မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လိုလိုလားလား ကိုယ်ကျိုးစွန့်ခြင်းဖြင့် ကျေနပ်ပျော်ရွှင်ရသောအသက်တာ

လိုလိုလားလား ကိုယ်ကျိုးစွန့်ခြင်းဖြင့် ကျေနပ်ပျော်ရွှင်ရသောအသက်တာ

ဘဝ​အတ္ထုပ္ပတ္တိ

လိုလိုလားလား ကိုယ်ကျိုး​စွန့်​ခြင်း​ဖြင့် ကျေနပ်​ပျော်ရွှင်​ရသော​အသက်တာ

မာ​ရီး​အာ​န် နှင့် ရို​ဇာ​ဇူမီ​ဂါ ပြောပြ​သည်

“အကျွန်ုပ်သည် စေတနာ​စိတ်​နှင့် ကိုယ်တော်​အား ယဇ်​ပူဇော်​ပါ​မည်” ဟု ဆာလံ ၅၄:၆ က​ဆို​သည်။ ပြင်သစ်​နိုင်ငံ​တွင် နေထိုင်ကြ​သည့် မာ​ရီး​အာ​န် ဇူမီ​ဂါ​နှင့် သူ့​ဇနီး ရို​ဇာ​တို့၏​အသက်တာတွင် ထိုစကား​သည် အဓိက​အချက်​ဖြစ်၏။ မကြာသေးမီ​က သူတို့သည် ယေဟောဝါ​၏​လုပ်ငန်းတော်တွင် ကြာမြင့်စွာ ကျေကျေနပ်နပ်​ပါဝင်​ခဲ့​ရသော ဘဝ​အသက်တာ​မှ ပေါ်လွင်​ချက်​တချို့​ကို ပြန်ပြောင်း​ပြောပြ​ခဲ့​သည်။

မာ​ရီး​အာ​န်– ကျွန်တော့်​မိဘတွေဟာ ပိုလန်​နိုင်ငံ​ကနေ ပြောင်းရွှေ့​လာ​ကြ​တဲ့ အာရ်စီ​တွေ​ဖြစ်တယ်။ အဖေဟာ စိတ်​နှိမ့်ချတဲ့​သူ​တစ်ယောက်​ပါ။ သူ​ကျောင်းတက်​ခွင့် မရခဲ့​ပေမဲ့ ပထမ​ကမ္ဘာ​စစ်​အတွင်း က​တုတ်​ကျင်း​တွေ​မှာ စစ်မှုထမ်း​နေတုန်း စာရေး​တတ်​ဖတ်​တတ်​လာတယ်။ ဘုရားသခင်​ကို အဖေ​ကြောက်ရွံ့​ပေမဲ့ ချာ့ခ်ျ​ကြောင့် သူ​အကြိမ်ကြိမ် စိတ်ပျက်လက်ပျက်​ဖြစ်​ခဲ့​ရတယ်။

အထူးသဖြင့် အဖြစ်အပျက်​တစ်ခု​ကို သူ​မမေ့​နိုင်ဘူး။ စစ်​ဖြစ်နေ​ချိန်​တစ်ရက် အဖေ့​ရဲ့ စစ်တပ်​ယူနစ်​ကို ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး ရောက်​လာတယ်။ အနီးအနား​မှာ ဗုံး​တစ်လုံး ရုတ်တရက်​ပေါက်ကွဲ​တော့ အဲဒီ​ခရစ်ယာန်​ဘုန်းကြီး​ဟာ အလန့်တကြား​နဲ့ သူ့ရဲ့​မြင်း​ကို ခရစ်တော်​ပုံ​ပါ​တဲ့ လက်ဝါးကပ်တိုင်​နဲ့​ရိုက်​ပြီး ထွက်ပြေး​သွားတယ်။ ဘုရားသခင်​ရဲ့ “ကိုယ်စားလှယ်” တစ်ယောက်​ဟာ သူ​မြန်မြန်​ထွက်ပြေး​နိုင်​ဖို့ “သန့်ရှင်း​မြင့်မြတ်​တဲ့” အဲ့ဒီ​ပစ္စည်း​ကို အသုံးပြု​ဝံ့​တဲ့​အတွက် အဖေ​ထိတ်လန့်​သွားခဲ့တယ်။ အဲ့ဒီ​လို​တွေ့ကြုံမှု​တွေ​နဲ့ ကြောက်စရာ​ကောင်း​တဲ့ စစ်​မြင်ကွင်း​တွေ​ကို တွေ့ကြုံ​ခဲ့​ရပေမဲ့ ဘုရားသခင်​အပေါ် အဖေ့​ရဲ့​ယုံကြည်ခြင်း လျော့နည်း​မသွား​ခဲ့​ဘူး။ စစ်​မြေပြင်​ကနေ ချောချောမောမော ပြန်ရောက်​လာ​ခဲ့​တာ ဘုရားသခင်​ကြောင့်​လို့ သူ​ခဏ​ခဏ​ပြော​တယ်။

“ပိုလန်​နိုင်ငံ​လေး”

၁၉၁၁ ခုနှစ်​မှာ အနီးအနား​ရွာ​တစ်ရွာ​က မိန်းကလေး​တစ်ယောက်​နဲ့ အဖေ​အိမ်ထောင်ပြု​လိုက်တယ်။ သူ့ရဲ့​နာမည်​က အန်း​နာ စီ​ဆို​စ​ကီ​ဖြစ်တယ်။ စစ်​လည်း​ပြီး​ရော ၁၉၁၉ ခုနှစ်​မှာ အဖေနဲ့​အမေ​ဟာ ကျောက်မီးသွေး​တူး​တဲ့​အလုပ်လုပ်ဖို့ ပိုလန်​နိုင်ငံ​ကနေ ပြင်သစ်​နိုင်ငံ​ကို ပြောင်းရွှေ့​သွားတယ်။ ၁၉၂၆ ခုနှစ် မတ်​လမှာ ပြင်သစ်​နိုင်ငံ အနောက်​တောင်ဘက်၊ ကန်​န​ယာ့ခ်​လာ မီန်​မြို့မှာ ကျွန်တော့်​ကို​မွေးခဲ့တယ်။ အဲဒီနောက် ကျွန်တော့်​မိဘတွေဟာ ပြင်သစ်​နိုင်ငံ မြောက်ပိုင်း လ​န်စ်​မြို့​အနား​က လော့​စ်​ဆာ​န်​ဂို​အဲလ်​ဆို​တဲ့ ပိုလန်​ရပ်ကွက်​တစ်ခု​မှာ အခြေချ​နေထိုင်ခဲ့​ကြတယ်။ အဲ့ဒီ​မှာ​ဆိုရင် ပေါင်​မုန့်ဖုတ်သမား​က ပိုလန်​လူမျိုး၊ သားသတ်သမား​က ပိုလန်​လူမျိုး၊ အသင်းတော်​နယ်ပယ် ခရစ်ယာန်​ဘုန်းကြီး​က​လည်း ပိုလန်​လူမျိုး​တွေ​ဖြစ်​ကြတယ်။ ဒါ​ကြောင့် အဲဒီ​နယ်မြေ​ကို ပိုလန်​နိုင်ငံ​လေး​လို့​ခေါ်​ကြ​တာ မ​ဆန်း​ဘူး​ပေါ့။ ကျွန်တော့်​မိဘတွေဟာ ရပ်ကွက်​တိုးတက်ရေး​အမှုတွေ​မှာ ပါဝင်​ခဲ့​ကြတယ်။ အဖေဟာ ပြပွဲ​တွေ​ကို မကြာခဏ စီစဉ်​ပေး​တယ်၊ အဲဒီ​အထဲမှာ ပြဇာတ်​တွေ၊ တေးဂီတ​ပြပွဲ​တွေ​နဲ့ သီချင်းဆို​ပွဲ​တွေ​ပါ​တတ်တယ်။ ဒါ့အပြင် ခရစ်ယာန်​ဘုန်းကြီး​နဲ့ သူ​ပုံမှန်​ဆွေးနွေး​နှီးနှော​တတ်တယ်၊ ဘုန်းကြီး​က “လျှို့ဝှက်​နက်နဲရာ​တွေ အများကြီး​ရှိတယ်” လို့ အများအားဖြင့်​ပြောတတ်​တာ​ကို သူ​ဘဝင်​မကျ​ခဲ့​ဘူး။”

၁၉၃၀ ပြည့်နှစ်,တစ်ရက်​မှာ အမျိုးသမီး​နှစ်ယောက် ကျွန်တော်​တို့​အိမ်ကို တံခါး​လာ​ခေါက်​တယ်။ သူတို့ဟာ ယေဟောဝါသက်သေ​တွေ​ဖြစ်တယ်၊ ဟို​တုန်း​က သူတို့ကို ကျမ်းစာ​ကျောင်းသား​တွေ​လို့​ခေါ်​တယ်။ သူတို့ဆီကနေ သူ​ဖတ်ချင်​တာ နှစ်​အတော်ကြာ​ပြီ​ဖြစ်​တဲ့ ကျမ်းစာ​အုပ်​တစ်အုပ်​ကို အဖေ​ရ​လိုက်တယ်။ အဲဒီ​အမျိုးသမီးတွေ​ထားခဲ့​တဲ့ ကျမ်းစာ​အခြေပြု​စာပေ​တွေ​ကိုလည်း အဖေ​ရော အမေက​ပါ စိတ်ဝင်တစား​ဖတ်​ကြတယ်။ အဲဒီ​စာပေ​တွေ​ကနေ သူတို့​ဖတ်​သမျှ​ကို ကျွန်တော့်​မိဘတွေ အရမ်း​သဘောကျကြတယ်။ သူတို့​အလုပ်​အရမ်း​များတဲ့​ကြား​က ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့ အစည်းအဝေးတွေကို တက်​ကြတယ်။ ခရစ်ယာန်​ဘုန်းကြီး​နဲ့ ဆွေးနွေး​ပြောဆို​တာ​တွေ​လည်း ပို​ပြီး အငြင်းပွား​စ​ရာတွေ​ဖြစ်လာ​တယ်၊ တစ်ရက်​မှာ သူက ကျမ်းစာ​ကျောင်းသား​တွေ​နဲ့ ကျွန်တော့်​မိဘတွေ ဆက်​ပေါင်းသင်း​နေမယ်​ဆိုရင် ကျွန်တော့်​အစ်မ စတက်ဖနီ​ကို ဘာသာ​သင်တန်း​ကနေ ထုတ်ပစ်​မယ်​လို့ ခြိမ်းခြောက်​လိုက်တယ်။ ဒါနဲ့ အဖေက ဒီလို​ပြန်​ပြော​လိုက်တယ်– “ဒုက္ခ​မခံပါနဲ့။ အခု​အချိန်​ကစပြီး ကျွန်တော့်​သမီးနဲ့ တခြား​ကလေး​တွေ​ကို​ပါ ကျွန်တော်​တို့​နဲ့​အတူ ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့ စည်းဝေး​တွေ​ကို ခေါ်သွား​တော့​မယ်။” ချာ့ခ်ျ​ကနေ အဖေ​နုတ်ထွက်​လိုက်ပြီး ၁၉၃၂ ခုနှစ် အစောပိုင်းမှာ ကျွန်တော့်​မိဘတွေ နှစ်ခြင်း​ခံ​လိုက်ကြတယ်။ အဲဒီတုန်းက ပြင်သစ်​နိုင်ငံ​မှာ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၈၀၀ လောက်​ပဲ​ရှိသေးတယ်။

ရို​ဇာ– ကျွန်မ​မိဘတွေက ဟန်​ဂေ​ရီ​နိုင်ငံ​က​ပါ၊ မာ​ရီး​အာ​န်​ရဲ့​မိသားစု​လို​ပဲ ကျောက်မီးသွေး​တွင်း​မှာ အလုပ်လုပ်ဖို့ ပြင်သစ်​နိုင်ငံ​မြောက်ဘက်မှာ အခြေချ​ခဲ့​ကြတယ်။ ကျွန်မ​ကို ၁၉၂၅ ခုနှစ်​မှာ မွေးတယ်။ ၁၉၃၇ ခုနှစ်​မှာ ဩ​ဂတ်​စ် ဗွယ်​ဂျဲင်​ဆို​တဲ့ ကျွန်မ​တို့​က ပါ​ပါ ဩ​ဂတ်​စ်​လို့​ခေါ်​ခဲ့​တဲ့ ယေဟောဝါသက်သေ​တစ်ယောက်​က ကျွန်မ​ရဲ့​မိဘတွေ​ဆီ​ကို ဟန်​ဂေ​ရီ​ကင်းမျှော်စင် လာ​ပို့ပေး​တတ်တယ်။ အဲ့ဒီ​မဂ္ဂဇင်း​တွေ​ကို သူတို့​စိတ်ဝင်စား​ကြ​ပေမဲ့ တစ်ယောက်မှ ယေဟောဝါသက်သေ​ဖြစ်​မလာ​ခဲ့​ဘူး။

ကျွန်မ ငယ်​သေး​ပေမဲ့ ကင်းမျှော်စင်​ထဲ​က ကျွန်မ​ဖတ်​ရ​သမျှ​ကို သဘောကျ​တယ်၊ ဒါနဲ့ ပါ​ပါ ဩ​ဂတ်​စ်​ရဲ့​ချွေး​မ စူဇဲန် ဗွယ်​ဂျဲင်​က ကျွန်မ​ကို ဂရုတစိုက်​လေ့ကျင့်ပေး​တယ်။ ကျွန်မ​ကို စည်းဝေး​တွေ​ခေါ်​သွားဖို့​လည်း ကျွန်မ​မိဘတွေက သူ့ကို ခွင့်ပြု​ခဲ့​တယ်။ နောက်ပိုင်း​မှာ ကျွန်မ အလုပ်​စ​လုပ်​တော့ တနင်္ဂနွေ​နေ့မှာ ကျွန်မ အစည်းအဝေးတွေ​တက်တာ​ကို ကျွန်မ​အဖေက မကြိုက်ဘူး။ သဘောကောင်း​တဲ့​သူ​ဖြစ်​ပေမဲ့ သူက “တစ်ပတ်လုံး​လည်း အိမ်မှာ​မရှိဘူး၊ တနင်္ဂနွေ​နေ့​ဆိုရင်လည်း အစည်းအဝေးတွေ​ပဲ သွား​တက်​နေတယ်!” ဆိုပြီး မကျေမနပ်​ပြောပါ​လေ​ရော။ ကျွန်မ​က​တော့ ဆက်သွား​တာ​ပဲ။ ဒီလိုနဲ့ တစ်ရက်​ကျ​တော့ ကျွန်မ​အဖေက “ဒီလောက်တောင်​ဖြစ်နေ​တာ အထုပ်အပိုး​ပြင်​ပြီး အိမ်က​ဆင်း​သွားတော့!” တဲ့။ အဲဒါ​က ညနေပိုင်း​အချိန်​မှာ​ပေါ့။ ကျွန်မ​က အသက် ၁၇ နှစ်ပဲ​ရှိသေးတယ်၊ ဘယ်​ကို​သွား​ရ​မှန်း​လည်း ကျွန်မ,မသိ​ဘူး။ ဒါနဲ့ စူဇဲန်​အိမ်ကို​ပဲ​သွားပြီး အားရပါးရ​ငိုချ​လိုက်တော့တယ်။ သူ့​အိမ်မှာ တစ်ပတ်​လောက်​နေပြီး​တော့ ကျွန်မ​ကို အိမ်ပြန်​ခေါ်လာ​ဖို့ အစ်မ​ကို အဖေ​လွှတ်လိုက်တယ်။ ကျွန်မ​က အရမ်း​ရှက်တတ်​တာ၊ ဒါပေမဲ့ ၁ ယောဟန် ၄:၁၈ [သမ္မာ] မှာ ပြော​တဲ့​စကား​က ကျွန်မ​ကို အခိုင်အမာ​ရပ်တည်​ဖို့ ကူညီ​ပေး​ခဲ့​တယ်။ “စုံလင်သော​မေတ္တာသည် ကြောက်ရွံ့​ခြင်း​ကို ပယ်ရှား​တတ်၏” လို့ အဲဒီ​ကျမ်းချက်​က​ဆိုတယ်။ ၁၉၄၂ ခုနှစ်​မှာ ကျွန်မ​နှစ်ခြင်း​ခံ​လိုက်တယ်။

အဖိုးထိုက်​သော​ဝိညာဉ်​ရေး​အမွေ

မာ​ရီး​အာ​န်– ၁၉၄၂ ခုနှစ်​မှာ ကျွန်တော့်​အစ်မ စတက်ဖနီ၊ မီ​လာ​နီ​နဲ့ ကျွန်တော့်​အစ်ကို စတက်​ဖာန်​တို့​နဲ့​အတူ ကျွန်တော်​နှစ်ခြင်း​ခံ​ခဲ့​တယ်။ အိမ်မှာ​ဆိုရင် ကျွန်တော်​တို့​မိသားစု​ဘဝဟာ ကျမ်းစာ​အပေါ်​ပဲ အခြေပြု​တယ်။ စားပွဲ​မှာ ကျွန်တော်​တို့အားလုံး စု​ထိုင်​ကြပြီ​ဆိုရင် အဖေက ကျွန်တော်​တို့ကို ပိုလန်​ဘာသာ​စကား​နဲ့ ကျမ်းစာ​ဖတ်ပြ​တယ်။ ညနေပိုင်း​တွေ​မှာ​ဆိုရင် ကျွန်တော်​တို့​မိဘတွေရဲ့ ဟောပြောခြင်း​လုပ်ငန်း​တွေ့ကြုံမှု​တွေ​ကို နားထောင်​လေ့​ရှိတယ်။ ဝိညာဉ်​ရေး​အရ အားပေးမှု​ဖြစ်စေ​တဲ့ အဲဒီ​အချိန်​အခါ​တွေ​က ယေဟောဝါ​ကို​ချစ်​ဖို့နဲ့၊ ကိုယ်တော်​ကို ပို​ပြီး​ယုံကြည်​ကိုးစား​ဖို့ ကျွန်တော်​တို့ကို သင်ပေးခဲ့တယ်။ အဖေရဲ့ ကျန်းမာ​ရေး ချို့တဲ့​လာတဲ့​အတွက် အလုပ်​က​နား​လိုက်ရ​ပေမဲ့ ကျွန်တော်​တို့​ရဲ့ ဝိညာဉ်​ရေး​နဲ့ ကာယရေး​ကို သူ​ဆက်​ဂရုစိုက်​ခဲ့​တယ်။

အခု အဖေ့​မှာ အားလပ်ချိန်​ရှိလာ​တော့ အသင်းတော်က​လူငယ်တွေကို ပိုလန်​ဘာသာ​စကား​နဲ့ တစ်ပတ်​တစ်ကြိမ် ကျမ်းစာ​သင်ပေး​နိုင်​ခဲ့​တယ်။ အဲ့ဒီ​မှာ ကျွန်တော် ပိုလန်​စာဖတ်​တတ်လာ​တာ။ လူငယ်လေး​တွေ​ကို တခြား​နည်းလမ်းတွေနဲ့​လည်း အဖေ​အားပေးခဲ့တယ်။ တစ်ကြိမ်​မှာ ပြင်သစ်​နိုင်ငံ​က ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း​ကို ကြီးကြပ်​နေတဲ့ ညီအစ်ကို ဂွတ်​စ်​တာ​ဗ် ဆော့​ဖာ ကျွန်တော်​တို့​အသင်းတော်ကို လာ​လည်ပတ်​တဲ့​အခါ အဖေက တေးသံစုံ​အဖွဲ့ ဖွဲ့​ပြီး သီချင်းဆို​ရုံ​မ​က​ဘူး ဘုရင်​ဗေလရှာဇာ​ရဲ့​စားသောက်ပွဲ​နဲ့ နံရံ​ပေါ်​မှ​လက်ရေး​အကြောင်းကို ဝတ်စုံပြည့်​ကျမ်းစာ​ပြဇာတ်​တစ်ခု​တင်ဆက်​ဖို့ စီစဉ်​လိုက်တယ်။ (ဒံယေလ ၅:၁-၃၁) ဒံယေလ​အဖြစ် လွီ ပီ​ဟို​တာ​က သရုပ်ဆောင်​တယ်၊ နောက်ပိုင်း​မှာ သူဟာ နာဇီ​တွေ​ကို ပြတ်ပြတ်သားသား​ဆန့်ကျင်​ခဲ့​တယ်။ * အဲလို​ဝန်းကျင်​မျိုးမှာ ကျွန်တော်​တို့​တစ်​တွေ ကြီးပြင်း​လာ​ခဲ့​ကြ​တာ။ ကျွန်တော်​တို့​ရဲ့​မိဘတွေဟာ ဝိညာဉ်​ရေး​ကိစ္စ​တွေ​မှာ အမြဲ​အလုပ်များ​နေကြ​တာ​ကို တွေ့ခဲ့​ကြရတယ်။ ကျွန်တော့်​မိဘတွေက ကျွန်တော်​တို့အတွက် အရမ်း​တန်ဖိုး​ရှိတဲ့​အမွေ ထားရစ်​ခဲ့​ပါ​လား​ဆိုပြီး ဒီ​က​နေ့ ကျွန်တော်​သဘောပေါက်​လာတယ်။

၁၉၃၉ ခုနှစ်​မှာ ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​တော့ ပြင်သစ်​နိုင်ငံ​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့ ဟောပြောခြင်း​လုပ်ငန်း​ကို ပိတ်ပင်​ခဲ့​တယ်။ တစ်ခေါက်​မှာ ကျွန်တော်​တို့​ရဲ့​ရွာကို လာ​ရှာဖွေ​ကြတယ်။ အိမ်တွေကို ဂျာမန်​စစ်သား​တွေ ဝိုင်းထား​ကြတယ်။ ကျွန်တော်​တို့​ရဲ့​အဝတ်ဗီရို​တစ်ခု​အောက်မှာ ကြမ်းပြင်​အတု အဖေ​လုပ်ထားတာ​ရှိတယ်၊ ကျမ်းစာ,စာပေ​အမျိုးမျိုးကို အဲဒီ​ကြမ်းပြင်​အောက်မှာ အဖေ​ဝှက်ထား​တယ်။ ဒါပေမဲ့ ဖက်ဆစ်​ဝါဒ သို့​မဟုတ် လွတ်မြောက်မှု​ဆို​တဲ့ စာအုပ်​ငယ် နည်းနည်း​ကို ကြောင်​အိမ်​အံဆွဲ​တစ်ခု​ထဲမှာ ထား,ထား​တယ်။ ဒါနဲ့ အဖေက အဲဒီ​စာအုပ်​တွေ​ကို​ယူပြီး စင်္ကြံ​မှာ​ချိတ်​ထား​တဲ့ ဂျာ​ကင်​အင်္ကျီ​အိတ်ထဲ အမြန်​ဝှက်ထား​လိုက်တယ်။ စစ်သား​နှစ်ယောက်​နဲ့ ပြင်သစ်​ရဲသား​တစ်ယောက် ကျွန်တော်​တို့​အိမ်ကို ရှာဖွေ​တဲ့​အချိန်​မှာ ကျွန်တော်​တို့ ရင်​တ​မ​မဖြစ်​နေကြ​တယ်။ စစ်သား​တစ်ယောက်​က စင်္ကြံ​မှာ​ချိတ်​ထား​တဲ့ အဝတ်အစား​တွေ​ကို စ​ရှာပြီး မကြာခင်​မှာ ကျွန်တော်​တို့​ရှိနေတဲ့ မီးဖိုချောင်​ထဲ​ကို စာအုပ်​ငယ်​တွေ​ကိုင်​ပြီး ဝင်​လာတယ်။ ကျွန်တော်​တို့ကို သူ​စိုက်ကြည့်​ပြီး စာအုပ်​ငယ်​တွေ​ကို စားပွဲ​ပေါ်​တင်ထား​လိုက်ပြီး တခြား​နေရာမှာ ဆက်​ရှာဖွေတယ်။ ဒါနဲ့ စာအုပ်​ငယ်​တွေ​ကို ကျွန်တော် အမြန်​ကောက်သိမ်း​လိုက်ပြီး စစ်သား​တွေ​ရှာပြီး​သွားတဲ့ အံဆွဲ​တစ်ခု​ထဲ ထည့်​လိုက်တယ်။ အဲဒီ​စစ်သား​က စာအုပ်​ငယ်​တွေ​အကြောင်း ဘာမှ​မ​မေး​ဘူး၊ အဲဒီ​စာအုပ်​တွေ​ကို သူ​လုံးဝ​မေ့သွား​သလိုပဲ!

အချိန်ပြည့်​လုပ်ငန်း ဝင်လုပ်​ကိုင်​ခြင်း

၁၉၄၈ ခုနှစ်​မှာ အချိန်ပြည့်​ရှေ့ဆောင်​အနေ​နဲ့ ယေဟောဝါ​ရဲ့​အမှုတော်ကို​ထမ်းဆောင်​ဖို့ ကျွန်တော်​စိတ်​ဆုံးဖြတ်​လိုက်တယ်။ ရက်​အနည်းငယ်​အကြာမှာ ပြင်သစ်​နိုင်ငံ​က ယေဟောဝါသက်သေ​တွေ​ရဲ့ ဌာနခွဲရုံး​ကနေ စာ​တစ်စောင်​ရောက်​လာတယ်။ စာ​ထဲမှာ ကျွန်တော့်​ကို ဘယ်လ်ဂျီယံ​နိုင်ငံ​နားက ဆီ​ဒါ​န်​အသင်းတော်မှာ ရှေ့ဆောင်​လုပ်ဖို့ တာဝန်​ပေး​ထား​တယ်။ ယေဟောဝါ​ရဲ့​အမှုတော်ကို ကျွန်တော်​အဲဒီနည်းနဲ့​ထမ်းဆောင်​တာ​ကို ကျွန်တော့်​မိဘတွေ ဝမ်းသာ​ကြတယ်။ ဒါပေမဲ့ ရှေ့ဆောင်​လုပ်တယ်​ဆိုတာ​ဟာ ပေါ့ပေါ့တန်တန်​အလုပ်​မဟုတ်ဘူးလို့ အဖေက​ထောက်ပြ​တယ်။ ကြိုးကြိုးစားစား​လုပ်​ရမယ့်​အလုပ်​တဲ့။ ဒါပေမဲ့ သူ့​အိမ်တံခါး​ကို ကျွန်တော့်​အတွက် အမြဲ​ဖွင့်​ထား​ပေး​မယ်၊ အခက်အခဲ​ရှိရင် သူ့​ဆီ လာ​အကူအညီ​တောင်း​နိုင်တယ်​တဲ့။ ကျွန်တော့်​မိဘတွေဟာ ငွေ​များများ​မရှိပေမဲ့ ကျွန်တော့်​ကို စက်ဘီး​အသစ်​တစ်စီး ဝယ်​ပေး​တယ်။ ကျွန်တော့်​မှာ အဲဒီ​စက်ဘီး​ရဲ့​ပြေစာ အခုထိ​ရှိနေတုန်းပဲ၊ အဲဒီ​ပြေစာ​ကို ကျွန်တော်​မြင်​တိုင်း​မျက်ရည်ဝဲ​လာတယ်။ ၁၉၆၁ ခုနှစ်​မှာ အဖေနဲ့​အမေ သေဆုံး​သွားပေ​မဲ့ အဖေ့​ရဲ့​ပညာရှိ​စကား​တွေ​ကို ကျွန်တော်​ကြား​ယောင်​နေတုန်းပဲ; ဘုရားသခင့်​အမှုတော်​ဆောင်​တဲ့ နှစ်တွေ​တစ်လျှောက်​လုံး အဖေ့​စကား​က ကျွန်တော့်​ကို အားပေး​တည်ဆောက်​ခဲ့​တာ။

ဆီ​ဒါ​န်​အသင်းတော်က အေ​လီဇ် မော့​တ် ဆို​တဲ့ အသက် ၇၅ နှစ်အရွယ် ခရစ်ယာန်​ညီအစ်မ​တစ်ယောက်​လည်း ကျွန်တော့်​ကို အကြီးအကျယ်​အားပေးခဲ့တယ်။ နွေ​ရာသီမှာ အစွန်အဖျား​ရွာ​တွေ​ကို ကျွန်တော် စက်ဘီး​စီး​သွားပြီး ဟောပြောခဲ့တယ်၊ အေ​လီဇ်​က ရထား​နဲ့​လိုက်​လာပြီး ကျွန်တော်​နဲ့​အတူ အမှုဆောင်တယ်။ ဒါပေမဲ့၊ တစ်ရက်​ကျ​တော့ မီး​ရထား​စက်​ဆရာ​တွေ သ​ပိတ်​မှော​က်​ကြ​တဲ့​အတွက် အေ​လီဇ်​ခမျာ ရထား​နဲ့ အိမ်ပြန်​လို့​မရတော့ဘူး။ ဒါနဲ့ ကျွန်တော်​စဉ်းစားမိ​တာ​က ကျွန်တော့်​စက်ဘီး​ရဲ့ ပစ္စည်း​တင်တဲ့​နေရာ​ပေါ်မှာ သူ့ကို​တင်ပြီး အိမ်ပြန်​ပို့ပေး​ဖို့​ပဲ​ရှိ​တော့​တယ်၊ သက်သောင့်သက်သာ​တော့ ရှိ​မှာ​မဟုတ်ဘူး။ နောက်​နေ့​မနက်​မှာ ကျွန်တော်​ဖုံ​တစ်ခု​ယူလာ​ပြီး အေ​လီဇ်​ကို သူ့​အိမ်ကနေ စက်ဘီး​နဲ့​တင်​ခေါ်​သွားတယ်။ အဲ့ဒီ​နေ့​ကစပြီး သူ​မီး​ရထား​မ​စီး​တော့​ဘူး၊ နေ့လယ်​စာ​စားချိန်​မှာ အဲ့ဒီ​ရထား​ခ​နဲ့ ကော်ဖီ​ပူ​ပူ​လေး ဝယ်​သောက်​ကြတယ်။ ကျွန်တော့်​စက်ဘီး​ဟာ လူ​တင်​ဖို့ ဖြစ်​လာလိမ့်မယ်​လို့ ဘယ်သူ​တွေးမိ​မှာ​လဲ။

တာဝန်​များ တိုးများ​လာ

၁၉၅၀ ပြည့်နှစ်​မှာ ပြင်သစ်​နိုင်ငံ မြောက်ပိုင်း​တစ်ခုလုံး​အတွက် တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် အမှုဆောင်ဖို့ တာဝန်ရ​ခဲ့​တယ်။ အသက် ၂၃ နှစ်ပဲ​ရှိသေး​တဲ့​အတွက် စ​စ​ချင်း​မှာ ကျွန်တော် အရမ်း​စိုးရိမ်​ခဲ့​တာ။ ဌာနခွဲရုံး​က မှားနေပြီ​လို့ ကျွန်တော်​ထင်​မိတယ်! ဒါနဲ့ ကျွန်တော့်​ခေါင်း​ထဲ ဒီလို​မေးခွန်းတွေ​ပေါ်လာ​တယ်– ‘ဝိညာဉ်​ရေး​နဲ့ ကာယရေး​နှစ်တန်စလုံး​မှာ အရည်အချင်း​ရှိရဲ့လား။ ပတ်​တိုင်း အိမ်ပြောင်း​တည်း​နိုင်​ပါ့​မလား။’ ဒါ့အပြင်၊ အသက် ခြောက်​နှစ်အရွယ်​ကတည်းက ကျွန်တော့်​မျက်လုံး​တစ်လုံး​က အပြင်ဘက်​ကို စွေ​နေတယ်။ ကျွန်တော့်​ကို တခြား​သူတွေ ဘယ်လို​ထင်​မလဲ​ဆိုပြီး အမြဲ စိတ်မလုံ​မလဲ​ဖြစ်​ခဲ့​ရတယ်။ အဲ့ဒီ​အချိန်​မှာ ဂိလဒ်​သာသနာပြု​ကျောင်းဆင်း​တစ်ယောက်​ဖြစ်​တဲ့ စတီဖန် ဘီ​ဟူ​နစ်​ခ်​က ကျွန်တော့်​ကို အကြီးအကျယ်​ကူညီ​ပေး​လို့ ကျေးဇူး​တင်စရာ​ပဲ။ ညီအစ်ကို ဘီ​ဟူ​နစ်​ခ်​ဟာ သူ့ရဲ့ ဟောပြောခြင်း​လုပ်ငန်း​ကြောင့် ပိုလန်​နိုင်ငံ​ကနေ နှင်ထုတ်​ခံ​ခဲ့​ရပြီး ပြင်သစ်​နိုင်ငံ​မှာ ပြန်တာ​ဝန်​ကျ​တာ​ဖြစ်တယ်။ သူရဲ့​သတ္တိ​ကို ကျွန်တော် တကယ်ပဲ​ချီးကျူး​တယ်။ ယေဟောဝါ​နဲ့ အမှန်တရားကို သူ​အရမ်း​တန်ဖိုး​ထား​လေးစားတာ။ သူဟာ ကျွန်တော့်​ကို မညှာ​တာ​ဘူးလို့ တချို့က​ထင်ကြ​ပေမဲ့ သူ့ဆီကနေ ကျွန်တော် အများကြီး သင်ယူ​လာ​ခဲ့​ရတယ်။ သူ့ရဲ့​ရဲရင့်မှု​က ကျွန်တော့်​ကို ပို​ပြီး​ယုံကြည်​စိတ်ချ​စေ​ခဲ့​တယ်။

တိုက်နယ်​လုပ်ငန်း​က ကျွန်တော့်​ကို ထူးခြားတဲ့ လယ်ကွင်း​လုပ်ငန်း​တွေ့ကြုံမှု​တွေ ရရှိ​စေတယ်။ ၁၉၅၃ ခုနှစ်​မှာ ပါရီ​မြို့​တောင်ဘက်​မှာ​နေထိုင်တဲ့ ကင်းမျှော်စင်​နှစ်စဉ်ကြေး​ယူ​သူ မစ္စတာ ပါ​အို​လီ​ဆီ သွားလည်​ပတ်​ခွင့်​ရခဲ့တယ်။ ကျွန်တော်​တို့ တွေ့ဆုံ​ကြ​တဲ့​အခါ သူဟာ စစ်​ထွက်​အငြိမ်းစား​ဖြစ်​ပြီး ကင်းမျှော်စင်​ကို အလွန်​နှစ်သက်​ကြောင်း သိရှိ​ရတယ်။ ခရစ်တော်​ရဲ့​သေခြင်း သတိရအောက်မေ့ပွဲ​အကြောင်း ဆောင်းပါး​တစ်ပုဒ်​ကို သူ​ဖတ်​ပြီး​နောက် အဲ့ဒီ​ညနေ​မှာ သူ့ဘာသာ​သူ သတိရအောက်မေ့ပွဲ​ကျင်းပ​ပြီး ဆာလံကျမ်း​ကို ဖတ်​ခဲ့​ကြောင်း ပြောပြ​တယ်။ ကျွန်တော်​တို့ နေ့ခင်းပိုင်း အတော်ကြာကြာ ပြောဆို​ဆွေးနွေး​ဖြစ်​ခဲ့​ကြတယ်။ သူ့​ဆီက​မ​ထွက်ခွာ​ခင် ရေနှစ်ခြင်း​အကြောင်းလည်း အတိုချုပ်​ပြော​ဖြစ်တယ်။ အဲဒီနောက် ၁၉၅၄ နှစ်ဦး​ပိုင်း​မှာ ကျင်းပ​မယ့် တိုက်နယ်​စည်းဝေးပွဲ​ဖိတ်စာ​ကို သူ့​ဆီ ပို့ပေး​လိုက်တယ်။ သူ​လာ​တက်တယ်၊ အဲဒီ​စည်းဝေးပွဲ​မှာ နှစ်ခြင်း​ခံ​တဲ့​သူ ၂၆ ယောက်​မှာ ညီအစ်ကို ပါ​အို​လီ​လည်း​ပါ​တယ်။ အဲလို​တွေ့ ကြုံ​မှု​မျိုး​တွေ​ဟာ ကျွန်တော့်​အတွက် အားရ​ရွှင်လန်းစရာ ဖြစ်​နေဆဲပဲ။

ရို​ဇာ– ၁၉၄၈ ခုနှစ် အောက်တိုဘာ​လမှာ ကျွန်မ​ရှေ့ဆောင်​စ​လုပ်တယ်။ ဘယ်လ်ဂျီယံ​နိုင်ငံ​အနီး အနောရ်​မြို့မှာ အမှုဆောင်ခဲ့​ပြီး​နောက် ပါရီ​မြို့မှာ နောက်​ရှေ့ဆောင်​တစ်ယောက်​ဖြစ်​တဲ့ အိုင်​ရီး​န် ကိုလန်စကီ (ယခု လ​ရွိုင်း) နဲ့​အတူ တာဝန်ကျ​ခဲ့​တယ်။ မြို့လယ်ခေါင်​မှာ​ရှိတဲ့ စိန့်​ဇာ​မဲ​န်​ဒီ​ပ​ရီ​အရပ်​က အခန်း​ကျဉ်း​ကျဉ်း​လေး​တစ်ခု​မှာ ကျွန်မ​တို့​နေထိုင်ခဲ့​ကြတယ်။ ကျွန်မ​က တောသူ​မ​လေး​ဆိုတော့ ပါရီ​မြို့သူ​မြို့သားတွေ​ကို အတော်​ရှိန်​ခဲ့​တယ်။ သူတို့​အားလုံး​ဟာ ခေတ်မီ​ပြီး အရမ်း​ထက်မြက်​ကြတယ်​လို့ ကျွန်မ​ထင်​ခဲ့​တာ။ ဒါပေမဲ့ သူတို့ကို​ဟောပြောပြီး​နောက်​မှာ သူတို့ဟာ တခြား​လူတွေနဲ့ ဘာမှ​မထူး​ပါ​ဘူးဆို​တာ ကျွန်မ​သိလာတယ်။ မကြာခဏ​ဆို​သလို တံခါး​စောင့်​တွေ​က ကျွန်မ​တို့ကို​မောင်းထုတ်တယ်၊ ကျမ်းစာ​သင်အံမှု​ရဖို့​လည်း အတော်​ခက်တယ်။ ဒါပေမဲ့​လည်း အဲလို​ကြား​က ကျွန်မ​တို့​ရဲ့​သတင်းတရားကို လက်ခံသူ​တချို့​တော့​ရှိပါတယ်။

၁၉၅၁ ခုနှစ်​က တိုက်နယ်​စည်းဝေးပွဲ​တစ်ခု​မှာ ရှေ့ဆောင်​လုပ်ငန်း​နဲ့​ပတ်သက်ပြီး အိုင်​ရီး​န်​နဲ့​ကျွန်မ​ကို လူတွေ့မေးမြန်း​ခဲ့​ကြတယ်။ လူတွေ့မေးမြန်း​သူက ဘယ်သူလို့​ထင်​သလဲ။ မာ​ရီး​အာ​န် ဇူမီ​ဂါ​လို့​ခေါ်​တဲ့ လူပျို​ငယ် တိုက်နယ်​ကြီးကြပ်မှူး​ပေါ့။ အဲဒီ​မတိုင်ခင်​က ကျွန်မ​တို့ တစ်ခေါက်​တွေ့ဆုံ​ဖူး​တယ်၊ ဒါပေမဲ့ ဒီ​စည်းဝေး​လည်း​ပြီး​ရော ကျွန်မ​တို့ စာ​အဆက်အသွယ်​လုပ်ကြတယ်။ မာ​ရီး​အာ​န်​နဲ့ ကျွန်မ​တို့​မှာ တူညီ​တဲ့​အချက်​တွေ အများကြီး​ရှိတယ်၊ ကျွန်မ​တို့​နှစ်ယောက်စလုံး တစ်နှစ်​တည်း​မှာပဲ နှစ်ခြင်း​ခံ​ပြီး တစ်နှစ်​တည်း​မှာပဲ ရှေ့ဆောင်​စ​လုပ်ခဲ့တာ​တွေ အပါအဝင်​ပေါ့။ ဒါပေမဲ့၊ အရေး​အကြီးဆုံး​က ကျွန်မ​တို့​နှစ်ယောက်စလုံး အချိန်ပြည့်​အမှုဆောင်​လုပ်ငန်းမှာ ဆက်​ပါဝင်​ချင်​ကြ​တာ​ပဲ။ ဒါ​ကြောင့် ဆုတောင်း​သုံးသပ်​ပြီး​တဲ့​နောက် ၁၉၅၆၊ ဇူလိုင် ၃၁ ရက်​နေ့မှာ ကျွန်မ​တို့ လက်ထပ်​လိုက်ကြတယ်။ အိမ်ထောင်လည်း​ပြု​လိုက်​ရော ကျွန်မ​အတွက် လုံးလုံး​အသစ်​ဖြစ်​တဲ့​ဘဝ စ​တော့​တာ​ပဲ။ ဇနီး​တစ်ယောက်​ဖြစ်​ဖို့​ရော တိုက်နယ်​လုပ်ငန်းမှာ မာ​ရီး​အာ​န်​နဲ့​အတူ လိုက်ပါ​သွားပြီး ပတ်​တိုင်း အိပ်ရာ​ပြောင်း​ဖို့​ရော အကျင့်​လုပ်ခဲ့​ရတယ်။ အစပိုင်း​မှာ​တော့ မလွယ်​ဘူး၊ ဒါပေမဲ့ ပျော်ရွှင်မှု​တွေ အများကြီး​ရဖို့​ရှိပါတယ်။

အားရ​ကျေနပ်​သော​အသက်တာ

မာ​ရီး​အာ​န်– နှစ်တွေ​တစ်လျှောက် စည်းဝေးကြီး​အတော်များများကို ပြင်ဆင်​ပေး​တဲ့​နေရာမှာ ပါဝင်​ကူညီ​ခွင့် ရရှိခဲ့တယ်။ အထူးသဖြင့် ၁၉၆၆ ခုနှစ် ဘော်​ဒိုး​မြို့မှာ ကျင်းပ​ခဲ့​တဲ့ စည်းဝေးကြီး​ကို မှတ်မိ​ပါ​သေး​တယ်။ အဲဒီတုန်းက ပေါ်တူဂီ​နိုင်ငံ​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း​ကို ပိတ်ပင်​ထား​တာ။ ဒါ​ကြောင့် ပြင်သစ်​နိုင်ငံ​ကိုလာ​နိုင်​တဲ့ ပေါ်တူဂီ​သက်သေခံတွေ​အတွက် စည်းဝေးပွဲ အစီအစဉ်ကို ပေါ်တူဂီ​ဘာသာ​စကား​နဲ့​လည်း တင်ဆက်​ပေး​ခဲ့​ရတယ်။ ပေါ်တူဂီ​နိုင်ငံ​ကနေ ကျွန်တော်​တို့​ရဲ့ ခရစ်ယာန်​ညီအစ်ကို​ညီအစ်မ​တွေ ရာနဲ့ချီ​ရောက်​လာကြတယ်၊ ဒါပေမဲ့ သူတို့​တည်းခို​စ​ရာ နေရာချ​ပေး​ဖို့ အခက်အခဲ​တွေ့ခဲ့​တယ်။ ဘော်​ဒိုး​မြို့က သက်သေခံတွေရဲ့​အိမ်မှာ နေရာ​အလုံအလောက်​မရှိတဲ့​အတွက် ဘုံ​အိပ်ဆောင်​အဖြစ် အသုံးပြု​ဖို့ ရုပ်ရှင်​ရုံ​အလွတ်​တစ်ရုံ​ကို ကျွန်တော်​တို့​ငှား​လိုက်ကြတယ်။ ထိုင်ခုံ​အားလုံး​ကို ဖယ်ထုတ်​လိုက်ပြီး အဲ့ဒီ​အခန်းကြီး​ကို ညီအစ်ကို​တွေ​အိပ်​တဲ့​အဆောင်​နဲ့ ညီအစ်မ​တွေ​အိပ်​တဲ့​အဆောင်​အဖြစ် အဆောင်​နှစ်ဆောင်​ကန့်​ဖို့ စင်ပေါ်​က ကန့်လန့်ကာ​တစ်ခု​ကို အသုံးပြု​လိုက်တယ်။ ဒါ့အပြင် ရေချိုးခန်း​တွေ၊ မျက်နှာသစ်​ဇလုံ​တွေ တပ်ဆင်​ပေး​ခဲ့​တယ်၊ ပြီး​တော့ ကွန်ကရစ်​ကြမ်းပြင်​ပေါ် မြက်​ခြောက်​တွေ​ခင်း​ပြီး ရွက်ဖျင်​တွေ​နဲ့ ဖုံး​ပေး​ထား​လိုက်တယ်။ ဒီလို​စီစဉ်​ပေး​တာ​ကို အားလုံး​ကျေနပ်​ကြ​ပါ​တယ်။

စည်းဝေး​အစီအစဉ်​ပြီး​တိုင်း အဲ့ဒီ​ဘုံ​အိပ်ဆောင်​က ညီအစ်ကို​ညီအစ်မ​တွေ​ဆီ ကျွန်တော်​တို့​သွားလည်​ကြတယ်။ တကယ်​ပျော်စရာ​ကောင်း​တာ​ပဲ။ နှစ်​နဲ့​ချီ​တဲ့ အတိုက်အခံ​ကြား​မှာ သူတို့​ရခဲ့တဲ့ တွေ့ ကြုံ​မှု​တွေ​က ကျွန်တော်​တို့အတွက် တကယ်​အားပေးမှု​ဖြစ်တယ်! စည်းဝေးပွဲ​ပြီး​တော့ သူတို့​ပြန်သွား​ကြ​တဲ့​အခါ ကျွန်တော်​တို့အားလုံး မျက်ရည်ကျ​မိတယ်။

အဲ့ဒီ​အချိန်​မတိုင်ခင် လွန်ခဲ့တဲ့​နှစ်နှစ် ၁၉၆၄ ခုနှစ်​မှာ ခရိုင်​ကြီးကြပ်မှူး​အဖြစ် အမှုဆောင်ခွင့်​ရခဲ့တယ်။ ဒီ​တစ်ကြိမ်​လည်း ငါ​အရည်အချင်း​ရှိ​မှ​ရှိရဲ့လား​လို့ ဇဝေဇဝါ​ဖြစ်​မိတယ်။ ဒါပေမဲ့ အဲ့ဒီ​တာဝန်​ကို​ယူဖို့ တောင်းဆို​တဲ့​တာဝန်ခံ​တွေ​က ကျွန်တော့်​မှာ တာဝန်​ကို ကိုင်တွယ်​နိုင်စွမ်း​ရှိတယ်လို့ ထင်ကြ​တာ​ဖြစ်​မယ်​ဆိုပြီး တစ်ကိုယ်တည်း ရေရွတ်​မိတယ်။ တခြား​နယ်လှည့်​ကြီးကြပ်မှူး​တွေ​နဲ့ နီးနီးကပ်ကပ် အမှုဆောင်​ရတာ တကယ်​အားရစရာ​ပဲ။ သူတို့ဆီကနေ အများကြီး​တတ်​လာတယ်။ ယေဟောဝါ​ရဲ့​အမြင်မှာ အရေးပါတဲ့ စိတ်ရှည်ခြင်း​နဲ့ ဇွဲရှိ​ခြင်း​အရည်အသွေးတွေ သူတို့​အများစုမှာ​ရှိလို့ တကယ့်​ပုံ​နမူနာ​ကောင်း​တွေ​ပဲ။ ကျွန်တော်​တို့​သာ စိတ်ရှည်ရှည် စောင့်နေ​တတ်​မယ်​ဆိုရင် ကျွန်တော်​တို့ကို ဘယ်​နေရာမှာ​ရှာ​ရမလဲ​ဆိုတာ ယေဟောဝါ​သိတယ်လို့ ကျွန်တော်​နားလည်​လာတယ်။

၁၉၈၂ ခုနှစ်​မှာ ဌာနခွဲရုံး​က ကျွန်တော်​တို့ကို ပါရီ​မြို့​ဆင်ခြေ​ဖုံး​မှာ​ရှိတဲ့ ဘူလုံ ဘီ​လ​န်​ကော့တ်​ဒေသက ပိုလန်​ကြေညာသူ ၁၂ ယောက်​ရှိတဲ့​အုပ်စုငယ်​လေး​ကို ကြည့်ရှု​စောင့်ရှောက်​ပေး​ဖို့​လည်း​တောင်းဆို​ခဲ့​တယ်။ အဲဒီ​တာဝန်​ကို​ရမယ်​လို့ ကျွန်တော်​လုံးလုံး​မထင်​ခဲ့​ဘူး။ သီအိုကရက်တစ်​အသုံးအနှုန်းတွေကို ပိုလန်​ဘာသာ​စကား​နဲ့ ကျွန်တော်​သိထားပေမဲ့ ဝါကျ​မ​ဖွဲ့​တတ်​ဘူး။ ဒါပေမဲ့​လည်း အဲဒီ​က​ညီအစ်ကို​တွေ​ရဲ့ ကြင်နာ​မှု​နဲ့ တလိုတလား​စိတ်​က ကျွန်တော့်​အတွက် အများကြီး​အကူအညီ​ဖြစ်​ခဲ့​တယ်။ က​နေ့​ဆိုရင် အဲဒီ​အသင်းတော်မှာ ရှေ့ဆောင် ၆၀ နီးပါး​နဲ့ ကြေညာသူ ၁၇၀ လောက်​ရှိ​နေပါ​ပြီ။ နောက်ပိုင်း​မှာ ရို​ဇာ​နဲ့​ကျွန်တော်​တို့​ဟာ ဩစတြီးယား၊ ဒိန်းမတ်​နဲ့ ဂျာမနီ​နိုင်ငံ​က ပိုလန်​အုပ်စု​တွေ​နဲ့ အသင်းတော်တွေဆီ​ကိုလည်း သွား​လည်ပတ်​ခဲ့​ကြ​ရ​သေး​တယ်။

ပြောင်းလဲ​လာသော အခြေအနေ​များ

အသင်းတော်​တစ်ခု​ပြီး​တစ်ခု​ကို လည်ပတ်​ရတာက ကျွန်တော်​တို့​ရဲ့ ဘဝ​ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်တော့်​ကျန်းမာ​ရေး​ချို့တဲ့​လာလို့ ၂၀၀၁ ခုနှစ်​မှာ နယ်လှည့်​လုပ်ငန်း​ကို ရပ်နား​လိုက်ရတယ်။ ကျွန်တော့်​အစ်မ ရုသ်​နေထိုင်တဲ့ ပီ​သီ​ဗီယဲစ်​မြို့မှာ​နေထိုင်ဖို့ တိုက်ခန်း​တစ်ခန်း​ရတယ်။ ဌာနခွဲရုံး​က ကျွန်တော်​တို့​ရဲ့ အခြေအနေ​အလိုက် နာရီ​ထည့်သွင်း​နိုင်​တဲ့ အထူး​ရှေ့ဆောင်​တာဝန်​ကို ကြင်နာ​စွာ ခန့်အပ်​ခဲ့​တယ်။

ရို​ဇာ– ကျွန်မ​တို့​တိုက်နယ်​လုပ်ငန်း​နား​ပြီး​တဲ့ ပထမ​နှစ်​ဟာ ကျွန်မ​အတွက် အတော်​ခက်ခဲ​တာ။ အကြီးအကျယ်​ပြောင်းလဲ​သွား​လို့ ငါ ဘာမှ​အသုံးမကျ​တော့​ဘူးလို့ ခံစား​မိတယ်။ ဒါနဲ့ ‘နင့်​ရဲ့​အချိန်နဲ့ ရှိသမျှ​ခွန်အား​တွေ​ကို ရှေ့ဆောင်​အဖြစ် ကောင်းကောင်း​အသုံးပြုနိုင်​သေး​တာ​ပဲ’ လို့ ကိုယ့်​ကိုယ်ကို အားပေး​ရတယ်။ က​နေ့​ဆိုရင် ကျွန်မ​တို့​ရဲ့​အသင်းတော်မှာ​ရှိတဲ့ တခြား​ရှေ့ဆောင်​တွေ​နဲ့​အတူ ပျော်ပျော်ရွှင်ရွှင် အမှုဆောင်​နေနိုင်​ပါ​ပြီ။

ကျွန်တော်​တို့ကို ယေဟောဝါ အမြဲ​ဂရုစိုက်​ခဲ့

မာ​ရီး​အာ​န်– ရို​ဇာ​ဟာ ၄၈ နှစ်လုံး​လုံး ကျွန်တော့်​ရဲ့ အဖော်​ဖြစ်​ခဲ့​တဲ့​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​မိတယ်။ နယ်လှည့်​လုပ်ငန်းမှာ ပါဝင်​ခဲ့​တဲ့​နှစ်တွေ​တစ်လျှောက် သူဟာ ကျွန်တော့်​အတွက် အကြီးအကျယ် အထောက်အမ​ဖြစ်​ခဲ့​တယ်။ ‘အခြေချ​ပြီး ကိုယ့်​အိမ်နဲ့​ကိုယ်​နေချင်​လိုက်တာ’ လို့ သူပြောတာ တစ်ခါ​မှ မကြား​ဖူး​ဘူး။

ရို​ဇာ– တစ်ခါ​တ​လေ တချို့က ‘နင့်​ဘဝဟာ သာမန်​ဘဝ​မဟုတ်ဘူး။ တခြား​သူတွေနဲ့​ပဲ နင်​အမြဲ​နေ,နေရ​တာ’ လို့ ပြောတတ်​ကြတယ်။ ဒါပေမဲ့ “သာမန်​ဘဝ” ဆိုတာ အမှန်တကယ်​ဆိုရင် ဘာလဲ။ အများအားဖြင့် ဝိညာဉ်​ရေးရာ​လုပ်ဆောင်မှုတွေကို မလိုက်​စား​စေ​တဲ့ ပစ္စည်းပစ္စယ​တွေ တစ်​ပုံ​တစ်​ခေါင်း​ကြီး​နဲ့ ဝိုင်းရံ​နေတာမျိုး​ဖြစ်တယ်။ ကျွန်မ​တို့ တကယ်​လိုအပ်​တာ​က​တော့ သက်သောင့်သက်သာ​ရှိတဲ့ ခုတင်​တစ်လုံး၊ စားပွဲ​တစ်လုံး​နဲ့ တခြား​အခြေခံ​ပစ္စည်း​အနည်းငယ်​ပါ​ပဲ။ ရှေ့ဆောင်​တွေ​အနေ​နဲ့ ကျွန်မ​တို့​မှာ ပစ္စည်း​သိပ်​မရှိကြ​ပေမဲ့ ယေဟောဝါ​ရဲ့​အလိုတော်ကို ဆောင်ရွက်ဖို့ ကျွန်မ​တို့​လိုအပ်သမျှ ရှိကြပါ​တယ်။ တစ်ခါ​တ​လေ တချို့က “ကိုယ်ပိုင်​အိမ်​မရှိ၊ ပင်စင်လစာ​မရဘဲ​နဲ့ အသက်ကြီး​လာ​ရင် ဘယ်လို​နေကြ​မလဲ” လို့ မေးကြတယ်။ အဲဒီအခါ ကျွန်မ​က ဆာလံ ၃၄:၁၀ [သမ္မာ] ကို​ဒီလို​ရွတ်ပြ​တယ်– “[ယေဟောဝါ] ကို​ရှာ​သော​သူတို့၌ ကောင်းသော​အရာ​တစ်စုံတစ်ခု​မျှ လို​မည်​မဟုတ်။” ကျွန်မ​တို့ကို ယေဟောဝါ အမြဲ​ဂရုစိုက်​ခဲ့​တယ်။

မာ​ရီး​အာ​န်– တကယ်တော့ ယေဟောဝါ​ဟာ ကျွန်တော်​တို့​လို​တာ​ထက် အများကြီး​ပို​ပေး​ထား​တယ်။ ဥပမာ၊ ၁၉၅၈ ခုနှစ်​တုန်း​က နယူးယောက်​မြို့ အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​မှာ ကျွန်တော်​တို့​ရဲ့​တိုက်နယ်​ကို ကိုယ်စား​ပြုသူ​အဖြစ် ကျွန်တော့်​ကို​ရွေး​တယ်။ ဒါပေမဲ့ ရို​ဇာ​အတွက် လက်မှတ်​ဝယ်​ဖို့ ကျွန်တော်​တို့​မှာ ငွေ​မရှိဘူး။ တစ်ည​နေမှာ ကျွန်တော်​တို့ကို ညီအစ်ကို​တစ်ယောက်​က “နယူးယောက်” လို့​ရေးထားတဲ့ စာအိတ်​တစ်အိတ် ပေး​သွားတယ်။ စာအိတ်​ထဲ ထည့်​ပေး​ထား​တဲ့ လက်ဆောင်​ကြောင့် ကျွန်တော်​နဲ့​အတူ ရို​ဇာ​ခရီး​သွား​လို့​ရသွားတယ်!

ယေဟောဝါ​ရဲ့​အမှုတော်ကို နှစ်ပေါင်း​များစွာ ထမ်းဆောင်​ခဲ့​ရလို့ ရို​ဇာ​နဲ့​ကျွန်တော် လုံးဝ​နောင်တ​မရဘူး။ ဆုံးရှုံး​တာ ဘာ​တစ်ခု​မှ​မရှိတဲ့​အပြင် လိုအပ်​တာ​မှန်သမျှ—အချိန်ပြည့်​လုပ်ငန်းတော်မှာ ကျေနပ်​ပျော်ရွှင်​တဲ့​အသက်တာ—ကို ရရှိခဲ့တယ်။ ယေဟောဝါ​ဟာ အရမ်း​ကို​ကောင်းမြတ်လှ​တဲ့ ဘုရားသခင်​ဖြစ်ပါ​တယ်။ ကိုယ်တော့်​ကို လုံးလုံးလျားလျား​ယုံကြည်​ကိုးစား​တတ်လာ​ပြီး ကိုယ်တော်​ကို​ချစ်တဲ့ ကျွန်တော်​တို့​ရဲ့​မေတ္တာက​လည်း ပို​ပြီး​နက်ရှိုင်း​လာတယ်။ ကျွန်တော်​တို့​ရဲ့ ညီအစ်ကို​တချို့​ဆိုရင် သူတို့ရဲ့​တည်ကြည်မှု​အတွက် အသက်ကို​ပေးဆက်​ခဲ့​ကြရတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ နှစ်ပေါင်း​များစွာအတွင်း ကိုယ့်ရဲ့​အသက်တာကို ဖြည်းဖြည်းချင်း ပေးဆက်​သွားနိုင်တယ်​လို့ ကျွန်တော်​ယုံကြည်တယ်။ ရို​ဇာ​နဲ့ ကျွန်တော်​တို့​ဟာ အဲဒါကို အခုထက်ထိ ကြိုးစား​လုပ်ဆောင်နေ​ကြ​ဆဲ​ပါ၊ အနာဂတ်​မှာလည်း ဒီအတိုင်းပဲ ဆက်​လုပ်ဆောင်​သွား​ကြဖို့ ဆုံးဖြတ်ထား​ကြ​ပါ​တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 လွီ ပီ​ဟို​တာ​၏ ဘဝ​အတ္ထုပ္ပတ္တိ​ဖြစ်သော “ ‘မရဏ​ခရီးစဉ်​မှ ကျွန်တော်​အသက်ရှင်​ကျန်ရစ်​ခဲ့’ ” ကို ၁၉၈၀၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင် ဖော်ပြ​ထား​သည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

၁၉၃၀ ပြည့်နှစ်​လောက်​က ဖ​ရန်​ဆွာ​နှင့် အန်း​နာ ဇူမီ​ဂါ​နှင့် သူတို့၏​သားသမီး​များ၊ စတက်ဖနီ၊ စတက်​ဖာန်၊ မီ​လာ​နီ​နှင့် မာ​ရီး​အာ​န်။ ခွေး​ခြေ​ခုံ​ပေါ် မာ​ရီး​အာ​န်​ရပ်နေ

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

အပေါ်– ၁၉၅၀ ပြည့်နှစ်​မှာ ပြင်သစ်​နိုင်ငံ မြောက်ပိုင်း၊ အာ​မဲ​န်​တီး​ယားဇ်​ဒေသ​ရှိ ဈေး​ဆိုင်​တန်း​တစ်ခု​တွင် ကျမ်းစာ,စာပေ​များ ဝေငှ​နေခြင်း

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ဝဲ​ဘက်– ၁၉၅၀ ပြည့်နှစ်​က စတီဖန် ဘီ​ဟူ​နစ်​ခ်​နှင့် မာ​ရီး​အာ​န်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

၁၉၅၁ ခုနှစ်​တွင် ရှေ့ဆောင်​အဖော် အိုင်​ရီး​န် (ဝဲ​ဘက်​မှ စတုတ္ထ) နဲ့ ရို​ဇာ (ဝဲ​အစွန်) တို့ စည်းဝေးပွဲ​တစ်ခု​ကို ကြော်ငြာ​နေကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

လက်မထပ်မီ​နေ့​က မာ​ရီး​အာ​န်​နှင့် ရို​ဇာ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

တို​ယ်​နယ်​လည်ပတ်ချိန်​များ​တွင် အများအားဖြင့် စက်ဘီး​ဖြင့် ပို့ဆောင်​ပေးလေ့​ရှိကြ