ပျော်ရွှင်မှု ရှာပုံတော်
ပျော်ရွှင်မှု ရှာပုံတော်
လွန်ခဲ့သောနှစ်အနည်းငယ်က “ပျော်ရွှင်ဖို့ အဘယ်အရာလိုသနည်း” ဟု ပြင်သစ်၊ ဂျာမနီ၊ ဂရိတ်ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုရှိ လူတို့ကို မေးမြန်းခဲ့သည်။ လူတွေ့မေးမြန်းခံရသူ ၈၉ ရာခိုင်နှုန်းက ပျော်ရွှင်ရန် ကျန်းမာရေးကောင်းဖို့လိုသည်ဟုဆို၏; ၇၉ ရာခိုင်နှုန်းက အိမ်ထောင်ရေးသာယာဖို့ သို့မဟုတ် လက်တွဲဖော်ရှိဖို့လိုသည်ဟုဆို၏; ၆၂ ရာခိုင်နှုန်းက မိဘဖြစ်ခြင်းဆုမွန်ဟုဆို၏; ၅၁ ရာခိုင်နှုန်းကမူ အောင်မြင်သောအလုပ်အကိုင်ရှိဖို့ လိုသည်ဟုဆို၏။ ငွေသည် ပျော်ရွှင်ဖို့ အာမခံချက်မဟုတ်ဟု အများလက်ခံသည့်အယူအဆကဆိုသော်လည်း မေးမြန်းခံရသူ ၄၇ ရာခိုင်နှုန်းက ငွေရှိဖို့လိုသည်ဟု တထစ်ချယုံကြည်ကြသည်။ ၎င်းတို့က အဘယ်အရာကို ဖော်ပြသနည်း။
ဦးဆုံးအနေနှင့် ငွေနှင့် ပျော်ရွှင်မှု ဆက်စပ်သည်ဟူသောအဆိုကို ကြည့်ပါ။ အမေရိကန်ပြည်ထောင်စုမှ အချမ်းသာဆုံး လူတစ်ရာကို လေ့လာဆန်းစစ်ကြည့်ရာ သူတို့သည် သာမန်လူများထက် ပျော်ရွှင်မှုပိုရှိကြောင်း မတွေ့ရပါ။ ထို့ပြင် လွန်ခဲ့သောအနှစ်သုံးဆယ်အတွင်း အမေရိကန်ပြည်ထောင်စုရှိ လူအများစုသည် ပစ္စည်းဥစ္စာနှစ်ဆနီးပါး တိုးများလာသော်လည်း စိတ်ကျန်းမာရေးပညာရှင်များအဆိုအရ သူတို့သည် ယခင်ကထက် ပိုပျော်ရွှင်လာသည်ကို မတွေ့ရချေ။ အမှန်မှာ သတင်းတစ်ပုဒ်အရ “ထိုအချိန်အတောအတွင်း စိတ်ဓာတ်ကျဆင်းမှုနှုန်းများ မြင့်တက်လာ၏။ ဆယ်ကျော်သက် မိမိကိုယ်ကိုသတ်သေမှု သုံးဆတိုးလာ၏။ ကွာရှင်းမှုနှုန်းများ နှစ်ဆတိုးလာ၏” ဟုဆိုသည်။ ငွေနှင့်ပျော်ရွှင်မှု ဆက်စပ်ပုံကို နိုင်ငံပေါင်း ၅၀ ခန့်တွင် လေ့လာခဲ့ရာ ပျော်ရွှင်မှုကို ငွေဖြင့်ဝယ်ယူ၍မရကြောင်း သုတေသီများ ကောက်ချက်ချခဲ့ကြသည်။
ထို့နောက် ကျန်းမာရေးကောင်းခြင်း၊ အိမ်ထောင်ရေးသာယာခြင်းနှင့် အောင်မြင်သောလုပ်ငန်းရှိခြင်းစသည့် အကြောင်းများသည် ပျော်ရွှင်ရန် မည်မျှအရေးပါသနည်း။ ပျော်ရွှင်ရန် ၎င်းတို့မရှိမဖြစ်လိုအပ်မည်ဆိုလျှင် ကျန်းမာရေးမကောင်းသူ၊ အိမ်ထောင်ရေးမသာယာသူ သန်းပေါင်းများစွာကို မည်သို့ဆိုမည်နည်း။ သားသမီးမရှိသည့် အိမ်ထောင်သည်များ၊ အောင်မြင်သောလုပ်ငန်းမရှိသူ အမျိုးသား၊ အမျိုးသမီးများစွာကော အသို့နည်း။ သူတို့အားလုံး ပျော်ရွှင်မှုကင်းမဲ့သည့်ဘဝ ရောက်နေကြရမည်လော။ လောလောဆယ် ကျန်းမာရေးကောင်းပြီး အိမ်ထောင်ရေးသာယာနေသူများသည် သူတို့၏ အခြေအနေ ပြောင်းလဲသွားပါက ပျော်ရွှင်မှု ပျောက်လွင့်သွားမည်လော။
နေရာမှန်၌ ရှာဖွေနေသလော
လူတိုင်း ပျော်ရွှင်လိုကြသည်။ အကြောင်းမှာ လူ့ဖန်ဆင်းရှင်သည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်ပြီး လူကို ဘုရားသခင့်ပုံသဏ္ဌာန်ဖြင့် ဖန်ဆင်းထားသောကြောင့် ယင်းသည် အံ့အားသင့်စရာမဟုတ်။ (၁ တိမောသေ ၁:၁၁၊ ကဘ; ကမ္ဘာဦး ၁:၂၆၊ ၂၇) ယင်းကြောင့် လူတို့ ပျော်ရွှင်မှုရှာပုံတော်ဖွင့်ခြင်းသည် သဘာဝကျ၏။ သို့ရာတွင် ပျော်ရွှင်မှုကို ဆုပ်ကိုင်ထားခြင်းသည် သဲပွင့်များကို ဆုပ်ကိုင်ထားခြင်းနှင့်တူကြောင်း လူအများတွေ့ရှိခဲ့ကြသည်—နှစ်မျိုးစလုံး လျှောထွက်သွားဖို့ လွယ်ကူသည်။
သို့သော် အချို့သည် ပျော်ရွှင်မှုရရှိဖို့ ကြိုးစားလွန်းနေခြင်း ဖြစ်နိုင်မည်လော။ လူမှုရေးအတွေးအခေါ်ပညာရှင် အဲရစ် ဟော်ဖာက ထိုသို့ယူဆခဲ့သည်။ “ပျော်ရွှင်မှုရှာခြင်းသည် မပျော်ရွှင်နိုင်သည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်” ဟုသူဆို၏။ ပျော်ရွှင်မှုကို နေရာမှန်တွင်မရှာလျှင် ထိုသို့ ဖြစ်တတ်သည်။ သို့ဖြစ်လျှင် စိတ်ပျက်အားလျော့ရမည်သာဖြစ်၏။ ချမ်းသာကြွယ်ဝဖို့ ကြိုးစားခြင်း; ထင်ပေါ်ကျော်ကြားဖို့၊ အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းခြင်း; နိုင်ငံရေး၊ လူမှုရေး သို့မဟုတ် စီးပွားရေးရည်မှန်းချက်ပန်းတိုင်များနောက် တကောက်ကောက်လိုက်ခြင်း; အတ္တဆန်ဆန် လိုဘချက်ချင်းပြည့်ဖို့သာ အသက်ရှင်ခြင်းတို့သည် ပျော်ရွှင်မှုမရရှိစေပါ။ သို့ဖြစ်၍ စာရေးဆရာတစ်ဦးက ခနဲ့တဲ့တဲ့ဖြင့် ဤသို့ပြောဆိုခဲ့သည်ကို လူအချို့လက်ခံခြင်းသည် အံ့ဩစရာမဟုတ်– “ပျော်ရွှင်မှုကို ဆက်မရှာတော့မှသာ ပျော်နိုင်မှာ!”
ထူးခြားထင်ရှားသည်မှာ ဤဆောင်းပါးအစပိုင်းတွင်ဖော်ပြသည့် လူထုသဘောထားစစ်တမ်းအရ လူ ၁၀ ဦးလျှင် ၄ ဦးက ကောင်းမှုပြုပြီး သူတစ်ပါးကိုကူညီပေးခြင်းမှ ပျော်ရွှင်မှုရနိုင်သည်ဟု ကောက်ချက်ချခြင်းဖြစ်သည်။ ထို့ပြင် ၄ ဦးလျှင် ၁ ဦးက ပျော်ရွှင်မှုရှိဖို့ ယုံကြည်ခြင်းနှင့် ဘာသာရေးခံယူချက်တို့ အရေးပါသည်ဟု အလေးထားပြောကြ၏။ ထို့ကြောင့် အမှန်တကယ်ပျော်ရွှင်နိုင်ဖို့ အဘယ်အရာလိုအပ်ကြောင်း ကျွန်ုပ်တို့ အသေအချာဆန်းစစ်ကြည့်ရန်လိုသည်မှာ ထင်ရှားသည်။ နောက်ဆောင်းပါးက ထိုသို့ပြုရန် ကူညီပေးပါလိမ့်မည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
လူအများက ပျော်ရွှင်မှု၏ သော့ချက်သည် ငွေရှိခြင်း၊ အိမ်ထောင်ရေးသာယာခြင်း၊ အောင်မြင်သောလုပ်ငန်းရှိခြင်းတို့ဖြစ်သည်ဟု ယူဆကြသည်။ သင်သဘောတူပါသလော