စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံ
စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ပုံ
သင် စိတ်ဓာတ်ကျနေပါသလော။ မရေရာမသေချာ၊ ပဋိပက္ခဖြစ်ပွားနေသော ဤခေတ်ကာလတွင် စိတ်ဓာတ်ကျသူ များပါသည်။ အချို့က အလုပ်လက်မဲ့ဖြစ်သောကြောင့် စိတ်ဓာတ်ကျကြသည်။ မတော်တဆဖြစ်မှု၏ ဆိုးကျိုးများ ခံနေကြရသူများလည်းရှိသည်။ အခြားသူများမူ မိသားစုပြဿနာများ၊ အကြီးအကျယ်ဖျားနာမှု၊ အထီးကျန်အားငယ်စိတ်များနှင့် လုံးပန်းနေကြရသည်။
သင်သည် စိတ်ဓာတ်ကျနေလျှင် အဘယ်နေရာတွင် အကူအညီရရှိနိုင်သနည်း။ ကမ္ဘာတစ်ဝန်းမှ သန်းနှင့်ချီသောသူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် နှစ်သိမ့်မှုရရှိခဲ့ကြသည်။ “သနားခြင်းကရုဏာ၏အဘ၊ နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်တည်းဟူသော ငါတို့အရှင်ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ . . . ဆင်းရဲ . . . [ခြင်း]အမျိုးမျိုး၌ ဘုရားသခင်သည် ငါတို့အား နှစ်သိမ့်စေတော်မူ၏” ဟုဆိုသော တမန်တော်ပေါလု၏စကားက သူတို့ကိုအားရှိစေသည်။ (၂ ကောရိန္သု ၁:၃၊ ၄၊ သမ္မာ) ဤကျမ်းချက်နှင့် အခြားကျမ်းချက်များကို သင့်ကိုယ်ပိုင်ကျမ်းစာတွင် ဖတ်ကြည့်ပါလေ။ ထိုသို့ဖတ်ရှုခြင်းက ‘သင်၏စိတ်နှလုံးကို သက်သာ စေ၍ သင့်ကိုမြဲမြံစေ’ ပါလိမ့်မည်။—၂ သက်သာလောနိတ် ၂:၁၇။
ယေဟောဝါအား ဝတ်ပြုသူများနှင့် ပေါင်းသင်းခြင်းကလည်း စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်ကျော်လွှားစေပါသည်။ “ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား ရွှင်လန်းစေတတ်၏” ဟုနယပုံပြင် ၁၂:၂၅ ကဆို၏။ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ကြသောအခါ ‘စိတ်ဝိညာဉ်အတွက် ချိုမြိန်လျက် ကိုယ်အရိုးကိုကျန်းမာစေ’ သော အဆိုပါ “ကောင်းသောစကား” ကို ကျွန်ုပ်တို့ ကြားရကြသည်။ (သု. ၁၆:၂၄) ထိုသို့သောစုရုံးမှုက မည်မျှအားရှိစေနိုင်ကြောင်း အသင်ကိုယ်တိုင် ကြုံတွေ့ခံစားရဖို့ ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးတစ်ခု တက်ရောက်ကြည့်ပါလေ။
ဆုတောင်းခြင်းတန်ခိုးမှလည်း သင်အကျိုးရရှိနိုင်ပါသည်။ ဘဝစိုးရိမ်ပူပန်မှုများကြောင့် သောကဖိစီးခံနေရလျှင် “ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင်” ထံ ရင်ဖွင့်ပါ။ (ဆာလံ ၆၅:၂၊ ကဘ) ကျွန်ုပ်တို့ကိုယ်ကို သိနားလည်သည်ထက် ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို ပို၍နားလည်တော်မူ၏။ ကိုယ်တော်၏အကူအညီကို ကျွန်ုပ်တို့မျှော်ကိုးနိုင်ပါသည်။ ကိုယ်တော်၏နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့ကို ဤသို့ကတိပြုသည်– ‘ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားသခင်၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။’ (ဆာလံ ၅၅:၂၂) မှန်ပါသည်၊ ‘ထာဝရဘုရားသခင်ကိုစောင့်မျှော်သောသူတို့မူကား အားအသစ်ရရှိကြလိမ့်မည်။’—ဟေရှာယ ၄၀:၃၁၊ သမ္မာ။
ယေဟောဝါဘုရားသခင်သည် စိတ်ဓာတ်ကျခြင်းကို ကျွန်ုပ်တို့ အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ တန်ခိုးပါသောပြင်ဆင်ပေးချက်များ ပေးသနားထားပြီ။ ၎င်းတို့ကို သင်အသုံးပြုမည်လော။