မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မေ့လျော့ခံရသူများ” အောက်မေ့ခံရ

“မေ့လျော့ခံရသူများ” အောက်မေ့ခံရ

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ မှတ်တမ်း

“မေ့လျော့​ခံရ​သူများ” အောက်မေ့​ခံရ

အသက် ၁၅ နှစ်အရွယ် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ ဟို​င်း​ဂါ့ဇ်​သည် ၂၀၀၁ ခုနှစ် အစောပိုင်း​တွင် ဆွစ်ဇာလန်​နိုင်ငံ၊ ဘန်း​မြို့၌ “မေ့လျော့​ခံရ​သူများ” ပြပွဲ​ကို သွား​ကြည့်ရှု​ခဲ့​သည်။ ၎င်း​ပြပွဲ​သည် နာဇီ​တို့၏ နှိပ်စက်​ညှဉ်းပန်းမှု​ကို​ခံ​ခဲ့​ရသည့် ယေဟောဝါသက်သေ​များ​အကြောင်း​ဖြစ်၏။ ပြန်​ခါနီး​တွင် ဟို​င်း​ဂါ့ဇ်​က ဤသို့​ဆို​သည်– “နာဇီ​အစိုးရ​လက်အောက်​မှာ ယေဟောဝါ​သက်သေတွေဟာ လူ​မ​ဆန်​တဲ့ ပြုကျင့်​မှု​တွေ​ခံ​ခဲ့​ရတဲ့​အကြောင်း ကျွန်တော်​ကြားဖူး​ပေမဲ့ အဲဒီတုန်းက ဓာတ်​ပုံ​တွေ​နဲ့ မှတ်တမ်း​မှတ်​ရာ​အစစ်အမှန်​တွေ​ကို ကျွန်တော်​တွေ့ ဖူး​တာ ဒါ​ပထမ​ဆုံး​အကြိမ်​ပဲ။ ပြပွဲ​မှာ ပြသထား​တဲ့​အရာ​တွေ၊ မျက်မြင်​သက်သေ​တွေ​ရဲ့ အစီရင်ခံ​ချက်​တွေ​နဲ့ သမိုင်း​ပညာရှင်​တွေ ပြော​တဲ့​စကား​တွေ​ကို ကျွန်တော်​မမေ့နိုင်​အောင် စွဲမှတ်​သွားတယ်။”

၎င်းနောက်​ပိုင်း ဟို​င်း​ဂါ့ဇ်​သည် အထက်တန်း​ကျောင်းတွင် အတန်းသား​များ​အတွက် အစီရင်ခံစာ​တစ်စောင်​ရေး​ရန် တာဝန်ရ​သည့်​အခါ “ယေဟောဝါသက်သေ​များ—နာဇီ​ဝါဒ​ဒဏ်​ခံ​ခဲ့​ရသည့် မေ့လျော့​ခံရ​သူများ” ခေါင်းစဉ်​ကို သူ​ရွေး​ခဲ့​သည်။ သူ၏​ဆရာ​သည် အဆိုပါ​ခေါင်းစဉ်​ကို လက်ခံ​သော်လည်း သူ၏​အစီရင်ခံစာ​တွင် လောက​စာပေ​မှ ကိုးကား​ဖော်ပြ​ရမည်ဟု ဟို​င်း​ဂါ့ဇ်​ကို​ပြော​သည်။ ဟို​င်း​ဂါ့ဇ်​က ဝမ်း​ပန်း​တ​သာ သဘောတူ​လိုက်​သည်။ “ကျွန်တော်​လေ့လာ​ဖတ်ရှု​ခဲ့​တဲ့ နာဇီ​ခေတ်​က ယေဟောဝါသက်သေ​တွေ​အကြောင်းပါ​တဲ့ စာအုပ်​တချို့က​နေ အကျဉ်း​ချုံး ဖော်ပြ​ရေးသားတဲ့​အပြင် “မေ့လျော့​ခံရ​သူများ” ပြပွဲ​နဲ့​ပတ်သက်​လို့ ကျွန်တော် စွဲမှတ်​သွားတဲ့​အရာ​တွေ​ကိုလည်း ထည့်သွင်း​ဖော်ပြ​ခဲ့​တယ်။ ၄၃-မျက်နှာ​ရှည်​တဲ့ ကျွန်တော့်​အစီရင်ခံစာ​ထဲမှာ ရုပ်ပုံတွေ​ရော ဓာတ်​ပုံ​တွေ​ပါ,ပါ​တယ်။”

၂၀၀၂ ခုနှစ်၊ နိုဝင်ဘာ​လ​တွင် ဟို​င်း​ဂါ့ဇ်​သည် သူ၏​အစီရင်ခံစာ​ကို ကျောင်းနေ​ဖက်​များ၊ ဆရာ​ဆရာမ​များ၊ မိသားစု​နှင့် မိတ်ဆွေများ​ကို တင်ဆက်​ပြသ​လိုက်​သည်။ ၎င်းနောက် မေးဖြေ​ဆွေးနွေးခန်း​ပြုလုပ်​ခဲ့​ရာ သူ၏​ကျမ်းစာ​အခြေပြု ယုံကြည်ချက်များ​ကို ရှင်းလင်း​ဖော်ပြ​ခွင့်​ရခဲ့​သည်။ ပရိသတ်​ထဲ​မှ မိန်းကလေး​တစ်ဦး​က ဤ​ခေါင်းစဉ်​ကို သူ​အဘယ်ကြောင့်​ရွေးချယ်​ခဲ့​ရ​ကြောင်း မေးမြန်း​သောအခါ သမိုင်း​စာအုပ်​အတော်များများ​တွင် ယေဟောဝါသက်သေ​များ​အကြောင်း မပါ​ကြောင်း၊ သက်သေခံ​များသည် ၎င်းတို့၏​ခရစ်ယာန်​ယုံကြည်ခြင်းကို ရဲစွမ်းသတ္တိ​ရှိ​ရှိ တင်ပြ​ခဲ့​ကြ​ကြောင်းကို လူအများ​အား သိရှိ​စေလို၍​ဖြစ်​ကြောင်း ဟို​င်း​ဂါ့ဇ်​က ရှင်းပြ​ခဲ့​သည်။ သူ့​တင်ဆက်မှု​၏ ရလဒ်​ကား အဘယ်နည်း။

“ကျွန်တော့်​ရဲ့ ကျောင်းနေ​ဖက်​တွေ တအံ့တသြ​ဖြစ်သွား​ကြတယ်။ ယေဟောဝါ​သက်သေတွေဟာ အဖွဲ့​လိုက် ရက်ရက်စက်စက် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရတယ်ဆိုတာ​ကို သူတို့​လုံးဝ​မသိ​ခဲ့​ကြဘူး။ ဒါ့အပြင်၊ နာဇီ​ချွေး​တပ်​စခန်း​တွေ​မှာ ဖမ်းချုပ်​ခံ​ခဲ့​ရတဲ့ သက်သေခံတွေဟာ ခရမ်းရောင်​တြိဂံ​ကို အထူး​အမှတ်အသား​အဖြစ် တပ်ဆင်​ခဲ့​ရတယ်ဆိုတာ​ကိုလည်း အများစုက မသိ​ခဲ့​ကြဘူး” ဟု ဟို​င်း​ဂါ့ဇ်​က​ပြောပြ​သည်။

သူ၏​တင်ဆက်မှု​ပြီး​သည့်​နောက် ဟို​င်း​ဂါ့ဇ်​သည် သူ၏​အတန်းဖော်​များ​ကို သက်သေခံ​တို့၏ ကျမ်းစာ​အခြေပြု ခံယူ​ချက်​များ​ဖြစ်သည့် သွေးသွင်း​ခြင်း၊ အရက်ယမကာ​နှင့် ကိုယ်ကျင့်တရား​တို့​အကြောင်း ပြောပြ​ခွင့်​ပို​ရရှိခဲ့သည်။ “ကျွန်တော့်​ရဲ့​ကျောင်းနေ​ဖက်​တစ်ယောက်မှ ကျွန်တော့်​ကို မ​ပြောင်လှောင်​ကြဘူး” ဟု ဟို​င်း​ဂါ့ဇ်​က​ဆို​သည်။ ထို့​အပြင်၊ သူ၏​အစီရင်ခံစာ​ကို ယခု ကျောင်းစာ​ကြည့်​တိုက်​တွင် ထိန်းသိမ်း​ထား​ပေး​သည်။ ယင်းကြောင့် ယေဟောဝါသက်သေ​များ​၏ ရဲရင့်​သော​ရပ်တည်ချက်ကို အမှန်တကယ် မေ့လျော့​ကြ​တော့​မည်​မဟုတ်ပါ။