အကြံဉာဏ်ကောင်းရဖို့ လိုသလော
အကြံဉာဏ်ကောင်းရဖို့ လိုသလော
ယနေ့ လူများစွာသည် မိမိတို့ကိုယ်တိုင် အကောင်းအဆိုး ပိုင်းခြားသိမြင်နိုင်သည်၊ မိမိတို့စိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိသည်ဟု ယူဆကြ၏။ အခြားသူတို့မူ ကိုယ်တိုင်ကျေနပ်လျှင်ပြီးရော၊ လုပ်ချင်ရာလုပ်ဟု ဆိုကြသည်။ လူ့ဘောင်၏ အခြေခံအစီအစဉ်ဟု ကြာမြင့်စွာကပင် ယူဆခဲ့ကြသော အိမ်ထောင်ရေးနှင့် မိသားစုဘဝသည် ယနေ့ အကြီးအကျယ် ပျက်ပြားနေလေပြီ။—ကမ္ဘာဦး ၃:၅။
မက္ကစီကိုနိုင်ငံတွင်နေထိုင်သူ ဘရော်နီကာ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ * သူဤသို့ပြောပြ၏– “ကျွန်မတို့အိမ်ထောင်သက် ၁၅ နှစ်မပြည့်ခင်လေးမှာ ကျွန်မယောက်ျားက တခြားအမျိုးသမီးတစ်ယောက်နဲ့ သံယောဇဉ်တွယ်နေကြောင်းပြောပြတယ်။ အဲ့ဒီအမျိုးသမီးက အသက်ပိုငယ်ပြီး သူ့ကို ပျော်ရွှင်မှုပိုပေးတဲ့အတွက် မစွန့်လွှတ်နိုင်ဘူးလို့ပြောတယ်။ ကျွန်မရဲ့အရင်းနှီးဆုံးမိတ်ဆွေဟာ ကျွန်မနဲ့ ဆက်အဖော်မလုပ်နိုင်တော့ဘူးဆိုတာ သိရတော့ ထိတ်လန့်သွားတယ်။ ချစ်မြတ်နိုးရတဲ့သူတွေ ဆုံးပါးသွားတာဟာ ဝမ်းနည်းစရာအကောင်းဆုံးပဲလို့ ကျွန်မထင်ခဲ့တာ။ အခုတော့ အိမ်ထောင်ရေးဖောက်ပြန်မှုက ပိုပြီး ဝမ်းနည်းစရာကောင်းမှန်း သိရတယ်၊ ကျွန်မသိပ်ချစ်ရတဲ့သူ ဆုံးရှုံးသွားတဲ့အပြင် ကျွန်မစိတ်နာအောင် သူအမျိုးမျိုးဆက်လုပ်ခဲ့လို့ပါပဲ။”
နောက်အခြေအနေတစ်ခုမှာ အိမ်ထောင်ကွာရှင်းထားပြီးဖြစ်သော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကာ သားတစ်ယောက်ရှိသော်လည်း ဖခင်တာဝန် မယူလိုသူဖြစ်သည်။ မိခင်ဖြစ်သူအား မိမိနှင့်မိမိသားကို ကြည့်ရှုစေသည်။ သူတောင်းဆိုသမျှကို မလိုက်လျောလျှင် မိခင်အား ဒေါသတကြီးနှင့် ရိုင်းရိုင်းစိုင်းစိုင်း ပြစ်တင်ပြောဆိုတတ်၏။ စိတ်ဆင်းရဲရသည့် သူ၏မိခင်ခမျာ ဘာမျှမတတ်နိုင် ဖြစ်နေရှာသည်။
ယင်းတို့သည် ဖြစ်ခဲသည့်အဖြစ်အပျက်များ မဟုတ်ပါ။ တရားဝင်ခွဲနေခြင်းနှင့် ကွာရှင်းပြတ်စဲခြင်းတို့မှာ နေရာတကာတွင် မြင်တွေ့နေကျဖြစ်လာပြီ။ ကလေးများစွာသည် မိမိတို့၏မိဘတစ်ဦး အိမ်မှဆင်းသွားပြီး အိုးအိမ်အသစ်ထူထောင်သည်ကို တွေ့ခဲ့ကြသည်။ လူငယ်အချို့သည် မိမိတို့၏မိဘများအပါအဝင် အခြားသူများကို ရိုသေလေးစားရမှန်းမသိတော့ဘဲ ယခင်က စိတ်ကူး၍ပင်မရနိုင်သည့်အပြုအမူများ ပြုမူလာကြပြီ။ နိုင်ငံများစွာတွင် လိင်ဆိုင်ရာစူးစမ်း,စမ်းသပ်ခြင်း၊ မူးယစ်ဆေးတလွဲသုံးခြင်း၊ ငယ်ရွယ်သူတို့၏ လုယူတိုက်ခိုက်မှုများ၊ ဆရာ၊ ဆရာမများ သို့မဟုတ် မိဘများကို ကလေးတို့က သတ်ပစ်ခြင်းတို့သည် သာမန်ကိစ္စဖြစ်လာပြီ။ ထို့ပြင် ယနေ့လောကတွင် သားသမီးကျွေးမွေးစောင့်ရှောက်ရေးနှင့်
အိမ်ထောင်ရေးတို့တွင်သာ အခက်အခဲများ တွေ့ကြုံနေရခြင်း မဟုတ်တော့ကြောင်း သင်သတိပြုမိပေမည်။ဤအဖြစ်အပျက်များကို မြင်တွေ့နေရခြင်းကြောင့် လူ့ဘောင်ကြီးသည် အဘယ်သို့ဖြစ်နေသနည်းဟု ကျွန်ုပ်တို့သိလိုကြပေမည်။ လူတို့သည် အကောင်းအဆိုးကို အမှန်ပင် ခွဲခြားသိမြင်ခဲ့ပါမူ ပြဿနာများစွာမှာ အဘယ်ကြောင့်ဖြေရှင်း၍မရနိုင်ဘဲ ဖြစ်နေသနည်း။ အကြံဉာဏ်ကောင်းရရှိဖို့ လိုအပ်ပါသလော။ အမှန်တကယ်အကျိုးပြုသော အကြံဉာဏ်ကောင်းရနိုင်သည့် ရင်းမြစ်တစ်ခုရှိပါသလော။ လူများစွာသည် ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်မြွက်စကားတော်သမ္မာကျမ်းစာကို ယုံကြည်ပါသည်ဟု ဆိုကြသော်လည်း သူတို့၏ဆုံးဖြတ်ချက်များက ယုံကြည်အားထားမှုရှိပုံမပေါ်ချေ။ ဘုရားသခင်၏အကြံဉာဏ်ကို ကျွန်ုပ်တို့သိလိုပြီး ယင်းကိုရရှိသည့်အခါ အဘယ်အကျိုးကျေးဇူးများ ခံစားရမည်နည်း။ နောက်ဆောင်းပါးတွင် သုံးသပ်ကြည့်ကြစို့။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 နာမည် ပြောင်းထားသည်။