သင်၏သားသမီးများကို အဘယ်အမွေပေးဖို့ စီစဉ်ထားသနည်း
သင်၏သားသမီးများကို အဘယ်အမွေပေးဖို့ စီစဉ်ထားသနည်း
ဥရောပတောင်ပိုင်းမှ အိမ်ထောင်သည် ပါဗ်လော့စ်သည် အိမ်တွင်နေလေ့မရှိရာ သူ၏ဇနီး၊ ၁၃ နှစ်နှင့် အသက် ၁၁ နှစ်အရွယ် သမီးနှစ်ယောက်နှင့် အသက် ၇ နှစ်အရွယ် သားတစ်ယောက်တို့ကို အချိန်ပေးခဲသည်။ ပါဗ်လော့စ်သည် သူ၏ဆန္ဒပြည့်ဝလာစေဖို့ တစ်ပတ်လျှင် ခုနစ်ရက်စလုံး အလုပ်ဆိုင်းနှစ်ဆိုင်းတွင် နာရီပေါင်းများစွာ အလုပ်လုပ်ကာ ငွေအလုံအလောက်ရရှိရန် ကြိုးစားနေလေသည်။ သမီးတစ်ဦးစီအတွက် တိုက်ခန်းတစ်ခန်းစီ သူဝယ်ပေးလိုသည်၊ သားအတွက်မူ စီးပွားရေးလုပ်ငန်းလေးတစ်ခု ထူထောင်ပေးလိုသည်။ သူ၏ဇနီး ဆိုဖီယာသည်လည်း သားသမီးများ နောက်နောင်တွင် သူတို့၏အိမ်ထောင်စုများ၌ အသုံးပြုရန် အိပ်ရာခင်း၊ စားပွဲခင်း၊ မီးဖိုချောင်အသုံးအဆောင်ပစ္စည်းများ၊ ကြွေထည်နှင့် ငွေထည်များ စုဆောင်းပေးရန် အလုပ်များနေသည်။ အဘယ်ကြောင့် ဤမျှအလုပ်ကြိုးစားရကြောင်း သူတို့ကိုမေးလျှင် သူတို့က “သားသမီးတွေအတွက်” ဟု ပြိုင်တူဖြေဆိုကြ၏။
ပါဗ်လော့စ်နှင့် ဆိုဖီယာကဲ့သို့ပင် ကမ္ဘာတစ်ဝန်းရှိ မိဘများစွာတို့သည် မိမိတို့၏သားသမီးများ ဘဝအစကောင်းရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပေးတတ်ကြသည်။ တချို့ကျပြန်လျှင် အနာဂတ်တွင် သားသမီးများအသုံးပြုနိုင်ရန် ငွေစုဆောင်းထားပေးကြသည်။ အခြားသူများကမူ သားသမီးများ ပညာဆည်းပူးရန်နှင့် နောင်တွင် သူတို့အသုံးပြုနိုင်မည့် အတတ်ပညာများ သင်ယူရန် ဂရုစိုက်တတ်ကြသည်။ မိဘအများစုက ၎င်းတို့ကို မေတ္တာဖြင့်စီမံပေးသည့်အမွေအဖြစ် ရှုမြင်ကြသော်လည်း မိမိတို့ရပ်ကွက်၊ မိမိတို့မိတ်ဆွေ၊ ဆွေမျိုးအသိုင်းအဝိုင်း မျှော်လင့်ထားရာများကို ဖြည့်ဆည်းပေးရန် ထိုကဲ့သို့စီမံပေးခြင်းဖြင့် မိဘများသည် အကြီးအကျယ် ဖိစီးမှုဒဏ်ခံရလေ့ရှိသည်။ ထို့ကြောင့်၊ ပူပန်တတ်သောမိဘများက ‘သားသမီးများအပေါ် မိမိတို့ ဘယ်လောက်စီစဉ်ပေးရန် တာဝန်ရှိသလဲ’ ဟု မှန်ကန်စွာ ပြန်မေးတတ်ကြသည်။
အနာဂတ်အတွက် ကြိုတင်စီမံပေးခြင်း
မိမိတို့၏သားသမီးများအတွက် ကြိုတင်စီမံပေးခြင်းသည် ခရစ်ယာန်မိဘများအတွက် ပင်ကိုသဘာဝဖြစ်ရုံသာမက ကျမ်းပေးတာဝန်လည်းဖြစ်ပေသည်။ မိမိအချိန်က ခရစ်ယာန်များကို တမန်တော်ပေါလု ဤသို့ဆိုသည်– “သားသမီးတို့သည် မိဘအဖို့ ကြိုတင်စီမံရသည်မဟုတ်ဘဲ မိဘတို့သည် သားသမီးတို့အဖို့ ကြိုတင်စီမံပေးသင့်၏။” (၂ ကောရိန္သု ၁၂:၁၄၊ အင်္ဂလိပ်ကျမ်းစာသစ်) မိဘဝတ္တရား ကျေပွန်ရေးသည် ကြီးလေးသောတာဝန်တစ်ရပ်ဖြစ်ကြောင်း ပေါလုထပ်ဆင့်ဖော်ပြခဲ့သည်။ သူဤသို့ရေးသားခဲ့၏– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။” (၁ တိမောသေ ၅:၈) ကျမ်းစာခေတ်က ဘုရားသခင့်ကျေးကျွန်များအလယ်တွင် အမွေဆက်ခံခြင်းကိစ္စများသည် အရေးကြီးသောကိစ္စဖြစ်ကြောင်း ကျမ်းစာမှတ်တမ်း အမြောက်အမြားက ဖော်ပြသည်။—ရုသ ၂:၁၉၊ ၂၀; ၃:၉-၁၃; ၄:၁-၂၂; ယောဘ ၄၂:၁၅။
သို့သော် တစ်ခါတစ်ရံ မိဘများသည် မိမိတို့၏သားသမီးများကို အမွေများများပေးနိုင်ရေး၌ အာရုံနစ်မြုပ်သွားကြသည်။ အဘယ်ကြောင့်နည်း။ ဥရောပတောင်ပိုင်းမှ ယူနိုက်တက်စတိတ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သော ဖခင်တစ်ဦးဖြစ်သူ မာနောလစ္စသည် အကြောင်းရင်းတစ်ခုကို ဤသို့ဖော်ပြသည်– “ဒုတိယကမ္ဘာစစ်ကြောင့် အကြီးအကျယ်ပျက်စီးဆုံးရှုံးရပြီး ငတ်မွတ်မှု၊ ဆင်းရဲနွမ်းပါးမှုဒဏ်တွေခံစားခဲ့ရတဲ့ မိဘတွေဟာ သူတို့သားသမီးတွေရဲ့ဘဝအသက်တာကို တိုးတက်ကောင်းမွန်စေချင်ကြတယ်။” သူဤသို့ ထပ်လောင်းပြောဆိုသည်– “သူတို့မှာ တာဝန်ရှိတယ်လို့ အစွန်းရောက်သဘောထားနဲ့ တွေးလာကြပြီး သားသမီးတွေရဲ့ဘဝ အစကောင်းစေချင်တဲ့အတွက် တစ်ခါတလေ မိဘတွေဟာ မိမိတို့ကိုယ်ကို ဘေးအရောက်ခံကြတယ်။” မိဘတချို့သည် သားသမီးများအတွက် ဥစ္စာပစ္စည်းစုဆောင်းပေးဖို့ မစားရက်မသောက်ရက် အလွန်ခြိုးခြံစွာ နေထိုင်ကြသည်။ သို့သော် မိဘများသည် ထိုသို့ပြုလျှင် ပညာရှိရာရောက်ပါမည်လော။
‘အချည်းနှီးသက်သက်ဖြစ်သည့် အလွန်ဆိုးသောအမှု’
အမွေဥစ္စာနှင့်စပ်လျဉ်း၍ ရှေးဣသရေလရှင်ဘုရင် ရှောလမုန်က သတိပေးခဲ့သည်။ သူဤသို့ရေးသားခဲ့၏– “ငါသည် နေအောက်တွင် ပင်ပန်းစွာလုပ်ကိုင်သမျှသောအမှုအရာများကို ငါ့နောက်ဖြစ်လတ္တံ့သောသူအဖို့ ချန်ထားရသောကြောင့် ထိုအမှုအရာကိုလည်း ငါမုန်း၏။ ထိုသူသည် ပညာရှိမည်လော။ မိုက်မည်လောဟု အဘယ်သူသိနိုင်သနည်း။ သို့ရာတွင် ငါသည် နေအောက်တွင် ပညာကိုထင်ရှားပြလျက် ပင်ပန်းစွာလုပ်ကိုင်သမျှသောအမှုအရာများကို သူအုပ်စိုးရလိမ့်မည်။ ထိုအခြင်းအရာသည်လည်း [“အချည်းနှီး၊” ကဘ] ဖြစ်၏။ . . . အကြောင်းမူကား ဉာဏ်ပညာရှိလျက်၊ ပညာအတတ်နှင့်ပြည့်စုံလျက်၊ အမှုအောင်လျက် ပင်ပန်းစွာလုပ်ကိုင်သောသူဖြစ်သော်လည်း မိမိရသောအကျိုးစီးပွားကို မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဖို့ထားခဲ့ရမည်။ ထိုအမှုအရာသည်လည်း [“အချည်းနှီး၊” ကဘ] အမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။”—ဒေ. ၂:၁၈-၂၁၊ သမ္မာ။
ရှောလမုန်ရှင်းပြသည့်အတိုင်း အမွေရသူတို့သည် ကိုယ်တိုင် အားမစိုက်လိုက်ရဘဲ ရလာသည့်အမွေဥစ္စာကို အပြည့်အဝတန်ဖိုး နားလည်ချင်မှ နားလည်မည်။ ထို့ကြောင့် အမွေစားအမွေခံများသည် မိဘများ ကြိုးစားစုဆောင်းခဲ့ရာကို မိုက်မိုက်မဲမဲ သုံးစွဲကြပေမည်။ ကြိုးစားပမ်းစားရှာဖွေထားသော ပိုင်ဆိုင်ရာများကို ဖြုန်းပင်ဖြုန်းတီးကြပေမည်။ (လုကာ ၁၅:၁၁-၁၆) ထိုသို့ဖြစ်ခြင်းသည် ‘အချည်းနှီးဖြစ်သည့် အလွန်ဆိုးသောအမှု’ ပင်ဖြစ်သည်တကား!
အမွေနှင့် လိုဘ
မိဘများ ဆင်ခြင်သုံးသပ်ဖို့လိုသည့် အခြားအချက်တစ်ခုရှိပါသေးသည်။ အမွေဥစ္စာနှင့် ခန်းဝင်ပစ္စည်းများကို အရေးတကြီးသဘောထားကြသည့် ယဉ်ကျေးမှုများတွင် သားသမီးများသည် လိုဘတက်လာကာ မိဘများ တတ်နိုင်သည်ထက်ပို၍ ခြံတစ်ခြံ သို့မဟုတ် အသွင်းဥစ္စာများ တောင်းဆိုလာတတ်ကြသည်။ ဂရိနိုင်ငံမှ ဖခင်တစ်ဦးဖြစ်သူ လူးကပ်စ်က “သမီးနှစ်ယောက်သုံးယောက်ရှိတဲ့ ဖခင်တစ်ယောက်အဖို့တော့ အခက်ပဲ” ဟု အရွှန်းဖောက်၏။ သူဤသို့ပြောပြသည်– “သမီးတွေဟာ သူတို့အဖေပေးနိုင်တာကို တခြားမိဘတွေ သူတို့ရဲ့သားသမီးတွေအတွက် ‘ရက်ရက်ရောရော’ ပုံအောပေးကြတာနဲ့ နှိုင်းယှဉ်ကြမယ်။ တစ်ဖက်သားကျေနပ်လောက်တဲ့ အသွင်းဥစ္စာမတင်တောင်းနိုင်ရင် မိမိတို့ အိမ်ထောင်ပြုနိုင်ဖို့ အလားအလာ ဝေးသွားလိမ့်မယ်လို့ သူတို့ထောက်ပြလိမ့်မယ်။”
ရှေ့တွင်ဖော်ပြခဲ့သည့် မာနောလစ္စက ဤသို့ပြောသည်– “သတို့သမီးလောင်းရဲ့ ဖခင်က သူ့သမီးအတွက် အိမ်ရာမြေ ဒါမှမဟုတ် လက်ခံနိုင်လောက်တဲ့ ငွေပမာဏလက်ဖွဲ့မယ်လို့ ကတိမပေးမချင်း လူငယ်ဖြစ်သူက လက်မထပ်သေးဘဲ အချိန်ဆွဲထားနိုင်တယ်။ ဒီလိုနဲ့ ခြိမ်းခြောက် ငွေညှစ်တာနဲ့တူသွားနိုင်တယ်။”
လိုဘတက်မှုပုံစံအားလုံးကို သမ္မာကျမ်းစာ သတိပေးတားမြစ်သည်။ ရှောလမုန်က “အမွေဥစ္စာကိုအစအဦး၌ အလျင်ရနိုင်သော်လည်း အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်” ဟု ရေးသားခဲ့သည်။ (သု. ၂၀:၂၁) တမန်တော်ပေါလုက “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်” သည်ဟု အလေးပေးဖော်ပြခဲ့သည်။—၁ တိမောသေ ၆:၁၀; ဧဖက် ၅:၅။
“အမွေဥစ္စာနှင့်တကွ ဉာဏ်ပညာ” ရှိခြင်း
အမွေဥစ္စာသည် တန်ဖိုးရှိ၏၊ ဉာဏ်ပညာမူကား ဥစ္စာပစ္စည်းထက် များစွာတန်ဖိုးရှိသည်။ ရှောလမုန်ဘုရင်က ဤသို့ရေးသားခဲ့၏– “အမွေဥစ္စာနှင့်တကွ ဉာဏ်ပညာသည်ကောင်း၍ . . . အကျိုးကျေးဇူးပြုတတ်၏။ အကြောင်းမူကား ငွေသည် ကွယ်ကာတတ်သကဲ့သို့ ပညာသည်လည်း ကွယ်ကာတတ်၏။ အသိပညာ၏အကျိုးကျေးဇူးကား ပညာရှင်အား အသက်ရှင်စေခြင်းတည်း။” (ဒေ. ၇:၁၁၊ ၁၂၊ သမ္မာ; သု. ၂:၇; ၃:၂၁) ငွေသည် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးကာ ပိုင်ဆိုင်သူအား လိုအပ်ရာများကို ရရှိစေနိုင်သော်လည်း ပျောက်ဆုံးသွားနိုင်၏။ အခြားတစ်ဖက်တွင်မူ ပြဿနာများဖြေရှင်းရာတွင်၊ ပန်းတိုင်ရောက်ရန်ကြိုးပမ်းရာတွင် အသိပညာကို အသုံးချနိုင်စွမ်းရှိခြင်းဖြစ်သော ဉာဏ်ပညာက လူတစ်ဦးအား မိုက်မဲရာများကို မပြုလုပ်မိစေရန် ကာကွယ်ပေးသည်။ ဘုရားသခင်ရေးရာကြောက်ရွံ့မှုအပေါ် အခြေပြုသည့်ဉာဏ်ပညာသည် မကြာမီရောက်လာမည့် ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝရအသက်ရရှိစေမည်ဖြစ်ရာ အမှန်တကယ် အဖိုးထိုက်သောအမွေဥစ္စာဖြစ်သတည်း!—၂ ပေတရု ၃:၁၃။
ခရစ်ယာန်မိဘများသည် မိမိတို့အတွက်နှင့် သားသမီးများအတွက် တော်သင့်လျောက်ပတ်သော ဦးစားထားသင့်ရာများ ချမှတ်ပေးခြင်းဖြင့် ထိုသို့သောဉာဏ်ပညာကို အသုံးပြုကြသည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀) သားသမီးများအသုံးပြုဖို့ ပစ္စည်းဥစ္စာစုဆောင်းပေးခြင်းကို ဝိညာဉ်ရေးရာထက် ဦးစားမပေးသင့်ပေ။ ယေရှုသည် မိမိ၏နောက်လိုက်များအား ဤသို့အားပေးတော်မူခဲ့သည်– “[ဘုရားသခင်၏] နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာအလုံးစုံကို ထပ်၍ပေးတော်မူလတ္တံ့။” (မဿဲ ၆:၃၃၊ သမ္မာ) မိမိတို့၏ခရစ်ယာန်မိသားစုအတွက် ဝိညာဉ်ရေးပန်းတိုင်များချမှတ်ပေးကြသည့် မိဘများသည် ဆုကျေးဇူးများ ကြွယ်ဝစွာခံစားကြရလိမ့်မည်။ ပညာရှိရှင်ဘုရင်ရှောလမုန်က ဤသို့ရေးသားခဲ့သည်– “ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသောသားကို ဖြစ်ပွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။ သင်၏မိဘတို့သည် ဝမ်းမြောက်၍ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။”—သု. ၂၃:၂၄၊ ၂၅။
တည်မြဲသောအမွေ
ရှေးခေတ်ဣသရေလလူမျိုးအတွက် အမွေဥစ္စာဆက်ခံခြင်းကိစ္စသည် အလွန်အရေးပါသောကိစ္စဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၂၁:၂-၆) သို့ရာတွင်၊ သူတို့ကို ယေဟောဝါ ဤသို့သတိပေးဆုံးမတော်မူခဲ့သည်– “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၆၊ ၇) ခရစ်ယာန်မိဘများအားလည်း အလားတူ မိန့်မှာထား၏– “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ [သင်၏သားသမီးများ] ကိုမွေးမြူကြလော့။”—ဧဖက် ၆:၄၊ ကဘ။
မိမိတို့၏အိမ်ထောင်ကို ကျွေးမွေးပြုစုခြင်းတွင် သမ္မာကျမ်းစာသွန်သင်ပေးခြင်းပါဝင်ကြောင်း ဝိညာဉ်ရေးအမြင်ရှိ မိဘများ သိကြသည်။ သားသမီးသုံးဦး၏ဖခင် အန်ဒရီးရပ်စ်က ဤသို့ဆိုသည်– “ကလေးတွေဟာ သူတို့ရဲ့ဘဝမှာ ဘုရားသခင်ရေးရာမူတွေကို ကျင့်သုံးတတ်မယ်ဆိုရင် အနာဂတ်အတွက် အသင့်ဖြစ်နေပြီ။” ယင်းသို့သောအမွေဥစ္စာသည် သူတို့လေးများအား ဖန်ဆင်းရှင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရှိခြင်းကို အာရုံစိုက်စေသည်။—၁ တိမောသေ ၆:၁၉။
သင့်ရင်သွေး၏ အနာဂတ်ဝိညာဉ်ရေးကို ပြုစုပေးရန် စဉ်းစားထားပြီလော။ ဥပမာ၊ မိမိတို့၏ကလေးသည် အချိန်ပြည့်ဓမ္မအမှုဆောင်နေသည်ဆိုလျှင် မိဘများ အဘယ်အရာပြုလုပ်ပေးနိုင်သနည်း။ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးသည် ငွေကြေးထောက်ပံ့မှုရရန် တောင်းဆိုခြင်း၊ မျှော်လင့်ခြင်း မပြုသင့်သော်လည်း မေတ္တာပြည့်ဝသောမိဘများသည် သူ့အား အချိန်ပြည့်အမှုဆောင်ခြင်းလုပ်ငန်း၌ ဆက်ပါဝင်နိုင်စေရန် ‘သူ၏လိုအပ်ရာများကို ဖြည့်ဆည်းပေး’ နိုင်ပါသည်။ (ရောမ ၁၂:၁၃; ၁ ဓမ္မရာဇဝင် ၂:၁၈၊ ၁၉; ဖိလိပ္ပိ ၄:၁၄-၁၈) ဤသို့သောထောက်ပံ့ကူညီပေးလိုသည့် စိတ်ထားကို ယေဟောဝါ အမှန်နှစ်သက်တော်မူမည်။
ထို့ကြောင့် မိဘများသည် မိမိတို့၏သားသမီးများကို အဘယ်အရာစီစဉ်ပေးရန် တာဝန်ရှိကြသနည်း။ ခရစ်ယာန်မိဘများသည် သားသမီးများ၏ ကာယရေးလိုအပ်ရာများ ဖြည့်ဆည်းပေးသည့်အပြင် သူတို့ကို ထာဝစဉ်အကျိုးပြုမည့် ကြွယ်ဝသောဝိညာဉ်ရေးအမွေဥစ္စာကိုလည်း အမှန်တကယ်ရရှိစေရမည်။ ဤသို့အားဖြင့် ဆာလံ ၃၇:၁၈ ပါစကားများ မှန်ကန်ကြောင်းထင်ရှားပါလိမ့်မည်– “ဖြောင့်မတ်သောသူတို့၏ နေ့ရက်ကာလကို [ယေဟောဝါ] သိမှတ်တော်မူ၍ သူတို့၏အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်။”
[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံ]
သင်၏သားသမီးများအတွက် အဘယ်အနာဂတ်မျိုး သင်လိုလားသနည်း