ပျော်ရွှင်ဖို့ အမှန်တကယ်လိုအပ်သည့်အရာ
ပျော်ရွှင်ဖို့ အမှန်တကယ်လိုအပ်သည့်အရာ
“ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါနှင့် “ပျော်ရွှင်၍ တစ်ပါးတည်းဖြစ်တော်မူသောမင်း” ယေရှုခရစ်တို့သည် ပျော်ရွှင်ဖို့ အဘယ်အရာလိုအပ်ကြောင်း အသိဆုံးဖြစ်တော်မူ၏။ (၁ တိမောသေ ၁:၁၁၊ ကဘ; ၆:၁၅၊ ကဘ) ထို့ကြောင့် ပျော်ရွှင်မှု၏သော့ချက်ကို ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာ၌ တွေ့ရှိရခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။—ဗျာ. ၁:၃; ၂၂:၇။
ယေရှုသည် ပျော်ရွှင်ဖို့ လိုအပ်သည့်အရာကို ကိုယ်တော်၏ကျော်ကြားသော တောင်ပေါ်တရားတော်၌ ဖော်ပြပေးသည်။ ကိုယ်တော်ဤသို့ဆို၏– (၁) မိမိတို့၏ ဝိညာဉ်ရေးလိုအပ်ချက်ကို သတိပြုသူ၊ (၂) ဝမ်းနည်းပူဆွေးသူ၊ (၃) စိတ်နှလုံးနူးညံ့သိမ်မွေ့သူ၊ (၄) ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူ၊ (၅) သနားကြင်နာတတ်သူ၊ (၆) စိတ်နှလုံးဖြူစင်သူ၊ (၇) ရန်ငြိမ်းစေသူ၊ (၈) ဖြောင့်မတ်ခြင်းတရားကြောင့် ညှဉ်းဆဲခံရသူနှင့် (၉) ကိုယ်တော်ကြောင့် ကဲ့ရဲ့ပြစ်တင်ခံရ၍ နှိပ်စက်ညှဉ်းပန်းခံရသူ ‘တို့သည် ဝမ်းမြောက်ရွှင်လန်း’ ကြ၏။—မဿဲ ၅:၃-၁၁။ *
ယေရှု၏အဆိုအမိန့်များ မှန်ကန်သလော
ယေရှု၏အဆိုအမိန့်များအနက်မှ အချို့၏မှန်ကန်မှုကို အနည်းငယ်ရှင်းပြဖို့လိုသည်။ စိတ်နှလုံးဖြူစင်မှုကြောင့် နူးညံ့သိမ်မွေ့သူ၊ သနားကြင်နာတတ်သူနှင့် ရန်ငြိမ်းစေတတ်သူသည် ဒေါသထွက်တတ်သူ၊ ရန်လိုတတ်သူ၊ အကြင်နာမဲ့သူတစ်ဦးထက် သာ၍ပျော်ရွှင်မည်ဆိုသည်ကို မည်သူငြင်းမည်နည်း။
သို့သော် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူ သို့မဟုတ် ဝမ်းနည်းပူဆွေးသူတို့သည် ပျော်ရွှင်၏ဟု မည်သို့ဆိုနိုင်သနည်းဟူ၍ သိလိုကြမည်။ ထိုသို့သောသူများသည် ကမ္ဘာ့အခြေအနေများကို အရှိအတိုင်း ရှုမြင်ကြသည်။ သူတို့သည် ကျွန်ုပ်တို့ခေတ်တွင် ‘ပြုသမျှ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် သူတို့ညည်းတွားငိုကြွေး’ ရကြသည်။ (ယေဇကျေလ ၉:၄) ထိုအမှုများက သူတို့အား ပျော်ရွှင်မှုမပေးပါ။ သို့ရာတွင် မြေကြီးပေါ်သို့ ဖြောင့်မတ်သောအခြေအနေများ ပြန်ရောက်စေပြီး အနှိမ်ခံများ၏အမှုကို တရားတော်အတိုင်းစီရင်ပေးမည့် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း သူတို့သိရှိလာသောအခါ အတိုင်းထက်အလွန် ဝမ်းမြောက်ရွှင်လန်းကြသည်။—ဟေရှာယ ၁၁:၄။
ထို့ပြင် ဖြောင့်မတ်ခြင်းတရားကို မြတ်နိုးသူများသည် မှန်ရာကိုလုပ်ဆောင်ရန် မကြာခဏပျက်ကွက်သည့်အတွက် ဝမ်းနည်းတတ်ကြသည်။ သို့ဖြင့် သူတို့သည် မိမိတို့၏ ဝိညာဉ်ရေးလိုအပ်ချက်ကို သတိပြုမိကြသည်။ မိမိတို့အားနည်းချက်များကို ပြုပြင်ရန် ဘုရားသခင်တစ်ပါးတည်းသာ ကူညီပေးနိုင်ကြောင်း သူတို့သိကြသောကြောင့် ဘုရားသခင်၏လမ်းညွှန်မှုကို တောင်းခံလိုကြသည်။—သု. ၁၆:၃၊ ၉; ၂၀:၂၄။
ဝမ်းနည်းပူဆွေးသူ၊ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူနှင့် မိမိတို့၏ ဝိညာဉ်ရေးလိုအပ်ချက်ကို သတိပြုသူတို့သည် ဖန်ဆင်းရှင်နှင့် ကောင်းသောဆက်ဆံရေးရှိဖို့ အရေးကြီးကြောင်း သိရှိကြ၏။ လူလူချင်း ဆက်ဆံရေးကောင်းလျှင် ပျော်ရွှင်မှုရှိစေ၏၊ ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရှိခြင်းက ထို့ထက်မကဖြစ်စေလိမ့်မည်။ ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံလိုစိတ်ရှိသော၊ အလေးအနက်သဘောထားဖြင့် မှန်ရာကို ချစ်မြတ်နိုးသူများသည် ပျော်ရွှင်ကြ၏ဟု အမှန်ဆိုနိုင်ပါသည်။
သို့သော်လည်း နှိပ်စက်ညှဉ်းပန်း၊ ကဲ့ရဲ့ပြစ်တင်ခံရသူတစ်ဦးသည် ပျော်ရွှင်၏ဟူသောအချက်ကို သင်ယုံရခက်ပေမည်။ ယေရှုကိုယ်တော်တိုင် ထိုသို့မိန့်ဆိုခဲ့သောကြောင့် ထိုသို့အမှန်ဖြစ်ရပေမည်။ ထို့ကြောင့် ကိုယ်တော်၏စကားများကို မည်သို့နားလည်ရမည်နည်း။
နှိပ်စက်ညှဉ်းပန်းခံရသော်လည်း ပျော်ရွှင်နေ —မည်သို့ဖြစ်နိုင်သနည်း
ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကိုယ်နှိုက်က ပျော်ရွှင်စေသည်ဟု ယေရှုမဆိုကြောင်း သတိပြုပါ။ ကိုယ်တော်ဤသို့ပြဋ္ဌာန်းခဲ့သည်– ‘ဖြောင့်မတ်ခြင်းတရားကြောင့် ညှဉ်းဆဲခြင်းကိုခံရသောသူ၊ . . . ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲသောအခါ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြ၏။’ (မဿဲ ၅:၁၀၊ ၁၁) ထို့ကြောင့် ခရစ်တော်၏တပည့်ဖြစ်ခြင်းကြောင့်ဖြစ်စေ၊ ယေရှုသွန်သင်ခဲ့သော ဖြောင့်မတ်သောမူများအတိုင်း အသက်ရှင်ခြင်းကြောင့်ဖြစ်စေ ကဲ့ရဲ့ပြစ်တင်ခံရမှသာလျှင် ပျော်ရွှင်၏။
ယင်းကို အစောပိုင်းခရစ်ယာန်များ၏ တွေ့ကြုံမှုက ဖော်ပြသည်။ ဂျူးအထက်တရားရုံး ဆဲန်ဟီဒရင်အဖွဲ့ဝင်များသည် “တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍လွှတ်လိုက်ကြ၏။” တမန်တော်များ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ “တမန်တော်တို့သည်လည်း သခင်ယေရှု၏နာမကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်ဟုမှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။ [ဝတ်ပြုရာအိမ်]တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။”—တမန်တော် ၅:၄၀-၄၂; ၁၃:၅၀-၅၂။
တမန်တော်ပေတရုက ကဲ့ရဲ့ပြစ်တင်ခံရခြင်းနှင့် ပျော်ရွှင်ခြင်းတို့ ဆက်စပ်ပုံကို ဤသို့ထပ်ဆင့်အလင်းဖြာပေးခဲ့သည်။ “ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်မှာကျိန်းဝပ်တော်မူ၏။” (၁ ပေတရု ၄:၁၄) မှန်ရာကိုပြုလုပ်ခြင်းကြောင့် ခရစ်ယာန်တစ်ဦး ဆင်းရဲခံရခြင်းသည် မနှစ်မြို့ဖွယ်ဖြစ်သော်လည်း ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် ရရှိကြောင်းသိထားခြင်းက ပျော်ရွှင်စေသည်။ ဘုရားသခင့်ဝိညာဉ်တော်သည် ပျော်ရွှင်ခြင်းနှင့် မည်သို့ဆက်စပ်သနည်း။
ဇာတိအကျင့်များလော၊ ဝိညာဉ်အသီးများလော
ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် နာခံသူများအပေါ်၌သာ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် တည်ရှိသည်။ (တမန်တော် ၅:၃၂) ယေဟောဝါသည် “ဇာတိပကတိအကျင့်” ကျင့်သူများကို ဝိညာဉ်တော်မပေးပါ။ ထိုအကျင့်များမှာ “သူ့မယားကိုပြစ်မှားခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ် . . . ကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်ပေတည်း။” (ဂလာတိ ၅:၁၉-၂၁) မျက်မှောက်လောကတွင် “ဇာတိပကတိအကျင့်တို့” ကို မြင်တွေ့နေကျဖြစ်သည်။ သို့တိုင် ထိုသို့ကျင့်ကြံပြုမူသူများသည် စစ်မှန်၍ တည်မြဲသောပျော်ရွှင်မှုမရှိပါ။ ယင်းအစား သူတို့၏ဆွေမျိုး၊ မိတ်ဆွေ၊ အသိအကျွမ်းများနှင့် ဆက်ဆံရေး ပျက်ပြားစေသည်။ ထို့ထက်ကား “ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ” ဟု သမ္မာကျမ်းစာက ဖော်ပြသည်။
ယင်းနှင့်ဆန့်ကျင်လျက် ဘုရားသခင်သည် ‘ဝိညာဉ်အသီး’ သီးသူတို့အား မိမိ၏ဝိညာဉ်တော်ကို ပေးတော်မူ၏။ ထိုတွင်ပါဝင်သော အရည်အသွေးများမှာ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းပေတည်း။” (ဂလာတိ ၅:၂၂၊ ၂၃) ဤအရည်အသွေးများကို ကျွန်ုပ်တို့တင်ပြကြသောအခါ အခြားသူများနှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း အသင့်အတင့်ရှိစေသဖြင့် အမှန်ပျော်ရွှင်နိုင်သည်။ (လေးထောင့်ကွက်ကိုရှု။) ထို့ထက်ကား ချစ်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်းနှင့် ဘုရားသခင်ရေးရာ အခြားအရည်အသွေးများကို တင်ပြခြင်းအားဖြင့် ယေဟောဝါ၏စိတ်တော်နှင့် ကျွန်ုပ်တို့တွေ့ပြီး ဘုရားသခင်၏ဖြောင့်မတ်သော ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရန် ဝမ်းမြောက်ဖွယ်မျှော်လင့်ချက် ရရှိနိုင်ကြသည်။
ပျော်ရွှင်မှု ရွေးချယ်စရာဖြစ်
ဂျာမနီနိုင်ငံမှ ဝပ်လ်ဖ်ဂဲန်းနှင့် ဘရစ်ဂျစ်တို့ဇနီးမောင်နှံသည် သမ္မာကျမ်းစာ စလေ့လာချိန်တွင် ပျော်ရွှင်ဖို့လိုသည်ဟု လူတို့ယူဆသော ပစ္စည်းဥစ္စာများစွာ ပိုင်ဆိုင်ကြ၏။ သူတို့သည် နုပျိုကျန်းမာ၏။ တန်ဖိုးကြီးသောအဝတ်အစားများ ဝတ်ဆင်ကြ၏၊ နေချင်စဖွယ်အိမ်တွင် နေထိုင်ကြပြီး အောင်မြင်သောစီးပွားရေးလုပ်ငန်းလည်းရှိကြသည်။ စည်းစိမ်ဥစ္စာထပ်ရှာဖွေခြင်း၌ အချိန်များစွာကုန်ခံနေကြသော်လည်း ပျော်ရွှင်မှုအစစ်အမှန် မရခဲ့ကြပါ။ အချိန်တန်သော် ဝပ်လ်ဖ်ဂဲန်းနှင့် ဘရစ်ဂျစ်တို့သည် အရေးပါသော ရွေးချယ်မှုတစ်ခု ပြုခဲ့သည်။ ဝိညာဉ်ရေးနှင့်ဆိုင်သော တန်ဖိုးရှိရာများကို ဆည်းပူးရန် သူတို့အချိန်ပိုပေးလာကြပြီး ယေဟောဝါနှင့်အကျွမ်းတဝင်ရှိရန် ကြိုးပမ်းကြတော့သည်။ ဤသို့ သူတို့ရွေးချယ်ပြုမူကြသောကြောင့် မကြာမီ သူတို့စိတ်ထားပြောင်းလဲလာရာ ရိုးရှင်းသောဘဝဖြင့် ရှေ့ဆောင်များ သို့မဟုတ် အချိန်ပြည့် ဧဝံဂေလိတရားဟောပြောသူများအဖြစ် အမှုတော်ထမ်းရန် လှုံ့ဆော်ခံခဲ့ရသည်။ ယနေ့ သူတို့သည် ဂျာမနီနိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတွင် စေတနာ့ဝန်ထမ်းများအဖြစ် အမှုထမ်းနေကြပါသည်။ ထို့ပြင် ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာမှ အမှန်တရားကို တိုင်းတစ်ပါးသားများအား သွန်သင်ပေးရန် အာရှဘာသာစကားတစ်မျိုးကို ယခုသင်ယူနေကြသည်။
ဤမောင်နှံစုံသည် စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့ခဲ့ကြသလော။ ဝပ်လ်ဖ်ဂဲန်းဤသို့ပြောပြသည်– “ဝိညာဉ်ရေးရာတွေကို ရှာဖွေလိုက်စားဖို့ အချိန်ပိုပေးကတည်းက ကျွန်တော်တို့ ပိုပျော်ရွှင်လာတယ်၊ အရင်ကထက် ပိုကျေနပ်ရောင့်ရဲတတ်လာတယ်။ ယေဟောဝါကို နှလုံးအကြွင်းမဲ့အမှုထမ်းကြတဲ့အတွက်လည်း ကျွန်တော်တို့ရဲ့အိမ်ထောင်ရေး ပိုခိုင်မြဲလာတယ်။ အရင်ကလည်း ကျွန်တော်တို့အိမ်ထောင်ရေး သာယာခဲ့ပါတယ်၊ ဒါပေမဲ့ တာဝန်တွေနဲ့ စိတ်ဝင်စားရာတွေက ကျွန်တော်တို့နှစ်ယောက်ကို တစ်ယောက်တစ်လမ်းစီဖြစ်စေခဲ့တယ်။ အခုတော့ ကျွန်တော်တို့နှစ်ယောက်စလုံး စည်းစည်းလုံးလုံးနဲ့ ပန်းတိုင်တစ်ခုတည်းကို မီအောင်လိုက်နေကြပြီ။”
ပျော်ရွှင်ဖို့ အဘယ်အရာလိုအပ်သနည်း
အကျဉ်းချုပ်ပြောရလျှင် “ဇာတိပကတိအကျင့်တို့” ကိုရှောင်ပြီး ‘[ဘုရားသခင့်] ဝိညာဉ်တော် အသီးများ’ ကို ပြုစုပျိုးထောင်ပါ။ ပျော်ရွှင်မှုရှိဖို့ ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိရန် ဆန္ဒပြင်းပြရမည်။ ထိုသို့ဖြစ်ရန် ကြိုးစားအားထုတ်သူသည် ယေရှုဖော်ပြသော ပျော်ရွှင်သူဖြစ်ပါလိမ့်မည်။
ထို့ကြောင့် ပျော်ရွှင်မှုမရနိုင်ပါဟု တလွဲမထင်လိုက်ပါနှင့်။ လောလောဆယ် သင်သည် ကျန်းမာရေးမကောင်းဘဲဖြစ်နေမည်၊ သို့မဟုတ် သင့်အိမ်ထောင်ရေးမသာယာဘဲဖြစ်နေမည်။ မိဘဖြစ်ခြင်းဆုမွန်ကို မရနိုင်တော့ဘဲရှိပေမည်၊ သို့မဟုတ် အောင်မြင်သောအလုပ်အကိုင်ရှိရန် ရှာဖွေနေဆဲဖြစ်မည်။ သင့်ပိုက်ဆံအိတ်ထဲတွင် ယခင်ကလောက် ပိုက်ဆံမရှိဘဲနေမည်။ မည်သို့ပင်ရှိစေကာမူ အားယူပါ; စိတ်ပျက်အားလျော့စရာအကြောင်းမရှိပါ! ဤပြဿနာများအပြင် ရာနှင့်ချီသော အခြားပြဿနာများကို ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုက ဖြေရှင်းပေးပါလိမ့်မည်။ များမကြာမီ ယေဟောဝါဘုရားသခင်သည် ဆာလံဆရာအားဖြင့် ဖော်ပြခဲ့သော ဤကတိတော်ကို အကောင်အထည်ဖော်ပါလိမ့်မည်– “ကိုယ်တော်၏နိုင်ငံတော်သည် . . . ထာဝရနိုင်ငံဖြစ် . . . ပါ၏။ . . . လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” (ဆာလံ ၁၄၅:၁၃၊ ၁၆) ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ယေဟောဝါ၏ကျေးကျွန်များ သက်သေထူနိုင်သကဲ့သို့ ယေဟောဝါ၏ အားတက်ဖွယ် ဤကတိတော်ကို စိတ်စွဲမှတ်ထားခြင်းက ယခု သင့်ကို အကြီးအကျယ် ပျော်ရွှင်စေပါလိမ့်မည်။—ဗျာ. ၂၁:၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ယေရှုမိန့်ကြားခဲ့သော ဤတရားတော်ကိုးခုစလုံးကို ဂရိစကားလုံး မာကာရီးယာဖြင့်အစပြုထားသည်။ ယင်းကို ကမ္ဘာသစ်ဘာသာပြန်ကျမ်းနှင့် ဂျေရုဆလင်ကျမ်းစာ၊ ယနေ့ အင်္ဂလိပ်ဘာသာပြန်ကျမ်းစသည့် အခြားဘာသာပြန်ကျမ်းများက အချို့ဘာသာပြန်ကျမ်းများပြန်ဆိုသကဲ့သို့ “မင်္ဂလာရှိကြ၏” ဟု မပြန်ဆိုဘဲ သာ၍တိကျသောအသုံးအနှုန်းဖြစ်သည့် “ပျော်ရွှင်ကြ၏” ကိုအသုံးပြုသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ပျော်ရွှင်စေသော အကြောင်းရင်းများ
ချစ်ခြင်းမေတ္တာက သင့်အား ချစ်တုံ့ပြန်ရန် အခြားသူများကို စေ့ဆော်ပေးပါလိမ့်မည်။
ဝမ်းမြောက်ခြင်းက အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားရှိစေသည်။
ငြိမ်သက်ခြင်းက သင်၏ဆက်ဆံရေးများကို ပြေပြစ်စေပါလိမ့်မည်။
စိတ်ရှည်ခြင်းသည် စမ်းသပ်မှုများကြုံရသည့်အခါ၌ပင် သင့်ကို ပျော်ပျော်နေစေနိုင်သည်။
ကြင်နာခြင်းက အခြားသူများအား သင့်ထံ ချဉ်းကပ်စေသည်။
သင့်ဘက်မှ ကောင်းမြတ်ခြင်းက သင်အကူအညီလိုသောအခါ အခြားသူများကို တုံ့ပြန်စေသည်။
ယုံကြည်ခြင်းက ဘုရားသခင့်မေတ္တာပါသောလမ်းညွှန်မှု ရရှိရန် သင့်ကို စိတ်ချစေမည်။
နူးညံ့သိမ်မွေ့ခြင်းက ကိုယ်စိတ်နှလုံး သုံးပါး အေးချမ်းတည်ငြိမ်ပါလိမ့်မည်။
ချုပ်တည်းခြင်းသည် အမှားနည်းစေမည်ကို ဆိုလိုသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ပျော်ရွှင်မှုရရှိရန် ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့လို