိုးတက်​ဖို့​လို​နေသည့်​ကဏ္ဍ​များ​ကို သင်​တွေ့ရှိ​မည်​ဆိုလျှင် ဖင့်နွှဲ​မနေ​ဘဲ ကြိုးစား​အားထုတ်​၍ ပြုလုပ်​ဆောင်ရွက်​ပါ။—ဆာလံ ၁၁၉:၆၀

၁၉။ အကြောင်းမဲ့​မုန်းတီး​ခံရ​သော ဘုရားသခင့်​ကျေးကျွန်​များ​၏ သမာဓိက အဘယ်အရာကို ဖော်ပြ​သနည်း။

၁၉ စာတန်​၏​မုန်းတီးမှု​ဘေးဆိုးများ​ခံရ​သော စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​သူများ​၏ သမာဓိ​သည် ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​၏ တော်မှန်မှု၊ ထိုက်တန်​မှု၊ ဖြောင့်မတ်မှု​တို့အတွက် သက်ရှိ​သက်သေ​အထောက်အထား​ဖြစ်သည်။ သူတို့၏​တည်ကြည်မှု​က ဘုရားသခင့်​စိတ်တော်​ကို ရွှင်လန်း​စေ​သည်။ သူတို့ကို လူများ​က ကဲ့ရဲ့​ရှုတ်ချ​ကြ​မည်​ဖြစ်သော်လည်း ကောင်းကင်​မြေကြီး​အထက် ဂုဏ်တော်​ကြီး​မြင့်သော​အရှင် ‘ဘုရားသခင်​သည် သူတို့၏​ဘုရားသခင်​ဟူ၍ ခေါ်ဝေါ်​ခံရ​ခြင်း​ကို ရှက်​တော်​မ​မူ။’ တည်ကြည်သော ထို​သူအား​လုံး​နှင့်​ပတ်သက်​၍ “ဤ​လောကသည် ထို​သူတို့နှင့် မထိုက်မတန်” ဟု​အမှန်တကယ်​ပြောဆို​နိုင်​ပါ​သည်။—ဟေဗြဲ ၁၁:၁၆၊ ၃၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 သမ္မာကျမ်းစာ​တွင် ‘မုန်းသည်’ ဟူ​သည့်​စကားလုံး​၌ အဓိပ္ပာယ်​အမျိုးမျိုး​ရှိ၏။ ရှေ့နောက်စကား​တချို့​အရ အနည်းငယ်​အချစ်​လျော့​ခြင်း​ကို​သာ ဆိုလို​သည်။ (တရားဟောရာ ၂၁:၁၅၊ ၁၆) ‘မုန်းသည်’ ဟူ​သည့်​စကားလုံး​က ထိခိုက်​နာကျင်စေ​လို​သည့် ဆန္ဒ​မရှိဘဲ စက်ဆုပ်​ရွံရှာခြင်း​ကြောင့် မတွေ့မြင်​ရန် ရှောင်​နေခြင်း​ကိုလည်း ဆိုလို​နိုင်​သည်။ သို့သော် ‘မုန်းသည်’ ဟူ​သည့်​စကားလုံး​သည် အလွန့်အလွန် ရန်လို​မုန်းတီးမှု​နှင့် ဒွန်တွဲ​လေ့​ရှိသော မကောင်း​သည့်​စိတ်​မွေးခြင်း​ကိုလည်း ဆိုလို​နိုင်​သည်။ ထိုစကား​လုံး​၏ ဤ​အဓိပ္ပာယ်​ကို ဤ​ဆောင်းပါး​တွင် သုံးသပ်​ဆွေးနွေး​ထား​သည်။

သင်​ရှင်းပြ​နိုင်​သလော

စစ်မှန်သော​ဝတ်ပြုသူ​များ အကြောင်းမဲ့​မုန်းတီး​ခံရ​ခြင်း နောက်ကွယ်​တွင် အဘယ်အရာ​ရှိ​သနည်း။

စာတန်​သည် ယောဘ​နှင့် ယေရှု၏​သမာဓိကို ချိုးဖျက်​ရန် ကြိုးစား​ရာ​တွင် ကဲ့ရဲ့​ရှုတ်ချမှု​ကို မည်သို့​အသုံးပြု​ခဲ့​သနည်း။

စာတန်​၏​မုန်းတီးခြင်း​ကို ရင်ဆိုင်​ကြုံတွေ့​ရသည့်​အခါ ခိုင်မြဲ​စွာ​ရပ်တည်​နိုင်​ရန် ယေဟောဝါ မည်သို့ ခွန်အား ပေး​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အမှန်တကယ်​အရေးကြီး​ရာ​ကို သူတို့​သိရှိ​ခဲ့​ကြ

ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​ကို နှစ်ပေါင်း ၅၀ ကျော်​ပိတ်ပင်​ခဲ့​သော ယူကရိန်း​နိုင်ငံ​မှ ယေဟောဝါသက်သေ​တစ်ဦး ဤသို့​ပြောပြ​၏– “ယေဟောဝါသက်သေ​တွေ​ရဲ့ အခြေအနေ​ကို လူတွေရဲ့​ဆက်ဆံပုံ​နဲ့​ပဲ မဆုံးဖြတ်​သင့်​ဘူး။ . . . အရာရှိ​အများစုက သူတို့ရဲ့​တာဝန်​ကို ထမ်းဆောင်​နေကြ​တာ​ဖြစ်တယ်။ အစိုးရ​ပြောင်း​သွားတဲ့အခါ အရာရှိ​တွေ​ရဲ့ သစ္စာခံ​မှု​တွေ ပြောင်း​သွားတယ်၊ ဒါပေမဲ့ ကျွန်တော်​တို့​တော့ မ​ပြောင်း​ဘူး၊ အရင်​အတိုင်းပဲ။ ကျွန်တော်​တို့ ခံ​နေရ​တဲ့ အခက်အခဲ​တွေ​ရဲ့​အကြောင်းရင်းကို ကျမ်းစာ​ထဲမှာ​ဖော်ပြ​ထား​လို့ ကျွန်တော်​တို့ သိထားကြတယ်။

“ကျွန်တော်​တို့​ဟာ ဖိနှိပ်​သူတွေ​လက်ထဲက အပြစ်မဲ့တဲ့ အ​နှိပ်စက်​ခံ​သူတွေ​အဖြစ်​မျှ​လောက်​သာ ကိုယ့်​ကိုယ်ကို မ​ရှုမြင်ခဲ့​ကြဘူး။ ဧဒင်ဥယျာဉ်​မှာ ပေါ်ပေါက်​ခဲ့​တဲ့ အရေးကိစ္စ​ဖြစ်​တဲ့ ဘုရားသခင်​ရဲ့ အုပ်ချုပ်ပိုင်ခွင့်​နဲ့​ဆိုင်​တဲ့ အရေးကိစ္စကို ကျွန်တော်​တို့​ကောင်းကောင်း​နားလည်​ထား​လို့ ခံရပ်​နိုင်​ခဲ့​ကြတယ်။ . . . လူ့​အကျိုးအတွက်​လောက်​သာ​မဟုတ်ဘဲ စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် အကျိုး​နဲ့​ပတ်သက်​တဲ့ အရေးကိစ္စ​ဘက်မှာ ကျွန်တော်​တို့ မားမားမတ်မတ်​ရပ်​ခဲ့​ကြတယ်။ ပတ်သက်​နေတဲ့ အရေးကိစ္စတွေကို ကောင်းကောင်း​နားလည်​သဘောပေါက်​ထား​ကြတယ်။ အဲ့​ဒါ​ကြောင့် အဆိုးရွားဆုံး အခြေအနေ​တွေ​မှာ​တောင် သမာဓိ​စောင့်သိ​ဖို့ ခိုင်ခံ့​မြဲမြံ နေနိုင်​ခဲ့​ကြတယ်။”

[ရုပ်ပုံ]

၁၉၇၀ ပြည့်နှစ်​တွင် အဖမ်းခံ​ခဲ့​ရသူ ဗစ်​တာ ပို​ပို​ဗိခ်ျ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေရှု​ခံ​ခဲ့​ရသော ကဲ့ရဲ့​ရှုတ်ချမှု နောက်ကွယ်​တွင် မည်သူ​ရှိ​သနည်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယောဘ၊ မာရိနှင့် စတန်လီ​ဂျုံး​ကဲ့သို့​သော မျက်မှောက်ခေတ် ဘုရားသခင့်​ကျေးကျွန် များသည် ယေဟောဝါ​၏​အကြွင်းမဲ့ ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံ​ခဲ့​ကြ