မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ယေဟောဝါသက်သေ​များသည် ဗျာ.ကျမ်း​၌​ဖော်ပြ​ထားသော ၁၄၄,၀၀၀ ကို ပုံဆောင်​ဂဏန်း​အဖြစ်​မဟုတ်ဘဲ အဘယ်ကြောင့် စာသား​အတိုင်း​ယူ​ကြ​သနည်း။

တမန်​တော်​ယောဟန်​က “တံဆိပ်​ခတ်​ခြင်း​ကို​ခံရ​သော​သူ​အရေအတွက်​ကို ငါ​ကြား​၍ . . . တစ်​သိန်း​လေးသောင်း​လေး​ထောင်” ဖြစ်သည်ဟု ရေးသားခဲ့​သည်။ (ဗျာ. ၇:၄) သမ္မာကျမ်းစာ​တွင် “တံဆိပ်​ခတ်​ခြင်း​ကို​ခံရ​သော​သူ” ဟူ​သည့် စကားစု​မှာ ရောက်လာ​တော့​မည့် မြေကြီး​ပရဒိသု​ကို ကောင်းကင်​တွင် ခရစ်တော်​နှင့်အတူ​အုပ်ချုပ်​ရန် လူသား​တို့​ထဲ​မှ ရွေးချယ်ခံ​ရသော​လူအုပ်စု​ကို ဆိုလို​သည်။ (၂ ကောရိန္သု ၁:၂၁၊ ၂၂; ဗျာ. ၅:၉၊ ၁၀; ၂၀:၆) အကြောင်းရင်း​အမျိုးမျိုး​ကြောင့် ၁၄၄,၀၀၀ ဟူသော သူတို့၏​အရေအတွက်​သည် စာသား​အတိုင်း​ဖြစ်သည်ဟု နားလည်​ရသည်။ အကြောင်းရင်း​တစ်ခု​ကို ဗျာ. ၇:၄ ၏​ရှေ့နောက်စကား​တွင် တွေ့ရှိ​ရသည်။

တမန်​တော်​ယောဟန်​သည် အဆင်းအာရုံ​တွင် ဤ ၁၄၄,၀၀၀ အုပ်စု​အကြောင်း ကြားသိ​ရပြီး​နောက် အခြား​အုပ်စု​တစ်စု​ကို မြင်တွေ့ ခဲ့​ရသည်။ ဤ​ဒုတိယ​အုပ်စု​ကို ယောဟန်​က “ဘာသာ​စကား​အဖုံဖုံ​ပြော​သည့် လူအမျိုးမျိုး၊ အနွယ်​နွယ်၊ အ​စု​စု​မှ မည်သူမျှ​မရေတွက်​နိုင်သော လူအုပ်ကြီး” အဖြစ် ဖော်ပြ​သည်။ ဤ​လူအုပ်ကြီးသည် လက်ရှိ​ဆိုးညစ်သော​လောကကို ဖျက်ဆီး​ပစ်​မည့် ရောက်​အံ့​ဆဲ​ဆဲ ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကို​ကပ်ကျော်​မည့်​သူများ​ဖြစ်သည်။—ဗျာ. ၇:၉၊ ၁၄က​ဘ။

သို့သော် ဗျာ.ကျမ်း​အခန်းကြီး ၇ အခန်းငယ် ၄ နှင့် ၉ ခြားနား​ကြောင်း ယောဟန်​ဖော်ပြ​ပုံ​ကို သတိပြုပါ။ “တံဆိပ်​ခတ်​ခြင်း​ကို​ခံရ​သော​သူ” ပထမ​အုပ်စု​သည် အရေအတွက်​အတိအကျ​ရှိကြောင်း သူ​ဖော်ပြ​ခဲ့​သည်။ သို့သော် ဒုတိယ​အုပ်စု “လူအုပ်ကြီး” မှာ​မူ တိကျသော​အရေအတွက်​မရှိ​ချေ။ ယင်းကို စိတ်ထဲ​စွဲမှတ်​ထား​၍ ၁၄၄,၀၀၀ အရေအတွက်​ကို စာသား​အတိုင်း​ယူခြင်း​သည် ကျိုးကြောင်း​ဆီလျော်​ပါ​သည်။ ၁၄၄,၀၀၀ သည် ပုံဆောင်​ဂဏန်း​ဖြစ်​ပြီး အရေအတွက်​အတိအကျ​မရှိသော အုပ်စု​တစ်စု​ကို ဆိုလိုခြင်း​ဖြစ်​ခဲ့​လျှင် ထို​အခန်းငယ်​နှစ်ခု​ကြား​ရှိ ကွဲပြား​ခြားနား​ချက်​သည် လေးနက်​မည်​မဟုတ်​ချေ။ ထို့​ကြောင့် ၁၄၄,၀၀၀ အရေအတွက်​ကို စာသား​အတိုင်း​ယူရ​မည်​ဟု စကားစပ်​က ခိုင်လုံ​စွာ​ဖော်ပြ​သည်။

အတိတ်​နှင့် မျက်မှောက်ခေတ် ကျမ်း​ပညာရှင်​များစွာက ထို​အရေအတွက်​သည် စာသား​အတိုင်း​ဖြစ်​ရမည်ဟု ကောက်ချက်​ချ​ခဲ့​ကြသည်။ သာဓက​အနေ​နှင့် ဗြိတိသျှ​အဘိဓာန်​ပြုစုသူ ကျမ်း​ပညာရှင် ဒေါက်တာ အက်​သ်​အဲလ်ဘတ် ဒ​ဘ​လျူ. ဘူ​လင်​ဂါ​သည် ဗျာ. ၇:၄၊ နှင့်​ပတ်သက်​၍ လွန်ခဲ့သော​အနှစ် ၁၀၀ ကျော်​က ဤသို့​ဆို​၏– “ယင်းသည် အဖြစ်မှန်​၏ ရိုးရှင်း​သော​ဖော်ပြချက်​ဖြစ်သည်– ဤ​အခန်းကြီး​တစ်ခု​တည်း​တွင် မတိကျ​သော​အရေအတွက်​နှင့် ခြားနား​သော တိကျသော​အရေအတွက်​ကို ဖော်ပြခြင်း​ဖြစ်သည်။” (အပေါ​က​လ​စ် သို့​မဟုတ် “သခင်​အရှင်​၏​နေ့” စာမျက်နှာ ၂၈၂) မကြာသေးမီ​က အမေရိကန်​ပြည်ထောင်စု​ရှိ သခင့်​ကျမ်းစာ​ကျောင်း​မှ ဓမ္မသစ်​ကျမ်း​ဆိုင်ရာ​ပါမောက္ခ ရောဘတ်၊ အဲ​ယ်လ်. သောမတ်စ် ဂျူနီယာ က “ယင်းကို ပုံဆောင်​ဂဏန်း​ဟု​ယူမှတ်​ဖို့ ခိုင်လုံ​သော​အခြေအမြစ်​မရှိ” ဟု​ရေးသားခဲ့​သည်။ သူ​ဤသို့​ထပ်​ပြော​သည်– “[၇:၄ မှ] တိကျသော​အရေအတွက်​သည် ၇:၉ မှ မတိကျ​သော​အရေအတွက်​နှင့် တခြား​စီ​ပင်။ ယင်းကို ပုံဆောင်​သဘော​အရ​ယူ​လျှင် ထို​ကျမ်းစောင်​၌​ပါ​သော ကိန်း​ဂဏန်း​တစ်ခု​ကို​မျှ စာသား​အတိုင်း မယူ​နိုင်​ပါ။”—ဗျာ.ကျမ်း– အနက်ဖွင့်​ဋီကာ​ကျမ်း၊ အတွဲ ၁၊ စာမျက်နှာ ၄၇၄။

အချို့​က ဗျာ.ကျမ်း​တွင် ပုံဆောင်​စကား​များစွာ​ပါရှိ​သည်​ဖြစ်​ရာ ၁၄၄,၀၀၀ ကိန်း​ဂဏန်း​အပါအဝင် ထို​ကျမ်းစောင်​ရှိ ကိန်း​ဂဏန်း​အားလုံး ပုံဆောင်​သဘော​ဖြစ်​ရမည်ဟု စောဒကတက်​ကြသည်။ (ဗျာ. ၁:၁၊ ၄; ၂:၁၀) သို့သော် ထိုသို့​ကောက်ချက်​ချ​ခြင်း​သည် လုံးဝ​မမှန်​ပါ။ ဗျာ.ကျမ်း​တွင် ပုံဆောင်​ကိန်း​ဂဏန်း​များစွာ ပါရှိ​သည်​မှန်​သော်လည်း ပကတိ​ကိန်း​ဂဏန်း​များလည်း ပါရှိ​ပါ​သည်။ ဥပမာ၊ “သိုးသငယ်​၏​တမန်​တော် တစ်ဆယ့်​နှစ်ပါး​၏​နာမ​တို့” အကြောင်း ယောဟန်​ပြော​သည်။ (ဗျာ. ၂၁:၁၄) ဤ​အခန်းငယ်​၌​ပါ​သော ကိန်း​ဂဏန်း ၁၂ သည် ပုံဆောင်​သဘော​အရ​မဟုတ်ဘဲ စာသား​အတိုင်း​ဖြစ်​ကြောင်း ထင်ရှား​သည်။ ထို့​အပြင် ခရစ်တော်​၏ “အနှစ်​တစ်ထောင်” အုပ်ချုပ်မှု​အကြောင်း တမန်​တော်​ယောဟန် ရေးသား​သေး​သည်။ ကျမ်းစာ​ကို အသေအချာ​လေ့လာ​သုံးသပ်ကြည့်​သည်​နှင့်​အမျှ ထို​အရေအတွက်​ကိုလည်း စာသား​အတိုင်း​ယူရ​မည်​ဖြစ်​ကြောင်း တွေ့ရ​သည်။ * (ဗျာ. ၂၀:၃၊ ၅-၇) ထို့​ကြောင့် ဗျာ.ကျမ်း​ပါ ကိန်း​ဂဏန်း​တစ်ခု​ကို စာသား​အတိုင်း​ယူ​မည်​လော၊ ပုံဆောင်​သဘောဖြင့် ယူ​မည်​လော​ဆို​သည်​မှာ ယင်း​၏​နောက်ခံ​နှင့် ရှေ့နောက်စကား​အပေါ် မူတည်​ပါ​သည်။

“လူအုပ်ကြီး” နှင့်​နှိုင်းယှဉ်​ကြည့်​လျှင် ၁၄၄,၀၀၀ ကိန်း​ဂဏန်း​သည် စာသား​အတိုင်း​ဖြစ်​ပြီး အရေအတွက်​ကန့်သတ်​ထား​သည့် အုပ်စုငယ်​ကို ဆိုလို​သည်​ဟု​ကောက်ချက်​ချ​ခြင်း​သည် အခြား​ကျမ်းချက်​များနှင့်​လည်း ကိုက်ညီ​ပါ​သည်။ ဥပမာ၊ တမန်​တော်​ယောဟန်​ရရှိခဲ့​သော နောက်​အဆင်းအာရုံ​တစ်ခု​တွင် ၁၄၄,၀၀၀ ကို “အ​ဦး​သီး​သော​အသီး​ဖြစ်စေ​ခြင်း​ငှာ လူ​တို့​အထဲက​ဝယ်ယူ​တော်​မူ​သော​သူ” အဖြစ် ဖော်ပြ​ထား​သည်။ (ဗျာ. ၁၄:၁၊သမ္မာ) “အ​ဦး​သီး​သော​အသီး” ဟူသော အသုံးအနှုန်း​သည် အနည်းငယ်​သော လက်ရွေးစင်​ကိုယ်စားလှယ်​အဖွဲ့ကို ဆိုလို​သည်။ ထို့​အပြင် ယေရှု​မြေကြီးပေါ်​ရှိ​စဉ်​က ကောင်းကင်​နိုင်ငံတော်​တွင် မိမိ​နှင့်အတူ​အုပ်ချုပ်​ကြ​မည့်​သူများ​အား ကိုယ်တော်​က “သိုးစုငယ်” ဟု​ခေါ်​ခဲ့​သည်။ (လုကာ ၁၂:၃၂; ၂၂:၂၉) မှန်ပါသည်၊ လာ​လတ္တံ့​သော မြေကြီး​ပရဒိသု​တွင် နေထိုင်ကြ​မည့်​သူများ​နှင့်​နှိုင်းယှဉ်လျှင် ကောင်းကင်​တွင် အုပ်ချုပ်​မည့်​သူများ​အရေအတွက်​သည် နည်း​၏။

သို့​ဖြစ်၍ ဗျာ. ၇:၄ ၏​စကားစပ်​နှင့် သမ္မာကျမ်းစာ​တွင် အခြား​နေရာများ​ပါ သက်ဆိုင်ရာ​ဖော်ပြချက်များ​က ၁၄၄,၀၀၀ ကို စာသား​အတိုင်း​ယူဖို့ ခိုင်လုံ​စေပါ​သည်။ ယင်းက မြေကြီး​ပရဒိသု​ကို ခရစ်တော်​နှင့်အတူ ကောင်းကင်​မှ အုပ်ချုပ်​ကြ​မည့်​သူများ​အား ရည်ညွှန်း​သည်၊ ထို​မြေကြီး​ပရဒိသု​တွင် အရေအတွက်​အတိအကျ​မသိနိုင်​အောင် များပြား​သော၊ ယေဟောဝါ​အား ပျော်ရွှင်စွာ​ဝတ်ပြု​ကြ​သူများ နေထိုင်ကြ​မည်​ဖြစ်သည်။—ဆာလံ ၃၇:၂၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ခရစ်တော်​၏ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အကြောင်း ထပ်ဆင့်​အချက်အလက်​များ​အတွက် ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့​သော ဗျာဒိတ်ကျမ်း—ယင်း​၏​မဟာ​အထွတ်အထိပ်​နီးပြီ! စာအုပ် အခန်း ၄၀၊ စာမျက်နှာ ၄-၅ ကို​ရှု။

[စာမျက်နှာ ၃၁ ပါ အကျဉ်း​ဖော်ပြချက်]

ကောင်းကင်​အမွေခံများ​၏ အရေအတွက်​ကို ၁၄၄,၀၀၀ ဟု​ကန့်သတ်​ထား

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

“လူအုပ်ကြီး” ကို မရေမတွက်​နိုင်

[Picture Credit Line on page 31]

Stars: Courtesy of Anglo-Australian Observatory, photograph by David Malin