ဘုရားသခင်၏ဘုန်းတော်ကို “တညီတညွတ်တည်း” ထင်ရှားစေလော့
ဘုရားသခင်၏ဘုန်းတော်ကို “တညီတညွတ်တည်း” ထင်ရှားစေလော့
‘ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းကြလော့။’—ရောမ ၁၅:၅။
၁။ သဘောထားကွဲလွဲမှုများကို ဖြေရှင်းခြင်းနှင့်စပ်လျဉ်း၍ ယုံကြည်သူချင်းများအား ပေါလု အဘယ်သင်ခန်းစာပေးခဲ့သနည်း။
ခရစ်ယာန်အားလုံးသည် တစ်မျိုးတည်းကို ရွေးချယ်၊ နှစ်သက်ကြသည်မဟုတ်ချေ။ သို့တိုင် ခရစ်ယာန်အားလုံးသည် အသက်လမ်းပေါ်တွင် ပခုံးချင်းယှဉ် လျှောက်လှမ်းသွားလာကြရမည်။ ဖြစ်နိုင်ပါမည်လော။ အသေးအဖွဲအမြင်မတူမှုများကို ပုံကြီးမချဲ့လျှင် ဖြစ်နိုင်ပါသည်။ တမန်တော်ပေါလုသည် ဤသင်ခန်းစာကို ပထမရာစုရှိ ယုံကြည်သူချင်းများအား ပေးခဲ့၏။ အဆိုပါအရေးကြီးသောအချက်ကို သူမည်သို့ရှင်းပြခဲ့သနည်း။ သူ၏မှုတ်သွင်းခံဆုံးမစကားကို ယနေ့ ကျွန်ုပ်တို့ မည်သို့လိုက်လျှောက်နိုင်ကြသနည်း။
ခရစ်ယာန်စည်းလုံးမှု အရေးကြီး
၂။ စည်းလုံးမှုရှိဖို့ လိုအပ်ကြောင်း ပေါလု မည်သို့ဖော်ပြခဲ့သနည်း။
၂ ခရစ်ယာန်စည်းလုံးမှုသည် အရေးကြီးကြောင်း ပေါလုသိရှိခဲ့၏၊ မေတ္တာစိတ်နှင့် အချင်းချင်းသည်းခံကြရန် ခရစ်ယာန်များအား ဆုံးမခဲ့သည်။ (ဧဖက် ၄:၁-၃; ကောလောသဲ ၃:၁၂-၁၄) မည်သို့ပင်ဖြစ်ပါစေ၊ သူသည် နှစ်ပေါင်း ၂၀ ကျော်အတွင်း အသင်းတော်များစွာကို တည်ထောင်ပြီး အခြားသူများထံ လည်ပတ်ပြီးနောက် စည်းလုံးမှုကိုဆက်ထိန်းထားခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ကြောင်း သိရှိခဲ့၏။ (၁ ကောရိန္သု ၁:၁၁-၁၃; ဂလာတိ ၂:၁၁-၁၄) သို့ဖြစ်၍ ရောမမြို့ရှိ ယုံကြည်သူချင်းများကို သူဤသို့တိုက်တွန်းခဲ့၏– “သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်းနှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှာ . . . သည်းခံခြင်း၊ သက်သာခြင်း၏အရှင် ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။” (ရောမ ၁၅:၅၊ ၆) ထိုနည်းတူ၊ ယနေ့ ကျွန်ုပ်တို့သည်လည်း ယေဟောဝါဘုရားသခင်၏ စည်းလုံးသောလူမျိုးတော်အဖြစ် ကိုယ်တော်အား “တညီတညွတ်တည်း” ချီးမွမ်းကြရမည်။ ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ကော ထိုသို့ပြုနေကြသလော။
၃၊ ၄။ (က) ရောမမြို့ရှိ ခရစ်ယာန်များတွင် အဘယ်သို့သောနောက်ခံအမျိုးမျိုးရှိကြသနည်း။ (ခ) ရောမမြို့ရှိ ခရစ်ယာန်များသည် ယေဟောဝါအား “တညီတညွတ်တည်း” မည်သို့ဝတ်ပြုနိုင်ကြမည်နည်း။
၃ ရောမမြို့ရှိ ခရစ်ယာန်များစွာသည် ပေါလု၏မိတ်ဆွေရင်းချာများဖြစ်ကြသည်။ (ရောမ ၁၆:၃-၁၆) သူတို့၏နောက်ခံ မတူကြသော်လည်း ပေါလုသည် သူ၏ညီအစ်ကိုအားလုံးကို “ဘုရားသခင်ချစ်တော်” မူကြောင်း အသိအမှတ်ပြု၏။ သူဤသို့ရေးသားခဲ့သည်– ‘သင်တို့၏ယုံကြည်ခြင်းအကြောင်းသည် မြေတစ်ပြင်လုံး၌ အနှံ့အပြားကျော်စောသည်ဖြစ်ရာ သင်တို့နှင့်စပ်လျဉ်း၍ ယေရှုခရစ်အားဖြင့် ငါ၏ဘုရားသခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။’ ရောမခရစ်ယာန်များသည် နည်းအမျိုးမျိုးဖြင့် စံနမူနာဖြစ်ကြောင်း ထင်ရှား၏။ (ရောမ ၁:၅၊ ၈; ၁၅:၁၄) တစ်ချိန်တည်းတွင် အသင်းတော်သားအချို့သည် ကိစ္စရပ်အချို့တွင် စိတ်ဝမ်းကွဲနေကြသည်။ ယခုခေတ် ခရစ်ယာန်များသည် နောက်ခံအမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုးမှ လာကြသောကြောင့် အမြင်မတူမှုများကို ဖြေရှင်းပုံနှင့်ပတ်သက်၍ ပေါလု၏မှုတ်သွင်းခံ ဆုံးမစကားကို လေ့လာသုံးသပ်ခြင်းသည် “တညီတညွတ်တည်း” ပြောဆိုစေနိုင်မည်ဖြစ်သည်။
၄ ရောမမြို့တွင် ဂျူးနှင့် တစ်ပါးအမျိုးသား ယုံကြည်သူများရှိ၏။ (ရောမ ၄:၁; ၁၁:၁၃၊ ၁၄) မောရှေပညတ်အောက်တွင် စောင့်ထိန်းလာခဲ့သည့် ထုံးစံဓလေ့များမှာ ကယ်တင်ခြင်းအတွက် မလိုအပ်တော့ကြောင်း ဂျူးခရစ်ယာန်တို့ သိသင့်သော်လည်း အချို့သည် ယင်းထုံးစံဓလေ့အချို့ကို ဆက်၍လိုက်နာစောင့်ထိန်းနေပုံရသည်။ အခြားတစ်ဖက်တွင်မူ၊ ဂျူးခရစ်ယာန်များက ခရစ်တော်၏ပူဇော်ရာယဇ်သည် မိမိတို့ခရစ်ယာန်ဖြစ်မလာမီ စောင့်ထိန်းခဲ့သော ပညတ်တရားအောက်မှ လွတ်မြောက်ပေးကြောင်း လက်ခံခဲ့ကြ၏။ ထို့ကြောင့် သူတို့၏အကျင့်အကြံနှင့် ဓလေ့ထုံးစံအချို့ကို ပြောင်းလဲခဲ့ကြပြီဖြစ်သည်။ (ဂလာတိ ၄:၈-၁၁) သို့သော် ပေါလုဖော်ပြသည့်အတိုင်းပင် ထိုသူအားလုံးတို့သည် “ဘုရားသခင်ချစ်တော်” မူသောသူများဖြစ်ကြ၏။ သူတို့အချင်းချင်းအပေါ် သဘောထားမှန် ဆက်ထိန်းထားကြမည်ဆိုလျှင် ဘုရားသခင်ကို “တညီတညွတ်တည်း” ချီးမွမ်းနိုင်ကြမည်ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့တွင်လည်း ကိစ္စရပ်အချို့နှင့်ပတ်သက်၍ အမြင်မတူမှုများရှိပေမည်၊ သို့ဖြင့် ထိုအရေးကြီးသောမူကို ပေါလု မည်သို့ရှင်းပြကြောင်း သုံးသပ်လျှင် ကောင်းပေမည်။—ရောမ ၁၅:၄။
‘တစ်ယောက်ကိုတစ်ယောက် ကြိုဆိုကြလော့’
၅၊ ၆။ ရောမအသင်းတော်တွင် အဘယ်ကြောင့် အမြင်မတူမှုများ ရှိခဲ့ကြသနည်း။
၅ ပေါလုသည် ရောမမြို့ရှိ ခရစ်ယာန်များထံ စာရေးချိန်တွင် ထင်မြင်ယူဆချက်အမျိုးမျိုး ကွဲပြားရသည့်အကြောင်း ဖော်ပြခဲ့၏။ သူဤသို့ရေးသားသည်– “အစာအမျိုးမျိုးကိုစားအပ်သည်ဟု လူအချို့ယုံ၏။ အားနည်းသောသူမူကား၊ ဟင်းသီးဟင်းရွက်ကိုသာစား၏။” အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ မောရှေပညတ်အောက်တွင် ဝက်သားသည် မစားအပ်သော အစာဖြစ်သည်။ (ရောမ ၁၄:၁၊ ၂; ဝတ်ပြုရာ ၁၁:၇) သို့သော် ယေရှုကွယ်လွန်ပြီးနောက် ထိုပညတ်၏ချုပ်နှောင်မှုအောက်တွင် မရှိတော့ချေ။ (ဧဖက် ၂:၁၅) ထို့နောက် ယေရှုကွယ်လွန်ပြီး သုံးနှစ်ခွဲအကြာတွင် ကောင်းကင်တမန်တစ်ပါးက ဘုရားသခင့်အမြင်တွင် အဘယ်အစားအစာကိုမျှ ညစ်ညူးသည်ဟု မရှုမြင်အပ်ဟု တမန်တော်ပေတရုကို မိန့်ဆိုခဲ့သည်။ (တမန်တော် ၁၁:၇-၁၂) အဆိုပါအချက်များကို စိတ်ထဲစွဲမှတ်ကာ ဂျူးခရစ်ယာန်အချို့သည် ဝက်သားအပြင် ပညတ်တရားက တားမြစ်ခဲ့သည့် တခြားအစားအစာကိုပါ စားသုံးနိုင်သည်ဟု ယူမှတ်ကြပေမည်။
၆ သို့သော် တခြားဂျူးခရစ်ယာန်များအတွက်မူ ယခင်က မသန့်ရှင်းဟုသတ်မှတ်ခဲ့သည့် ထိုအစာများ စားသုံးခြင်းက ရွံရှာစရာဖြစ်ပေမည်။ ဤနုနယ်သူများသည် ဂျူးခရစ်ယာန်တို့ အဆိုပါ အစာများ စားသုံးသည်ကို မြင်တွေ့ကာ အလိုလို စိတ်အနှောင့်အယှက် ဖြစ်နေတတ်ကြသည်။ ထို့ပြင် အစားအစာနှင့်စပ်လျဉ်း၍ တားမြစ်ချက်လုံးလုံးမရှိခဲ့သော ဘာသာရေးနောက်ခံမှ တစ်ပါးအမျိုးသားခရစ်ယာန်အချို့သည် အစာနှင့်ပတ်သက်ပြီး အငြင်းပွားခြင်းကို စဉ်းစားရခက်ကြပေမည်။ အမှန်မှာ တစ်ဦးတစ်ယောက်က အစာတချို့ကို ရှောင်ကြဉ်မှ ကယ်တင်ခြင်းရမည်ဟု လိုက်ပြောမနေသရွေ့ ကိုယ်တိုင်အစာရှောင်ခြင်းသည် မမှားပါ။ သို့တိုင် အထက်ပါအမြင်မတူမှုများကြောင့် အသင်းတော်တွင် အငြင်းပွားမှုများ အလွယ်တကူဖြစ်ပေါ်လာနိုင်သည်။ ဤသို့သောအမြင်မတူမှုများကြောင့် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရေးတွင် “တညီတညွတ်တည်း” လုပ်ဆောင်ခြင်းကို အဟန့်အတားဖြစ်မသွားရန် ရောမမြို့ရှိ ခရစ်ယာန်များ သတိပြုကြဖို့လိုမည်။
၇။ တစ်ပတ်လျှင် အထူးနေ့ရက်တစ်ရက်ကို စောင့်ထိန်းခြင်းနှင့်ပတ်သက်၍ အဘယ်အမြင်မတူမှုများ ရှိခဲ့သနည်း။
၇ ပေါလုသည် ဤဒုတိယဥပမာကိုပေး၏– “နေ့ရက်တစ်ရက်ထက်တစ်ရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။” (ရောမ ၁၄:၅က) မောရှေပညတ်အရ ဥပုသ်နေ့တွင် အဘယ်အလုပ်ကိုမျှ မပြုလုပ်ရချေ။ ထိုနေ့တွင် ခရီးသွားခြင်းကိုပင် လုံးဝပိတ်ပင်ထားသည်။ (ထွက်မြောက်ရာ ၂၀:၈-၁၀; မဿဲ ၂၄:၂၀; တမန်တော် ၁:၁၂) သို့သော် ပညတ်တရားကို ပယ်ဖျက်လိုက်သည့်အခါ အဆိုပါတားမြစ်ချက်များ ကွယ်ပျောက်သွားသည်။ သို့တိုင် ဂျူးခရစ်ယာန်အချို့သည် မြင့်မြတ်ရာနေ့အဖြစ် ယခင်ကရှုမြင်ခဲ့သော ထိုနေ့ရက်တွင် မည်သည့်အလုပ်ကိုမျှ မပြုလုပ်ဝံ့၊ ခရီးဝေးပင် မသွားဝံ့ကြချေ။ ဘုရားသခင့်ရှုထောင့်မှကြည့်လျှင် ဥပုသ်စောင့်စရာမလိုတော့သော်လည်း သူတို့သည် ခရစ်ယာန်များဖြစ်လာကြပြီးနောက်၌ပင် ခုနစ်ရက်မြောက်နေ့ကို ဝိညာဉ်ရေးရာများအတွက်သာ သီးသန့်ထားကြပေမည်။ သူတို့ ထိုသို့ပြုလုပ်ခြင်းသည် မှားသလော။ ဥပုသ်စောင့်ဖို့ ဘုရားသခင်မိန့်မှာသည်ဟု သူတို့အတင်းအကျပ်မပြောဆိုလျှင် မမှားပါ။ ထို့ကြောင့် ပေါလုသည် ခရစ်ယာန်ညီအစ်ကိုများ၏သိစိတ်ကို ထောက်၍ “လူတိုင်း မိမိစိတ်သဘောကျပါစေ” ဟုရေးသားခဲ့ခြင်းဖြစ်သည်။—ရောမ ၁၄:၅ခ။
၈။ ရောမမြို့ရှိ ခရစ်ယာန်များသည် သူတစ်ပါး၏သိစိတ်ကို ထောက်ထားနိုင်ကြသော်လည်း အဘယ်အရာကို မပြုလုပ်ဖို့ဖြစ်သနည်း။
၈ မည်သို့ပင်ဖြစ်ပါစေ၊ ပေါလုသည် သိစိတ်ကို ကြိုးစားတွန်းလှန်နေသူများအား စိတ်ရှည်ရန် ညီအစ်ကိုများကို လှိုက်လှိုက်လှဲလှဲ အားပေးစဉ် ကယ်တင်ခြင်းရရန် မောရှေပညတ်ကို မဖြစ်မနေ လိုက်လျှောက်ရမည်ဟု ယုံကြည်သူချင်းများအား အတင်းတိုက်တွန်းသူများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ဥပမာ၊ ခရစ်ယာန်များ၌ ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုအခြေပြု၍ သာလွန်ကောင်းမြတ်သော မျှော်လင့်ချက် ရရှိထားသောကြောင့် စီ.အီး. ၆၁ ခုနှစ်ခန့်တွင် ဂျူးခရစ်ယာန်များထံ တန်ခိုးပါသော ဟေဗြဲသြဝါဒကျမ်းကို ပေါလုရေးသား၍ မောရှေပညတ်ကို လိုက်လျှောက်ခြင်းသည် အရေးမကြီးတော့ကြောင်း ရှင်းလင်းစွာ ဖော်ပြထား၏။—ဂလာတိ ၅:၁-၁၂; တိတု ၁:၁၀၊ ၁၁; ဟေဗြဲ ၁၀:၁-၁၇။
၉၊ ၁၀။ ခရစ်ယာန်များသည် အဘယ်အရာကို ရှောင်ကြဉ်သင့်သနည်း။ ရှင်းပြပါ။
၉ ကျွန်ုပ်တို့သိမြင်ခဲ့သည့်အတိုင်း ခရစ်ယာန်မူများကို သိသိသာသာချိုးဖောက်သော ရွေးချယ်မှုမဟုတ်သရွေ့ ရွေးချယ်မှုမတူခြင်းသည် စည်းလုံးမှုကို ထိခိုက်စရာ မဖြစ်စေသင့်ပါ။ ထို့ကြောင့် ပေါလုသည် သိစိတ်အားနည်းသော ခရစ်ယာန်များအား ဤသို့မေးခဲ့သည်– “သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။” ထို့ပြင် သိစိတ်ခိုင်မာသူများ (ပညတ်တရား တားမြစ်ထားသော အစာတချို့ကို စားသုံးရန် သို့မဟုတ် ဥပုသ်နေ့တွင် ဝမ်းစာရှာရန် သိစိတ်ကခွင့်ပြုထားသူများ) ကို ဤသို့မေး၏– “ညီအစ်ကိုချင်းကို အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။” (ရောမ ၁၄:၁၀) ပေါလုပြောသည့်အတိုင်း သိစိတ်အားနည်းသော ခရစ်ယာန်များသည် သဘောထားကြီးသော မိမိတို့ညီအစ်ကိုများကို ပြစ်တင်ရှုတ်ချခြင်း မပြုကြရချေ။ တစ်ချိန်တည်းတွင်၊ သိစိတ်ခိုင်မာသော ခရစ်ယာန်များသည် ကဏ္ဍတချို့တွင် သိစိတ်အားနည်းနေသေးသောသူများကို မထီမဲ့မြင်မပြုသင့်ချေ။ ကျွန်ုပ်တို့အားလုံးသည် သူတစ်ပါး၏ကိုယ်ပိုင်သဘောထားကို လေးစားပြီး “ကိုယ်ကိုထင်သင့်သည်အတိုင်းထက် လွန်၍မထင်” သင့်ချေ။—ရောမ ၁၂:၃၊ ၁၈။
၁၀ မျှတသောအမြင်ကို ပေါလု ဤသို့ရှင်းပြသည်– “အမျိုးမျိုးကိုစားသောသူသည် မစားသောသူကို မထီမဲ့မြင်မပြုစေနှင့်။ မစားသောသူသည်လည်း စားသောသူကို မစစ်ကြောမစီရင်စေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် သူ့ကို လက်ခံတော်မူပြီ။” ထို့ပြင် “ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည်” ဟုဖော်ပြခဲ့သည်။ သိစိတ်ခိုင်မာသူကိုရော၊ အားနည်းသူကိုပါ ဘုရားသခင်နှင့် ခရစ်တော် လက်ခံတော်မူသည့်အတွက် ကျွန်ုပ်တို့သည်လည်း သဘောထားကြီးစွာ “တစ်ယောက်ကိုတစ်ယောက် လက်ခံ” သင့်၏။ (ရောမ ၁၄:၃; ၁၅:၁၇) အဘယ်သူသည် ယင်းကို သဘောမတူဘဲနေနိုင်မည်နည်း။
ယနေ့ ညီအစ်ကိုချင်းမေတ္တာက စည်းလုံးစေ
၁၁။ ပေါလု၏ခေတ်တွင် အဘယ်ထူးခြားသောအခြေအနေ ရှိခဲ့သနည်း။
၁၁ ရောမမြို့ရှိခရစ်ယာန်များထံ ပေါလုရေးခဲ့သောစာတွင် ထူးခြားသောအခြေအနေတစ်ရပ်ကို ဖော်ပြခဲ့သည်။ ယေဟောဝါသည် မကြာသေးမီက ပဋိညာဉ်တစ်ခုကို ပယ်ဖျက်ပြီး အသစ်တစ်ခုဖွဲ့ခဲ့သည်။ အချို့သည် ပြုပြင်ပြောင်းလဲရန် အခက်တွေ့နေကြ၏။ ယနေ့ ထိုသို့သောအခြေအနေမရှိသော်လည်း အလားတူ အခြေအနေမျိုး တစ်ခါတစ်ရံ ပေါ်ပေါက်ပေမည်။
၁၂၊ ၁၃။ ယနေ့ ခရစ်ယာန်များသည် မိမိတို့ညီအစ်ကိုများ၏သိစိတ်ကို ထောက်ထားစာနာမှုပြနိုင်သည့် အခြေအနေအချို့ကား အဘယ်နည်း။
၁၂ ဥပမာ၊ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် တစ်ချိန်က လှလှပပဝတ်စားဆင်ယင်မှုမရှိသော ဘာသာဝင်တစ်ဦးဖြစ်ပေမည်။ သူသည် အမှန်တရားကို သိရှိလာသောအခါ အချိန်အခါ နေရာဒေသနှင့်လျော်ကန်စွာ ဣန္ဒြေရှိရှိ လှပစွာဝတ်စားဆင်ယင်နိုင်ကြောင်း၊ တော်ရုံသင့်ရုံ မိတ်ကပ်လိမ်းခြယ်နိုင်ကြောင်းကို လက်ခံရခက်နေပေမည်။ ကျမ်းစာမူနှင့် မပတ်သက်သောကြောင့် ထိုခရစ်ယာန်အမျိုးသမီး သူ၏သိစိတ်ကို ချိုးဖျက်လိုက်စေရန် တစ်ဦးတစ်ယောက်က ကြိုးစားဖျောင်းဖျခြင်းသည် မလျောက်ပတ်ပေ။ တစ်ချိန်တည်းတွင် သူသည်လည်း ထိုသို့ဝတ်စားဆင်ယင်လိမ်းခြယ်ရန် သိစိတ်ကခွင့်ပြုသည့် ခရစ်ယာန်အမျိုးသမီးများကို အပြစ်တင်ဝေဖန်မှု မပြုသင့်ချေ။
၁၃ နောက်ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ခရစ်ယာန်အမျိုးသားတစ်ဦးသည် အရက်သောက်ခြင်းကို မနှစ်သက်သည့် အသိုင်းအဝိုင်းတွင် ကြီးပြင်းလာခဲ့ပေမည်။ သူသည် အမှန်တရားသိရှိလာပြီးနောက် ဝိုင်အရက်သည် ဘုရားသခင်ထံမှ ဆုကျေးဇူးတစ်ခုဖြစ်ပြီး တော်ရုံသင့်ရုံသောက်သုံးနိုင်သည့် ကျမ်းစာရှုမြင်ချက်ကို သိရှိလာမည်။ (ဆာလံ ၁၀၄:၁၅) ထိုရှုမြင်ချက်ကို သူလက်ခံ၏။ သို့တိုင် သူ၏နောက်ခံကြောင့် အရက်ယမကာသောက်သုံးခြင်းကို သူလုံးလုံးရှောင်လိုသော်လည်း အရက်ကို တော်ရုံသင့်ရုံသောက်သုံးသူများအား သူအပြစ်တင်ဝေဖန်ခြင်းမပြုချေ။ ဤသို့အားဖြင့် သူသည် ပေါလု၏ ဤစကားကို လိုက်နာကျင့်သုံး၏– “ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မီအောင်လိုက်ကြကုန်အံ့။”—ရောမ ၁၄:၁၉။
၁၄။ ခရစ်ယာန်များသည် အဘယ်အခြေအနေမျိုးများတွင် ရောမမြို့သားများအား ပေါလုဆုံးမခဲ့သောစကား၏ဆိုလိုချက်ကို လိုက်နာနိုင်သနည်း။
၁၄ ရောမမြို့ရှိ ခရစ်ယာန်များအား ပေါလုဆုံးမခဲ့သောစကား၏ဆိုလိုချက်ကို လိုက်နာဖို့လိုသည့် တခြားအခြေအနေများ ပေါ်ပေါက်လာနိုင်၏။ ခရစ်ယာန်အသင်းတော်သည် လူများစွာဖြင့် ဖွဲ့စည်းထားရာ သူတို့သည် အကြိုက်ချင်း တူကြမည်မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် ဝတ်စားဖြီးလိမ်းပုံ အစရှိသည်တို့တွင် တစ်မျိုးစီရွေးချယ်ပြုမူကြပေမည်။ အမှန်ဆိုရသော် စိတ်ရင်းမှန်ခရစ်ယာန်များ လိုက်နာကျင့်သုံးရမည့် ရှင်းလင်းပြတ်သားသောမူများကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ ကျွန်ုပ်တို့မည်သူမျှ ဆန်းသစ်တီထွင်ကာ ဣန္ဒြေမဲ့သည့် သို့မဟုတ် မနှစ်မြို့ဖွယ် လောကပုံစံထွက်စေသည့် ဝတ်စားခြင်းမျိုး၊ ဆံပင်ပုံစံများထားခြင်းမျိုး မပြုသင့်ပေ။ (၁ ယောဟန် ၂:၁၅-၁၇) ခရစ်ယာန်များသည် အချိန်အခါမရွေး အပန်းဖြေအနားယူချိန်၌ပင် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အား ကိုယ်စားပြုသော အမှုဆောင်များဖြစ်ကြောင်း သတိရကြရမည်။ (ဟေရှာယ ၄၃:၁၀; ယောဟန် ၁၇:၁၆; ၁ တိမောသေ ၂:၉၊ ၁၀) သို့သော် ခရစ်ယာန်များအဖို့ ကဏ္ဍအများစုတွင် လက်ခံနိုင်ဖွယ် ရွေးချယ်စရာအများအပြားရှိနေပါသည်။ *
သူတစ်ပါးကို ထိမိမလဲစေပါနှင့်
၁၅။ ခရစ်ယာန်တစ်ဦးသည် လုပ်ပိုင်ခွင့်ရှိသော်လည်း အဘယ်အခြေအနေမျိုးတွင် ညီအစ်ကိုများ၏အကျိုးအတွက် ထိန်းချုပ်ထားမည်နည်း။
၁၅ ပေါလုသည် ရောမမြို့ရှိ ခရစ်ယာန်များအားရေးသော သူ၏ဆုံးမစကားတွင် အရေးကြီးသော အခြားမူတစ်ခုကို အာရုံစိုက်စေသည်။ တစ်ခါတစ်ရံ ကောင်းစွာလေ့ကျင့်ထားသောသိစိတ်ရှိ ခရစ်ယာန်တစ်ဦးသည် လွတ်လပ်စွာ ရွေးချယ်ပြုလုပ်ခွင့်ရှိသည့်အမှုကို မပြုလုပ်ရန် ဆုံးဖြတ်ပေမည်။ အဘယ်ကြောင့်နည်း။ ထိုသို့ပြုလုပ်လိုက်လျှင် သူတစ်ပါးကို ထိခိုက်နိုင်ကြောင်း သူသိရှိ၍ဖြစ်သည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်သင့်သနည်း။ ပေါလုက “အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်းကိစ္စမှစ၍ ညီအစ်ကိုထိမိ၍လဲစရာအကြောင်း . . . ကိုရှောင်အပ်၏” ဟုဆိုသည်။ (ရောမ ၁၄:၁၄၊ ၂၀၊ ၂၁) ထို့ကြောင့် “အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏အားနည်းခြင်းကို သည်းခံရကြမည်။ ထိုသို့ ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကိုထောက်၍ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့လိုက်ကြကုန်အံ့။” (ရောမ ၁၅:၁၊ ၂) ကျွန်ုပ်တို့ပြုလုပ်ရာကြောင့် ခရစ်ယာန်ချင်းတစ်ဦး၏သိစိတ်ကို ထိခိုက်နိုင်မည်ဆိုလျှင် ညီအစ်ကိုချင်းချစ်သည့်မေတ္တာက ကျွန်ုပ်တို့အား စာနာစိတ်ရှိစေပြီး မိမိကြိုက်နှစ်သက်ရာ မပြုလုပ်ရန် စေ့ဆော်ပေးပါလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ ဥပမာတစ်ခုမှာ အရက်ယမကာသောက်သုံးခြင်းဖြစ်၏။ ခရစ်ယာန်တစ်ဦးသည် ဝိုင်အရက်ကို တော်ရုံသင့်ရုံသောက်သုံးခွင့်ရှိ၏။ သို့သော်လည်း ထိုသို့သောက်သုံးခြင်းသည် သူ၏အဖော်ကို ထိမိလဲစရာဖြစ်နိုင်လျှင် သောက်မည်မဟုတ်ချေ။
၁၆။ ကျွန်ုပ်တို့၏ရပ်ကွက်သားများကို ထောက်ထားစာနာမှု မည်သို့ပြနိုင်သနည်း။
၁၆ ခရစ်ယာန်အသင်းတော်ပြင်ပရှိသူများနှင့် ဆက်ဆံရာတွင်လည်း ဤမူကို ကျင့်သုံးနိုင်၏။ ဥပမာ၊ ကျွန်ုပ်တို့နေထိုင်သည့်ဒေသတွင် အများကယုံကြည်လျက်ရှိသော ဘာသာတရားက ၎င်း၏နောက်လိုက်များအား ရက်သတ္တပတ်၏နေ့တစ်နေ့ကို အနားယူရာနေ့အဖြစ် စွဲကိုင်ထားသည်ဆိုပါစို့။ သို့ဖြစ်လျှင် ကျွန်ုပ်တို့၏အိမ်နီးချင်းများကို ထိမိမလဲစေရန်နှင့် ဟောပြောခြင်းလုပ်ငန်းကို အတားအဆီးမဖြစ်စေရန် ထိုနေ့ရက်တွင် သူတို့စိတ်ခုသွားနိုင်စရာရှိသည့် မည်သည့်အမှုကိုမဆို မပြုလုပ်မိရန် အတတ်နိုင်ဆုံး ကြိုးစားကြမည်။ အခြေအနေနောက်တစ်မျိုးတွင် ချမ်းသာသောခရစ်ယာန်တစ်ဦးသည် ဆင်းရဲသားများသည့် သာ၍လိုအပ်သောနေရာသို့ ပြောင်းရွှေ့အမှုဆောင်သည်ဆိုပါစို့။ သူသည် ရိုးရိုးလေးဝတ်စားဆင်ယင်ခြင်းအားဖြင့်၊ ငွေကြေးတတ်နိုင်သော်လည်း ရိုးရိုကုပ်ကုပ်နေထိုင်ခြင်းအားဖြင့် သူ၏အိမ်နီးချင်းအသစ်များကို ထောက်ထားစာနာမှုပြရန် ရွေးချယ်ပြုမူပေမည်။
၁၇။ ကျွန်ုပ်တို့ရွေးချယ်ပြုမူခြင်းနှင့်ပတ်သက်၍ သူတစ်ပါးကို ထောက်ထားစာနာခြင်းသည် အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့်ရှိသနည်း။
၁၇ သိစိတ် “အားရှိသော” သူတို့အနေနှင့် ထိုသို့ပြုပြင်ပြောင်းလဲပေးရန် မျှော်လင့်ခြင်းသည် အကျိုးသင့်အကြောင်းသင့်ရှိပါသလော။ ဤပုံဥပမာကို သုံးသပ်ကြည့်ပါ– အဝေးပြေးလမ်းမပေါ်တွင် ကားမောင်းသွားနေစဉ် လမ်းဘေးကပ်လျှောက်နေကြသော ကလေးအချို့ အန္တရာယ်ရှိနိုင်ကြောင်း တွေ့ရသည်ဆိုပါစို့။ ခွင့်ပြုထားသည့် အရှိန်နှုန်းဖြင့် လွတ်လပ်စွာဆက်မောင်းမည်လော။ ထိုသို့မောင်းမည်မဟုတ်ပါ၊ ကလေးများကို အသက်အန္တရာယ်မရှိစေရန် တတ်နိုင်သလောက် အရှိန်လျှော့မောင်းကြမည်ဖြစ်သည်။ တစ်ခါတစ်ရံ ယုံကြည်သူချင်းများနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ ပေါင်းသင်းဆက်ဆံရာတွင် ထိုနည်းတူ စိတ်လိုကိုယ်လျောက် အရှိန်လျှော့ပေးဖို့လိုသည်။ ကျွန်ုပ်တို့ အပြည့်အဝပြုလုပ်ပိုင်ခွင့်ရှိသည့်အရာကို ပြုလုပ်နေပေမည်။ အဘယ်ကျမ်းစာမူကိုမျှ ချိုးဖောက်နေခြင်းမဟုတ်ပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်မည် သို့မဟုတ် သိစိတ်အားနည်းသူတို့ကို စိတ်နာသွားစေနိုင်မည်ဆိုလျှင် ခရစ်ယာန်မေတ္တာက သတိနှင့်ပြုမူစေပါလိမ့်မည်။ (ရောမ ၁၄:၁၃၊ ၁၅) စည်းလုံးမှုကိုထိန်းသိမ်းထားပြီး ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို တိုးပွားစေခြင်းသည် ကျွန်ုပ်တို့၏လုပ်ပိုင်ခွင့်များထက် သာ၍အရေးကြီး၏။
၁၈၊ ၁၉။ (က) သူတစ်ပါးကို ထောက်ထားစာနာမှုပြရာတွင် ယေရှု၏ပုံနမူနာကို ကျွန်ုပ်တို့ မည်သို့လိုက်လျှောက်ကြသနည်း။ (ခ) ကျွန်ုပ်တို့အားလုံးသည် အဘယ်ကိစ္စရပ်များတွင် တညီတညွတ်တည်းပြုမူကြသနည်း၊ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို ဆွေးနွေးကြမည်နည်း။
၁၈ ထိုသို့ ကျွန်ုပ်တို့ပြုလုပ်သည့်အခါ ဤအကောင်းဆုံးစံနမူနာကို တုပရာကျ၏။ ပေါလုက ဤသို့ဆိုခဲ့သည်– “ခရစ်တော်သည် ကိုယ်အလိုသို့မလိုက်။ ကျမ်းစာလာသည်အတိုင်း ‘ကဲ့ရဲ့ခြင်းကိုခံတော်မူ၏။ ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ရောက်ပါ၏။’” ယေရှုသည် ကျွန်ုပ်တို့အတွက် ကိုယ်တော်၏အသက်ကို ပေးဆက်ရန် တလိုတလားရှိခဲ့သည်။ သိစိတ် “အားနည်းသောသူတို့” သည် ကျွန်ုပ်တို့နှင့်စည်းလုံးစွာ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် ကျွန်ုပ်တို့၏လုပ်ပိုင်ခွင့်အချို့ကို တလိုတလားစွန့်လိုကြမည်မှာ သေချာသည်။ မှန်၏၊ မိမိရွေးချယ်ရာများကို တမင်ကန့်သတ်ကာ မိမိ၏လုပ်ပိုင်ခွင့်ကို တရားသေမဆုပ်ကိုင်ထားဘဲ သိစိတ်အားနည်းသော ခရစ်ယာန်များအပေါ် အလိုက်သင့်လိုက်လျောပေးပြီး သဘောထားကြီးခြင်းဖြင့် ‘ခရစ်တော်ယေရှုတွင်ရှိသည့် ထပ်တူစိတ်သဘော’ ကိုတင်ပြကြသည်။—ရောမ ၁၅:၁-၆။
၁၉ ကျမ်းစာမူများနှင့်မပတ်သက်သည့် ကိစ္စရပ်များအပေါ် ကျွန်ုပ်တို့၏ရှုမြင်ချက်များသည် အနည်းငယ်ကွဲပြားခြားနားသော်လည်း ဝတ်ပြုရေးနှင့်ပတ်သက်လာလျှင် တညီတညွတ်တည်း ပြုမူကျင့်ကြံကြ၏။ (၁ ကောရိန္သု ၁:၁၀) ဥပမာ၊ ဤသို့သောစည်းလုံးမှုသည် စစ်မှန်သောဝတ်ပြုရေးကို အတိုက်အခံပြုသူများအား ကျွန်ုပ်တို့တုံ့ပြန်ပုံတွင် ပေါ်လွင်ထင်ရှား၏။ သမ္မာကျမ်းစာက အတိုက်အခံပြုသူများကို သူစိမ်းများဟု ခေါ်ဆိုရာ “သူစိမ်းတို့ စကားသံ” ကိုသတိပြုပါဟု သတိပေးနှိုးဆော်ထားသည်။ (ယောဟန် ၁၀:၅၊ သမ) အဆိုပါသူစိမ်းများကို ကျွန်ုပ်တို့ မည်သို့ခွဲခြားသိရှိနိုင်မည်နည်း။ သူတို့ကို မည်သို့တုံ့ပြန်သင့်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 14 အရွယ်မရောက်သေးသော ကလေးများသည် မိဘအကြိုက် ဝတ်စားဆင်ယင်ကြသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ကိုယ်ရေးကိုယ်တာကိစ္စရပ်များအပေါ် အမြင်မတူခြင်းသည် စည်းလုံးမှုကို အဘယ်ကြောင့် မပြိုကွဲစေနိုင်သနည်း။
• ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး မေတ္တာပါပါ အဘယ်ကြောင့်ထောက်ထားစာနာသင့်သနည်း။
• ယနေ့ စည်းလုံးမှုနှင့်ပတ်သက်၍ ပေါလု၏ဆုံးမစကားကို ကျွန်ုပ်တို့လိုက်လျှောက်နိုင်သည့် နည်းအချို့ကား အဘယ်နည်း၊ ယင်းသို့ပြုရန် အဘယ်အရာက စေ့ဆော်ပေးမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
စည်းလုံးမှုနှင့်ပတ်သက်၍ ပေါလု၏ဆုံးမစကားသည် အသင်းတော်အတွက် အရေးပါ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် နောက်ခံချင်း မတူကြသော်လည်း စည်းလုံးကြ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယခု ဤယာဉ်မောင်းသည် မည်သို့ပြုလုပ်သင့်သနည်း